မြန်
မာပြည်မှာ စစ်တပ်က နာမည်မျိုးစုံသုံးပြီး အုပ်ချုပ်ခဲ့တာ ၁၉၆၂ ကတည်းဆိုတာ လူတိုင်းသိပြီးသားပါ။ အခုဆိုရင် စစ်တပ်ရဲ့အုပ်ချုပ်မှု အောက်မှာ (၄၅) နှစ်ရှိခဲ့ပါပြီ။ စစ်အာဏာရှင် အုပ်ချုပ်အုပ်ချုပ်ရေးအောက်မှာ တိုင်းပြည်ဟာ ဘာမှ တိုးတက်မလာပါ။ အိမ်နီးခြင်းနိုင်ငံများကို စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ ယုတ်စွအဆုံး ထမင်းနပ်မှန်တာခြင်းတောင် ပြိုင်လို့မရသည်အထိ ကျရှုံးလာခဲ့ပါတယ်။
အနီးဆုံးဥပမာအနေနဲ့ ထိုင်းနိုင်ငံရဲ့ဖြစ်စဉ်ကို ကြည့်ကြရအောင်ပါ။
ဒုတိယကမ္ဘာစစ်ကြီးပြီးခါနီး တနှစ်အလို ၁၉၄၄ မှာ ဒီမိုကရက်တစ် အစိုးရများ ထိုင်းနိုင်ငံမှာ စတင် ပေါ်ပေါက်လာပါတယ်။ သို့သော်ကြာကြာမခံလိုက်ဘဲ ၁၉၄၈ မှာ စစ်အာဏာအသိမ်းခံရပါတယ်။ (မြန်မာပြည်မှာတော့ ဒီမိုကရေစီဟာ ၁၉၄၈ ကနေ ၁၉၆၂ အထိ အိမ်စောင့်အစိုးရ အုပ်ချုပ်တဲ့နှစ်ကို နှုတ်ရင် (၁၂) လောက် သက်တမ်းရှိခဲ့ပါတယ်)။ အဲသည့် စစ်အာဏာရှင်ကတော့ ထိုင်းနိုင်ငံသမိုင်းမှာ လူသိများတဲ့ ဖီးမာရှယ် ပီဘွန် ဆောင်ခရန်ပါပဲ။ သူကရှေးရိုး အထက်တန်းလွှာ အုပ်စုများကို ကိုယ်စားပြုတဲ့သူလည်း ဖြစ်ပါတယ်။
၁၉၅၇ မှာတော့ ဗိုလ်ချုပ်စရစ်သန်နာရပ် ဆိုသူက ရွေးကောက်ပွဲ အတုတခုဖန်တီးပြီး ပီဘွန်ဆောင်ခရမ် အစိုးရကို ဖြုတ်ချလိုက်ပါတယ်။ အဲသည့် ဗိုလ်ချုပ်စရစ်နေရာကို နောက်ပိုင်းမှာ ဗိုလ်ချုပ်ကြီး ကစ်တီကာချွန် ဆိုသူက ဆက်ခံခဲ့ပါတယ်။ ထိုဗိုလ်ချုပ်ကြီးသုံးဦး ထိုင်းနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့နှစ်များဟာ စုစုပေါင်း (၂၅) နှစ် ကြာမြင့်ခဲ့ပါတယ်။ သူတို့ဟာ စစ်အာဏာရှင်များ ဖြစ်သော်လည်း မြန်မာစစ်ဗိုလ်ချုပ်တွေထက် အားသာတဲ့ အချက်များ သူတို့မှာ ရှိနေပါတယ်။ (မြန်မာပြည်မှာလည်း ဗိုလ်ချုပ်နေ၀င်း၊ ဗိုလ်ချုပ်စောမောင်နဲ့ လက်ရှိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ အုပ်ချုပ်ခဲ့၊ အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။ ဘာတွေ တိုးတက်လာသလဲ ဆိုတာ နှိုင်းယှဉ်ကြည့်ကြပါစို့)။
ထိုင်းဗိုလ်ချုပ်တွေဟာ သူတို့အာဏာနေရာမှ ထိုင်နေကြပေမဲ့ ထိုင်းနိုင်ငံဟာ စီးပွားရေးတိုးတက်မလာရင် ရေရှည်မှာ ဒုက္ခရောက်လိမ့်မယ် ဆိုတာကို သူတို့ နားလည်နေကြခြင်းပါပဲ။ သူတို့လက်ထက်အုပ်ချုပ်ခဲ့တဲ့ နှစ်များကို ပြန်ကြည့်လိုက်တော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ တနှစ်ကို ၇% မှန်မှန်ကြီး တိုးတက်လာ နေတာ တွေ့ရပါတယ်။ ဘာကြောင့်လဲ ဆိုတာ ဆန်းစစ်ကြည်တော့ တိုင်းပြည်တခုမှာ မက်ခရိုစီးပွားရေး တိုးတက်လာအောင် လုပ်ဖို့လိုတယ်ဆိုတာကို သူတို့ သဘောပေါက်ကြလို့ပါ။ ဒါပေမဲ့ စစ်ဗိုလ်တွေဆိုတော့ စီးပွားရေးကို သေသေချာချာ နားမလည်ကြပါဖူး။ သို့သော် သူတို့ အားကောင်းချက်က ဘာလဲဆိုတော့ သူတို့နဲ့ စိတ်တူကိုယ်တူရှိတဲ့ တက်ခနိုခရက်လို့ ခေါ်တဲ့ လူနည်းစုပညာတတ်များကို အားကိုးပြီး ဆောင်ရွက်ပါတယ်။ အဲသည့် လူနည်းစု ပညာတတ်များက နိုင်ငံခြားမှာ ပညာသင်လာတဲ့သူများ ဖြစ်ပြီး အထူးသဖြင့်စီးပွားရေးကို လေ့လာခဲ့သူများလည်းဖြစ်ပါတယ်။
အဲသည့်နှစ်များ အတောအတွင်းမှာ ထိုင်းစစ်ဗိုလ်များနဲ့ တက်ခနိုခရက်တွေဟာ အလုပ်လုပ်တဲ့ စနစ်နဲ့ ဆက်ဆံရေး စနစ်တွေ တိုးတက်လာအောင် လုပ်လာနိုင်ကြပါတယ်။ တက်ခနိုခရက်တွေရဲ့ ကျွမ်းကျင်မှုအတွက် စစ်ဗိုလ်တွေဘက်က ပြန်ပေးခဲ့တာကတော့ လိုအပ်တဲ့ စီးပွားရေးပေါ်လစီ ချမှတ်ခွင့်ပေးခြင်းနဲ့ နိုင်ငံရေးအရ သူတို့ကို အကာကွယ်ပေးခြင်းတို့ ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ ဗိုလ်ချုပ်တွေကသူတို့ ယုံကြည်တဲ့ အတွင်းလူများကိုသာ စီးပွားရေးလုပ်ဖို့ အခွင့်အရေးများ ပေးပါတယ်။ စီးပွားရေး အတတ်ပညာ ကျွမ်းကျင်ဖို့ မလိုပါဖူး။ အဲတာကြောင့် တေဇလို ဒီအက်အေက ဗိုလ်လောင်းပြုတ်လို လူတွေ ကောင်းစားနေတာပေါ့။
ထိုင်းစစ်ဗိုလ်များဟာ သူတို့ရဲ့ တရားဝင်မှုနဲ့ ကြွယ်ဝမှုအတွက် (လာဘ်စားမှုတွေအစ) တဖက်မှာ စီးပွားရေး ဖွံ့ဖြိုးဖို့ လိုတယ် ဆိုတာကို သိနေပါတယ်။ တက်ခနိုခရက်တွေဖက်ကလည်း စစ်ဗိုလ်တွေဆီက ရက်ရောမှုနဲ့ လုပ်ပိုင်ခွင့် ပေးမှုတွေ လိုပါတယ်။ ဒါမှသာ သူတို့ရဲ့ ကျွမ်းကျင်မှုတွေကို အကောင်အထည်ဖော်နိုင်မှာကိုး။ အဲသည့်ရဲ့ အကျိုးဆက် အဖြစ် ဗိုလ်ချုပ်စရစ်ရဲ့ လက်ထက် ၁၉၆၀ ခုနှစ်များမှာ ထိုင်းနိုင်ငံရဲ့ မက်ခရိုစီးပွားရေးစနစ်ရဲ့ ဖွဲ့စည်းတည်ဆောက်မှုဟာ နီယိုလစ်ဘရယ် လမ်းကြောင်း အတိုင်းစတင်နေပြီလို့ ဆိုနိုင်ပါတယ်။
လက်တဆုပ်စာသာရှိတဲ့ မက်ခရိုပေါ်လစီ အဖွဲ့အစည်းများဟာ ထိုင်းနိုင်ငံရဲ့ မက်ခရိုစီးပွားရေးကို လမ်းကြောင်းပေးတဲ့ အမျိုးသားစီးပွားရေးနဲ့ လူမှုရေး တိုးတက်ဖွံ့ဖြိုးမှု ဘုတ်အဖွဲ့ကို မောင်းနှင်ထိန်းကျောင်းသူများ ဖြစ်လာပါတယ်။ ဒါ့အပြင် ဘတ်ဂျက်ဗြူရိုအဖွဲ့၊ ဘဏ္ဍာရေး ၀န်ကြီးဌာန၊ ထိုင်းနိုင်ငံရဲ့ ဘဏ်တွေကို ကွပ်ကဲမောင်းနှင်သူများလည်း ဖြစ်လာကြပါတယ်။ အဲသည့်အဆင့်မှာ ထိုင်းစစ်ဗိုလ်များနဲ့ တက်ခနိုခရက်တွေဟာ သူတို့ အချင်းချင်းကြားမှာ သဟဇာတဖြစ်တဲ့ ဆက်ဆံရေးကို ထူထောင်မိပြီးသား အခြေအနေကို ရောက်ရှိလာခဲ့ပါတယ်။
ထိုင်းနိုင်ငံဟာ အဲသည်လိုနဲ့ စီးပွားရေးတစတစ တိုးတက်လာပါတယ်။ အခြေခံအားဖြင့် လူတွေ ထမင်းနပ်မှန်လာတယ်၊ အလုပ်အကိုင်သစ်တွေ ရလာတယ်။ သို့သော်တဖက်မှာလည်း နိုင်ငံရေးအရ၊ အခြေခံ လူအခွင့်အရေးအရ တိုင်းသူပြည်သားများဟာ ထိုအခွင့်အရေးများ ဆုံးရှုံးနေဆဲဖြစ်ပါတယ်။ အဲတာတွေရဲ့ အကျိုးဆက်အဖြစ် ၁၉၇၃၊ ၁၉၇၆ နှစ်များက စလို့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တောင်းဆိုတဲ့ နိုင်ငံရေးလှိုင်းများ စတင်ရိုက်ခတ် လာခဲ့ပါတယ်။ ၁၉၈၀ ခုနှစ် နှောင်းပိုင်းကာလများမှာတော့ ပိုပြီး ဒီမိုကရေစီဆန်တဲ့ အစိုးရများ ပေါ်ပေါက်လာပါတယ်။ အဲသလိုတဆင့်ခြင်း ဒီမိုကရေစီစနစ်ဆီကို ပြောင်းလဲလာတဲ့ ကာလများမှာတောင်မှ ကြားဖေါက်ပြီး ၁၉၉၁ မှာ စစ်တပ်ကအာဏာသိမ်းတာ နောက်တခါ ကြုံကြရပါသေးတယ်။
မည်သို့ပင် ဆိုစေကာမူ ပြီးခဲ့တဲ့ အနှစ် (၂၀) ကာလက စလို့ ဒီမိုကရေစီလှိုင်း ရိုက်ခတ်မှုဟာ ထိုင်းနိုင်ငံမှာ အရှိန်ပြင်းပြင်းနဲ့ ဆက်ရှိနေပါတယ်။ အခုလည်း လက်ရှိအာဏာသိမ်းထားတဲ့ စစ်တပ်ကို ဖက်ပေါင်းစုံကနေ အဖွဲ့အစည်း အသီးသီးက ဆက်လက်တိုက်ပွဲဝင်နေကြပါတယ်။
လက်ရှိ စစ်အာဏာသိမ်းထားတဲ့ အခြေအနေကလည်း ပြောရမယ်ဆိုရင် မျက်မှောက်ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး စီးပွားရေးဘ၀ဟာ အရင်က ပေါ်ပေါက်ခဲ့တဲ့ စစ်အာဏာရှင် အုပ်ချုပ်ရေး ဗီဇ ကျန်နေသေးတဲ့အတွက် ဖြစ်ရတာလို့ ထိုင်းပညာရှင်များက သုံးသပ်ပါတယ်။ သို့သော်လည်း ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီ လှုပ်ရှားမှု အရှိန်အဟုန်က ကြီးမားတဲ့အတွက် ဒါတွေရဲ့ အကျိုးဆက်အဖြစ် လာမဲ့ ဒီဇင်ဘာလမှာ ပါတီစုံရွေးကောက်ပွဲကို ပြန်လည် ကျင်းပပေးဖို့ စစ်တပ်က ကတိပေးထားရပါတယ်။ သူ့စိတ်ကြိုက် ကာလအတိုင်းအဆမရှိ အာဏာကို ချုပ်ကိုင်ထားလို့ မရပါဖူး။
ပြန်ကောက်ရရင် ထိုင်းနိုင်ငံမှာလည်း စစ်အာဏာရှင်များ နှစ်ပေါင်းများစွာ အုပ်ချုပ်ဖူးပါတယ်။ သို့သော်သူတို့က တိုင်းပြည်စီးပွားရေးကို ဂရုစိုက်ရမှန်း နားလည်တဲ့သူများဖြစ်ပါတယ်။ စီးပွားရေး တိုးတက်လာမှုနဲ့အတူ အနည်းနဲ့အများ ဆိုသလို တခြားသူများကိုလည်း ရှယ်ယာခွဲပေးရမှာကို နားလည် သဘောပေါက်ကြပါတယ်။ ရလာတဲ့ အကျိုးအမြတ်ကို ဖားလာသိမ်း၊ ငါးလာသိမ်း သူတို့အိပ်ထဲ အကုန်ထည့်တာမျိုးမလုပ်ပါဖူး။
နိုင်းယှဉ်ကြည့်မယ် ဆိုရင် မြန်မာပြည်မှာ ၁၉၆၂ စစ်အာဏာသိမ်းကတည်းက ခရုဆံကျွတ် မွဲလာလိုက်တာ အခုအထိ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံကတော့ စစ်အာဏာရှင်ဗိုလ်ချုပ်များ အုပ်ချုပ်တဲ့ကာလတွေမှာတောင် စီးပွားရေး နှစ်စဉ်တိုး တက်လာနေတာ အခုအထိပါပဲ။ ကွာချက်ကတော့ နာလှချည့်ရဲ့လို့သာ ပြောပါရစေ။
အခုတင်ပြချက်က သည်လိုဆိုတော့ ထိုင်းနိုင်ငံမှာ အားလုံးကောင်းပါသည် ခင်ဗျားလို့ ဆိုလိုတာမဟုတ်ပါ။ အားကောင်းသည့် နယ်ပယ်များရှိသလို အားနည်းနေဆဲ ဖြစ်တဲ့နယ်ပယ်များလည်း ကျန်ရှိနေပါသေးတယ်။ ပိုမိုခိုင်ခံ့တဲ့ ဒီမိုကရေစီစနစ်သို့ ဆက်လက်ချီတက်ရေး၊ ထိုင်းလူ့အဖွဲ့အစည်းအတွင်းမှာ ပိုမိုငြိမ်းချမ်းရေးဆိုတဲ့ အလုပ်များ ဆက်လက် အကောင်အထည်ဖေါ်ဖို့ ရှိနေပါသေးတယ်။
အဲသည့်အခြေအနေများနဲ့ပတ်သက်လို့ အရပ်သားဝန်ကြီးချုပ်ဟောင်း ဖြစ်ခဲ့ဖူးသူ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကော်မရှင်မှာ ဥက္ကဌဖြစ်သူ အာနန် ပညာချွန် က အခုလိုပြောဖူးပါတယ်။ “ခေါင်းဆောင်များ ရင်ထဲမှာ ငြိမ်းချမ်းရေးဆိုတာ ကိန်းအောင်းနေမှ၊ အစိုးရများကလည်း ငြိမ်းချမ်းရေး စိတ်တကယ်ရှိမှသာ ငြိမ်းချမ်းရေးဆိုတာ ရနိုင်ပါတယ်။ ငြိမ်းချမ်းရေးရဖို့အတွက် တရားမျှတမှုလည်း ရှိဖို့ လိုပါတယ်။ စာရွက်ပေါ်မှာ ရေးထားရုံမဟုတ်တဲ့ တကဲ့တရားမျှတမှု လိုပါတယ်”။
သည်နှစ်ပေါင်း လေးဆယ့်ငါးနှစ်အတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေ၊ အိမ်ချင်းကပ်နေတဲ့ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ အသီးသီးတို့မှာ ဘယ်လိုဖွံ့ထွား (သို့မဟုတ်) ဘယ်လိုကျရှုံးခဲ့တယ် ဆိုတာကို နိုင်းယှဉ်ကြည့်နိုင်စေရန် တင်ပြရင်းဖြင့်။
ဇော်မင်း (လူ့ဘောင်သစ်)
၁၅ ရက် အောက်တိုဘာလ ၂၀၀၇ ခုနှစ်
Monday, October 15, 2007
မြန်မာ၊ ထိုင်းနှင့် ဖွံ့ဖြိုးရေးလှိုင်းများ
Posted by ရွက်မွန် at 7:44 PM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment