ရွက်မွန်စာမျက်နှာ

Sunday, October 28, 2007

အနာဂါတ်သည် ကလေးတို့ လက်ထဲတွင်ရှိသည်


ကာင်းမွန်သည့် အယူအဆ အတွေးအခေါ်၊ မကောင်းသည့် အယူအဆ အတွေးအခေါ် နှစ်ရပ်စလုံးသည် နုငယ် သေးသည့် ကလေးတို့အသိညဏ် မှတ်ညဏ်များထဲတွင် ကိန်းအောင်းရန်လွယ်ကူသည်။ တိုင်းပြည်တခုတွင် မကောင်းသည့် အယူအဆ၊ တလွဲတချော် ဖြစ်နေသော အတွေး အခေါ်များဖြင့် ကြီးပြင်းလာရသည့် ကလေးအရေအတွက် များသထက် များလာခြင်းသည် ထိုတိုင်းပြည်၏ လူ့အဖွဲ့အစည်းအတွက် အလွန်မှ အန္တရာယ်ကြီးလှသည်။

ထိုကလေးများ၏ ခေါင်းထဲသို့ တလွဲတချော် ဖြစ်စေသည့် အယူအဆများ ၀င်ရောက်နေရာ ယူလာခြင်းသည် တိုင်းပြည်တခုအတွင်း ကျင့်သုံး နေသော စနစ်များ၊ ထိုစနစ်များကို ရှင်သန်ခွင့် ပေးနေသော သူများနှင့် တိုက်ရိုက် သက်ဆိုင်နေသည်။ တနည်းဆိုရသော် ကလေးတို့အား ကောင်းမွန်သော စနစ်များအောက်တွင် ကြီးပြင်းစေခြင်းသည်သာ ထိုတိုင်းပြည် ဖွံ့ဖြိုးတိုးတက် တည်ငြိမ်ခြင်းကို တိုက်ရိုက်အကျိုးပြုသည်။

မြန်မာနိုင်ငံသည် မှားယွင်းနေသော ပုံစံပျက်နေသော စနစ်များအောက်တွင် တည်ရှိလာသည်မှာ နှစ်ပေါင်းအတော် ကြာနေပြီဟု ဆိုနိုင်သည်။ တရားမျတခြင်း ဆိုသည်မှာ ရေတွင် အရုပ်ရေးသည့် ပမာ။ မိမိကောင်းစားရေးအတွက် ဘာလုပ်လုပ် တရားသည်ဟူသော အယူအဆများ တစတစ မြန်မာ့ လူ့အဖွဲ့အစည်းတွင် ထိုးဖေါက်လာနေသည်။ အထူးသဖြင့် ပုံစံပျက်ယွင်းနေသော စီးပွားရေးစနစ်အောက်တွင် ထိုအယူအဆသည် ထမင်းစား ရေသောက် သဖွယ်တည် ရှိလာသည်။ ထို့အတွက် လူငယ်များအကြားတွင် ဂွင်ရိုက်ဖို့၊ ရိုက်စားလုပ်ဖို့ လက်ရဲဇက်ရဲ ဖြစ်စပြုနေသည် ဟုလည်း ဆိုပါရစေ။

ရိုက်စားလုပ်သည်၊ ဂွင်ရိုက်သည်ဟုဆိုသော လုပ်ရပ်များသည် ဖွံ့ဖြိုးဆဲနိုင်ငံများ တနည်းအားဖြင့်ဆိုသော် ဖွံ့ဖြိုးမှု နိမ့်ကျနေသေးသော နိုင်ငံများတွင် အဖြစ်များသည်ကိုလည်း တွေ့ရသည်။ ထိုနိုင်ငံများ၏ ပကတိ နိုင်ငံရေး စနစ်သည် တနည်း ဆိုရပါက အာဏာရှင်များ (သို့မဟုတ်) အာဏာရှင် တပိုင်းတစများ အုပ်ချုပ်နေသော နိုင်ငံများ ဖြစ်နေသည်။ နိုင်ငံရေးအရ တည်ငြိမ်မှုမရှိသလို စီးပွားရေးသည်လည်း တည်ငြိမ်မှုမရှိ။ သို့သော် အာဏာ ရှင်များ၊ သူတို့နှင့် အလွမ်းသင့်သော စီးပွားရေးသမား များကတော့ ကြီးပွားနေကြသည်။ တနည်းဆိုသော် ထိုသူများသည် သန်းကြွယ်သူဌေးများ ဖြစ်ကြသည်။ ထိုသို့ဖြစ်နေရခြင်းသည် "informal economy" ဟု ခေါ်တွင်သော ပုံစံပျက်နေသည့် စီးပွားရေးစနစ် အမြစ်တွယ်နေသော ကြောင့်ဖြစ်သည်။ ထို့အတွက် ရလဒ်ကတော့ ထိုနိုင်ငံမျိုးများတွင် နိုင်ငံရေးပညာရှင်များနှင့် စီးပွားရေးပညာရှင်များ ညွှန်းဆိုလေ့ရှိသည့် နိုင်ငံတခု၏ အရေးပါသော လူလတ်တန်းစား ပျောက်ကွယ်သွားခြင်းပင်။ လူဆင်းရဲလူများစုနှင့် လူနည်းစု လူချမ်းသာ ဟူသော လူတန်းစားနှစ်ရပ်သာ ကျန်ရစ်တော့သည်။

ဈေးကွက်ကို ဖွင့်ထားသည်ဟု ဆိုသော်လည်း စီးပွားရေးစနစ် ပုံစံပျက်နေရခြင်းသည် ဈေးကွက်ကို တိုးတက်လာစေပြီး ပြိုကျမသွားစေရန် အကာကွယ်ပေးရမည့် ဥပဒေများကို နေ့တမျိုး ညတဖုံ အမျိုးမျိုး ပြောင်းနေခြင်း၊ ဖိတ်ခြင်းဖိတ် ကိုယ့်အိတ်ထဲဖိတ် စနစ်ကိုကျင့်သုံးခြင်း၊ လူနည်းစု ကိုယ့်လူကိုအသာစီးပေး အကာကွယ်ပေးခြင်း၊ လာဘ်ပေးလာဘ် ယူမှုနှုန်း လိုတာထက်ပို၍ ကြောက်ခမန်းလိလိ ကြီးမြင့်နေခြင်း၊ အမှန်တကယ် စီးပွားရေးပညာ နားလည် တတ်ကျွမ်းသူများ မရှိခြင်း တို့ကြောင့်ဖြစ်သည်။ နောက်ဆုံးအချက် ကတော့ နိုင်ငံသားတို့တွင် ရှိရမည့် ရှိသင့်သည့် အနည်းအကျဉ်းမျှလောက်သော လွတ်လပ်ခွင့်သည်ပင်လျှင် ကင်းမဲ့နေခြင်း တို့ဖြစ်သည်။ (အနောက်နိုင်ငံများရှိ နိုင်ငံသားတို့လောက် လွတ်လပ်မှု အခွင့်အရေးမျိုး အပြည့်အ၀ ရရှိနေမည်ဟု မဆိုလိုသေးပါ။ အနည်းအကျဉ်းဟုသာ ဤနေရာတွင် ဆိုထားပါသည်။ စကားချပ်)

အာဖရိကရှိ နိုင်ငံအများစု၊ တောင်အမေရိကရှိ နိုင်ငံများနှင့် မြန်မာနိုင်ငံအပါအ၀င် အာရှမှ နိုင်ငံအချို့သည် ယနေ့အထိ ပုံစံပျက်နေသော စီးပွား ရေးစနစ်အောက်မှာ ရှိနေသေးသည်။ ထိုလူ့အဖွဲ့အစည်းများအတွင်း ရိုက်စားဓလေ့သည် သိသိသာသာကြီး အမြစ်တွယ်နေသည်။

ထိုထိုသော အကျိုးဆက် အကြာင်းဆက်များကြောင့် လူဆင်းရဲများသည် ဆင်းရဲသည်ထက် ပိုဆင်းရဲလာသလို အဆင့်မြင့် ပညာရပ်များ ကိုသင်ကြားဖို့လည်း အခွင့်အရေး မရတော့။ လူနည်းစု လူချမ်းသာများကတော့ ရေများရာ မိုးရွာ ဆိုသလို ပိုလို့ချမ်းသာ လာကြသည်။ ပို၍ပညာများ တတ်လာကြသည်။

တဖန် ထိုသို့သော အကြောင်းဆက်များကြောင့် လူများစုဖြစ်သော ဆင်းရဲသော လူတန်းစားများအကြား ကျန်းမာ ရေးနှင့် ဆက်နွယ်သော ပြဿနာများ ထပ်မံရင်ဆိုင်လာရသည်။ ယနေ့ကမ္ဘာတွင် ရောဂါဘယ ဆိုးများကြောင့် ကလေးသူငယ် အများအပြား သေဆုံးနေရသည်။ တီဘီ၊ အေအိုင်ဒီအက်စ်၊ ငှက်ဖျား၊ အသဲရောင် အသားဝါ အပါအ၀င် အခြားရောဂါများကြောင့် သေဆုံးနေရသော အသက် (၅)နှစ်အောက် ကလေးများ အရေအတွက် သည် တရက်လျှင် (၂၀,၀၀၀) ကျော်ရှိနေသည်။ တနှစ်လျင် (၇,၃၀၀,၀၀၀) ကျော်သော ကလေးများ နှစ်စဉ် သေဆုံးနေရသည်။ ထိုသေဆုံးသည့် အထဲတွင် မြန်မာပြည်မှ ကလေးများလည်း ပါသည်။ ငါးနှစ်အထက်မှစ၍ ဆယ်နှစ်နှင့် ဆယ်ကျော်သက် အရွယ်အတွင်း ထိုသို့ရောဂါများကြောင့် သေဆုံးသည့် စာရင်းသည် ဤအထဲတွင် မပါသေး။

အဆိုပါ ရောဂါဘယများကြောင့် သေဆုံးရသော ကလေးများသည် ချမ်းသာဖွံ့ဖြိုးပြီးသား နိုင်ငံများမှမဟုတ်။ မြန်မာပြည် အပါအ၀င် ဖွံ့ဖြိုးမှု နောက်ကျနေဆဲ ဖြစ်သောနိုင်ငံများမှဖြစ်သည်။

နိုင်ငံတော်တခု၏ အနာဂတ်ကိုဆက်လက် သယ်ဆောင်ရမည့် ကလေးများသည် ဆိုးဝါးသောနိုင်ငံရေးစနစ်နှင့် သူ၏ ဖွားဖက်တော်ဖြစ်သည့် အင်ဖော်မယ် အီကိုနိုမီ "informal economy" ၏ ပြဌာန်းမှုအောက်တွင် အမြတ်ထုတ် ခံရခြင်း၊ ဆင်းရဲခြင်း၊ ဖျားနာ ခြင်း၊ သေဆုံးခြင်း၊ ကောင်းမွန် စွာ ပညာမသင် ကြားနိုင်ခြင်းတို့ဖြင့် ဘ၀များကို အဆုံးသတ်နေရ သည်။ ထို့အပြင် တရားမျှတခြင်း၊ ညီမျှခြင်း၊ တန်းတူရည်တူရှိခြင်း တို့ကို လေးစားလိုက်နာဖို့လည်း အခြေအနေများက ဖန်တီးမပေးနိုင်။ တဖက်တွင်လည်း တဖြည်းဖြည်းခြင်း ဖြည့်ဆည်းလာရမည့် အတွေးအမြင်၊ အယူအဆ ကောင်းများဖြင့် ကင်းလွတ်၍ အရွယ်ရောက်လာသော ကလေးအများစုသည် သူတို့၏ သက်ရှင်သန်မှုအတွက် လူ့အဖွဲ့အစည်းအတွင်း စောင့်စည်း လိုက်နာရသည့် ကျင့်ဝတ်များကို နားမလည်နိုင်တော့။ အကျိုးအမြတ်နှင့် ပတ်သက်လာပါက တမိတည်းပေါက်သည့် ညီအကို မောင်နှမချင်းကိုပင် မညှာနိုင်တော့။ စီးပွားရေးက ပုံစံပျက်နေသည့်အတွက် ကိုယ်ရကိုယူ စနစ် ဖြစ်နေသည်ကိုး။ အချိန်တိုတို အတွင်း ကြီးပွားလိုပါက ဂွင်ရိုက်ခြင်း၊ ရိုက်စားလုပ်ခြင်းတို့ကို မလွဲမသွေ ဖော်မြူလာအဖြစ် ကျင့်သုံးရန်ကလည်း ရှိနေသေးသည်။

ထိုကဲ့သို့ ကြီးပြင်းလာရသော ကလေးတို့သည် တိုင်းပြည်တခုအတွက် ဘယ်လိုလုပ်၍ လှပသောအနာဂတ်ကို ဆက်လက် သယ်ဆောင်နိုင် တော့မည်နည်း။ ချမ်းသာသောလူနည်းစုတို့၏ ကလေးများမှာ ပို၍ပညာတတ်ပြီး ပို၍ချမ်း သာလာမည်။ သို့သော် သူတို့သည်လည်း သူတို့ငယ်စဉ်ကတည်းက မြင်ကြားနေရ သော ဂွင်ရိုက်နိုင်မှ ကြီးပွားချမ်းသာ သည်ဆိုသော အတွေးအမြင်ကိုသာ နားလည်နိုင်တော့မည်။ ထို့အပြင် ထိုကလေးတို့သည် လက်တဆုပ်စာ လူနည်းစုသာ ဖြစ်သောကြောင့် ဆင်းရဲသော လူအများစုကြီး မှီတင်းနေထိုင်နေသည့် တိုင်းပြည်ကို ဘယ်လိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်နိုင် ပါ့မည်နည်း။

မြန်မာနိုင်ငံသည် သည်လိုဖြစ်ပျက်နေသည့် ဖြစ်စဉ်အတွင်း ဖြတ်သန်းခဲ့ရသည်မှာ မျိုးဆက် (၂) ဆက်ကျော်စပြုခဲ့ ပြီလည်း ဖြစ်သည်။ သည်အခြေအနေကြီးကို ရပ်တန့်သွားအောင်လုပ်ဖို့ အမြန်လိုအပ်နေသည်။ မှားယွင်းနေသည့် နိုင်ငံရေးစနစ်ကို လမ်းမှန်ရောက်အောင် တည့်ပေးဖို့က လက်ဦးဆုံး အရေးကြီးသည်။

ယခု ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး မကြာမှီရက်ပိုင်းအတွင်းက တွေ့ဆုံသည်ဟု ကြားရသည်။ စစ်မှန်သော တွေ့ဆုံဆွေး နွေးရေးကို စစ်အစိုးရဖက်မှ ရိုးရိုးသားသား ဆက်လုပ်ပါဟု တိုက်တွန်းလိုသည်။ တိုင်းပြည်အတွက်လည်း အကျိုးရှိမည်။ အထူးသဖြင့် ထိုတိုင်းပြည်၏ အနာဂတ်ကို ဆက်လက် သယ်ဆောင်မည့် ကလေးတို့ အတွက်လည်း အကျိုးရှိသည်။ အနာဂတ်ကို ဆက်လက် သယ်ဆောင်မည့် ကလေးတို့အတွက် အခွင့်အလမ်းများ ပွင့်လန်းနိုင်ပါစေ။

ဇော်မင်း (လူ့ဘောင်သစ်)
၂၆ ရက် အောက်တိုဘာ ၂၀၀၇ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.