ရွက်မွန်စာမျက်နှာ

Friday, October 19, 2007

လူသားဆန်မှုနှင့် ယနေ့ကမ္ဘာ (အပိုင်း ၁)


နေ့မျက်မှောက်ကာလ ကမ္ဘာ့ပေါ်ရှိ နိုင်ငံတိုင်းမှ ပြည်သူများ အတောင့်တဆုံးနှင့် အလိုအပ်ဆုံး အရာကား လူသားဆန်စွာ၊ လူပီသစွာ သက်ရှင် နေထိုင်ရေးပင် ဖြစ်သည်။ သို့သော်လည်း လူအများစုကြီး၏ ဆန္ဒကား မပြည့်ဝသေး။ နေရာများစွာတွင် ငြင်းဆန်ခံနေရဆဲ ဖြစ်သည်။ အချို့နေရာများတွင် လူသားတို့အား မျိုးတုံး သတ်ဖြတ်နေသည်ကိုပင် အထင်အရှား တွေ့မြင်နေရသည်။

အိရှီ ဆိုသည့်ဂျပန်လူငယ်လေးသည် တိုကျိုမြို့ အရှေ့ဖက် အရပ်ဒေသမှ ချမ်းသာသော မြေပိုင်ရှင် တဦး၏ သားဖြစ်သည်။ သူသည် ငယ်စဉ်ကတည်းက စာတော်သော ကျောင်းသားတဦး ဖြစ်သည့် အားလျော်စွာ အထက်တန်း အောင်မြင်ပြီးနောက် တိုကျိုဆေးတက္ကသိုလ်သို့ ၀င်ခွင့်ရခဲ့သည်။ သူ၏ ရည်ရွယ်ချက်မှာ ဆရာဝန်ဖြစ်ပြီးသည်နှင့် လူနာတို့၏ အသက်ကို ကယ်တင်ဖို့ရန် ဖြစ်သည်။ အိရှီ အထူးဝါသနာထုံသော ဘာသာရပ်ကတော့ ဇီဝပိုးမွှားများကို လေ့လာခြင်းပင် ဖြစ်သည်။ သို့သော် မည်သည့် အကြောင်းအရင်းက သူ့ကို စေ့ဆော်လိုက်သည်မသိ၊ ဆရာဝန် ဖြစ်လာပြီးနောက် ဂျပန်တပ်မတော်သို့ ၀င်ရောက်အမှုထမ်းခဲ့သည်။

ထို့နောက် ဂျပန်တပ်မတော်မှ သူ့အား ၁၉၂၈ခုနှစ်တွင် ဂျာမနီနိုင်ငံတွင် ဇီဝပိုးမွှားဆိုင်ရာ ဘာသာရပ်များ လေ့လာရန်
အတွက် စေလွှတ်ခဲ့သည်။ သည့်နောက် ပထမကမ္ဘာစစ်အတွင်းက ဂျာမန်တပ်မတော်အသုံးပြုခဲ့သည့်အဆိပ်ငွေ့ ဓါတုလက်နက်များ အကြောင်း အထူးပြု လေ့လာခဲ့သည်။ နောင်တွင် သူသည် ဂျပန်တပ်မတော်အတွင်း၌ ဗိုလ်ချုပ် အဆင့်အထိ ရာထူး တိုးတက်လာခဲ့သည်။ ဂျပန်အစိုးရက သူ့အား ထိုအချိန်ကဂျပန်တို့ သိမ်းပိုက်ထားသော တရုတ်ပြည် မန်ချူးကိုး ဒေသအတွင်းရှိ ဟာဘင်ဆိုသောအရပ်၌ ပိုးမွှားလက်နက်များ တီထွင်စမ်းသပ်ရန်အတွက် ဌာနတခုဖွင့်လှစ် လုပ်ကိုင်စေခဲ့သည်။

၁၉၄၁ ဒီဇင်ဘာလတွင် ဂျပန်တို့ပုလဲဆိပ်ကမ်းကို အငိုက်ဖမ်းဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အမေရိကန်တို့ ဒုတိယ ကမ္ဘာစစ် အတွင်းဝင် ရောက်လာခဲ့သည်။ ဂျပန်တို့ကို လက်တုံ့ပြန်ရန်အတွက် ၁၉၄၂ ခုနှစ်ဆန်းပိုင်းလောက်တွင် အမေရိကန် လေတပ်မှ ဂျပန်ကုန်းမြေကို ပထမဆုံး အကြိမ် စတင် ဗုံးကြဲတိုက်ခိုက်သည်။ သို့သော် အမေရိကန် လေယာဉ်များသည် သူတို့ မူလထွက်ခွါလာသည့် အခြေခံစခန်းသို့ ပြန်ရန် ဝေးလွန်းပြီး လေယာဉ်များအတွက် ဆီမလုံလောက်သောကြောင့် အမေရိကန်နှင့် မဟာမိတ်ဖြစ်သော ချန်ကေရှိတ်၏ တရုတ်တပ်မတော်မှ စိုးမိုးထားသော တရုတ်ပြည်အတွင်း အချို့နေရာများသို့ ဆင်းသက်ခဲ့ရသည်။ ဂျပန်ပြည် ဗုံးအကြဲခံရသည့်အတွက် ဂျပန်အစိုးရ ယမ်းပုံမီးကျဖြစ်ကာ အမေရိကန်တို့ကို လက်တုံ့ပြန်ရန် ချက်ခြင်း ပြင်ဆင်ခဲ့သည်။ သို့သော် အမေရိကန် ကုန်းမြေအထိ သွားရောက်ဗုံးကြဲ ရမည့် ခရီးကား အသွားအပြန် မိုင်ပေါင်း (၁၈, ၀၀၀) ကျော်ရှိသည့်အတွက် ထိုခေတ်က ဂျပန်လေယာဉ်များ အတွက် ဝေးလွန်းလှသည်။ မဖြစ်နိုင်။

ထို့အတွက် အမေရိကန် လေယာဉ်များကို ဆင်းသက်ခွင့်ပေးသော ချန်ကေရှိတ် အစိုးရကို လက်တုံ့ပြန်ရန် ဆုံးဖြတ်လိုက်သည်။ ရိုးရိုး လက်တုံ့ပြန်ခြင်း မဟုတ်။ တချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို ဗိုလ်ချုပ်အိရှီ တီထွင်ထားသော ပိုးမွှားဗုံးများကိုလည်း စမ်းသပ်သည့်အနေဖြင့် မန်းချူးကိုးဒေသ တနေရာတွင် ကြဲချလိုက်သည်။ ထိုဗုံးကြဲလေယာဉ်အုပ်စု သည် ဗိုလ်ချုပ်အိရှီ၏ တိုက်ရိုက်ကွပ်ကဲမှု အောက်တွင် ရှိသည်။ အဆိုပါ ပိုးမွှားဗုံးများမှ ကာလ၀မ်း၊ အသဲရောင် အသားဝါ၊ ပုလိပ်ရောဂါ၊ တိုက်ဖွိုက်ရောဂါ အစရှိသည့် ပိုးမွှားများကြောင့် တရုတ်ပြည်သူ (၂၅၀, ၀၀၀) ကျော် သေဆုံးခဲ့ရသည်။ အဆိုပါ ပိုးမွှားလက်နက်ကြောင့် သေဆုံးခဲ့ရသော တရုတ်ပြည်သူတို့၏ သားမြေးများမှ ဂျပန်အစိုးရအား လျော်ကြေးပေးရန် ယနေ့အထိတိုင် တောင်းဆို တိုက်ပွဲဝင်နေဆဲ ဖြစ်သည်။ ထို့အပြင် ဂျပန်စစ်ဝါဒီတို့သည် ကလေးများနှင့် အမျိုးသမီးများ အပါအ၀င် တရုတ်ပြည်သူများကို သိန်းနှင့်ချီ၍ သတ်ဖြတ်ခဲ့သော ၁၉၃၇ ဒီဇင်ဘာလအတွင်းက နန်ကင်းလူသတ်ပွဲအား တရုတ်ပြည်သူတို့ မမေ့သေး။

ဂျပန်စစ်ဝါဒီတို့၏ လက်ချက်ဖြင့် ဒုတိယကမ္ဘာစစ် မတိုင်ခင်နှင့် စစ်ကြီးအတွင်း သေဆုံးခဲ့ရသော တရုတ်ပြည်သူများ၏ အရေအတွက်ကား သန်းပေါင်း (၂၀) ကျော် ရှိခဲ့သည်။ ဂျပန်စစ်ဝါဒီတို့ တရုတ်ပြည်တွင် ထင်တိုင်းကြဲနေသည်ကို ထိုအချိန်က ယဉ်ကျေးပါသည်ဆိုသော အနောက်တိုင်း အစိုးရများမှ သည်အတိုင်း လက်ပိုက် ကြည့်နေခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုနိုင်ငံများ အားလုံးကသူတို့ ကိုယ်တိုင် တရုတ်ပြည်မြေကြီးပေါ်တွင် ကိုယ်ထိလက်ရောက် စစ်မခင်းကြသော်လည်း တရုတ်ပြည်ဆိုသည့် အသားတုံးကြီးအား တောခွေးများကဲ့သို့ ရသည့်ဖက်မှ ၀င်ဆွဲမည် ဆိုသော စိတ်ကူးရှိနေသော ကြောင့်ပင် ဖြစ်သည်။

စစ်ကြီးအပြီးတွင် ဂျပန်စစ်အစိုးရအတွင်းရှိ တာဝန်ရှိသူများအား စစ်ကြီးအတွင်း နေရာများစွာတွင် လူသားမျိုးနွယ်တို့ အပေါ် ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများအတွက် မဟာမိတ်ခုံရုံးမှ သေဒဏ်နှင့် ထောင်ဒဏ်များ အသီးသီး ချမှတ်ခဲ့သည်။ သို့သော် ထိုအထဲတွင် ဗိုလ်ချုပ်အိရှီမပါ။ မပါသည့်အပြင် သူ့အား စစ်ပြီးကာလ အမေရိကန်ပိုးမွှား လက်နက် သုတေသန လုပ်ငန်းတွင် အထူးအကြံပေး အရာရှိအဖြစ် ခန့်ထားခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် ဗိုလ်ချုပ်အိရှီ ကွယ်လွန်သည်။ အကျိုးစီးပွါး နှင့် ပတ်သက်လာသော အခါလူသားဆန်မှုကို ချိုးဖေါက်ခဲ့သည့်၊ လူသားတို့အပေါ် ရာဇ၀တ်မှုကြီးများ ကျူးလွန်ခဲ့သည့် အချို့ ရာဇ၀တ်ကောင်များ သည်ပင်လျှင် အကာကွယ်ပေးခြင်း ခံခဲ့ရသည်။

နိုင်ငံတကာ သတင်းမီဒီယာများမှ စစ်ကြီးအပြီး နှစ်ပေါင်းများစွာ အကြာတွင် ဂျပန်စစ်ပြန်ကြီးများနှင့် တွေ့ဆုံမေးမြန်းမှု များ ပြုလုပ်ခဲ့သည်။ အကြောင်းကတော့ ဂျပန်တို့ဘာကြောင့် စစ်ရှုံးခဲ့ရသနည်း။ ဂျပန်စစ်ပြန်ကြီးတို့၏ အဖြေများတွင် ဂျပန်နိုင်ငံစစ်ရှုံးရခြင်း အကြောင်းသည် အချက်အလက်ပေါင်းများစွာ အပေါ်တွင် အမှီပြု၍ ပြောရမည်ဟု ဆိုသည်။ သို့သော် ထိုအထဲတွင် အရေးကြီးဆုံး အချက်ကတော့ ထိုအချိန်က ဂျပန်အစိုးရသည် လူသားဆန်မှု ကင်းမဲ့ခဲ့ကြသည်ဟု ဖြေဆိုခဲ့ကြသည်။ ထိုအချက်သည် ဂျပန်တို့ဘာ့ကြောင့် စစ်ရှုံးခဲ့ရသည်ဆိုသည့် အချက်ပေါင်းမြောက်များစွာထဲမှ အရေးအကြီးဆုံး အချက်ဟုလည်း တင်ပြခဲ့ကြသည်။ လူသားဆန်မှု ကင်းမဲ့သောစိတ်သည် ဖက်ဆစ်စနစ်နှင့် စစ်ဝါဒီ လုပ်ရပ်တို့ကြောင့် ပေါ်ပေါက် ကြီးထွားလာခဲ့ရသည်ဟုလည်း ထိုစစ်ပြန်ကြီးများမှ ဖြေကြားခဲ့ကြသည်။

လူသားဆန်မှု ကင်းမဲ့သည့်လုပ်ရပ်များကို လူ့ယဉ်ကျေးမှု စတင် ပေါ်ပေါက်လာသည့် နှစ်ထောင်ပေါင်းများစွာ ကတည်းက တောက်လျှောက် တွေ့ကြုံလာခဲ့ရသည်။ မိမိအနိုင်ရလိုမှု၊ ပိုင်စိုးလိုမှု၊ ကြီးကျယ်မြင့်မြတ်လိုမှုနှင့် ကြွယ်ဝချမ်းသာမှုတို့ အတွက် အင်အားနည်းသူများ နှိပ်ကွပ်ခံလာခဲ့ကြရသည်မှာလည်း ကနေ့အထိပင်ဖြစ်သည်။

တချိန်က သြစတေးလျတိုက်တွင် ဒေသခံ အဘော်ရီးဂျင်းများသည် လူဖြူတို့၏ တိရိစ္ဆာန်ကဲ့သို့ အမဲလိုက်၍ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်မှာ အမြောက်အများ။ အဘော်ရီးဂျင်း ကလေးများအား မိခင်တို့ရင်ခွင်ထဲမှ လုယူ၍ လူဖြူတို့ စာပေ၊ ယာဉ်ကျေးမှု၊ ဘာသာစကား၊ ကိုးကွယ်မှုတို့အတိုင်း ဖြစ်လာစေရန် လေ့ကျင့်ရေး စခန်းများသို့ ပို့ခဲ့သည်။ ဤသည်များလည်း လူသားဆန်မှုကို ချိုးဖေါက်သော ရာဇ၀တ်မှုများဖြစ်သည်။ သို့သော် သြစတေးလျ လူဖြူအစိုးရအတွင်း ထို့အတွက် တာဝန်ရှိသူ မည်သူတဦးတယောက်မှ အပစ်ပေး အရေးယူခြင်း မခံခဲ့ရ။ တကယ်တော့ သူတို့သည် လူဖြူများ သြစတေးလျတိုက်သို့ လာရောက်အခြေမချခင် နှစ်ထောင်ပေါင်းများစွာ ကတည်းက ရှိနှင့်နေပြီးသော ဒေသခံစစ်စစ်များ ဖြစ်သည်။ သို့သာ် ဒေသခံအဘော်ရီးဂျင်းများသည် ၁၉၆၀ ခုနှစ်များ နှောင်းပိုင်းလောက် အထိမြေယာပိုင်ဆိုင်ခွင့်နှင့် မဲပေးပိုင်ခွင့်မရှိခဲ့။ သြစတေးလျနိုင်ငံသည် ချမ်းသာကြွယ်ဝသော နိုင်ငံဖြစ်သော်လည်း အဘော်ရီးဂျင်းများ သည် ယနေ့အထိ ဆင်းရဲသော၊ ပညာမဲ့သော လူအုပ်စုများသာ ဖြစ်နေသေးသည်။

အမေရိကတိုက်ကို ဥရောပမှလူဖြူများ လာရောက်အခြေချ နေထိုင်ခဲ့ပြီး နောက်ပိုင်း ဒေသခံ ရက်အင်ဒီးယန်းအုပ်စုများ မျိုးတုံး သတ်ဖြတ်ခံခဲ့ရသည်။ ထိုအထဲတွင် ထင်ရှားသော ဖြစ်ရပ်တခုမှာ ရှာရိုးခီးဆိုသည့် ဒေသခံ ရက်အင်ဒီးယန်း အုပ်စုသည် အမေရိကန်စစ်တပ်နှင့် တိုက်ပွဲ အကြိမ်ကြိမ် ဖြစ်ပြီးနောက် ကနေဒါနိုင်ငံနှင့် နယ်စပ်ခြင်း ထိစပ်နေသည့် မြောက်ဖက်ပိုင်းသို့ ထွက်ပြေးဆုတ်ခွါလာခဲ့ရသည်။ ထိုကာလများအတွင်း ကလေးနှင့်အမျိုးသမီးများ အပါအ၀င် အစုလိုက် အပြုံလိုက် အသတ်ခံခဲ့ရသော ရှာရိုးခီးလူဦးရေမှာ (၃၀, ၀၀၀) ကျော်ရှိခဲ့သည်။ အချို့သေးငယ်သော ရက်အင်ဒီးယန်း အုပ်စုများ ဆိုလျှင် ထိုမြေကြီးမှ လုံးဝ ပျောက်ကွယ်သွားခဲ့ကြရသည်။ ခရိုင်စလာ မော်တော်ကား ကုမ္ပဏီမှ ရှာရိုးခီး ဆိုသော နာမည်ဖြင့်ခေတ်မှီ ဂျစ်ကားများ ထုတ်လုပ်၍ ကမ္ဘာတ၀ှမ်းတွင် ရောင်းချနေသည်။ သတ်ဖြတ်ခံခဲ့ရသော ရှာရိုးခီးများကို အမှတ်ရ အောက်မေ့ဂုဏ်ပြုသောအားဖြင့် ထိုအမည်ကို ကင်ပွန်းတပ်ခြင်းဖြစ်သည် ဟုလည်း တချို့က ဆိုကြသည်။ နောက်ကြခဲ့ပြီ ဟုသာဆိုခြင်တော့သည်။

ဂျပန်နိုင်ငံကို သိမ်းပိုက်ရန် ၀င်ရောက်လာသော အမေရိကန်စစ်တပ်များသည် တောင်ဖက်ပိုင်းရှိ အိုကီနာဝါကျွန်းစုကို အရင် တိုက်ခိုက်သိမ်းပိုက်ရသည်။ အမေရိကန်စစ်သား အမြောက်အများကျဆုံးခဲ့၍ အိုကီနာဝါကျွန်းသားနှင့်ဂျပန် စစ်သားများလည်း အများအပြား သေကြေခဲ့ရသည်။ ဂျပန်ကျွန်းမကြီးကို ဆက်လက်သိမ်းပိုက်မည်ဆိုလျင် အမေရိကန် စစ်သားများ သိန်းနှင့်ချီ၍ သေဆုံးနိုင်သလို ဂျပန်အရပ်သူ အရပ်သားများလည်း သန်းဂဏန်းမျှ သေကြေကြလိမ့်မည်ဟု အမေရိကန် အစိုးရမှ တွက်ချက်သည်ဟု ဆိုသည်။ ထို့အတွက် သန်းဂဏန်း လူဦးရေသေကြေမှုကို ရှောင်လွှဲနိုင်၍ စစ်ကြီး အမြန် အဆုံးသတ်နိုင်ရေးအတွက် အနုမြူဗုံးများကို ဟီရိုရှီးမားနှင့် နာဂါစကီမြို့များ ပေါ်သို့ ကြဲချခဲ့ရသည်ဟု အမေရိကန် အစိုးရမှ ဆင်ခြေပေးခဲ့သည်။ ဤသည်လည်း လူသားဆန်မှုကို ချိုးဖေါက်ခြင်းဟု မဆိုနိုင်သလော။

ကိုရီးယားကျွန်းဆွယ်တွင် ဖြစ်ခဲ့သော စစ်ပွဲများ၊ ဗီယက်နမ်နိုင်ငံအပါအ၀င် အင်ဒိုချိုင်းနားဒေသတွင် ဖြစ်ပွါးခဲ့သော စစ်ပွဲများတွင် အမေရိကန်အစိုးရ၏ သြဇာတည်ဆောက်လိုမှု လောဘကြောင့် ထိုနိုင်ငံရှိပြည်သူများ အတုံးအရုံး သေကြေ ခဲ့ရသည်မှာ နှစ်သိပ်မကြာသေး။ ၁၉၇၅ ခုနှစ်တွင် ဗီယက်နမ်စစ်ပွဲကြီး ပြီးဆုံးခဲ့သည်။ တရားဝင်စာရင်းများအရ စစ်ကြီး အတွင်း သေဆုံးခဲ့ရသော ဗီယက်နမ်လူမျိုး တသန်းကျော် ရှိခဲ့သည်။ သို့သော် ပျောက်ဆုံး စာရင်းဝင် ဗီယက်နမ်လူမျိုး အရေ အတွက်ကား (၃) သန်း ရှိသည်။ ဗီယက်နမ်ပြည်သူ (၄) သန်းကျော် အသက်ဆုံးရှုံးခဲ့ရသည်။

ဒုတိယကမ္ဘာစစ်အတွင်းက ဟစ်တလာ၏ နာဇီတပ်ဖွဲ့များက ဂျူးလူမျိုး (၆) သန်းကျော်ကို သတ်ဖြတ်ခဲ့သည်။ သည် အဖြစ်အပျက်ကတော့ အများသိကြသည်။ ပိုလန်လူမျိုးများ၊ ဂျပ်ပစီဟု သတ်မှတ်ခံရသော ရိုမေးနီးယန်းမှ အုပ်စုများ၊ ဟန်ဂေရီ လူမျိုးများနှင့် နာဇီတို့သိမ်းပိုက်ထားသော အခြားနိုင်ငံများမှ လူမျိုးများလည်း အထောင်အသောင်းနှင့် ချီ၍ သတ်ဖြတ်ခံခဲ့ကြရတာက လူသိပ်မသိ။ ထိုထက်မက တိုက်ပွဲတွင် ဖမ်းဆီးခံရသော စစ်သုံ့ပန်းများလည်း သောင်းနှင့်ချီ၍ အသတ်ခံ ခဲ့ကြရသည်။ လူသားဆန်မှုကို ချိုးဖေါက်သော၊ လူသားမျိုးနွယ်တို့ အပေါ်ကျူးလွန်ခဲ့သော ရာဇ၀တ်မှုကြီးများ ဖြစ်သည်။ ထို့အပြင် လူသားဆန်မှု ကင်းမဲ့သော ဖက်ဆစ်တပ်များ၏ ကျူးကျော်မှု အကျိုးဆက်အဖြစ် ရုရှားလူမျိုး သန်းနှင့်ချီ၍ သေဆုံးခဲ့ရသည်။ ၁၉၄၁ တွင်ရုရှားနိုင်ငံကို ဟစ်တလာ၏ ဂျာမန်စစ်တပ်များ စတင် ကျူးကျော်ခဲ့သည်။ ၁၉၄၅ စစ်ကြီး ပြီးဆုံးခဲ့သည်။ ထိုကာလများအတွင်း တိုက်ပွဲတွင် ကျဆုံးသော၊ ဒဏ်ရာအနာတရ ဖြစ်၍ သေဆုံးသော၊ ငတ်မွတ်၍ ကွယ်လွန်ခဲ့သော၊ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရသော၊ ဂျာမန်တို့၏ အလုပ် အကျဉ်းစခန်းများတွင် ပင်ပန်းဆင်းရဲမှု ဒဏ်ဖြင့် သေဆုံးခဲ့ရသော ရုရှားလူမျိုးစုစုပေါင်း၏ အရေအတွက်သည် (၂၃) သန်းရှိခဲ့သည်။

တောင်အာဖရိက နိုင်ငံတွင်လည်း လူဖြူအစိုးရ၏ ခေတ်အဆက်ဆက်ဖိနှိပ်မှု အောက်၌အာဖရိကန် လူမဲအများအပြား အသတ်ခံ၊ ဖျောက်ဖျက်ခံ၊ ထောင်သွင်းအကျဉ်း ကြခံခဲ့ရသည်။ လူမဲများသည် လူဖြူရပ်ကွက်များ အတွင်းသို့ ပတ်စ်ပို့ မရှိပါက ၀င်ထွက်သွားလာခြင်းမပြုရ။ အမှန်ကတယ်တွင် ထိုလူမဲများသည် ဒေသခံစစ်စစ်များဖြစ်သည်။ မင်ဒဲလားသည် ထောင်ထဲတွင် (၂၇) နှစ်ကျခံခဲ့ရသည်။ ထင်ရှားသော လူမဲခေါင်းဆောင်များစွာ သတ်ဖြတ်ဖျောက်ဖျက် ခံခဲ့ရသည်။ တိတ်တဆိတ် အသတ်ခံခဲ့ရသည့် ခေါင်းဆောင်များထဲတွင် စတိဘီကို ဆိုသည့် လူမဲခေါင်းဆောင်သည် အထူးထင်ရှားသူ ဖြစ်သည်။ နိုင်ငံရေး လှုပ်ရှားသူပေါင်း (၂၅, ၀၀၀) ကျော်သည် ခုံရုံးအတင်မခံရဘဲ ထောင်သွင်း အကျဉ်းချ ခံခဲ့ရသည်။ အခြား အခြားသော အာဖရိကနိုင်ငံများရှိ လူမဲများသည်လည်း လူဖြူအုပ်စိုးသူ ကိုလိုနီအရှင်သခင်များ လက်အောက်တွင် အမြောက်အများ သေဆုံးခဲ့ရသည်။ ဘယ်ဂျီယံကွန်ဂိုတွင် သတ်ဖြတ်နှိပ်စက်ခံရသော လူမဲများ၏ အဖြစ်အပျက်သည် ကမ္ဘာကျော်ခဲ့သည်။ ၁၉၆၀ ကျော်နှစ်များအထိ ဆက်လက်ဖြစ်ပွါးနေခဲ့သည်။

ဆက်လက်ဖော်ပြပါမည်။

ဇော်မင်း (လူ့ဘောင်သစ်)

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.