ရွက်မွန်စာမျက်နှာ

Sunday, October 14, 2007

ပြောင်းလဲသွားသော အိပ်ရာဝင်ပုံပြင်များ

မြန်
မာပြည်မှာ ဟိုတုံးက ရှိခဲ့သော ကလေးတို့အတွက် ရိုးရာအိပ်ရာဝင်ပုံပြင်များကား အမျိုးစုံလှသည်။ ထိုပုံပြင်များထဲမှ ကလေးတိုင်းကြားဖူးသည့် ပုံပြင်တပုဒ်ကတော့ ‘ရွှေယုံနဲ့ရွှေကျား သက်ကယ်ရိပ်သွား’ ဆိုသည့်ပုံပြင် ဖြစ်သည်။ ပန်ကာလို လည်သော၊ ဆိုးသွမ်းသော ရွှေယုန်ကို ကလေးတို့မုန်း၍ ရွှေယုန်၏ နှိပ်စက်ခြင်းကို ခံရသော ရွှေကျားအား ကလေးတို့ ဂရုဏာသက်ကြသည်။

ထို့အပြင် ဘီလုံးငှက်မနှင့်ဆင်ဆိုးကြီး ပုံပြင်သည်လည်း ကလေးတို့၏အိပ်ရာဝင်ပုံပြင်များထဲတွင် အရေးကြီးသော ပုံပြင်တပုဒ်ဖြစ်ခဲ့သည်။ ဘီလုံးငှက်မ၏ သားသမီးလောင်းလျာများဖြစ်သည့် ဥများအား နင်းခြေသွားသည့် ဆင်ဆိုးကြီးအား ကလေးတို့ ဒေါသထွက်စိတ်ဆိုးခဲ့ရသည်။ အခြားကျေးငှက်တိရိစ္ဆာန်များနှင့် ပူးပေါင်း၍ ဆင်ဆိုးကြီးအား လက်စားချေခန်းသည် ကလေးတို့အတွက် ဘယ်လောက်ပင် အင်အားကြီးစေကာမူ စုပေါင်းညီညွှတ်မှုဖြင့် အောင်ပွဲဆင်နိုင်သည်ကို သင်ခန်းစာ ပေးနိုင်ခဲ့သည်။ ထိုထို့သော ကလေးတို့၏ အိပ်ရာဝင် ပုံပြင်များသည် မတရားမှုကို လက်မခံရန်၊ တရားမျှတမှုအတွက် စုပေါင်း တွန်းလှန်တိုက်ပွဲဝင်ရန်အတွက် စာသင်ခန်းများထဲသို့ မရောက်ခင်ကတည်းက မိဘဘိုးဘွားတို့ သွန်သင်လာခဲ့သော မြန်မာပြည်သားတို့၏ ယဉ်ကျေးမှု ဖြစ်သည်။

မြန်မာပြည်တွင် အိပ်ရာဝင်ပုံပြင် ယဉ်ကျေးမှု စတင်လာခဲ့သည်မှာ ဘယ်တုံးကဟု မည်သူမှအတိအကျ မပြောနိုင် သော်လည်း သည်ယဉ်ကျေးမှုသည် မြန်မာ့လူမှုအဖွဲ့အစည်းတွင် ခိုင်ခိုင်မာမာ အမြစ်တွယ်ခဲ့သည်။ အိပ်ရာဝင် ပုံပြင်များ၏ လက်ဦးကျေးဇူးပြုမှုကြောင့် တချိန်ကမြန်မာပြည်သည် ယဉ်ကျေးသော၊ မွန်ရည်သော၊ တရားမျှတမှုကို ခုံမင်သော သားကောင်းသမီးပျိုများဖြင့် ကျက်သရေတင့်တယ်ခဲ့ဖူးသည်။ ထိုဓလေ့ကောင်း၊ အစဉ်အလာကောင်းများသည် ဖိနှိပ်သူအာဏာရှင်များအဆက်ဆက် အောက်တွင်ပုံစံပြောင်းလာခဲ့ရသည်။

မိဘဘိုးဘွားတို့ကား ကလေးတို့အတွက် ဆက်လက်၍အိပ်ရာဝင်ပုံပြင်များ ပြောပြနေဆဲ။ သို့သော် ပုံပြင်များကား ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ ရွှေယုန်ရွှေကျားပုံပြင် မဟုတ်တော့။ ဘီလုံးငှက်မနှင့် ဆင်ဆိုးကြီး မဟုတ်တော့။
ပုံပြင်များကား ရှေးတုံးကလို ပုံပြင်များမဟုတ်တော့ဘဲ ခေတ်နှင့်အညီ ဖြစ်လာပေါ်လာသည့် ခေတ်ပြိုင်ပုံပြင်များ ဟုလည်း ဆိုနိုင်သေးသည်။

ရန်ကုန်မြို့တနေရာ......
မြတ်စန္ဒာဖြိုးသည် သူမ၏သားနှင့်သမီးငယ်တို့ကိုချော့သိပ်နေရင်း၊ ‘စစ်ဗိုလ်ချုပ်ဆိုတာ လူဆိုးကြီးတွေ၊ ရက်စက်လိုက်တာကလည်း ကမ်းကုန်သတဲ့’ ဟုအစချီကာ ပုံပြောပြနေသည်။ ‘သားတို့သမီးတို့ ဖေဖေကို ထောင်ထဲမတရား ပို့ထားတာ အဲသည်စစ်ဗိုလ်ချုပ်တွေပဲ’ ဟုဖြည့်စွက်ပြောရင်း ဘယ်တော့မှ လွတ်မယ် မှန်းမသိသည့် ခင်ပွန်းကိုစိတ်ထဲမှ လွမ်းလွမ်းဆွတ်ဆွတ် တမ်းတနေမိသည်။

ပုသိမ်မြို့တနေရာ...
၁၉၆၂ ခုနှစ်တုံးက ရန်ကုန်တက္ကသိုလ်ကျောင်းသားဘ၀၌ သူကြုံတွေ့ခဲ့ရသော အဖြစ်အ ပျက်များကို ဦးသာကျော် တယောက် သူ့မြေးများအား ပုံပြင်သဖွယ်ပြန်ပြောပြနေသည်။ စစ်သားများ၏ မောင်းပြန် သေနတ်များမှ အတွဲလိုက်၊ အတွဲလိုက် ပစ်ခတ်မှုကြောင့် လက်နက်မဲ့ကျောင်းသားများ လမ်းပေါ်တွင် သွေးရဲရဲနှင့် သေဆုံးခဲ့ရပုံများ၊ သမိုင်းဝင်ကျောင်းသားသမဂ္ဂ ဆောက်အဦအား စစ်တပ်မှမိုင်းခွဲ၍ ဖြိုချလိုက်ပုံများကို ပြောပြနေ သည်။

ရန်မျိုးလုံရပ်ကွက်၊ မန္တလေးမြို့ ...
၁၉၇၄ ဦးသန့်ဈာပန လှုပ်ရှားမှုတွင်ပါဝင်ခဲ့သောကြောင့် ကျောင်းထုတ် ခံလိုက်ရသည့်၊ နှစ်ပေါင်းများစွာ ထောင်ကျခဲ့သည့်၊ ဘွဲ့မရခဲ့သည့် ကိုလှကြူသည် သူ့သားများအား၊ ‘စစ်ဘုရင်တွေလုပ်လိုက်တာ ဒို့တိုင်းပြည်မှာ လူတွေပညာရည် နိမ့်ကုန်တယ်။ ပိုလည်း ဆင်းရဲလာကြတယ်။ နိုင်ငံတကာအလယ်မှာလည်း ၀င်မဆံ့တော့ဖူး’ ဟုအစချီကာ စစ်အာဏာရှင်အုပ်ချုပ်ရေးကြောင့် တိုင်းပြည် ပျက်ရသည်ကို မျက်မှန်ထူကြီး ပင့်ပင့်တင်ရင်း ပြောလေ့ရှိသည်။

ချောင်းကွေ့ရွာ၊ ဧရာဝတီတိုင်း ....
‘ကွာ့  သူတို့လက်ထက်ကြမှ ဘာစိုက်စိုက် ကောင်းကောင်း မပေါက်ချင်တော့ဖူး။ အခုတဧကတင်း (၂၀) လောက်ထွက်တာတောင် ကံကောင်းတယ်လို့ပြောရမလိုပဲ။ မင်းတို့အဖိုး လက်ထက်ကနေ အဖေလူပျိုတုံးအထိ သည်လယ်တွေဟာဆိုရင် ...... ’။ ဦးအံ့ကြီးတယောက် သူ့သားသမီးများကို ရှေးတုံးက စပါးအထွက်ကောင်းခဲ့၍ နွေမှာ အလှူကြီး ခြိမ့်ခြိမ့်သဲလုပ်နိုင်ခဲ့တာကို လွမ်းမောဖွယ် ပြန်ပြောပြနေခြင်းဖြစ်သည်။ ‘စစ်တပ်တက် အုပ်ချုပ်မှ ဒို့လယ်သမားတွေကိုယ်တိုင်လည်း ထမင်းငတ်တော့တာပဲ’ဟု နိဂုံးချုပ်လေ့ရှိသည်။

ကရင်ပြည်နယ်အတွင်း ရွာပုံးတခု ....
ဖြစ်သလိုဆောက်ထားသော ၀ါးတဲကလေးအတွင်း နော်ဖောဖောသည် သူမ၏ သမီးလေးနှစ်ယောက်အား ချော့သိပ်နေရင်း သူမကလေးများ တခါမှ မမြင်ဖူးခဲ့သည့် သာယာလှပသော ‘ထီးမူခီး’ ဟု ခေါ်သည့် တောင်ပေါ်က သူမတို့ရွာ အကြောင်း ပြောပြနေသည်။ ဆောင်းတွင်း၌အေးလွန်း၍ တောင်ထိပ်တွင် နှင်းဆောင်းနေသောကြောင့် ထီးမူခီးဟု ခေါ်ကြောင်း ကလေးများကိုရှင်းပြသည်။ ကလေးများကား နှင်းဆိုတာ ဘာမှန်းမသိ၊ တခါမှလည်းမမြင်ဖူး။ ဗမာစစ်တပ်ဝင်လာပြီး လူတွေကိုသတ်၊ ရွာကိုပါမီးတင်ရှို့လိုက်၍ အားလုံး ထွက်ပြေးလာခဲ့ရခြင်း ဖြစ်ကြောင်းကိုလည်း ပြောပြနေသည်။ သည်ပုံပြင်ကို ကလေးများစကား တတ်စအရွယ်ကတည်းက အိပ်ရာဝင်တိုင်း ပြောပြသည့် နော်ဖောဖော၏ တခုတည်းသော ပုံပြင်ဟု ဆိုလည်းမမှား။

ပုဂံအရပ်က ညောင်ဦးမြို့ ....
ပုံမပြောမခြင်း မအိပ်သော မြည်းသုံးယောက်ကို ညတိုင်းပုံပြောရသည်မှာ ဒေါ်အိမ်ကောင်း၏ အလုပ်။ ပုံပြင်က အပ်ကြောင်းထပ်နေပြီ ဖြစ်သော်လည်း ကလေးများကား ထိုပုံပြင်ကိုမက်မောလှသည်။ ဘာကြောင့်လဲဆိုတော့ ပုံပြင်ထဲက သူရဲကောင်းသည် ဓာတ်ပုံထဲတွင်သာ မြင်ဖူးသော ဒေါ်အိမ်ကောင်း၏ အငယ်ဆုံးသား၊ သူတို့ ဦးလေးငယ် ဖြစ်သောကြောင့်ပင်။ ‘မင်းတို့ဦးလေးကို စစ်တပ်ကဖမ်းပြီး နှိပ်စက်တယ်။ အဲတာက ၁၉၈၈ တုံးက၊ ဒီမိုကရေစီတောင်းလို့ဆိုပြီး လူတွေကိုစစ်တပ်က ပစ်သတ်တာ နည်းတာမှတ်လို့၊ မင်းတို့မမွေးသေးဖူး။ တောနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီးဖမ်းတာ။ သူ့သူငယ်ချင်းတွေ ထောင်ကလွတ်လာတော့ အဖွားကိုပြန်ပြောကြတယ်။ ဘယ်လောက်ရိုက်ရိုက် နှိပ်စက်နှိပ်စက် အသက်သာအသေခံသွားတာ စစ်တပ်ကမေးတာ ဘာမှ ပြောမသွားဖူးတဲ့။ မင်းတို့ဦးလေးဟာ အလွန်သည်းခြေကြီးတဲ့သူ’။

စက်တင်ဘာလ ၂၀၀၇ ခုနှစ်...
ငြိမ်းချမ်းစွာဆန္ဒပြသည့် သံဃာတော်များနှင့်ပြည်သူများအား စစ်တပ်ကအကြမ်း ဖက်နှိမ်နင်း၍ သွေးမြေကျ ခဲ့ရပြန်သည်။ လူကိုသာမက သံဃာတော်များကိုပါမရှောင် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ကြ ပြန်သည်။ ကမ်းကုန်အောင် ရက်စက်သည့်၊ လူမဆန်သည့် ဗိုလ်ချုပ်ကြီးများ အမိန့်ပေးရဲသည်မှာမဆန်း။

ကလေးတို့အတွက် အိပ်ရာဝင်ပုံပြင်များ ပိုလို့တိုးလာလေပြီ။ ထိုပုံပြင်များကို အမေတို့၊ အဖေတို့က ပြန်ပြောမည်။ အဖိုးတို့အဖွားတို့က ပြန်ပြောမည်။ ဦးလေး၊ ဒေါ်လေးတို့ကလည်း ပြောဦးမည်။ အကိုတို့၊ အမတို့ကလည်း ညီငယ် ညီမငယ်များကို လက်ဆင့်ကမ်းဦးမည်။ သံဃာတော်ဆရာတော်တို့မှလည်း ရှင်သာမဏေတို့အား ပြန်လည်မိန့်ဆို ဦးမည်။ အဲတာတွေကတော့ စစ်တပ်ဆိုသည်မှာ လူ့လွန်မသားများဖြင့်ဖွဲ့စည်းထားသည်။ ပြည်သူ့ထမင်းကိုစား၍ ပြည်သူတို့ကို ပြန်လည်သတ်ဖြတ်သည်။ သူတို့သည်ဗုဒ္ဓဘာသာဝင်တွေ ဖြစ်လင့်ကစား ဗုဒ္ဓဘာသာ ရဟန်းတော် များ ကိုတောင်မှ သတ်ဖြတ်ရဲသည်အထိ ကျူးလွန်လာသည်။ ဒါ့အပြင်စစ်အာဏာရှင်တို့သည် လွတ်လပ်မှုကို သော့ခတ်ထားသူများ ဖြစ်သည်။ စစ်အာဏာရှင်စနစ်ကို မုန်းတီးဖို့၊ လက်တဆုပ်စာ ဗိုလ်ချုပ်တို့အား အာခံဖို့၊ တနေ့တွင် ပြန်လည်တွန်းလှန်ဖို့ ကလေးတို့အားငယ်စဉ်ကတည်းက မိဘဘိုးဘွား ဆွေမျိုးသားချင်းတို့က အိပ်ရာဝင် ပုံပြင်များဖြင့် ခွန်အားကိုပေးကြပါ။

သူတို့လေးများအရွယ်ရောက်သည်အထိစောင့်၍ ပညာပေးခြင်းထက်၊ ကလေးအရွယ် ပုံပြင်မက်မောသည့် ကာလကတည်းက စစ်အာဏာရှင် ဆန့်ကျင်ရေးကို ပုံပြင်များမှတဆင့် မိဘများကပညာပေးခြင်းက ပိုလို့ စိတ်ခွန်အားကို အားကောင်းစေပါသည်။

ကလေးတို့အား အိပ်ရာဝင်ပုံပြင်များ ပြောဖို့ မမေ့ကြရန် အတွက်ရည်စူး၍။

ဇော်မင်း (လူ့ဘောင်သစ်)
၁၃ ရက် အောက်တိုဘာလ ၂၀၀၇ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.