ပြ
န်လည်ပြုပြင်လို့ မရတော့လောက်အောင် သဘာဝပတ်ဝန်းကျင် ပျက်စီးသွားခဲ့ပြီးမှ ရတဲ့ငွေတွေဟာ ဘယ်လောက်ပဲ ပမာဏများများ တိုင်းပြည်တခုအတွက် အရှုံးလို့ဆိုရမှာပါ။ အဲသည့်အရှုံးကို ဆက်လက် သယ်ဆောင် ခံစားရမဲ့သူများကတော့ သာမန် တိုင်းသူပြည်သားများသာ ဖြစ်သည်။ အဲတာမျိုးကို ရေရှည် တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်မှုလို့ သတ်မှတ်လို့မရကြောင်း ဖွံ့ဖြိုး တိုးတက်ပြောင်းလဲရေး ပညာရှင်များက အတိအလင်း ပြောခဲ့ပါသည်။ အခုလည်း ပြောနေဆဲပါ။
ဖွံ့ဖြိုးတိုးတက်ပြောင်းလဲရေး ပညာရှင်တဦးဖြစ်သူ အလန်သောမတ်စ်က ဖွံ့ဖြိုးရေး၊ တိုးတက်ရေး၊ ပြောင်းလဲရေး ဆိုတာတွေနဲ့ ပတ်သတ်လို့ အခုလို ဖွင့်ဆိုခဲ့သည်။ “ဖွံ့ဖြိုးတိုးတက်ပြောင်းလဲခြင်း ဆိုသည်မှာ အကောင်းဖက်တခု တည်းကိုသာ ရှေးရှု့သော အပြောင်းအလဲ သက်သက် မဟုတ်ဘဲ၊ အခြေအနေအမျိုးမျိုးဖြင့် ၀န်းပတ် လွှမ်းခြုံနေသော အပြောင်းအလဲများကိုပါ ဆိုလိုရင်းဖြစ်သည်။ ထိုအခြေအနေ အမျိုးမျိုးသည် လူပုဂ္ဂိုလ် တဦးချင်းစီနှင့်သော် လည်ကောင်း၊ လူအဖွဲ့အစည်းတခုလုံး အပေါ် မှီတည်၍သော်လည်ကောင်း ဖြစ်ပေါ် ပြောင်းလဲလာပြီး ကောင်းကျိုးကို ဖြစ်ထွန်းစေသလို ဆိုးကျိုးကိုလည်း ဖြစ်ပေါ်စေသည်။”
တိုးတက်အောင် ဖွံ့ဖြိုးအောင်လုပ်သည် ဆိုတိုင်း ကောင်းတာတွေချည်း ကိုယ်ရလိမ့်မည်ဟု မထင်ပါနှင့်။ နောက်ဆက်တွဲအဖြစ် ရေရှည်တွင် ကိုယ့်ဖက်မှာ ဘာတွေ ဆုံးရှုံးသွားမလဲ ဆိုတာကိုပါ ထည့်တွက်ဖို့လိုသည်။
အခု ကြည့်ကြပါ။ ဧရာဝတီမြစ်ရဲ့ မြစ်ဖျားခံရာ မေခ၊ မေလိခမြစ်ဆုံ နေရာမှာ ဆည်ပိတ်ဆောက်ပြီး လျှပ်စစ် ဓာတ်အား ထုတ်မယ်ဆိုပြီး အာဏာရှင်အစိုးရက စီစဉ်နေသည်။ ထိုလျှပ်စစ်ပါဝါက တရုတ်ပြည်ကို ရောင်းဖို့သာ ဖြစ်သည်။ ဒေသခံ ပြည်သူများ အတွက်လည်း မဟုတ်ပါ။ မြန်မာပြည်ရဲ့ အရှည်ဆုံးမြစ်ကြီး၏ မြစ်ဖျားမှာ ဆည်ပိတ်ဆောက်မယ် ဆိုတော့ မြစ်တလျှောက်နဲ့ မြစ်အောက်ပိုင်း စပါးအထွက်ကောင်းရာ ဒေသဖြစ်တဲ့ မြစ်ဝကျွန်းပေါ် ဒေသတွေ ဘယ်လိုဆိုးကျိုးနဲ့ ရင်ဆိုင်ရမယ်ဆိုတာကို တွက်မိကြပါရဲ့လား။ အဲသလို အကျိုးဆက်တွေကို ထဲ့တွက်ဖို့ ဆိုတာလည်း နားလည်ကြပါရဲ့လား။
“လယ်တောထဲကကျားများ” ဆိုသည့် ဆောင်းပါးတွင် ကျားပိုက်များကြောင့် ပဲခူးတိုင်း အရှေ့ခြမ်းက လယ်သမားများ ဘယ်လို နစ်နာနေရသည် ဆိုတာကို ကျနော် ရေးသား ဝေဖန်ခဲ့သည်။ ထိုကျားပိုက်များသည် ချောင်းမြောင်းများတွင် ရေချိုငါး၊ ပုဇွန်များပိတ်ဖမ်းရန် သွယ်တန်းထားသော ငါးဖမ်းပိုက်တမျိုးသာ ဖြစ်သည်။ အနှီ ကျားပိုက် ပိုင်ရှင်များကတော့ ဒေသခံစစ်တပ်များပင် ဖြစ်သည်။ ထိုကျားပိုက်များကြောင့် စပါးစိုက်သော လယ်များသည် သဘာဝအတိုင်း မြေသြဇာကောင်းနေရာမှ ဆုတ်ယုတ်လာသည်။ ဆယ်နှစ်အတွင်း လယ်တဧက တွင် စပါးတင်း (၂၀) လောက်သာ ထွက်တော့သည်။ ရှေးယခင်က ထိုလယ်များသည် တဧကတွင် စပါးတင်း (၆၀) ခန့် အသာလေးထွက်သော လယ်များ ဖြစ်သည်။ ထိုဖြစ်စဉ်ကို ရေးသားစဉ်က အဆိုပါ ပဲခူးတိုင်း အရှေ့ခြမ်းက ကိုယ်တိုင်ခံစားနေရသော လယ်သမားအချို့ကို တွေ့ဆုံမေးမြန်းပြီးမှ ရေးသားခဲ့ခြင်း ဖြစ်သည်။ မြန်မာ စစ်အစိုးရကို တိုက်ရပြီးရော၊ ဝေဖန်လိုက်ရပြီးရော၊ သူတို့အပေါ် မကောင်းတာ ပြောရပြီးရော ရေးသားခဲ့ခြင်း မဟုတ်ပေ။ နစ်နာနေသည့် ထိုလယ်သမားများနှင့် ပျက်ယွင်းလာနေသော သဘာဝပတ်ဝန်းကျင် အခြေအနေများ အမှန်တကယ် ဖြစ်ပွားနေကြောင်း ထောက်ပြလို၍ ဖြစ်သည်။
ကျားပိုက်များထောင်၍ ပိတ်ဆို့ထားသောကြောင့် မြစ်ဝကျွန်းပေါ်ဖက်မှ လယ်သမားများ နစ်နာနေသည်။ စပါးအထွက်လည်း ကျဆင်းနေသည်။ သည်လို ဖြစ်နေသည့် အခြေအနေမျိုးအောက်တွင် ဧရာဝတီမြစ်ကြီးကို ဟိုးမြစ်ထိပ်အစကနေ ဆည်ပိတ်ဆောက်လိုက်ပါက သည့်ထက်ပိုလို့ အဆပေါင်းထောင်ချီ၍ ပြဿနာများနှင့် ရင်ဆိုင်ရလိမ့်မည်ကို သိသင့်သည်။
မြစ်ဝကျွန်းပေါ် ဒေသသည် သဘာဝအားဖြင့်ကိုက မြန်မာနိုင်ငံ၏ ၀မ်းပိုက်ဖြစ်သည်။ သည်ဝမ်းပိုက်ကို ဖေါက်သည့် အလုပ်ကို ဘာကြောင့် အဆင်ခြင်မဲ့ လုပ်နေကြသနည်း။ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲရေး၏ သဘာဝကို အခြေခံမျှလောက်ပင် နားမလည်၍ ဖြစ်သည်ဟုသာ ကောက်ချက်ဆွဲရပေလိမ့်မည်။
ယနေ့ခေတ် လက်ဘနွန်နိုင်ငံဒေသသည် ရောမအင်ပါယာကြီး ကောင်းစားစဉ်အခါက ထိုအင်ပါယာ အရှေ့ဖက် တခြမ်းလုံးအတွက် ပံ့ပိုးပေးနိုင်အောင် စိုက်ပျိုးရေး ဖြစ်ထွန်း ကောင်းမွန်ခဲ့သည်။ ထို့အတွက် လက်ဘနွန်ဒေသကို “အင်ပါယာ၏ ပေါင်မုံ့ခြင်းတောင်း” ဟု တင်စားရသည်အထိဖြစ်ခဲ့သည်။ သို့သော် ကနေ့ခေတ် လက်ဘနွန် နိုင်ငံသည် ပြည်တွင်းစစ် ဖြစ်ခဲ့ခြင်း၊ ယနေ့အထိ နိုင်ငံရေးမတည်ငြိမ်ခြင်း တို့ကြောင့် သူ့တနိုင်ငံစာ အတွက်ပင် အနိုင်နိုင် ဖြစ်နေရသည်။ သူတို့ နိုင်ငံတွင် ဆည်တွေဆောက်ခဲ့၍ သစ်တောများ ပြုန်းတီး၍ ထိုသို့ဖြစ်သည် မဟုတ်။ နိုင်ငံရေးမတည်ငြိမ်ခြင်း၏ အကျိုးဆက် တခုတည်းကြောင့်သာ ဖြစ်သည်။
တဖက်တွင်လည်း ထိုသို့ဆည်ပိတ်ဆောက်ခြင်းသည် အောက်မြန်မာနိုင်ငံက လယ်သမားများကိုသာ နစ်နာစေသည် မဟုတ်။ ဆည်ဆောက်မည့်အရပ်က ဒေသခံများလည်း နစ်နာသည်။ မူလကတည်းက ရှာဖွေ၊ ထွန်ယက် စားသောက် နေရသောနေရာကို စွန့်ခွာကြရတော့မည်။ ဆည်ပိတ်ဆောက်သောနေရာ တ၀ိုက်က သစ်တောများပျက်စီးမည်၊ မြစ်ကြောင်းတလျှောက်က သစ်တောများလည်း ပြုန်းတီးကုန်ကြမည်။ ထိုသို့သစ်တောများ ပြုန်းတီးပျက်စီးသည်နှင့် တ ပြိုင်နက် flora and fauna ဟုခေါ်သည့် သစ်တောများနှင့် အပြန်အလှန် အမှီသဟဲ ပြုနေသည့် ဇီဝကမ္မပိုးမွှား မျိုးစိတ်များလည်း ပျောက်ကွယ်သွားကြမည်။ မိုးခေါင်ခြင်းကို ရင်ဆိုင်ရမည်ဖြစ်သလို မလိုအပ်ဘဲ အလွန်အကျွံ မိုးရွာ၍ ရေကြီးသည့်ဘေးများကိုလည်း ကြုံရမည်။ တိုတို ပြောရပါက နောက်ဆုံးတွင် မြန်မာပြည်သည် နိုင်ငံရေး မတည်ငြိမ် ခြင်း၊ သဘာဝ အရင်းအမြစ်များ ခမ်းခြောက်ခြင်း တို့ကြောင့် ဟင်္သာကိုးသောင်းပျက်သည့် ကိန်းသို့ဆိုက်တော့မည်။
ထိုင်းနိုင်ငံသည် ၁၉၆၀နှင့် ၁၉၇၀ ခုနှစ်များက သစ်တောများကို အလွန်အကျွံခုတ်၍ ရောင်းချခဲ့သည်။ သစ်တောများ ပြုန်းတီးခြင်း၏ ဆိုးကျိုးများကို သိလာ၍ သစ်တောများ ခုတ်နေခြင်းကို တားဆီး၍ ပြန်လည်အစားထိုး စိုက်ပျိုးမှုများ ပြုလုပ်ခဲ့သည်။ အချိန်မှီတယ် ဆိုရုံလေးသာ။ သို့သော် ပျက်စီးပျောက်ဆုံး ကုန်သော ဇီဝကမ္မပိုးမွှား မျိုးစိတ်များ ပြန်လည်တည်ရှိလာစေရန်အတွက် နောက်ထပ်နှစ်ပေါင်း (၁၀၀) ကျော်လောက် စောင့်ဆိုင်းရဦးမည်။ ဥပမာအားဖြင့် အသစ်ပြန်လည် စိုက်ပျိုးသော ကျွန်းပင်များသည် ကြီးထွားမှုနှုန်း နှေးကွေးသွားသလို ကျွန်းသားဘ၀တွင်လည်း ကျွန်းသား၏ ဂုဏ်သတ္တိဖြစ်သော ရာသီဥတုဒဏ်၊ ခြစားသည့်ဒဏ် စသည့်ခံနိုင်ရည်များ လျော့ပါးကုန်သည်။
ထိုင်းနိုင်ငံသည်လည်း တချိန်က ဆည်များအမြောက် အများဆောက်ခဲ့သည်။ ထိုအတွက် ဆိုးကျိုးများ ရှိလာခဲ့သည်။ ထိုင်းနိုင်ငံထဲတွင် စီးဆင်းနေသော မြစ်ကြီး မြစ်ငယ် မြစ်လတ်များ ရေခမ်းခြောက်ခြင်းကိုလည်း ရင်ဆိုင်နေရသည်။ ရေကြီးသည့်နေရာတွင်လည်း ကြီးလိုက်သည်မှ အတောမသတ် နှစ်တိုင်းလယ်သမားများ ဒုက္ခရောက်ကြရသည်။ သည်ကြားထဲ နောက်ထပ်ဆည်ထပ်ဆောက်ဦးမည့် အစီအစဉ်များ ရှိနေသေးသဖြင့် ဒေသခံလူထုများ၊ အဖွဲ့အစည်းများက ဆည်ထပ်မဆောက်ရန် ဆန္ဒပြတောင်းဆိုနေကြသည်။ ထိုင်းနိုင်ငံသည် အတိုင်းအတာတခုအထိ ဒီမိုကရေစီ ရှိသော နိုင်ငံဖြစ်၍ လူထု၏ တောင်းဆိုမှုသည် အောင်မြင်သင့်သလောက် အောင်မြင်သည်ဟုလည်း ဆိုနိုင်သည်။
မြန်မာစစ်အစိုးရသည် ဖွံ့ဖြိုးတိုးတက်ပြောင်းလဲခြင်း၏ သဘောသဘာဝကို မသိသလို နားလည်မလည်။ ထိုသို့ နားမလည်သည့်အတွက် တတ်ကျွမ်းသူများနှင့် တိုင်ပင်ခြင်းပြုသလား ဆိုတော့လည်း မပြု။ မသိသား ဆိုးဝါးလှသည်။ မရှိတာထက် မသိတာခက် ဆိုသော လူစားမျိုးတွေလည်း ဖြစ်နေသည်။ ခိုင်ခံ့သော လူသား ရင်းမြစ်တည်ဆောက်ရေး ဆိုတာကို သူတို့မသိပါ။ မသိတဲ့အတွက် ငွေရမဲ့ လုပ်ငန်းတွေသာလျှင် စီးပွားရေး ကောင်းသော အခြေအနေကို ဖန်တီးသည်ဟု ယူဆနေပုံရသည်။ သူတို့ကိုယ်တိုင်သည်ပင်လျှင် ဘာတတ်ကျွမ်းမှု အရင်းအမြစ်မှ မသိ၊ မရှိ၊ မပိုင်ဆိုင်။ ထို့ကြောင့် စီမံခန့်ခွဲမှုကိုနားမလည်ဘဲ လုပ်ခြင်ရာလုပ် နေကြခြင်းဖြစ်သည်။ သူတို့သိသည့် အသိကတော့ ရေဗူးပေါက်တာမလိုခြင် ရေပါတာပဲလိုခြင်သည် ဆိုသော အသိသာ ဖြစ်သည်။
နိုင်ငံတခုအတွင်း လူ့အဖွဲ့အစည်းတခုအတွက် တိုးတက်အောင်လုပ်ရမည့် ကဏ္ဍများအများအပြားရှိသည်။ ထိုအထဲတွင်မှ လူသားရင်းမြစ် ခိုင်ခံ့စေမည့် ဖွံ့ဖြိုးတိုးတက်ပြောင်းလဲမှုမျိုးကို အရင်ဦးစားပေး လုပ်ဆောင်ရမည်။ လူသား ရင်းမြစ်ခိုင်ခံ့မှသာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို မြင်တွေ့ရမည် ဖြစ်သည်။ လူသားရင်းမြစ် မခိုင်ခံ့ပါက သဘာဝဓာတ်ငွေ့ရောင်းလို့၊ ဆည်တွေကထွက်တဲ့ လျှပ်စစ်ဓာတ်အားကို ရောင်းလို့၊ အခြား သဘာဝအရင်းအမြစ်များကို ရောင်းလို့ ရတဲ့ငွေတွေ ဘယ်လောက်ပဲ ၀င်လာပါစေ ဇစ်ဇစ်မြစ်မြစ် တိုးတက်လာဖို့ မလွယ်ကူပါ။ သမင်မွေးရင်း ကျားစားရင်းဆိုသလို ဖြစ်နေပါလိမ့်မည်။
ကျနော်တို့ မူလတန်းကျောင်းသား ကလေးဘ၀က သင်ကြားမှတ်ယူခဲ့ရသည့် ကောင်သေလင်းတကျသွားသော ကုဋေရှစ်ဆယ် သူဌေးသားဇာတ်လမ်း၏ အဆုံးအမသည် လူသားရင်းမြစ်ခိုင်ခံ့ဖို့က ငွေထက် အရေးကြီးကြောင်း ရှေးလူများ ထားသွားခဲ့သည့် ဖွံ့ဖြိုးတိုးတက်ပြောင်းလဲရေး လမ်းစဉ်တခုဟု ဆိုပါကမမှား။
ဇော်မင်း (လူ့ဘောင်သစ်)
၂၅ ရက် အောက်တိုဘာလ ၂၀၀၇ ခုနှစ်
Friday, October 26, 2007
ဘယ်လို ဖွံ့ဖြိုးတိုးတက်ချင်သနည်း။
Posted by ရွက်မွန် at 8:47 PM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment