ရွက်မွန်စာမျက်နှာ

Tuesday, October 16, 2007

ငါမြင်သည် ငါလာခဲ့သည် ငါအောင်ပွဲရသည်

အာ
စီယံအဖွဲ့ကြီးရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် အုမ်ကန်ရောင် မနေ့က စကာင်္ပူမှာပြောလိုက်ပါတယ်။ ဘာပြောသလဲ ဆိုတော့ မြန်မာနိုင်ငံမှာ Regime change လို့ ခေါ်တဲ့ လက်ရှိအစိုးရလုံးလုံးပြောင်းလဲ သွားဖို့ဆိုတာ လက်တွေ့မကျတဲ့ ချဉ်းကပ်မှုလို့ ပြောလိုက်တာပါ။

တခါ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဂမ်ဘာရီ ထိုင်းနိုင်ငံကိုရောက်လာပြီး ထိုင်း ၀န်ကြီးချုပ်နဲ့ တွေ့ပါတယ်။ မြန်မာပြည်ရဲ့ အရေးကို အိမ်နီးချင်းများဖြစ်တဲ့ အာစီယံအဖွဲ့ဝင် နိုင်ငံတွေရယ်၊ အိန္ဒိရယ်၊ တရုတ်တို့ရယ် ပါဝင်ပြီး ကုလသမဂ္ဂရဲ့ လုပ်ပိုင်ခွင့်ဘောင်ထဲကနေ ၀ိုင်းဝန်းအဖြေရှာသင့်တယ်လို့ ဆွေးနွေးကြတာကို ကြားရပါတယ်။ တရုတ်အစိုးရရဲ့ သြဇာက မြန်မာစစ်အစိုးရအပေါ် အတော်လေးကြီးတာမို့ တရုတ်ရဲ့ အခန်းကဏ္ဍဟာ အရေးကြီးကြောင်းလည်း တညီတညွတ်တည်း အသိအမှတ်ပြုကြတယ် လို့လည်း သိရပါတယ်။ ဒါ့အပြင် ထိုင်းဝန်ကြီးချုပ်က လာမဲ့ နိုဝင်ဘာလ စင်္ကာပူနိုင်ငံမှာ ပြုလုပ်မဲ့ အာစီယံ ထိပ်တန်းခေါင်းဆောင်များ အစည်းအဝေးမှာ မြန်မာ့အရေးကို ကူညီဖြေရှင်းဖို့ လေးပါတီစုဖွဲ့ ဆောင်ရွက်တဲ့ အဆိုကို တင်သွင်းဖို့ ကြိုးစားမယ်လို့လည်း ဆိုပြန်ပါတယ်။ လေးပါတီဆိုတာကတော့ တရုတ်၊ အိန္ဒိယ၊ အာစီယံနဲ့ ကုလသမဂ္ဂကိုဆိုလိုတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ တနိုင်ငံတည်း အနေနဲ့ကတော့ လက်ရှိအခြေအနေတွေအပေါ် မြန်မာအစိုးရနဲ့ တိုက်ရိုက်စကားပြော ဆက်ဆံဖို့ မရှိပေမဲ့လို့ အာစီယံအဖွဲ့ကြီးက ဆုံးဖြတ်တဲ့အတိုင်း ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောပါတယ်။

အမေရိကန် အစိုးရကလည်း ပိုမိုပြင်းထန်တဲ့ စီးပွားရေးအရ အရေးယူမှုတွေ မြန်မာစစ်အစိုးရအပေါ် ပြဌာန်း ကျင့်သုံးသွားမယ် ဆိုတာကို ပြောနေပါတယ်။ အီးယူလို့ခေါ်တဲ့ ဥရောပသမဂ္ဂ (၂၇)နိုင်ငံကနေ မြန်မာစစ်အစိုးရကို စီးပွားရေးပိတ်ဆို့မှုတွေ အရေးယူမှုတွေလုပ်မယ်ဆို့ ဆိုပြန်ပါတယ်။ သို့သော်လည်း မြန်မာ စစ်အစိုးရအနေနဲ့ မြန်မာအတိုက်ခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစကားပြောမယ်၊ ဒီမိုကရေစီ ပြောင်းလဲမှုကို ဦးတည်တဲ့ အခြေအနေကို လျောက်လှမ်းမယ် ဆိုရင်တော့ အဲသည့်ပိတ်ဆို့ အရေးယူမှုတွေကို လုပ်မယ် မဟုတ်ဖူး လို့လည်း ဆိုပြန်ပါတယ်။ အဲသည့် ချဉ်းကပ်မှုကို မုန်လာဥနဲ့ တုတ်ပေါ်လစီလို့လည်း ပြောကြပါတယ်။ တခါ ကမ္ဘာ့ ခေါင်းဆောင်ဟောင်းများကလည်း မြန်မာအစိုးရအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်မရောင်းချရေး၊ ပိတ်ဆို့ရေးတွေ လုပ်ဖို့ အဆိုတင်သွင်းလာပါတယ်။

ခြုံကြည့်ရင် ဒီလိုနိုင်ငံတကာက ပြောဆိုလာတာတွေဟာ စက်တင်ဘာလအတွင်း ငြိမ်းချမ်းစွာဆန္ဒပြခဲ့တဲ့ ရဟန်းသံဃာ တော်များနဲ့ ပြည်သူများကို သွေးမြေကျ ရက်ရက်စက်စက် နိမ်နင်းခဲ့ရာက စခဲ့တယ် ဆိုရင်မမှားပါဖူး။ တနည်းပြောရရင် လူထုတိုက်ပွဲထဲက ရလာတဲ့ ရလဒ်များထဲက ရလဒ်တခုဖြစ်ပါတယ်။

ကောင်းပါပြီ။ နိုင်ငံတကာက ဆိုင်ရာဆိုင်ရာ ခေါင်းဆောင်များကတော့ ဘယ်လိုလုပ်မယ်၊ ဘယ်လမ်းကသွားမယ်၊ ဘာတွေတော့ဖြင့် လုပ်ရမယ်၊ ဘာတွေတော့ လုပ်လို့မရဖူး စသဖြင့်နည်းနာတွေ ရှာနေပါတယ်။ အဲသလို နိုင်ငံတကာက ပံ့ပိုးကူညီမှာကလည်း အရေးကြီးပါတယ်။ သို့သော် နိုင်ငံတကာက ၀င်ရောက်ကူညီ ဆောင်ရွက်တာချည်း သက်သက်ကို ထိုင်စောင့်ကြည့်နေရုံနဲ့တော့ မပြီးသေးပါဖူး။ ကိုယ့်ဖက်က လုပ်စရာရှိတာများကိုလည်း မမေ့မလျော့ဘဲ ဆက်လက် ဆောင်ရွက်ဖို့က ကိုယ့်တာဝန်ဖြစ်ပါတယ်။ နတ်ကရာ ကြည့်မောနေမဲ့ အုပ်စုတွေ၊ လူပုဂ္ဂိုလ်တွေလည်း ရှိပါလိမ့်ဦးမယ်။ သို့သော် ထိုသူများကို အဖက်လုပ်ပြောနေရလို့ အချိန်တွေ လုပ်အားတွေကုန်မယ်ဆိုရင် သည်အတိုင်းသာ ထားလိုက်ပါ။ ကိုယ့်လမ်း ကိုယ်သွားကြတယ်လို့ သဘောထားရင်လည်း မမှားဖူးလို့ဆိုပါရစေ။

ဘယ်သူတွေဝင်လာပြီး ဘယ်လိုအကူညီပေးမှာပါလိမ့် ဆိုတာကို စောင့်မနေကြပါနဲ့။ ကိုယ်လိုခြင်တာအတွက် ကိုကိုယ်တိုင် လုပ်ယူမှရမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေစဉ်ကာလအတွင်း ဆရာတော်တပါးက သည်လို မိန့်ကြားခဲ့ပါတယ်။ “ဦးဇင်းတို့ အနေနဲ့ ပြောလိုတာက ကိုယ့်အခွင့်အရေးရရှိအောင် ဘယ်သူ့ကိုမှ အားမကိုးဘဲ ကိုယ်တိုင် တိုက်ယူရမှာ ဖြစ်ပါတယ်။ သူများ အားကိုးနဲ့တော့ ကိုလိုချင်တဲ့ ကိုယ့်အခွင့်အရေးဟာ ရမှာမဟုတ်ပါဖူး။” အင်မတန် ရိုးစင်းပြီး ရှင်းလင်းတဲ့ အမြင်ဖြစ်ပါတယ်။

လူထုတိုက်ပွဲ ဖေါ်ရမဲ့သူများက လူထုတိုက်ပွဲ ဆက်လက်ကြီးထွားလာအောင် လုပ်ဖို့ရန်သာရှိပါတယ်။ လူထုတိုက်ပွဲ ခါးဆက်ပြတ် မသွားအောင် သတိမပြတ်ထားပြီး အခွင့်အရေးရတာနဲ့ ရသလို တိုက်ပွဲဝင်ဖို့သာ ဖြစ်ပါတယ်။ အချို့ အဖွဲ့အစည်းများက လူထုတိုက်ပွဲနိုးကြားအောင် တိုက်ရိုက် မသက်ဆိုင်ပေမဲ့ စစ်အစိုးရ နိုင်ငံတကာကို လှည့်စားဖို့ အချိန်ဆွဲနေတာတွေ၊ လူတွေကိုဆက်လက်ဖမ်းဆီး နှိပ်စက်နေတာကို ကမ္ဘာကသိအောင် ဆက်လက်ဖော်ထုတ်ဖို့ တာဝန်ရှိပါတယ်။ မြန်မာလူထုဟာ ဘာမှမသိနားမလည်တဲ့ သူတွေ မဟုတ်ပါ။

သဘောတရားကို နားလည်သူတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လှုပ်ရှားမှုမှာ သူတို့ တောင်းဆိုခဲ့တဲ့ အချက်များကို ပြန်ကြည့်ရင် အဓိကအချက်ဟာ တွေ့ဆုံဆွေးနွေး အဖြေရှာရေး ဖြစ်ပါတယ်။ တဖက်သတ်တောင်းဆိုတာ တခုမှမပါပါဖူး။

အခု လှုပ်ရှားလုပ်ကိုင်နေတဲ့ ခေါင်းဆောင်ကြီး၊ ငယ်၊ လတ်များအကြား ဟိုနေရာမှာ မပါရလို့၊ သည်နေရာမှာ မပါရလို့၊ ဟိုဟာ မလုပ်ရလို့၊ သည်ဟာ မလုပ်ရလို့ ငါတော့မလုပ်ဖူး ဆိုတာမျိုး မဖြစ်စေခြင်ပါ။ လက်ရှိအချိန်မှာ မိမိနဲ့ကိုက်ညီ သင့်တော်တဲ့ နေရာများကနေ အတတ်နိုင်ဆုံး ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုပါတယ်။ ကိုယ့်ရဲ့ လက်ရှိ ရှိနေတဲ့ လက်တွေ့ ဘ၀များထဲက အနေအထားတွေကို အခြေခံပြီးလုပ်နိုင်ဖို့တော့ လိုပါလိမ့်မယ်။

ဒုတ်နဲ့ပစ်ပစ်၊ ဒါးနဲ့ခုတ်ခုတ် ယုန်သေဖို့ကလိုရင်းဖြစ်တယ်လို့ ရှေးစကားရှိပါတယ်။ ဒါပေမဲ့ သည်ခေတ်မှာတော့ ဒုတ်နဲ့ ပစ်မဲသူကလည်း ဒုတ်တာဝန်ယူ၊ ဒါးနဲ့ခုတ်မဲ့သူကလည်း ဒါးတာဝန်ယူ စတာတွေအပြင် ခွေးနဲ့လိုက်ချောက်တဲ့ သူကလည်း ခွေးနဲ့လိုက်ခြောက်၊ ပိုက်နဲ့ပစ်မဲ့သူကလည်း ပိုက်တ၀င့်ဝင့်နဲ့ အသင့်ပြင်ထား၊ ၀ီစီမှုတ်ပြီး ယုန်ကိုချောက်ထုတ်မဲ့ သူကလည်း ချောက်လုပ်ကြဖို့လိုပါတယ်။ ကိုယ်ကျရာနေရာက တာဝန်တွေကို ကြီးသည်၊ ငယ်သည်၊ အရေးပါသည်၊ အရေးမပါဟု သဘောမထားပဲ ထမ်းဆောင်ကြဖို့က ပိုလို့အရေးကြီးပါတယ်။

ပြန်ကောက်ရရင် နည်းနာမျိုးစုံ သုံးသော်လည်း၊ ပြင်ပအကူအညီများ ရရှိသော်ငြားလည်း လူထုတိုက်ပွဲမပါပဲနဲ့ သည်ပွဲဟာ အဆုံးသတ်နိုင်မှာ မဟုတ်ပါ။ ထို့ကြောင့် လူထုမြင်သည်၊ လူထု ချီတက်လာခဲ့သည်၊ လူထုအောင်ပွဲရသည် ဟုသာ ဆိုပါရစေ။

ဇော်မင်း (လူ့ဘောင်သစ်)
၁၆ ရက် အောက်တိုဘာလ ၂၀၀၇ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.