ရွက်မွန်စာမျက်နှာ

Friday, October 19, 2007

တရုတ်နိုင်ငံ၏ သဘောထား၊ အပျော့ဆွဲလော ခြိမ်းခြောက်မှုလော


ရုတ်နိုင်ငံကို အများက ကြည့်လာကြသည်။ အထူးသဖြင့် မြန်မာနိုင်ငံအရေးကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီသို့ တင်ရန် အမေရိကန်က ကြိုးစားနေသောအချိန်တွင် တရုတ်နိုင်ငံက မည်သို့ သဘောထားမည်နည်းဟု မေးခွန်းထုတ်လာကြသည်။ တရုတ်နိုင်ငံသည် ဗီတိုအာဏာရှိသောကြောင့် ပိတ်ဆို့တားဆီးနိုင်သည်။ ကြားနေနိုင်သည်။ ဘာမှမပြောဘဲလည်း နေနိုင် သည်။ တရုတ်နိုင်ငံက မူဝါဒပြောင်းလေမလားဟု စောင့်ကြည့်သူလည်း ရှိသည်။

အင်အားကြီးနိုင်ငံတို့၏ ပွဲဖြစ်သောကြောင့် ခန့်မှန်းရခက်သည်။ သို့သော် တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် ဘယ်လို သဘောထားသလဲဆိုသည်ကိုကား အာဆီယံနိုင်ငံများအပေါ် သဘောထားပုံကို ကြည့်၍ ခန့်မှန်းနိုင်မည် ထင်သည်။ မြန်မာနိုင်ငံသည်လည်း အာဆီယံဒေသဝင် နိုင်ငံတခု မဟုတ်ပါလား။


ငိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး

လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံသည် သိသိသာသာ စီးပွားတက်ခဲ့သည်။ နှစ်စဉ် ဂျီဒီပီက ၈ ရာနှုန်းကျော် ရှိခဲ့သည်။ စီးပွားတက်လာသည်နှင့် အမျှ တရုတ်၏ သြဇာကို ဒေသတွင်းနိုင်ငံများရော အင်အားကြီးနိုင်ငံများကပါ လန့်လာသည်။ တရုတ်က မဟာအင်အားကြီးနိုင်ငံတခု ဖြစ်အောင် ရည်မှန်း လာသည်နှင့် အတူ ဗိုလ်ကျစွက်ဖက်မည်လော သို့မဟုတ် နိုင်ငံရေးအရ မဟုတ်သော်မှ စီးပွားရေး အင်ပါယာ ချဲ့ထွင်တော့မည်လော ဟု သို့လောသို့လော စိုးရိမ်စိတ်တွေ ရှိလာကြသည်။

တရုတ်ခေါင်းဆောင်တွေကတော့ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးကိုသာ တွင်တွင်ပြောနေခဲ့သည်။ တရုတ်နိုင်ငံ အဓိက ရင်ဆိုင်နေရသော ပြဿနာများသည် ဆင်းရဲမွဲတေမှု နှင့် ခေတ်နောက်ကျမှုသာ ဖြစ်ကြောင်း၊ ပြည်တွင်းဖွံ့ဖြိုးရေးကိစ္စ ကိုသာ အလေးပေးသွားမည် ဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။

လက်ငင်းတွေ့နေရသော အနေအထားများအရလည်း နိုင်ငံတကာဆက်ဆံရေးတွင် အမေရိကန်နှင့် ထိပ်တိုက်တွေ့လိုဟန် မရှိ။ စစ်အေးတိုက်ပွဲအခြေအနေမျိုး ပြန်မရောက်လိုဟု ယူဆရသည်။ သို့သော် တရုတ်နိုင်ငံ တိုးတက်လာမှုကို ကျေနပ် လိုလားသူများ ရှိသကဲ့သို့ မနာလို မရှုစိမ့်သူများလည်း အများအပြား ရှိနေသေးသည်။

တရုတ်နိုင်ငံကတော့ နိုင်ငံကာကွယ်ရေးကိုသာ အလေးထားကြောင်း၊ ရန်လိုကျူးကျော်မှုကို မလိုလား ကြောင်း တွင်တွင် ပြောနေသည်။ ဤအတွက်ကြောင့် တရုတ်နိုင်ငံတွင် ပင်လယ်ရပ်ခြားသွားနိုင်သော ရေတပ်ကြီးများ (Blue Navy) ကိုပင် ဆောက်လုပ်ထားခြင်း မရှိသေးကြောင်း ဆိုခဲ့ကြသည်။

သို့သော် တရုတ်နိုင်ငံ၏ စစ်ဒဏ်ကို ခံရဖူးသော နိုင်ငံများက ထိုအဆိုကို သံသယ ရှိနေဆဲဖြစ်သည်။ တရုတ်က တိဘက်ကို ကျူးကျော် သိမ်းပိုက်ခဲ့သည်။ အိန္ဒိယနှင့် နယ်နိမိတ်စစ်ပွဲ ဖြစ်ဖူးသည်။ ဗီယက်နမ်ကို ပညာပေးစစ်ဆိုပြီး တိုက်ခဲ့ဖူးသည်။ ယခုလည်း စစ်အသုံးစရိတ်များ တိုးချဲ့၍ စစ်တပ်ခေတ်မီရေးကို ပြင်ဆင်နေသည်ဟု စွပ်စွဲချက်များ ရှိနေသည်။ ဤအခြေအနေတွင် တရုတ်နဂါးကြီးနိုးထလာမည်ကိုတော့ စိုးရိမ်ကြသည် အမှန်ပင်။

ဈေးကွက်ကြီး အာဆီယံ

တရုတ်နိုင်ငံကတော့ အာဆီယံကို အလားအလာကောင်းသော ဈေးကွက်ကြီးအဖြစ် ရှုမြင်နေသည်။ အာဆီယံနိုင်ငံများသည် တရုတ်နိုင်ငံ၏ အနီးစပ်ဆုံး စီးပွားရေးကုန်သွယ်ဘက်ဒေသဖြစ်ပြီး လူဦးရေ သန်းပေါင်း ၅၀၀ ကျော် နေထိုင်သည့် ဈေးကွက်ကြီး ဖြစ်သည်။ ဤနိုင်ငံများသည် တူညီသော ယဉ်ကျေးမှုဓလေ့ထုံးတမ်းများဖြင့် ဆက်စပ်နေကြပြီး သမိုင်း ကြောင်းအရလည်း (အနောက်နိုင်ငံများက ကိုလိုနီမပြုမီ) တရုတ်နိုင်ငံနှင့် ကူးလူးဆက်ဆံမှုများ ရှိခဲ့သည်။ အာဆီယံနိုင်ငံ များတွင် ပြည်ပရောက် တရုတ်အနွယ်များ သန်း ၃၀ မှ ၄၀ အထိ နေထိုင်ကြသည်။ သူတို့သည် စီးပွားရေးအရလည်း အောင်မြင်သူများ ဖြစ်ကြသည်။

အကယ်၍ ခရစ်နှစ် ၂၀၂၀ တွင် တရုတ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ဂျပန်နှင့် ဥရောပကို ကျော်တက်သွားပါက အာဆီယံနိုင်ငံများသည် တရုတ်အတွက် ပိုအရေးပါလာပါမည်။ ဤဒေသအတွင်းတွင် တရုတ်နိုင်ငံသည် အင်အားကြီး နိုင်ငံတခု ဖြစ်သည်နှင့် အညီ အာဆီယံနိုင်ငံများကို ဆွဲဆောင် သိမ်းသွင်းလိမ့်မည် ဖြစ်သည်။ ဆွဲဆောင်သိမ်းသွင်းနိုင်ရန် အတွက် အာဆီယံအပေါ်ထားရှိမည့် မူဝါဒသည် သိမ်မွေ့နူးညံ့ရပေလိမ့်မည်။ ရေရှည်အကျိုးစီးပွားကို ကြည့်၍ ရှေ့ပြေးလုပ် ဆောင်ရမည့် ကိစ္စများလည်း ရှိနေသေးသည်။ ထို့အတွက်ကြောင့် တရုတ်နိုင်ငံက အာဆီယံနိုင်ငံများအပေါ်ထားရှိမည့် မူဝါဒသည် အောက်ပါအချက်များအပေါ် အခြေပြုမည်ဟု ယူဆနိုင်သည်။

(၁) အင်အား ဖြင့် ခြိမ်းခြောက်ခြင်းထက် အပျော့ထည်အာဏာကို အသုံးပြုခြင်း။
(၂) အာဆီယံနိုင်ငံများနှင့် စီးပွားရေးအကျိုးတူလုပ်ငန်းများပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း ကြွယ်ဝတိုးတက်လာရေး။
(၃) ဒေသအတွင်း တည်ငြိမ်မှု ရှိစေခြင်းဖြင့် တရုတ်နိုင်ငံ၏ လုံခြုံရေးအတွက် အကောင်းဆုံးဗျူဟာ အဖြစ် ထားရှိခြင်း။
(၄) တရုတ်နိုင်ငံ လိုအပ်နေသော လောင်စာစွမ်းအင်အတွက် အာဆီယံနိုင်ငံများကို မဟာဗျူဟာမြောက် နိုင်ငံများအဖြစ် သတ်မှတ်၍ ချဉ်းကပ်ခြင်း။
(၅) ဒေသအတွင်း အမေရိကန်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို လျော့ကျစေ၍ တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို မြှင့်တင်ခြင်း။

အထက်ဖော်ပြပါ မူဝါဒတွက်ဆချက်များအတွက် ခိုင်လုံသော စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အထောက်အထားများ ရှိနေပါသည်။ ဆက်လက် ရှင်းပြလိုပါသည်။

စီးပွားရေး အခြေခံအချက်များ

အာဆီယံနိုင်ငံများ၏ တိုးတက်ဖွံ့ဖြိုးလာနေသော စီးပွားရေးအခြေအနေကို ကြည့်လျှင် အာဆီယံ၏ ဈေးကွက်ကြီးသည် အလွန်အလားအလာကောင်းသည်။ ယင်းဈေးကွက်ကြီးတွင် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးသည် များစွာ တိုးမြင့်လာသည်။ ၁၉၉၆ မှ ၂၀၀၄ ခုနှစ်အတွင်း အာဆီယံနိုင်ငံများမှ တရုတ်နိုင်ငံသို့ တင်ပို့မှုသည် ၁၄၂ ရာနှုန်း တိုးတက်ခဲ့သော်လည်း အမေရိကန်သို့ တင်ပို့မှုကတော့ ၆ ရာနှုန်းသာ တိုးတက်ခဲ့သည်။ အမေရိကန်နိုင်ငံသည် လတ်တလောကာလတွင် အာဆီယံ နိုင်ငံများနှင့် အများဆုံးကုန်သွယ်ဘက်နိုင်ငံဖြစ်နေသေးသော်လည်း ၂၀၂၀ ခုနှစ်ဆိုလျှင် တရုတ်နိုင်ငံက အမေရိကန်ကို ကျောသွားနိုင်ဖွယ် ရှိသည်။ ၁၉၉၃ မှ ၂၀၀၁ အထိ စာရင်းများအရ အာဆီယံတရုတ် ကုန်သွယ်မှုသည် တနှစ်လျှင် ၇၅ ရာနှုန်း နှစ်စဉ် တိုးတက်နေသည်။

အမေရိကန်၏ လူ့အခွင့်အရေးကို ဦးစားပေးလွန်းသည့် မူဝါဒများကြောင့် မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံများနှင့် ဆက်ဆံမှု ပြတ်တောက်နေသည့်အပြင် လာအို ကမ်ဗောဒီးယား ဗီယက်နမ် နိုင်ငံများနှင့်လည် ကုန်သွယ်မှု မဆိုစလောက်သာ ရှိသည်။ ထိုနိုင်ငံများသည် အနည်းနှင့်အများဆိုသလို စီးပွားရေးတိုးတက်နေကြပြီး ပြည်တွင်းဈေးကွက်အတွက် ကိုယ့်ဖာသာ ဖူလုံအောင် မထုတ်လုပ်နိုင်ကြသဖြင့် လူသုံးကုန်များအတွက် တရုတ်နိုင်ငံကိုသာ မှီခိုနေရသည်။

တရုတ်နိုင်ငံကလည်း စီးပွားရေးကန်သွယ်မှုဇုန်များကို ချဲ့ထွင်နေခဲ့သည်။ ယခင် ဆိုဗီယက်ယူနီယံ အဖွဲ့ဝင် နိုင်ငံများ ဖြစ်ခဲ့သော အာရှမြောက်ပိုင်းနိုင်ငံများနှင့် “ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးစာချုပ်” ကို ချုပ်ခဲ့ သည်။ အာဆီယံနိုင်ငံများနှင့် လွတ်လပ်သော ကုန်သွယ်မှုဒေသအတွက် “အခြေခံသဘောတူညီချက် (Framework agreement for a free trade area)” ကို ၂၀၀၃ တွင် ချုပ်နိုင်ခဲ့သည်။ ယင်းစာချုပ်၏ ပင်မရည်ရွယ်ချက်မှာ မူလအာဆီယံ ၆ နိုင်ငံအနေနှင့် ၂၀၁၀ တွင် လွတ်လပ်သော ကုန်သွယ်မှုဧရိယာ သဘောတူညီချက်ကို စတင်ကျင့်သုံးရန်ဖြစ်ပြီး အဖွဲ့ဝင်သစ်များအနေနှင့် ၂၀၁၅ တွင် စတင်ကျင့်သုံးရန် ဖြစ်သည်။ ဤစာချုပ်များက တရုတ်နိုင်ငံ၏ ကုန်သွယ်မှုကို အထူးအထောက်အကူ ပြုပါလိမ့်မည်။

တရုတ်နိုင်ငံသည် စီးပွားရေးတိုးတက်လာသည်နှင့်အမျှ လာမည့် ဆယ်စုနှစ်များတွင် ပြင်ပမှ တင်သွင်း ရသော ရေနံအပေါ် ပိုပြီး မှီခိုအားထားလာရပါမည်။ ထိုအခါ အာဆီယံနိုင်ငံများသည် တရုတ်နိုင်ငံအတွက် ပိုအရေးပါလာပါမည်။ ရေနံတင် သင်္ဘောများက အာဆီယံဒေသရှိ ပင်လယ်ပြင်များကို ဖြတ်ရပါမည်။ အာဆီယံဒေသထွက် ရေနံနှင့် ဓာတ်ငွေ့ကို ပို၍ အားထားလာပါမည်။ မဲခေါင်မြစ်ဝှမ်း ဒေသ စီမံချက်များ သံလွင်မြစ်စီမံချက်များမှလည်း ရေအားလျှပ်စစ်ကို ရရှိနိုင်ပါမည်။

အာဆီယံနိုင်ငံများနှင့် တရုတ်၏ ကုန်သွယ်မှုစီးပွားရေးလုပ်ငန်းများသည် လမ်းကြောင်းမှန်ပေါ်တွင်ပင် ရှိနေသည်သာမက ဆက်လက်တိုးတက်နေသည်ဟု ယူဆနိုင်သည်။ တရုတ်က ဤအနေအထားကို ဆက်လက် ထိန်းသိမ်းထားပါမည်။ အထိ အခိုက်ခံမည်မဟုတ်။ သူ့အနေနှင့် အာဆီယံဒေသကို ၂၀၁၀ တွင် လွတ်လပ်သော စီးပွားရေးကုန်သွယ်မှုဇုန်ဖြစ်လာအောင် ဆက်လက်တိုက်တွန်းရန်သာ ရှိပါသည်။

လုံခြုံရေးဆိုင်ရာ အချက်အလက်

ပထဝီအနေအထားအရ အာဆီယံဒေသသည် တရုတ်နိုင်ငံ၏ လုံခြုံရေးအတွက် မဟာဗျူဟာ ကျသည်။ ဤနိုင်ငံများနှင့် နှစ်စဉ်ကုန်သွယ်မှုသည် အမေရိကန် ဒေါ်လာ ၁ ထရီလီယံ ကျော် ရှိနေရုံမက မဟာဗျူဟာကျသော ရေနံတင်ပို့မှု နှင့် ပင်လယ်လမ်းကြောင်းများကို ဖြတ်သန်းအသုံးပြုနေမှုများ ရှိနေသောကြောင့် ဖြစ်သည်။

စစ်အေးတိုက်ပွဲကာလက ဤဒေသအပေါ်ထားသည့် အမေရိကန်နိုင်ငံ၏ မဟာဗျူဟာမှာ ဤဒေသ ပင်လယ်ရေကြောင်း လမ်းကို ဆိုဗီယက်တို့ မစိုးမိုးရေး ဖြစ်သည်။ တရုတ်နိုင်ငံအနေနှင့်လည်း ဤပင်လယ်ရေလမ်း များကို စိုးမိုးထားနိုင်ရန်၊ စစ်ရေးအရ လွှမ်းမိုးထားနိုင်ရန် အရေးကြီးသည်။ အာဆီယံသည် တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာကို ထွက်ပေါက်ပေး နိုင်သော ဒေသဖြစ်နေသည်။ အထူးသဖြင့် မြန်မာနိုင်ငံသည် တရုတ်အတွက် အလွန်အရေးပါနေသည်။ သို့သော် တရုတ် အနေနှင့် အာဆီယံဒေသအပေါ်တွင် ထားသော မူဝါဒသည် ကျူးကျော်ရန်လိုသော သဘောထား မပေါ်လွင်ရန် အထူး ထိန်းသိမ်းလိမ့်မည်ဟု ယူဆရသည်။ ဤသို့ ယူဆရသည်မှာ အကြောင်းအချက် ၂ ခု ရှိပါသည်။

ပထမအချက်မှာ အာဆီယံနိုင်ငံများသည် တရုတ်နိုင်ငံအတွက် လုံခြုံရေးကို ခြိမ်းခြောက်နိုင်သည့် အနေအထားမှာ မရှိပါ။ သို့သော် အာဆီယံနိုင်ငံများဘက်ကတော့ တရုတ်ကိုမဟာအင်အားကြီးနိုင်ငံတခု ဖြစ်လာမည်ဆိုကာ စိုးရိမ်မှုများ ရှိနေသည်။ ထိုကြောင့် ခြိမ်းခြောက်မှုအဖြစ် မြင်သည်။ အတိတ်ကာလက သူတို့ နိုင်ငံများ၏ ပြည်တွင်းရေးတွင် တိုက်ရိုက်ဝင်ရောက် စွက်ဖက်မှုများ၊ တိုက်ရိုက်ပဋိပက္ခများ ရှိခဲ့ဖူးရာ စိုးရိမ်ဖွယ် ဖြစ်ပါသည်။

စစ်အေးတိုက်ပွဲပြီးသည့်နောက် အာဆီယံဒေသအတွင်း အမေရိကန်၏ စစ်ရေးသြဇာ ကျဆင်းသွားပြီဟု ဆိုနိုင်သော်လည်း ထိုင်း ဖိလစ်ပိုင် နှင့် စင်ကာပူ တို့မှာ တရုတ်အင်အား ကြီးထွားလာမှုကို တန်ပြန်နိုင်ရန် အတွက် အမေရိကန်၏ လုံခြုံရေး ထီးမိုးအောက်တွင်ပင် ဆက်လက်နေထိုင်ချင်ကြသည်။ တရုတ်က ရန်လိုကျူးကျော်ချင်သည့် သဘောထားကို ပြလာလျှင် ထိုနိုင်ငံများကို အမေရိကန်ဘက်သို့ တွန်းပို့သလို ဖြစ်မည်။ ထိုကြောင့် တရုတ်၏ ချဉ်းကပ်မှုသည် ပျော့ပျောင်းသိမ်မွေ့ရန် လိုသည်။ အာဆီယံနိုင်ငံများ၏ စိုးရိမ်စိတ်ကို ရေရှည်အမြင်ဖြင့် ဖြေရှင်းရပါလိမ့်မည်။

ဒုတိယအချက်မှာ တရုတ်နိုင်ငံရေတပ်အနေနှင့် အမေရိကန်ရေတပ်ကို ယှဉ်ပြိုင်ရန် အတွက်လည်းကောင်း ဒေသအတွင်း ချဲ့ထွင်ရန်အတွက်လည်းကောင်း အင်အားမရှိသေးပါ။ တရုတ်က ရန်လိုကျူးကျော်လျှင် မကောင်းသော အကျိုးဆက် များသာ ဖြစ်လာမည်။ အမေရိကန်သြဇာကို ဖယ်ကြဉ်လိုသည့် ရည်ရွယ်ချက် ကိုလည်း တိုက်ရိုက်ထိခိုက်ပါလိမ့်မည်။

အာဆီယံနိုင်ငံ၏ လက်ရှိ ဗိုလ်နေမြဲ ကျားနေမြဲ လုံခြုံရေးဆိုင်ရာ အခြေအနေကို အုပ်စု ၃ စု ခွဲပြီး ဖော်ပြနိုင်သည်။ ပထမ အစုမှာ အမေရိကန်နှင့် နီးစပ်သော အစုဖြစ်၍ ထိုင်း စင်ကာပူ နှင့် ဖိလစ်ပိုင် တို့ ပါဝင်သည်။ ဒုတိယ အစုမှာ ကိုယ့်ခြေ ထောက်ပေါ် ကိုယ်ရပ်နေသော အစုဖြစ်ပြီး ဗီယက်နမ်နှင့် မလေးရှားတို့ ပါဝင်သည်။ တတိယအစုမှာ တရုတ်နိုင်ငံ၏ အကာအကွယ်ပေးမှုကို လိုလားသော အစုဖြစ်၍ အနောက်နိုင်ငံများက ဒဏ်ခတ်ထားသည့် မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံများ ပါဝင်သည်။

တရုတ်နိုင်ငံသည် ပထမအစု နှင့် ဒုတိယအစုအတွက် ရန်လိုသော သဘောထားကို မဖော်ပြမိရန် နူးညံ့သိမ်မွေ့ရန် အရေး ကြီးသည်။ အာဆီယံနှင့် ချုပ်ဆိုခဲ့သော မဟာဗျူဟာပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကြေညာချက် ( Joint Declaration on Strategic Partnership ) မှာ တရုတ်နိုင်ငံ၏ ဤမူဝါဒကြောင့် ပေါ်လာသော ရလဒ် ဖြစ်သည်ဟု ခန့်မှန်းရသည်။ သို့သော် တရုတ်နိုင်ငံအနေနှင့် မိမိဆောင်ရွက်လိုသော အခြေအနေကို မိမိဖာသာ လွတ်လပ်စွာ ဆောင်ရွက်နိုင်သော အနေအထား (Ultimate Freedom of Action) ကို ဆက်လက်ထိန်းသိမ်းထား ပါလိမ့်မည်။ သို့သော် စပတ်တလေကျွန်းများကိစ္စနှင့် ပါရာဆဲလ်ကျွန်းများကိစ္စအတွက် ရန်လိုသော အပြုအမူများ နောက်ထပ် မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်လိမ့်မည်ဟုလည်း ယူဆနိုင်သည်။

မြန်မာနိုင်ငံကဲ့သို့သော တတိယအစုမှာ လုံခြုံရေးကိစ္စအတွက် အထူးတက်ကြွစွာ ဆက်လက်ကူညီဖွယ် ရှိသည်။ သို့သော် တရုတ်နိုင်ငံကတော့ ကျူးကျော်လွှမ်းမိုးသူ အနေအထားမျိုး မဖြစ်အောင် နေလိမ့်မည်ဟု ယူဆရသည်။ တရုတ်နိုင်ငံက ကျူးကျော်လွှမ်းမိုးသည်ဟု ယူဆလာခြင်းအားဖြင့် မြန်မာလူထု၏ အမျိုးသားရေး စိတ်ဓာတ်ကို ထကြွလာစေနိုင်ပြီး နိုင်ငံ အုပ်ချုပ်သူများအား ဒေသတွင်းအင်အားကြီး နိုင်ငံတခုဖြစ်သည့် အိန္ဒိယဘက်သို့ တွန်းပို့သည့်နှယ် ဖြစ်သွားနိုင်သည်။

တရုတ်နိုင်ငံက နောင်လာမည့်နှစ်များအတွင်း အာဆီယံနိုင်ငံများတွင် ဆက်လက်ဆောင်ရွက်မည့် အလုပ်တို့ကို အကြမ်းဖျင်း ခန့်မှန်းနိုင်ပါသည်။ ထိုင်းနိုင်ငံ၏ တောင်ဘက်စွန်းကို ဖြတ်၍ ကရာ့ရေလက်ကြား ကို တူးမြောင်းဖောက်ရန် ထိုင်းနိုင်ငံကို တွန်းအားပေးလာနိုင်သည်။ ထိုတူးမြောင်း ဖြစ်လာပါက တောင်တရုတ်ပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာအကြား သင်္ဘောများ ကူးသန်းသွားလာမှုကို ဖြောင့်ဖြူး လာစေပါမည်။ ထို့ပြင် မြန်မာနိုင်ငံ မြောက်ပိုင်း မှ တောင်ပိုင်းသို့ လမ်းမကြီးများ ဖောက် လုပ်လာ နိုင်သည်။ အိန္ဒိယနှင့် ဆက်စပ်ထားသော လီဒိုလမ်းမဖောက်လုပ်ရေးကိုလည်း တွန်းအားပေးလာနိုင်သည်။ သို့မှ တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံ၊ အိန္ဒိယသမုဒ္ဒရာ နှင့် အက်ဒမန်ပင်လယ်တို့သို့ လျင်မြန်စွာ ဆက်စပ်လာ နိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံအရေး

မြန်မာနိုင်ငံသည်လည်း အာဆီယံအဖွဲ့ဝင်ဖြစ်သောကြောင့် တရုတ်နိုင်ငံက ပျော့ပျောင်းသောသဘောထားကိုသာ ဆက်လက် ထားရှိမည်ဟု ယေဘုယျ ယူဆနိုင်သည်။ မဟာဗျူဟာအရ အချက်အချာ ကျသော မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံအနေနှင့် စိတ်ဝင်စားဖွယ်များ ပြင်ဆင်စရာများ ရှိနေပါသေးသည်။ အိန္ဒိယသမုဒ္ဒရာသို့ ပေါက်သော ဧရာဝတီမြစ်ကြောင်း ချဲ့ထွင်ရေး၊ အိန္ဒိယနိုင်ငံသို့ ကုန်သွယ်ရေးလမ်း ပေါက်နိုင်သည့် လီဒိုလမ်းမကြီး ဖောက်လုပ်ရေး၊ အနောက်ဘက် တံခါးပေါက် ရေနက် ဆိပ်ကမ်းများ၊ တရုတ်နိုင်ငံက အလွန်အမင်းလိုအပ်နေသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့များ စသည်ဖြင့် ရှိနေပါသေးသည်။

မြန်မာနိုင်ငံအရေး နိုင်ငံတကာဆွေးနွေးပွဲများတွင် သူတပါးနိုင်ငံရေး ဝင်ရောက်မစွက်ဖက်ရေးဟူသော ဘန်ဒေါင်းမူ အခြေ ခံဖြင့် ဒိုင်းကာထားနိုင်သည်။ သို့သော် တရုတ်သည် မြန်မာစစ်အစိုးရ၏ လွဲမှား ကျင့်သုံးနေသော မူဝါဒများကို မသိသည် မဟုတ်။ မြန်မာနိုင်ငံ၏ မတည်ငြိမ်သော အခြေအနေ၊ အချိန်မရွေး ပေါက်ကွဲနိုင်သည့် ယမ်းအိုးပမာ အနေအထားနှင့် စီးပွားရေးအလုပ်မဖြစ်သော အနေအထား တို့ကို မသိ၍ မဟုတ်။ စိုးရိမ်နေရသည်ကား အမှန်။ အထူးသဖြင့် ဤသို့သော မတည်ငြိမ်မှုများကြောင့် ဒေသအတွင်း အမေရိကန် ခြေထိုးစွက်ဖက်လာမည်ကို စိုးရိမ်နေသည့်အပြင် တရုတ်၏ လုံခြုံရေး ထီးမိုး အောက်၌ ဆက်ထားနေလိုသေးသည်ဟု ယူဆရသည်။

မြန်မာ့အရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံ ရွေ့မည် မရွေ့မည်ကို ခန့်မှန်းရ ခက်သည်။ ရွေ့မည်- သို့သော် ပျော့ဆွဲဖြစ်ဖို့သာ များသည်ဟု ထင်ပါသည်။ ။

အောင်သူငြိမ်း

ဧရာဝတီအွန်လိုင်း မြန်မာစာမျက်နှာ၊ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် ဖော်ပြခဲ့သော ဆောင်းပါးကို ပြန်လည်ဖော်ပြပါသည်။

ဂျော့မေဆင်တက္ကသိုလ်တွင် ပီ-အိပ်ခ်ျ-ဒီ (Ph. D) တက်နေသော ကိုမင်းဇော်ဦး၏ စာတမ်းတစောင်မှ ကောက်နှုတ်ပြန်ဆိုထားခြင်း ဖြစ်ပါသည်။

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.