ရွက်မွန်စာမျက်နှာ

Thursday, October 25, 2007

ကြားညပ်နေသော မြန်မာပြည်နှင့် ဖွံ့ဖြိုးတိုးတက်ပြောင်းလဲခြင်း


ဖွံ့ဖြိုးတိုးတက် ပြောင်းလဲမှုဆိုတာ လူသားတို့ဘ၀များ နဂိုရှိနေသည့် အခြေအနေထက် ပြောင်းလဲတိုးတက်ခြင်းကို ရည်စူးပါတယ်။ စီးပွားရေး သက်သက်တခုတည်းကို ဆိုလိုခြင်း မဟုတ်ပါ။ ဖွံ့ဖြိုး တိုးတက်ပြောင်းလဲဖို့ ဆိုတာကို တချို့က ဘယ်လိုမြင်သလဲ ဆိုတော့ ကနေ့တည်ရှိနေတဲ့ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ အညီ လိုက်ပါနိုင်မှ တိုးတက်ရမလိုလည်း ဖြစ်နေပါတယ်။

ဂလိုဘယ်လိုက်ဇေးရှင်းလို့ ပြောလိုက်ရင် စီးပွားရေး တိုးတက်လာမှုနဲ့ ယှဉ်တွဲမြင်လေ့ရှိပြီး အခြားနယ်ပယ်များ ကတော့ မှိန်နေသလို ဖြစ်နေပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းလို့ ဆိုလိုက်တာနဲ့ စီးပွားရေး တိုးတက်မှု တခုတည်းကိုသာ ညွှန်းဆိုတဲ့ ဂျီဒီပီ ကိန်းဂဏန်း မြင့်မားလာခြင်း တခုတည်း မဟုတ်ပါ။ ဖွံ့ဖြိုး တိုးတက်ပြောင်းလဲမှုရဲ့ ခေါင်းစဉ်အောက်မှာ ရေရှည် တည်တံ့ခိုင်မြဲခြင်း၊ ဒီမိုကရေစီရှိခြင်းနဲ့ တန်းတူညီမျှခြင်းတို့ အမြဲကပ်ပါနေမှသာ စစ်မှန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုလို့ ခေါ်နိုင်ပါတယ်။

အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ဟာ ဂလိုဘယ်လိုက်ဇေးရှင်းက ကမ်းလှမ်းလာတဲ့ အားသာမှုများကို ဆုပ်ကိုင်ဖို့အတွက် အခွင့်အရေး ကောင်းများ၊ အရင်းအမြစ်များ ရှိနေပါတယ်။ သို့သော်လည်း တချိန်တည်းမှာ အများအပြားသော ဖွံ့ဖြိုးဆဲ နိုင်ငံများ အဖို့ကျတော့ အဲသလို အခွင့်ကောင်းများ ဆုပ်ကိုင်နိုင်ဖို့ အခြေအနေ မရှိဘဲ ဖြစ်နေပါတယ်။ ကနေ့ ကမ္ဘာကြီးမှာ ရှင်သန်နေတဲ့ ဂလိုဘယ်လိုက်ဇေးရှင်းဟာ အခွင့်အလမ်း ဆုပ်ကိုင်နိုင်သူများ အတွက်လိုသာ ဖြစ်နေပါတယ်။ ကျနော်တို့မှာ ဒီမိုကရေစီကို အုတ်မြစ်ခံထားတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ် မရှိသေးတာ ၀မ်းနည်းစရာပါပဲ။ ”

သြည်စကားများကို ပြောခဲ့သူကတော့ စီးပွားရေးဆိုင်ရာ နိုဘယ်ဆုကို ရရှိထားတဲ့ ပါမောက္ခ ဂျိုးဆက် စတိဂလစ် ဖြစ်ပါတယ်။ ပါမောက္ခ စတိဂလစ်ဟာ တချိန်က အမေရိကန် သမတ ကလင်တန်ရဲ့ စီးပွားရေး အတိုင်ပင်ခံကောင်စီမှာ အကြံပေး လုပ်ခဲ့သူတဦး ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဘဏ်မှာလည်း စီးပွားရေးပညာရှင်များ အကြီးအကဲ အဖြစ် ၂၀၀၀ ခုနှစ် အထိ တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်ပါတယ်။

သူပြောခဲ့တဲ့ စကားများကို ပြန်ကောက်ကြည့်မယ် ဆိုရင် ဖွံ့ဖြိုးတိုးတက်ပြောင်းလဲခြင်း ဆိုတာ နိုင်ငံတခုမှာ စီးပွားရေး ကောင်းလာတာ တခုတည်းကိုသာ သူ့အနေနဲ့ မဆိုလိုပါ။ လူသားတို့မှာ ရှိရမဲ့ အခွင့်အရေးများအတွက် အခြေခံကျတဲ့ ဒီမိုကရေစီ ဖြစ်ထွန်းမှုကိုလည်း သူက ထဲ့တွက်ပါတယ်။ ဒါ့အပြင် တန်းတူညီမျှမှုကိုလည်း အရေးကြီးတဲ့ အချက်တချက် အနေနဲ့ ထပ်မံမြွှက်ဆိုထား ပါသေးတယ်။ သို့သော် လက်ရှိဖြစ်တည်နေတဲ့ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ အောက်မှာ အခွင့်အလမ်းကောင်းများကို ဆုပ်ကိုင်နိုင်သူများ ရှိသလို မဆုပ်ကိုင်နိုင် ဖြစ်နေရတဲ့ ဆင်းရဲတဲ့ နိုင်ငံများရဲ့ အခြေအနေကိုလည်း ထောက်ပြထားပါတယ်။

တရုတ်နဲ့ အိန္ဒိယတို့ဟာ အခွင့်အလမ်းကောင်းများ ဆုပ်ကိုနိုင်ဖို့ အခြေအနေကောင်းတဲ့ နိုင်ငံများဖြစ်ကြောင်းလည်း သူက ဆိုထားပါတယ်။ သို့သော် အခွင့်အလမ်းကောင်းများကို မဆုပ်ကိုင်နိုင်တဲ့ ငမွဲနိုင်ငံများ အများအပြားရှိနေတာ ကိုလည်း သူက မေ့မထားဘဲ ထောက်ပြပါတယ်။ မြန်မာနိုင်ငံဟာ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ အကျိုးရလဒ်တွေကို ခံစားဖို့ အရင်းအမြစ်နဲ့ အခြေအနေ မရှိပါ။ တချိန်တည်းမှာလည်း တရုတ်နဲ့ အိန္ဒိယလို အခွင့်အလမ်းကောင်းတွေ ရှိနေတဲ့ နိုင်ငံကြီး နှစ်နိုင်ငံအကြားမှာလည်း ညှပ်ပြီး တည်ရှိနေပါတယ်။

အိန္ဒိယဟာ လွတ်လပ်ရေးရကတဲက ပါလီမန်ဒီမိုကရေစီ စနစ်ကို ကျင့်သုံးခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံဖြစ်တယ်ဆိုပြီးလဲ ချီးကျူးခံရပါတယ်။ သို့သော် အိန္ဒိယဟာ သူ့ရဲ့ အိမ်နီးချင်း နိုင်ငံငယ်များမှာ ဒီမိုကရေစီ ထွန်းကားဖို့ မမျှဝေနိုင်ဘဲ ပျက်ကွက်ခဲ့ပါတယ်။ ကနေ့ အိန္ဒိယမှာလို ဒီမိုကရေစီစနစ် ကျင့်သုံးနေတဲ့ အိမ်နီးချင်းနိုင်ငံ ဘယ်နိုင်ငံ ရှိသလဲ ဆိုတာ လက်ချိုးရေလို့တောင် ရပါတယ်။ ဒါ့အပြင် တောင်အာရှနဲ့ အရှေ့တောင်အာရှ ဒေသတွင်းမှာပါ ဒီမိုကရေစီ ပျံ့နှံ့ဖို့ ဘာမျှ မကူညီနိုင်ခဲ့ပါဖူး။ ဒါဖြင့်ရင် ဥစ္စာဓန ဖွံ့ဖြိုးမှုမှာ ဘာကူညီခဲ့သလဲ ဆိုတာ ပြန်ကြည့်ရင် သူကူညီခဲ့တာ ဘာမှမရှိပါဖူး။ အစောပိုင်း ကာလက သူကိုယ်တိုင်လည်း စီးပွားရေး မကောင်းခဲ့သေးတာ တပိုင်း ဖြစ်ပါလိမ့်မယ်။ အခုတော့ အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံက သဘာဝဓတ်ငွေ့ ၀ယ်ဖို့လောက်ကိုသာ စိတ်ဝင်စားပါတယ်။ သူ့ပြည်တွင်း နိုင်ငံရေးမှာ ဒီမိုကရေစီစနစ်နဲ့ ကျင့်သုံးတာကတော့ ကောင်းပါတယ်။ သို့သော် ဆင်းရဲသားအများစုနဲ့ လယ်သမားများ အတွက် လုံလုံလောက်လောက် ဓနငွေကြေးသုံးပြီး ဖွံ့ဖြိုးရေးအတွက် ကူညီဖို့လိုနေသေးတယ် ဆိုတာကို စတိဂလစ်က ထောက်ပြထားပါတယ်။

တရုတ်ကို ပြန်ကြည့်ရင်လည်း ဒီမိုကရေစီ နိုင်ငံမဟုတ်တဲ့ အတွက် ဒီမိုကရေစီ ဖြန့်ကျက်မျှဝေခြင်း ဆိုတာကိုတော့ ကွန်မြူနစ် အာဏာရှင် တရုတ်အစိုးရဆီက မျှော်လင့်လို့မရပါ။ သို့သော် လောက်လောက်လားလား တခြားအကူညီ ဘာရသလဲ မေးရင်လည်း မြန်မာနိုင်ငံအဖို့ တရုတ်ဆီက ဘာမှအကူအညီ မရခဲ့ပါ။ မြန်မာပြည် ကွန်မြူနစ်ပါတီကို ဟိုတုံးက လက်နက်တွေ အစုလိုက်အပုံ လိုက်ပေးတာမျိုးပဲ ရှိခဲ့ပါတယ်။ အခုလက်ရှိ စစ်အာဏာရှင်များ လက်ထက်မှာတော့ တရုတ်ဆီက လေယာဉ်တွေ၊ တိုက်သင်္ဘောတွေ၊ အမြောက်တွေ စတဲ့လက်နက်တွေ အပုံလိုက်ဝယ် လို့ရတဲ့ အခြေအနေမျိုး ရောက်လာပါတယ်။ သို့သော် တရုတ်က မြန်မာပြည်သားတွေအတွက် ရည်ညွှန်းတဲ့ အခြားအကူအညီ ဆိုတာကတော့ မရသလောက်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် သဘာဝဓာတ်ငွေ့နဲ့ အခြားသဘာဝ ရင်းမြစ်များကို မြန်မာပြည် ကနေ ရသလောက် ယူနေပါတယ်။ သူ့ပြည်တွင်းရေးကို ပြန်ကြည့်ရင်လည်း နိုင်ငံအတွင်းမှာ ဒီမိုကရေစီ ဖွံ့ဖြိုးဖို့ အားမပေးပါ။ ဘေးနိုင်ငံတွေ ဒီမိုရေစီဖွံ့ဖြိုးမှာကိုလည်း လိုလားသူ မဟုတ်ပါဖူး။

ခြုံပြောရရင် သည်အိမ်နီးချင်း နိုင်ငံကြီးနှစ်ခုဟာ သူတို့ဖွံ့ဖြိုးဖို့အတွက်သာ သည်ဂလိုဘယ်လိုက်ဇေးရှင်းထဲမှာ စီးမျောပါတယ်။ အဲသလို စီးမျောရင်းနဲ့ စီးပွားရေး တက်လာတာ တခုတည်းကို ရည်ညွှန်းပြီး ဖွံ့ဖြိုး တိုးတက်လာတယ်လို့ ဆိုနေပါတယ်။ စတိဂလစ် ပြောသလို ဒီမိုကရေစီကိုအုတ်မြစ်ခံထားတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ပေါ်ပေါက်ဖို့ တတ်နိုင်သလောက် သူတို့ဖက်က ၀ိုင်းဝန်းကူညီတာမျိုး မလုပ်ခဲ့ပါ။ အခုလည်း လုပ်နေခြင်းမရှိပါ။

ဆိုလိုခြင်တာကတော့ သည်ရာစုနှစ်များမှာ မြန်မာနိုင်ငံကို လစ်လျူရှုနေတာ၊ ဂုတ်သွေးစုတ်နေတာဟာ သည်နိုင်ငံကြီး နှစ်နိုင်ငံလို့ ပြောလို့ရပါတယ်။ တရုတ်ကတော့ အခွင့်အရေး အရဆုံးဖြစ်ပါတယ်။ ပြန်တွက်ကြည့်ရင် ဘာများ ထူးပါသလဲ။ ၁၉ နဲ့ ၂၀ ရာစုမှာ ဗြိတိသျှ အစိုးရက မြန်မာနိုင်ငံကို ဂုတ်သွေးစုတ် အမြတ်ထုတ်ခဲ့တယ်။ ၂၀ ရာစုနှောင်းပိုင်း ကနေ ကနေ့အချိန်ထိ အမြတ်ထုတ် နေတာကတော့ တရုတ်အစိုးရပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ ခံပြီးရင်းခံနေရတာ အလွန် ၀မ်းနည်းစရာပါပဲ။ အားလုံး ကြားသိတဲ့အတိုင်း ဧရာဝတီမြစ်ရဲ့အစ မေခ၊ မေလိခ မြစ်ဆုံကနေ ဆည်တွေဆောက်၊ လျှပ်စစ် ဓာတ်ထုတ်ပြီး တရုတ်ကို ရောင်းမလို့ ပြင်နေပါတယ်။ မြန်မာပြည်ရဲ့ သဘာဝအရင်းအမြစ်တွေ ပျက်စီး ပျောက်ကွယ်ဖို့ အချိန် တဖြည်းဖြည်း နီးကပ်လာနေပါပြီ။

ဂလိုဘယ်လိုက်ဇေးရှင်း ကစားပွဲရဲ့ စည်းမျဉ်းတွေကို မပြောင်းမခြင်းကတော့ အဆင့်သင့်ဖြစ်နေတဲ့ နိုင်ငံအများအဖို့ အကျိုးရှိလာပေမဲ့၊ အဆင့်သင့် မဖြစ်သေးတဲ့ နိုင်ငံများအဖို့ တိုးတက်ဖွံ့ဖြိုးဖို့ခက်ခဲနေဦးမယ်။ အဲသလို ကစားပွဲရဲ့ စည်းမျဉ်းတွေကို ပြောင်းဖို့ဆိုတာ နိုင်ငံတကာ အဖွဲအစည်းကြီးများ ကိုယ်တိုင် ဒီမိုကရေစီနည်းကျကျ ပြန်လည်ဖွဲ့စည်း ဆောင်ရွက်ပါမှ အားလုံး အကျိုးရှိနိုင်မယ်ဖြစ်ကြောင်း ပါမောက္ခစတိဂလစ်က သတိပေးထောက်ပြသွားပါတယ်။

ဇော်မင်း (လူ့ဘောင်သစ်)
၂၄ ရက် အောက်တိုဘာလ ၂၀၀၇ ခုနှစ်

စာကိုး။ ။ ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့က အိန္ဒိယနိုင်ငံ ချန်နိုင်းတွင် ပြုလုပ်သွားခဲ့သော ပါမောက္ခ ဂျိုးဆက် စတိဂလစ် (Joseph Stiglitz) ၏ Making Globalization Works ဟောပြောချက်များထဲမှ ကောက်နှုတ်ပါသည်။

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.