ရွက်မွန်စာမျက်နှာ

Tuesday, October 23, 2007

ဗိုလ်ချုပ်မှူးကြီးက ဒိုင်ယာလော့ တကယ်လုပ်မှာလား

မြ
န်မာနိုင်ငံရဲ့ သွေးစွန်းသော စက်တင်ဘာ (သို့မဟုတ်) ဘလက်စက်တင်ဘာ အပြီးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က အလုပ်သမားဝန်ကြီးဌာနက ဒုတိယ၀န်ကြီးဦးအောင်ကြည်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒိုင်ယာလော့ လုပ်တဲ့အခါ ကြားခံ ကျေးစေတမန်အဖြစ် ဆောင်ရွက်ဖို့ တရားဝင် တာဝန်ပေးခဲ့သည်။ သို့သော်လည်း အခုအထိ ကျေးစေတမန်ကြီး လူလားခေါက်တုံ့ ပျံသန်းနေတာ မတွေ့ရသေးပါ။ အနည်းဆုံး အကျယ်ချုပ် ကျခံနေရသည့် ဒေါ်စုအား နေထိုင်ကောင်းပါရဲ့လားဟု သွားရောက်မေးမြန်းသည် ဆိုတာပင် မကြားရသေးပါ။

သည်ကြားထဲ ဓါးမနောက်ပိတ်ခွေးလို လူများကလည်း တမှောင့်။ ဒေါ်စုက ဗိုလ်ချုပ်မှူးကြီးကို အကြောင်းပြန် ကြားဖို့ ဘာကြောင့် နောက်ကျနေသနည်း ဟုဆိုသူတွေကလည်း ဆိုနေသည်။ သည်တချီမှာတော့ ဒေါ်စု အနေဖြင့် ခေါင်းမမာသင့်တော့ ဗိုလ်ချုပ်မှူးကြီး ကမ်းလှမ်းလာသည်ကို အမိအရဖမ်းဆုပ်သင့်သည်ဟု ပြောသူကပြော။ ထိုသူတွေပြောနေ သလို ဒေါ်စုက တကယ်ခေါင်းမာ နေပါသလား။ သေသေချာချာ စေ့စေ့ငုငု လေ့လာ ဆန်းစစ်ပြီးမှ ပြောဖို့လိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိအခြေအနေက စစ်ဗိုလ်ကြီးများ၏ အကျဉ်းသား။ ဟောလိဝုဒ်က နာမည်ကြီး မင်းသမီး တယောက်လို နောက်ဆုံးပေါ် ပြိုင်ကားထဲသို့ လှလှပပခုန်ဝင် မောင်းထွက်သွားပြီး ဗိုလ်ချုပ်ကြီးများနှင့် တအိမ်တက်ဆင်း လိုက်စကားပြောလို့ ရသည့်အခြေအနေလည်း မရှိ။ တယ်လီဖုံး တဂွမ်ဂွမ်ဆက်ပြီး ဗိုလ်ချုပ်မှူးကြီးနှင့် အချိန်မရွေး ပြောချင်တိုင်း ပြောနေလို့ ရသည်လည်း မဟုတ်။

ဒါ့အပြင် ရှေးဦးမဆွ ကတည်းက ဗိုလ်ချုပ်မှူးကြီး အနေဖြင့် ဒိုင်ယာလော့ လုပ်လိုသည့် ဆန္ဒရှိနေသည်ဟု ဆိုပါက ဘာဖြစ်၍ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို ရက်ရက်စက်စက် သတ်ဖြတ် နိမ်နှင်းရသနည်း။ ထို့အပြင် ယခုအချိန် အထိ လူများအား ဘာကြောင့်တအိမ်တက်ဆင်း လိုက်လံဖမ်းဆီး၊ အကျဉ်းချ၊ နှိပ်စက် နေရသနည်း။ အထူးသဖြင့် သည်မေးခွန်းကို ဗိုလ်ချုပ်မှူးကြီးကို သာမက ဓါးမနောက်ပိတ်ခွေးများကိုလည်း မေးလိုသည်။ ဒိုင်ယာလော့ လုပ်လိုသည်ဟု ဆိုနေသော ဗိုလ်ချုပ်မှူးကြီးက လူတွေကိုထပ်မံ ဖမ်းဆီးနေသည်ကိုက အံ့သြစရာ။

အလွန်ရှင်းပါသည်။ နိုင်ငံတကာ ဖိအားကို ကြောက်၍၊ နိုင်ငံတကာ ခေါင်းဆောင်များအား အချိန်ဆွဲ လှည့်စားလို၍သာ ဒိုင်ယာလော့လုပ်ပါမည်ဟု ဆိုခြင်းဖြစ်သည်။ ဆိုပြန်တော့လည်း ကြိုတင်သတ်မှတ်ချက်များက ပါလိုက်သေးသည်။ ဟင်းရွက်နွမ်းများကို ဈေးတင်ရောင်းလိုသေးသည့် ဈေးသည်ကဲ့သို့ ထိုသတ်မှတ်ချက်များကို ဒေါ်စုက လိုက်နာမှသာ စကားပြောမည်ဟုလည်း ကပ်ဖဲ့ရပ်ဖဲ့ လုပ်နေပြန်သည်။

၁၉၈၈ ခုနှစ် ရွှေတိဂုံဘုရား အနောက်မုဒ်မှာ ဟောပြောစဉ်ကတည်းက သည်တိုင်းပြည်အရေးအတွက် အချင်းချင်း တွေ့ ဆုံ စကားပြောဖို့ ဒေါ်အောင်ဆန်းစုကြည် စတင်ကမ်းလှမ်းခဲ့ပါသည်။ တလျှောက်လုံးလည်း တွေ့ဆုံ စကားပြောဖို့ ဒေါ်စုဖက်က မပျက်မကွက် ကမ်းလှမ်းနေဆဲလည်း ဖြစ်သည်။ ဒေါ်စုသည် တွေ့ဆုံဆွေးနွေးရေး၏ အရေးပါခြင်းကို နားလည်သူ ဖြစ်၍သာ ဤသို့ ဆက်တိုက်ကမ်းလှမ်းနေခြင်း ဖြစ်သည်။ မြန်မာပြည် အလုံးစုံ ပျက်သုံးခြင်းဆိုသော လမ်းပေါ်သို့ မရောက်ရှိခင် ဒိုင်ယာလော့လုပ်ဖို့ လိုအပ်ကြောင်းလည်း အကြိမ်ကြိမ် တိုက်တွန်းခဲ့သည်။

တွေ့ဆုံဆွေးနွေးခြင်းသာ အကောင်းဆုံးဖြစ်သည်ကို ဒေါ်စုတယောက်တည်းက သာမက သူမ၏ ခေါင်းဆောင်များ ကလည်း တိုင်းပြည်၏ အကျပ်အတည်းများကို ဖြေရှင်းရန်အတွက် တွေ့ဆုံစကား ပြောပါမည်၊ ဒိုင်ယာလော့ လုပ်ရန် အသင့်ရှိပါသည်ဟု တောက်လျှောက် ကမ်းလှမ်းခဲ့သော်လည်း ဖုတ်လေတဲ့ငပိ ရှိသည်ဟု မထင်သော သူကတော့ ဗိုလ်ချုပ်မှူးကြီးသာ ဖြစ်သည်။

သည်ကြားထဲတွင် ဘယ်ဖက်ကမှ မဖိတ်ကြားဘဲ အခမဲ့ဝင်ရောက် အကြံပေးနေသူများကလည်း အလိုက်ကန်းဆိုး မသိ။ ကိုယ့်ခြံလေး ကိုယ်ခတ်၍ ခြံဝင်းထဲမှ အော်နေသည့် အုပ်စုများကလည်းရှိ။ သူတို့ပြောသည့်အတိုင်း မလုပ်ပါက အနာဂတ်တွင် ဒေါ်စုသည် သမိုင်းတရားခံ ဖြစ်တော့မယောင် လေသံတွေကိုလည်း နေရာအနှံ့ ပစ်ပေါက်နေသည်။ လူအများ စိတ်ပျက်လောက်အောင် ထင်ရာမြင်ရာများကိုလည်း ဒိုင်ယာလော့ နာမည်တပ်၍ ပြောနေသေးသည်။ အားမနာတမ်း ဥပမာပေးရပါက ထိုသူတို့သည် ပါလက်စတိုင်း၊ အစ္စရေး ပြဿနာမျိုး ကဲ့သို့၊ တမီလ်တိုက်ဂါးနှင့် သီရိလင်္ကာ အစိုးရအကြား ရှိနေသော ဆွေးနွေးရေးကဲ့သို့ အစရှိသည့် ကိစ္စများကို နှစ်ရှည်လများ ဖြတ်သန်းနေရသည့် ကျွမ်းကျင်သူတွေလိုမျိုး ဆိုရင်လည်း ထားပါတော့။ ထိုသူတို့သည် မိုးကျရွှေကိုယ် ဒိုင်ယာလော့ဆရာများ ဖြစ်နေကြသည် ဆိုတာကလည်း အထင်အရှား။ တကယ်တမ်း သူတို့မှာ ဘာဆွေးနွေးရေး အတွေ့အကြုံမျှ မရှိ။ သူတို့မှာ ရှိသည့် တခုတည်းသော အတွေ့အကြုံကတော့ အလှူရှင် နိုင်ငံခြား အဖွဲ့အစည်းများထံမှ ပရောဂျက် ပိုက်ဆံများကို ဘယ်လို ရမယ်ရှာ၍ တောင်းရမည် ဆိုတာပင် ဖြစ်သည်။ ရွှေတပဲသား ဆွဲပေးခြင်း ခံထားသော ပုတ်သင်ညိုလို လူစားမျိုးတွေ ဖြစ်နေသည်။

တရုတ်အစိုးရနှင့် နိုင်ငံခြားရင်းနှီးမြှုတ်နှံသူများသည် စစ်အာဏာရှင်များ သက်ဇိုးရှည်အောင် တိုက်ရိုက် ပံ့ပိုးပေးနေသူများ ဖြစ်သည်။ သွယ်ဝိုက်၍ သက်ဇိုးရှည်အောင် လုပ်ပေးနေသူများကတော့ အထက်က ပြောခဲ့သည့် မိုးကျရွှေကိုယ် ဆရာများနှင့် ခြံဝင်းထဲက အုပ်စုများ ဖြစ်သည်။

တွေ့ဆုံဆွေးနွေးရေးနှင့် အဆင်ချောခဲ့သည် နိုင်ငံများ၏ ဖြစ်စဉ်များကို ပြန်လေ့လာပါက နှစ်ဦးနှစ်ဖက် တန်းတူရည်တူ လွတ်လပ်စွာ ပြောဆိုနိုင်သည့် အခြေအနေကို ဆိုက်ရောက်မှ အောင်မြင်သည်ချည်း ဖြစ်သည်။ တွေ့ဆုံဆွေးနွေးသည်ဟု ဆိုကတည်းက နှစ်ဖက်စလုံးအတွက် မနစ်နာနိုင်သည့် အဖြေကိုရှာခြင်း ဖြစ်သည်။ တဖက်တည်းက သူလိုခြင်တာ အကုန်လုံး မရနိုင်ပါ။ ဤသည်မှာ ဒိုင်ယာလော့၏ သဘာဝဖြစ်ကြောင်း အသိညဏ် ရှိသူတိုင်း အခြေခံအားဖြင့် နားလည်ကြသည်။

ဗိုလ်ချုပ်မှူးကြီးသည် အမှန်တကယ် တွေ့ဆုံဆွေးနွေးရေးကို လိုလားသည်ဟု သင်ထင်ပါသလား။ ရှင်းနေတာကို ရှုပ်အောင် ထပ်လုပ်စရာမလိုပါ။ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်မှ အမြန်ဆုံး အရင်ဆုံး လွှတ်ပေးဖို့ လိုသည်။ သူမ၏ ခေါင်းဆောင်များနှင့် သူမ အရင်ဆွေးနွေး ညှိနှိုင်းဖို့လည်း လိုသည်။ တတိုင်းပြည်လုံး အရေးကို ဒေါ်စုသည် သူ့တဦးတည်း သဘောနှင့် လုပ်မည့် ခေါင်းဆောင်မဟုတ်။

တောင်အာဖရိက နိုင်ငံ၏ လွတ်မြောက်ရေး ခေါင်းဆောင် မင်ဒဲလားပြောခဲ့သည့် စကားကို ကိုးကားပါရစေ။ သူပြောခဲ့တာကတော့ "Only free man can talk." ဆိုသည့်စကားပင်ဖြစ်သည်။ “လွတ်လပ်နေသည့် သူသာလျှင် စကားပြောနိုင်သည်’ ဟု ဆိုခြင်း ဖြစ်သည်။ သွေးထွက်အောင် မှန်သည်။ မလွတ်လပ်သူသည် ဘယ်လိုမှ စကားပြော၍ ရမည်နည်း။

ဇော်မင်း (လူ့ဘောင်သစ်)
၂၃ ရက် အောက်တိုဘာလ ၂၀၀၇ ခုနှစ်

2 comments:

Anonymous said...

ကောင်းလိုက်တဲ့ ဆောင်းပါးလေး ။ ဖတ်ရတာ အမှန်ကို နင့်သွားတာပဲ ။ ဒေါ်စုက ဒိုင်ယာလော့ခ်ပဲ ခေါ်တာပါ။ ဗိုလ်ချုပ်ကြီးတွေက လမ်းဘေးဈေးသည်လို ဈေးဆစ်နေတာ ၊ အချိန်ဆွဲနေတာက ရှင်းရှင်းကြီးပါ။

aye said...

this post is very good,the generals must free our leader aung san su kyi before the talk.i belive our country must be free.

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.