ရွက်မွန်စာမျက်နှာ

Sunday, October 14, 2007

ပြောင်းလဲရန် အချိန်တန်ပေပြီ။

(၁)

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ဥက္ကဋ္ဌ၏ထုတ်ပြန်ကြေငြာချက် ထွက်လာခဲ့သည်။ ဒီမိုကရေစီ အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုထားသည်။ နိုင်ငံရေးအကျဉ်းသားများကို လွှတ်၍ တိုင်းပြည်ကို အပြောင်းအလဲလုပ်ရန် တောင်းဆိုထားသည်။ နိုင်ငံခေါင်းဆောင် အများက ထုတ်ပြန်ကြေငြာချက် ထွက်လာလာ ချင်းပင် ထောက်ခံကြသည်။ ကြိုဆိုကြသည်။ စစ်အစိုးရကို အပြောင်းအလဲလုပ်ရန် ဆက်လက် တိုက်တွန်းအားပေးခဲ့ကြသည်။

စစ်အစိုးရကတော့ ချက်ချင်းပင် ပယ်ချလိုက်ပြန်သည်။ ဒါကလည်း အံ့သြစရာတော့ မဟုတ်ပါ။ သူတို့က လမ်းပြမြေပုံ ၇-ချက် အတိုင်း ဆက်သွားမည်ဟု တုံ့ပြန်ခဲ့သည်။ မပြောင်းနိုင်၊ မဆွေးနွေးနိုင်၊ ကိုယ့်လမ်းကိုယ်သွားမည်ဟု ဆိုသည်။ လူထုအများကို အတင်းအကျပ် ဆင့်ဆို၍ စစ်အစိုးရကို ထောက်ခံကြောင်း လူထုဆန္ဒထောက်ခံပြပွဲများ ငွေကုန်ကြေးကျခံ ဆက်လုပ်နေပြန် သည်။ သူတို့လက်ရွေးစင်စုထားသော လူတစုဖြင့် အမျိုးသားညီလာခံခေါ် ချမှတ်ထားသည့် ဖွဲ့စည်းပုံအတွက် အခြေခံမူ (၁၀၄) ချက်၊ အသေးစိတ်မူများကို အတင်းထောက်ခံခိုင်းနေပြန်သည်။

အမှန်တွင်တော့ စစ်အစိုးရက ဆန္ဒပြသံဃာများအပေါ် တုတ်တချက်ဝင့်ရုံမျှဖြင့် လမ်းပြမြေပုံ ကျဆုံးခဲ့ပြီဖြစ်သည်။ စစ်အစိုးရက ပထမဦးဆုံး ပစ်ဖောက်လိုက်သည့် ကျည်၊ သေနတ်သံတွင်ပင် သူတို့ပြောနေသော အခြေခံမူ (၁၀၄) ချက်သေဆုံးသွား ရသည်။ ဆက်လက်အကြမ်းဖက် ဖိနှိပ်မှုများအောက်တွင် လည်စင်းလိုက်ရသည်မှာ ပြည်သူများမဟုတ်။ စစ်အစိုးရ ပြောနေသည့် “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်” သာ ဖြစ်သည်။ သို့သော်လည်း ဤအချက်များက ပြင်ဆင်၍မရ မဟုတ်။ လူများက ဖန်တီးထားသော၊ လူအများက ရေးထားသောအချက်များသာ ဖြစ်သည်။ ပြင်ဆင်၍ ရသည်။ ပြန်လည် ပြင်ဆင်ရေးဆွဲခွင့်မရှိသော ဗျာဒိတ်တော် မဟုတ်ပါ။ တိုင်းပြည် လူအများကောင်းစားရေးအတွက် ပြန်လည်ပြင်ဆင်ရေးဆွဲခွင့် ရှိနေပါသည်။ လူအများက ဆန့်ကျင်မလိုလားလျှင် လူအများသဘောကျ လက်ခံမည့် အချက်များဖြင့် ပြန်လည်ပြင်ဆင် ဖြည့်စွက်ရေးဆွဲခွင့် ရှိနေပါသည်။

အရာကိစ္စတိုင်းသည် ပြင်ဆင်၍ မရတော့သော တရားသေကိစ္စများ မဟုတ်ကြပါ။

(၂)
တခါက ပုံပြင်တပုဒ်တွင်ဖတ်ရသည်။ ဇာတကထဲကဖြစ်မည်ထင်သည်။ အတိအကျမမှတ်မိတော့။

”တရံရော အခါက ရဟန်းနှစ်ပါးခရီးအတူသွားကြသည်။ သူတို့သည် ကောက်ရိုးနှစ်ထုံးကို အတူတကွ သယ်ဆောင် သွားကြလေသည်။ နေရာသို့ရောက်သောအခါ မြက်နှစ်ထုံးကို တွေ့ကြရပြန်၏။ ရဟန်းတပါးက ကောက်ရိုးထုံးကိုချ၍ မြက်ထုံးကိုသယ်၏။ ကျန်ရဟန်းတပါးကတော့ ယခုကောက်ရိုးထုံးသည် ခရီးဝေးစွာ သယ်ဆောင်လာခဲ့ပြီး ဖြစ်သည်။ မစွန့်ပစ်လိုတော့ဟုဆိုကာ ကောက်ရိုးထုံးကိုပင်သယ်လေသည်။ ဆက်လက်၍ ခရီးဆက်ကြပြန်သည်။ တနေရာသို့ ရောက်လတ်သော် ၀ါဂွမ်းထုံးများကို တွေ့ရပြန်လေသည်။ ထိုအခါရဟန်းတပါးက မြက်ထုံးကို ချ၍ ၀ါဂွမ်းထုံးကို ဆက်လက် သယ်ဆောင်လေ၏။ ကောက်ရိုးသယ်ဆောင်လာခဲ့သော ရဟန်းကမူ ခရီးဝေးမှလည်း သယ်ဆောင်လာခဲ့ပြီ။ သယ်ခဲ့သော ကောက်ရိုးထုံးကိုလည်း သံယောဇဉ်ဖြစ်နေပြီဆိုကာ ကောက်ရိုးထုံးကိုပင် ဆက်လက် သယ်ဆောင်ပြန်၏။”

ဤရဟန်းနှစ်ပါးပုံပြင်သည် ကျနော်တို့အတွက်များစွာသော စဉ်းစားစရာ အချက်အလက်များ ပေး၏။ ကျနော်တို့ အစဉ်အဆက် လမ်းဟောင်းအတိုင်း တွေးခေါ်ခဲ့ကြသည်။ အစဉ်အလာအတိုင်း လျှောက်ခဲ့ကြသည်။ သယ်ဆောင်လာခဲ့သော အတွေးအခေါ် ဟောင်းကို သံယောဇဉ် တွယ်နေကြသည်။ အတွေးအခေါ်သစ်အတွက် စမ်းသပ်မှုမလုပ်ရသေး၊ မှားနိုင်သည်ဟု အလွယ်ပင် တွေးကြသည်။ ကောက်ရိုးထုံးကို ဆက်လက် သယ်ဆောင်နေသော ရဟန်းကဲ့သို့ သွားလိုကြသည်။

စစ်အစိုးရကလည်း အလားတူပင် ဖြစ်သည်။ လူအများက လက်မခံသော လမ်းပြမြေပုံအစုတ်ကြီးနှင့် အခြေခံမူ (၁၀၄) ချက်ကို ဆက်လက် ဖက်တွယ်နေသည်။ ကိုယ်ကျိုးစီးပွားကြည့်သည်လည်း ပါလိမ့်မည်။ စိုးရိမ်ကြောင့်ကြစိတ်များလည်း ပါလိမ့်မည်။ သို့သော် ဤအချက်များကို လူအများက လက်မခံကြောင်း ပြီးခဲ့သည့်ဆန္ဒပြပွဲများက ထင်ထင်ရှားရှား ပြခဲ့ပြီ ဖြစ်သည်။ နိုင်ငံ တကာ မိသားစုက UNSC ၏ ထုတ်ပြန်ကြေငြာချက်ဖြင့် ပြသခဲ့ပြီ ဖြစ်သည်။ စစ်အစိုးရကတော့ ကောက်ရိုးထုံးကြီးဖြင့်သာ ခရီး ဆက်လိုသည်ကို တွေ့နေရသည်။

ဤသို့ ဆိုလျှင်ဖြင့် မှားခြိမ့်မည်။ တိုင်းပြည်လည်း ချောက်ထဲကျရမည့်ကိန်း ရှိနေပါသည်။

(၃)
တတိယလှိုင်း (Third Wave) ဟု အမည်ရသည့် စာအုပ်ကိုရေးသားသူ ပါမောက္ခ ဆင်မြူရယ် ဟန်တင်တန် (Samuel Huntington) က သူ၏ စာအုပ်တွင် ကမ္ဘာကြီး၏နောက်ဆုံးဆယ်စုနှစ်များကာလအတွင်း နိုင်ငံအများအပြားတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ဖြစ်လာပုံကို ရေးသားဖော်ပြခဲ့ပါသည်။

သူက နိုင်ငံအများတွင် ဒီမိုကရေစီ အပြောင်းအလဲများ ဖြစ်ပေါ်လာပုံကို ခြုံငုံလေ့လာ၍ သုံးသပ်ချက်ထုတ်ခဲ့သည်။ သူက အချက် ၅-ချက် ရှိသည်ဟု ဆိုပါသည်။

ပထမအချက်မှာ- အာဏာရှင်အစိုးရများ၏ တရားဝင်မှု (Legitimacy) ပြဿနာ ပိုမိုနက်ရှိုင်း ကြီးထွားလာခြင်း ဖြစ်ပြီး၊ စစ်ရှုံးရ သောအခြေအနေ၊ စီးပွားရေး ကျရှုံးရသော အခြေအနေအောက်တွင် ကြုံလာသည့်အခါ ပြောင်းလဲလေ့ရှိပုံကို ဆိုပါသည်။

မြန်မာစစ်အစိုးရအနေဖြင့် ၁၉၈၈ စစ်အာဏာသိမ်းတက်လာချိန်မှစ၍ တရားဝင်မှု မရခဲ့ပါ။ (De facto/ De Jure) စသဖြင့် ငြင်းခုံရင်း နိုင်ငံတကာက အသိအမှတ်ပြုထားသောကြောင့်သာ de facto government (တရားဝင်ရွေးကောက်ခြင်း မခံထား ရသော်လည်း နိုင်ငံကို ထိန်းချုပ်ထားနိုင်ခြင်းကြောင့် အသိအမှတ်ပြုထားရသော အစိုးရအဖြစ်) လက်ခံထားကြပါသည်။ စစ် အစိုးရက နိုင်ငံအတွင်း လူအများက ထောက်ခံအသိအမှတ်ပြုလာစေရေးအတွက် ရဟန်းသံဃာများကို အကြီးအကျယ် အလှူ အတန်းပေးကာ သာသနာပိုင်များက အသိအမှတ်ပြုသယောင် တရားဝင်မှုရစေရန် ကြိုးပမ်းခဲ့ကြပါသည်။ မကြာသေးခင်က သံဃာများကို လူမဆန်စွာ အကြမ်းဖက်ဖြိုခွဲပြီးနောက်ပိုင်းတွင် ဤဘာသာရေးအရ တရားဝင်မှုဆုံးရရုံသာမျှမက၊ ယခု ကုလ လုံခြုံရေးကောင်စီ၏ ထုတ်ပြန်ချက်အပြီးတွင် နိုင်ငံတကာဖက်မှ အသိအမှတ်ပြုထားသည့် တရားဝင်မှုမှာ ဆုံးရှုံးယိုယွင်းလာ နေပါသည်။ အထူးသဖြင့် ယခင်ကတည်းက မရှိတတ်ခဲ့သော လူထုထောက်ခံမှုမှာ ပို၍ ဆိုးရွားစွာပြိုလဲနေပြီ ဖြစ်ပါသည်။

ဒုတိယအချက်အဖြစ်- ပါမောက္ခဟန်တင်တန်က ဖော်ပြရာ၌ စီးပွားတက်လာသော နိုင်ငံအများတွင်လည်း ဒီမိုကရေစီ ပြောင်းလဲလာတတ်သည်ဟု ဆိုပါသည်။ လူလတ်တန်းစား များပြားလာခြင်း၊ မြို့ပြ ဖြစ်ထွန်းလာခြင်း၊ လူအများ၏ ပညာ အရည်အချင်း မြင့်တက်လာခြင်းကြောင့် ဒီမိုကရေစီစနစ်ဖက်သို့ ကူးပြောင်းလာပုံ ဖြစ်ပါသည်။ တိုင်ဝမ်၊ တောင်ကိုရီးယား တို့ကို ဥပမာပေးနိုင်ပါသည်။ မြန်မာနိုင်ငံအတွက်မူ မဆိုင်လှပါ။

တတိယအချက်မှာ ဘာသာရေးအဖွဲ့အစည်းများအတွင်း ခံယူချက်သဘောထားများ ပြောင်းလဲလာခြင်းဖြစ်ပြီး၊ ဘာသာရေး ဆိုင်ရာခေါင်းဆောင်များက အစိုးရကို ဆန့်ကျင်သော သဘောထားကို ပိုမိုကိုင်စွဲလက်ခံလာကြသည့် အခြေအနေဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ မကြာသေးမီက ဖြစ်ခဲ့သော သံဃာများ၏ “ဓမ္မနှင့် အဓမ္မတိုက်ပွဲ” နှင့် သိသိသာသာကြီး တိုက်ဆိုင်နေပါတော့ သည်။

စတုတ္ထအချက်မှာ- လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးကိစ္စများအတွက် ပြင်ပတွန်းအားများ ဖြစ်လာခြင်းနှင့် အရပ်ဖက်လူမှုအဖွဲ့ အစည်းများ (civil society) ဟု ခေါ်သော ထွန်းကားလာခြင်း ဖြစ်ပါသည်။ ပြင်ပရှိ အင်အားစုများနှင့် အစိုးရမဟုတ်သည့် (အန်ဂျီအို) အဖွဲ့များ၏ တွန်းအားများကြောင့်လည်း ပါပါသည်။

ပဉ္စမအချက်မှာ ဆန္ဒပြပွဲများ၏ တဖြည်းဖြည်းခြင်း အရှိန်ရအားကောင်းလာသော အာဏိသင်သက်ရောက်မှု (snow balling effect) ဖြစ်ပြီး၊ အခြားနိုင်ငံများမှ ဒီမိုကရေစီ အောင်ပွဲများ၏ ဂယက်ရိုက်ခတ်လာမှု၊ နိုင်ငံတကာနှင့် ပို၍ ကူးလူးဆက်ဆံမှု၊ ပို၍ ကောင်းမွန်သော ဆက်သွယ်ရေးစနစ်များ ရှိလာမှုတို့ကြောင့် ဖြစ်လာခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ဆန္ဒပြပွဲများက နောက်ထပ်တပတ်မျှ အချိန်ရလျှင် လူထုများအဖို့ အောင်ပွဲခံဖွယ် ရှိသောကြောင့် စစ်အစိုးရက နောက်ဆုံးအကြမ်းကြုတ် အရက်စက်ဆုံးနည်းသုံး ဖြေရှင်းခဲ့ခြင်း ဖြစ်သည်ဟုလည်း တွက်နိုင်ပါသည်။ တရုတ်က မြန်မာစစ်အစိုးရကို ကာကွယ်နေခြင်း မှာ မြန်မာစစ်အစိုးရကို ချစ်လွန်း၍ မဟုတ်ဘဲ၊ ၎င်း၏ပြည်တွင်းပြဿနာများကို ကူးစက်မည်စိုး၍လောဟူ၍လည်း တွက်ဆဖွယ် ရှိနေပါသည်။

မည်သို့ပင်ဖြစ်စေ၊ ပါမောက္ခဟန်တင်တန်တင်ပြသည့် နိုင်ငံအများ ဒီမိုကရေစီကူးပြောင်းလာကြသည့် အခြေအနေကို ကြည့်ပါက မြန်မာနိုင်ငံက ပြောင်းလဲရတော့မည့် အခြေအနေ ဖြစ်သည်။ လူအများက ဆန္ဒပိုင်းဖြတ်ဆုံးဖြတ်ထားကြပြီ ဖြစ်သလို၊ စစ်အစိုးရကိုလည်း “စစ်အစိုးရ တော်ပါပြီ” ဟု ဖော်ထုတ်ပြသခဲ့ကြပြီ ဖြစ်သည်။

“နိုင်ငံများသည် စစ်တပ်ကြီးများ၏ ကျူးကျော်လာမှုကို ခုခံနိုင်စွမ်းရှိကောင်းရှိလိမ့်မည်။ သို့သော် အချိန်အခါကျ၍ ပြောင်းလဲ လာသော အတွေးအခေါ်တရပ်၏ အင်အားကို ခုခံနိုင်စွမ်းရှိလိမ့်မည် မဟုတ်” ဟု ပညာရှင်တဦးဖြစ်သူ ဗစ်တာဟူးဂိုးက ပြောခဲ့ဖူးပါသည်။ မြန်မာပြည်သူများဖက်ကတော့ ပြောင်းလဲရန် ဆန္ဒပိုင်းဖြတ် ဆုံးဖြတ်ထားကြပြီ ဖြစ်သလို၊ နိုင်ငံတကာ မိသားစုကလည်း ထောက်ခံပံ့ပိုးရန် အသင့်ဖြစ်နေကြပါပြီ။

စစ်အစိုးရက ပြောင်းလဲရတော့မည့် အချိန်ဖြစ်ပါသည်။ စစ်ခေါင်းဆောင်ဗိုလ်ချုပ်များအနေဖြင့် အတွေးအခေါ် ပြောင်းခြင်း အားဖြင့် ဘာမှမဆုံးရှုံးနိုင်ပါ။ အခွင့်အလမ်းများကသာ ဆီးကြိုနေသည်ဖြစ်ပါတော့သည်။

အောင်သူငြိမ်း
၂၀၀၇၊ အောက်တိုဘာလ။

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.