အ
င်္ဂလိပ်ခေတ်တုံးက ရွာတရွာတွင် ရှိသောအလွန်ဆိုးသည့် သူကြီးတယောက် အကြောင်း ပြောလိုသည်။ ထိုသူကြီးသည် ရိုးရိုးသူကြီး မဟုတ်၊ (၁၀) ရွာအုပ်ချုပ်ရသော သူကြီးဖြစ်သည်မို့ သူ့အာဏာစက်က ကြီးလှသည်။ ဆိုးလိုက်သည်မှ တာတေလန် လွန်းသည့်အတွက် ရွာနီးချုပ်စပ်တကြောတွင်လည်း သူကြီးငပွကြီးအဖြစ် နာမည်ဆိုးနှင့် ကျော်ကြားသည်။ သူနှင့်မတည့်သည့် ရွာသားများကို အမှုဆင်ဖမ်းခြင်း၊ ဒဏ်ငွေရိုက်ခြင်းတို့တွင် အလွန်ကျွမ်းကျင်သည်ဟု လည်း ထင်ရှားသည်။ သူတပါးသမီးပျိုများကို ရမယ်ရှာ၍ ခြေတော်တင်ရာတွင်လည်း ပြိုင်စံရှားသူတဦး ဖြစ်သည်။ အထက်လူများကို လဘ်ပေးတော်သကဲ့သို့ အောက်လူများထံကလည်း လဘ်စားသည်မှာ ရက်ရက်စက်စက်။ ဘယ် သွားသွားဘယ်လာလာ နှစ်လုံးပူးသေနတ်ထမ်းထားသည့် နောက်လိုက် နောက်ပါတအုပ်က သူနှင့်အမြဲလိုလို တပူး တွဲတွဲ။
ထူးထူးဆန်းဆန်း ထိုသူကြီးသည် ကျားထိုးခြင်းကျားကစားခြင်း၌ အလွန် ၀ါသနာထုံသည်ဟုလည်း ကျော်ကြားပြန်သည်။ သူကြီးသည် ကျားထိုးကောင်းသည်ဟုလည်း အချို့ကဆိုသည်။ သူကျားထိုးတိုင်း ရှုံးသည်ဟူ၍မရှိ အမြဲနိုင် လေ့ရှိသည်ဟုလည်း သတင်းကမွှေးသေးသည်။ သူအုပ်ချုပ်ရသော (၁၀) ရွာအတွင်း သူ့ကို နိုင်အောင် ကျားထိုးနိုင်သည့်သူ မပေါ်သေး ဟုလည်းဆိုသည်။
ထိုသူကြီး၏ရွာနှင့်တရက်ခရီး လမ်းလျောက်ရသောမြို့လေးတွင် နှစ်စဉ်ဘုရားပွဲကျင်းပသည်။ ထိုဘုရားပွဲ ရက်များအတွင်း ခြင်းလုံးခတ်ပွဲ၊ ဘော်လုံးပွဲ၊ လွန်ဆွဲပွဲ၊ ချောတိုင်တက်ပွဲ အစရှိသည့်ပြိုင်ပွဲများ ပါသလို ကျားထိုးပြိုင်ပွဲလည်း နှစ်စဉ်ပါလေ့ရှိသည်။ သူကြီးက ကျားထိုးကောင်းသည်ဟု နာမည်ကျော်သောကြောင့် ဘုရားပွဲကော်မတီက သူကြီးအား ကျားထိုးပြိုင်ရန်အတွက် နှစ်စဉ်ဖိတ်ကြားလေ့ရှိသည်။ သို့သော် သူကြီးတသက်တွင် ထိုကျားထိုးပြိုင်ပွဲသို့ ဘယ်တော့မှ သွားမပြိုင်ခဲ့။ သူကြီးနှင့် လက်ရည်စမ်းလိုသည့် ကျားဝါသနာရှင်များကား မချင့်မရဲ။
လွန်ခဲ့သည် နှစ်အတန်ကြာက ထိုမြို့မှနာမည်ကြီး ကျားသမားတဦးဖြစ်သူ ကိုဘကောင်းဆိုသူသည် ကျားထိုးပြိုင်ပွဲသို့ ဘယ်တော့မှ မလာသည့် သူကြီးနှင့်အကြိတ်အနယ် ကစားလိုသည့်အတွက် သူကြီးရှိရာ ရွာသို့ ဆင်းလိုက်သွားခဲ့သည်။ သူကြီးနှင့်ကျားပွဲ အတော်များများကစားခဲ့ရာ သူကြီးကပွဲတိုင်းနိုင်၍ ကိုဘကောင်း တယောက် မရှုမလှနှင့်မြို့ သို့ ပြန်လာခဲ့ရသည်။ သူကြီးကသူချည်းနိုင်သော်လည်း သဘောထားကြီးစွာနှင့် ကိုဘကောင်း ရွာသို့ ဆင်းလာခဲ့ရသည့် လမ်းစရိတ်၊ ပင်ပန်းခ အစစအ၀၀အတွက် ငွေဒင်္ဂါး (၁၀) ပြားတောင် ပေးလိုက်သေးသည်။
မြို့ပြန်ရောက်၍ ကျားဝါသနာအိုးများက ဇတ်စုံမေးမြန်းသည့်အခါ သူကြီးသည်အလွန် ကျားထိုးကောင်းကြောင်း ကိုဘကောင်းက ချက်နှင့် လက်နှင့် ပြန်ရှင်းပြရသည်။ သည်လိုဆိုရင်တော့ ကိုဘကောင်းလို လူတောင်သူကြီးကို ရှုံးခဲ့သည်မှာ ရှုံးထိုက်ကြောင်း မြို့ခံကျားဝါသနာရှင်များက မှတ်ချက်ခြကြသည်။
သည်လိုဖြင့်တနေ့တွင် သူကြီးပိုင် (၁၀) ရွာအတွင်းမှ ရှားရှားပါးပါး ကောလိပ်ကျောင်းတက်နေသော ကျောင်းသားတဦး ကျောင်းပိတ်တုံးရွာပြန်လာခိုက် သူကြီးနှင့်ကျားပြိုင်ထိုးရန်ဖြစ်လာသည်။ ထိုကျောင်းသားကလည်း ခေသူမဟုတ်။ ကောလိပ်ကျောင်းတခုလုံး သူ့ကိုကျားအနိုင်ထိုးနိုင်သူ မရှိသလောက် လက်ရည်ကောင်းသောသူ။
သူကြီးက ကောလိပ်ကျောင်းသားအား သူ့အိမ်ဝင်းကြီးအတွင်း ဖိတ်၍ကျားပြိုင်ပွဲကိုစလေသည်။ ရွာထဲမှ အခြားရွာ သားများကား ကျားပွဲကြည့်ရန် ဖိတ်ကြားခြင်းမခံရ။ သို့သော် သူကြီးလက်သတ်မွေးထားသော လူမိုက်ဆန်ဆန် ရွာသားများကတော့ သူကြီးအိမ်ဝင်းထဲတွင်အပြည့်။ ပထမပွဲတွင် သူကြီးရှုံးသည်။ ဒုတိယ၊ တတိယပွဲများတွင်လည်း သူကြီးခမျာရှုံးသည်မှာ ခွက်ခွက်လန်။
စတုတ္ထပွဲစတော့ ခါးကြားထဲတွင် ဒါးမြှောင်ထိုးထားသည့် သူကြီးတပည့်လူမိုက်တဦးက ကောလိပ်ကျောင်းသားအား ကျားတဆယ့်နှစ်ကောင်အစား ကျားလေးကောင်နှင့်သာကစားရန် အကျပ်ကိုင် ခြိမ်းခြောက်လာသည်။ ကျားရှစ်ကောင် လျော့မကစားပါက အသက်ကိုပါရန်ရှာမည့် သဘောဖြစ်လာသည်။ နောက်ဆုံးတွင် ကောလိပ်ကျောင်းသားကလည်း သူ့ဖက်မှကျားလေးကောင်သာ ယူ၍ကစားရန် သဘောတူလိုက်သည်။ သူကြီးကတော့ ကျားတဆယ့်နှစ် ကောင်အပြည့်နှင့် ကစားသည်။ သုံးပွဲဆက်ကစားရာ သုံးပွဲလုံး ကောလိပ်ကျောင်းသား ရှုံးတော့သည်။ ရှုံးတော့မပေါ့ တဆယ့်နှစ်ကောင်နှင့် လေးကောင်ပြိုင်ကစားရတာ ဘယ်လိုမှ အားခြင်းမမျှ။ သည်ကြားထဲ သူကြီးတပည့်တပန်း နောက်လိုက်များက သူကြီးဒီဖက်တက်၊ ဟိုဖက်မတက်နဲ့၊ သည်ဖက်ကသွား စသည်ဖြင့်လည်း ဘေးကနေ၀ိုင်းပြောနေ ကြသေးသည်။ ကျောင်းသားကတော့ တယောက်တည်း၊ သူ့ဖက်ကကူပြောပေးမဲ့သူလည်း မရှိ။
ကျားပွဲပြီးသောအခါ သူကြီးက အကျွေးအမွေးများဖြင့် ကောလိပ်ကျောင်းသားအား ဧည့်ခံရင်း ပြီးခဲ့သည့်ကိစ္စ အပေါ် မေ့ထားလိုက်ရန် အပျော့ဆွဲဖျောင်းဖြရင်း မြိုသို့ကျောင်းတက်ရန် ပြန်ပါကသုံးစွဲရန်ဟုဆိုကာ ရွှေဒင်္ဂါး (၅) ပြားလာဘ် ထိုးတော့သည်။ ကောလိပ်ကျောင်းသားဆိုတော့ ကိုဘကောင်းလို ငွေဒင်္ဂါးလောက်နှင့်မပြီး ရွှေဒင်္ဂါးလောက်မှ စိတ်ချ ရမည်ဟု သူကြီးကတွက်ပုံပေါ်သည်။
ကျောင်းဖွင့်၍ထိုကျောင်းသား ကောလိပ်ကျောင်းအပြန်တွင် ကိုဘကောင်းတို့ မြို့လေးမှ မီးရထားစီးရသည်။ တမြို့လုံးက ကိုးကွယ်ဆည်းကပ်သည့် ဆရာတော်၏ကျောင်းသို့ ကောလိပ်ကျောင်းသားက၀င်၍ အဖြစ်အပျက်များကို လျောက်ထားပြီး ရွှေဒင်္ဂါး (၅) ပြားစလုံးကို ဆရာတော်အား လှူဒါန်းလိုက်သည်။ ထိုအခါကြမှ မြို့ခံကျားဝါသနာရှင်များသာမက တမြို့လုံးပါ ‘ဟယ်ကနဲ၊ ဟင်ကနဲ’ ဖြစ်ရတော့သည်။ သူကြီးဘာကြောင့် နှစ်စဉ်ကျင်းပသည့် မြို့ဘုရား ပွဲက ကျားပြိုင်ပွဲတွင် ၀င်မပြိုင်သည့် အဖြစ်မှန်ကို သိကြရသည်။ ကိုဘကောင်းကလည်း ငွေဒင်္ဂါး (၁၀) ပြားမျက်နှာကြောင့် သူအမှန်တိုင်းမပြောခဲ့ပဲ ဖုံးဖိထားခဲ့သည်များကို ၀န်ခံလေသည်။
ထိုသတင်းများ၏အကျိုးဆက်ကြောင့် သူကြီးကား ခေါင်းမဖေါ်ဝံ့တော့။ နောင်တွင်ပြုလုပ်သည့် သူကြီးရွှေးကောက်ပွဲတွင် သူ၏ပြိုင်ဖက်များထဲ တဦးက သူ့ကိုဖြတ်ကျော်တက်ခါ (၁၀) ရွာအုပ်သူကြီးဖြစ်သွားတော့သည်။
သည်ဇတ်လမ်းက ကျနော်တို့အခုမြင်နေရသည့် မြန်မာ့နိုင်ငံရေးနှင့်ဆင်ဆင်တောင်တူသေးတော့သည်။ ဗိုလ်ချုပ်မှူးကြီးက ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက်တွေ့ဆုံစကားပြောမည်ဟုဆိုသည်။ သို့သော် သူသတ်မှတ်ထားသော အချက်လေးချက်ကို ဒေါ်စုကလိုက်နာမှ တွေ့မည်ဟူ၍လည်း အကန့်အသတ်များ လုပ်ထားသေးသည်။ ဒေါ်စုဖက်မှ ကျားကောင်များကို လျှော့သွားအောင် ဗိုလ်ချုပ်မှူးကြီးက ကြိုးစားနေသလို ဘေးမပြောရဟူ၍လည်း ကန့်သတ်ထားသေးသည်။ သူကြီးဆိုး ကျားကစားသည်နှင့်တူလေစွ။ သူ့ဖက်ကအနိုင်ရဖို့သေချာမှ ကစားမည်ဟုဆိုသည့် သဘောထားပင်။ ညစ်ပတ်ယုတ်မာလွန်းလှသည်။ လူညစ်တို့ကား သူတို့ရှုံးမှာ အမြဲစိုးရိမ်တတ်သည့်အတွက် ညစ်ပတ်သည် မှာသဘာဝပင်ဖြစ်သည်။ သို့သော်ညစ်ပတ်ခြင်း အမှုသည် တသက်လုံးဆောင်ရွက်၍မရ၊ ဤသည်လည်း သဘာဝပင် ဖြစ်တော့သည်။
ဇော်မင်း (လူ့ဘောင်သစ်)
၁၀ ရက် အောက်တိုဘာလ ၂၀၀၇ ခုနှစ်
Wednesday, October 10, 2007
သူကြီးဆိုးနှင့် ကျားထိုးရခြင်း
Posted by ရွက်မွန် at 8:31 PM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment