ဒီ
စာစုကလေးက နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (Reporters san Frontier) လို့ခေါ်တဲ့ RSF ရဲ့ ဘလော့ဂါ လက်စွဲထဲမှာ ဖော်ပြထားတဲ့ ဟောင်ကောင်က တရုတ်ဘလော့ဂါတဦးရဲ့ ဆောင်းပါးလေးပါ။
သူက တီယန်အင်မင်ယင်ပြင်မှာ ချေမှုန်းခံခဲ့ရသူတွေအတွက် တခုခုလုပ်ပေးပါမယ်လို့ ကတိပေးပြီးတဲ့နောက်ပိုင်း ဘလော့ ရေးခဲ့သူပါ။ သူရဲ့ ခံစားမှု၊ ဘလော့ရေးတဲ့အတွေ့အကြုံ၊ သူ့ခံစားမှုကလေးတွေ ဖတ်ရတဲ့အခါ ဝေငှချင်လာပါတယ်။ အခု ကျနော်တို့ ဘလော့ဂါတွေ ခံစားနေကြရတာလေးတွေနဲ့လည်း တိုက်ဆိုင်တယ် ယူဆလို့ပါ။ ဖတ်သာကြည့်ကြပါတော့ဗျာ။
ယန် ရှမ် ရှက်ကယ်လ်တွန် (Yan Sham Shackelton) က သိစေလိုတဲ့ အချက်ကတော့ ဒီဆောင်းပါးအတွက် ၆ ပတ်ကြာမျှ၊ ၆ ကြိမ်တိုင်တိုင် ပုံစံအမျိုးမျိုးဖြင့် ရေးသားဖို့ ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။ နောက်မှ ဘလော့ရေးသားခြင်းနဲ့ ပတ်သက်လို့ သူမသိသမျှသော အချက်အလက်များကို စုစည်းရေးသားဖို့ ကြိုးစားခဲ့ပြီးနောက်၊ နောက်ဆုံး “သင်၏ ကိုယ်ပိုင်ဟန်ဖြင့် ရေးခြင်းသည်သာ အကောင်းဆုံး” ဆိုတဲ့ ဤတင်ပြမှု ဘလော့ မီဒီယံကြားခံ၏ အလှတရားကို တွေ့ခဲ့ပါတယ်။
သူမ ဘလော့၏အမည်မှာ (glutter.com) ဖြစ်ပြီး၊ နိုင်ငံရေးကိစ္စများအပြင် အနုပညာကိစ္စများကိုလည်း ရေးသားဖော်ပြခဲ့ပါတယ်။ သူမ၏ ပွင့်လင်းစွာ ဝေဖန်တင်ပြမှုနှင့် ဟောင်ကောင်တွင် စစ်မှန်သော ဒီမိုကရေစီပေါ်ထွန်းစေ လိုသော အသားပေး ဖော်ပြချက်များကြောင့် တရုတ်နိုင်ငံက အမြဲတစေ ဆင်ဆာဖြတ်တောက်ပိတ်ဆို့ခြင်း ခံခဲ့ရသူလို့လည်း သိရပါတယ်။
အောင်သူငြိမ်း
ကျဆုံးသွားခဲ့ရသူများအပေါ် ကျနော်တို့ ကတိတည်ပါမည်။
ယန် ရှမ် ရှက်ကယ်တွန် (Yan Sham Shackelton)
ယနေ့က ဇွန်လ (၄) ရက်နေ့ သန်းခေါင်ကျော်၍ နံနက်ခင်း အစဦး ဖြစ်သည်။ အချိန်က သန်းခေါင်စွန်းစ
၁၂း ၂၃ နာရီ။ ယနေ့က ၁၉၈၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဘေဂျင်း၊ တီ ယန်အင်မင် ယင်ပြင် ဆန္ဒပြပွဲကို ဖြိုခွဲချေမှုန်းခဲ့သည့် အစုအပြုံလိုက် လူသတ်မှုကြီး၏ ၁၆ နှစ်မြောက် နှစ်ပတ်လည်နေ့လည်း ဖြစ်သည်။ ထိုအချိန် ၁၉၈၉ ခုနှစ်က ကျမက ဟောင်ကောင်ရှိ ဆင်ဟွာသတင်းဌာနရုံး၏ အပြင်ဘက် ဥမင်အတွင်း၌ ထိုင်နေခဲ့သည်။ ဤနေရာတွင် လူအများက အစာအငတ်ခံ ဆန္ဒပြရန် စီစဉ်ထားကြပြီး၊ ကျမတို့က တရုတ်နိုင်ငံမှ ဆန္ဒပြကျောင်းသားများကို ထောက်ခံသောအားဖြင့် ဆန္ဒပြနေခဲ့ကြခြင်းလည်း ဖြစ်သည်။ ကျမတို့က သူတို့ကို ဒီမိုကရေစီ အခွင့်အရေးများ ခံစားရရှိ စေချင်သလို၊ ကျမတို့ကိုယ်တိုင် ကလည်း ဒီမိုကရေစီကို ခံစားလိုကြသည်။ ကျမတို့က ဗြိတိသျကိုလိုနီ အစိတ်အပိုင်းတခုအဖြစ် မနေချင်သလို၊ ကွန်မြူနစ်ပါတီ၏ လက်အောက်ခံ အစိတ်အပိုင်းတခု အဖြစ်လည်း မနေလိုကြပါ။ ကျမတို့က လွတ်လပ်စွာ နေလို ကြပါသည်။
နောက်ထပ် ၂ နာရီခန့်အကြာ၊ ၃ နာရီခန့်အကြာတွင်လည်း ဖြစ်ချင်ဖြစ်လိမ့်မည်၊ ရေဒီယိုမှတဆင့် သေနတ်သံများကို စတင်ကြားခဲ့ကြရသည်။ ထို့နောက်တွင် သီချင်းသံပြိုင်ဟစ်ကြွေးသံများ၊ အော်ဟစ်သံများ၊ တင့်ကားများက နံရံများကို တိုက်ဖြိုသံများကိုလည်း ကြားနေခဲ့ရပါသည်။ ကျမတို့က တဦးကို တဦးကြည့်လိုက်မိကြသောအချိန်တွင် မျက်ရည်များ ကျမတို့မျက်လုံးများထဲတွင် တွေတွေ စီးကျနေသည်ကို မြင်ခဲ့ကြရပါသည်။
အခုတော့ ဒီမိုကရေစီဆန္ဒပြတောင်းဆိုသူများကို တင့်ကားများသုံး၍ ချေမှုန်းနေပြီကို ကျမတို့ သိလိုက်ကြရပါပြီ။ ယခင်က ကျမတို့က ဤသို့တွေးထင် မထားခဲ့ကြပါ။ ၁၉၈၉ ဒီမိုကရေစီအရေးတော်ပုံ ရှုံးနိမ့်သွားပြီဖြစ်ကြောင်း ရေဒီယိုမှတဆင့် ကျမတို့ သိလိုက်ရသည်။ ဤအချိန်က ကျမတို့ ဥမင်ထဲ၌ မီးချောင်းအလင်းရောင်များအောက်တွင် ထိုင်နေကြဆဲ ဖြစ်သည်။ ဤအချိန်တွင်ပင် ကျမ ခေါင်းထဲ၌ ကြီးလေးသော တောင်ကြီးတခု ပေါ်ထွန်းလာသည်ဟု ခံစားလိုက်ရပါသည်။ ထိုအချိန်က ကျမ အသက် ၁၅ နှစ်သာရှိပါသေးသည်။
ဤအချိန်က ပေါ်ထွန်းလာခဲ့ခြင်း မဟုတ်လျှင်သော်မှ၊ များမကြာမီ နောက်ပိုင်းကာလတွင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါလိမ့်မည်။ ကမ္ဘာကြီးနှင့် ပတ်သက်၍ အတွေ့အကြုံလုံးဝ မရှိသေးဟု ဆိုနိုင်သည့် မိန်းမငယ်လေးတဦးသာ ဖြစ်သည့် ကျမက ကတိပြုခဲ့ပါသည်။ သံသယစိုးစဉ်းမျှ မရှိဘဲ ဤကတိကိုပြုခဲ့ခြင်း ဖြစ်ပါသည်။
“ငါ သူတို့ကို လုံးဝ မမေ့ဘူး။ ငါ သူတို့လုပ်ရပ်တွေကို အမြဲတမ်း အမှတ်ရနေမယ်။ ကျမဘ၀ကို ပိုတိုးတက်ကောင်းမွန် အောင် တည်ဆောက်မယ်။ အားလုံးအတွက် ကျမ ဆက်လုပ်ပေးမယ်။ အကြောင်းကတော့ ကျမက အသက်ရှင်ကျန်ရစ် နေပြီး၊ သူတို့က အသက်မရှင်နိုင်ကြတော့ဘူး။ ဒီလို အဖြစ်ဆိုးမျိုး နောက်တခါ ထပ်မဖြစ်စေရဘူး။ တီယင်အန်မင် ယင်ပြင် က ကျောင်းသားတွေ ကိုယ်စား၊ သူတို့ကိုယ်စား ကျမ ကမ္ဘာကို ဆက်လက် နှိုးဆော်သတိပေးနေမယ်။ သူတို့ဟာ ကျမရဲ့ သူရဲကောင်းတွေ ဖြစ်တယ်။ ကျမရဲ့ အကိုအမတွေ။ သူရဲကောင်းတွေ ဖြစ်တယ်။ ”
ကျမက ဤကတိကို အလျင်အမြန်ပင် ပြုခဲ့သည်။ လုံးဝမကြောက်မရွံ့၊ ရိုးသားစွာပင် သစ္စာပြုခဲ့သည်။ ပြုခဲ့သည့် သစ္စာအတိုင်း ဖြစ်နိုင် မဖြစ်နိုင် ကျမ မတွေးတောမိခဲ့။ ဤကတိအတိုင်း အထမြောက်စေရန် မည်သို့ ဆက်လက် ဆောင်ရွက်ရမည်ကိုလည်း ကျမ မစဉ်းစားမိခဲ့။ ကျမသိသည်ကတော့ ဤအချက်က မှန်သည်ထင်သည့်အတိုင်း ဆုံးဖြတ်ချက်ချခဲ့ခြင်းသာ ဖြစ်သည်။ ကျန် လူကြီး အများကလည်း ဤအတိုင်း လောက်စပီကာ အသံချဲ့စက်မှနေ၍ အော်ဟစ်ကြွေးကြော်နေကြသည် မဟုတ်ပါလား။
ယခုည ကျမဤစာရေးနေသည့်အချိန်တွင်မှ ကျမ ဤဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်၍ သတိရ နေမိပါသည်။ ကျမ ပြန်တွေးနေမိသည် မှာ ကျမရေးခဲ့သမျှ၊ ကျမတင်ခဲ့သည့် ဓါတ်ပုံများ၊ အနုပညာဖန်တီးချက်များအားလုံးသည် ဒီမိုကရေစီ အရေးအတွက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ကျမ စည်းရုံးဆောင်ရွက်ခဲ့သည့် ဆိုင်ဘာ-ဆန္ဒပြပွဲမှတဆင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ကျမ သဘောတူညီ လက်ခံ ဆောင်ရွက်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်း အင်တာဗျူးများ၊ ကျမ ထုတ်ဖော်ရေးသား ခဲ့သည့် ဇာတ်လမ်းများမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကိုင်စွဲ ဆောင်ရွက်ခဲ့ရုံမျှသာမက၊ ကျမကိုယ်တိုင် ဤလွတ်လပ်ခွင့်အပေါ်တွင် အရူးအမူး ယုံကြည်သက်ဝင်၍ ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။ ထိုမျှမက တနည်း ဆိုရသော် ကျမ၏ မသိစိတ်ကို ကျေနပ်နှစ်သိမ့်နိုင်ရန် အစာကျွေးနေခြင်းလည်း ဖြစ်နိုင်သည်။ ဘလော့ရေးသားခြင်းက ကျဆုံးခဲ့ရသူများအတွက် ကျမပြုခဲ့သော ကတိက၀တ်ကို ဖြည့်ဆီးနိုင်ရန် အတွက်များစွာ အထောက်အကူ ပြုခဲ့သည်။
ကျမ ယခုကဲ့သို့ ရေးနေရခြင်းမှာ “ကျောက်တောင်” (Glutter) ဟူသော ဘလော့စာစဉ်ကို ဖန်တီး၍ ဆက်လက်ရေးသား ခဲ့ရခြင်း အကြောင်းကို လူအများသိရှိစေရန် လိုအပ်မည်ဟု ယူဆမိသောကြောင့်လည်း ဖြစ်သည်။ ကျမက အခြားသူများ ချမှတ်ထားသော စည်းမျဉ်းများကို မလိုက်နာဘဲ၊ မည်သည့်ပုံစံကိုမျှ ကူးမချဘဲ ကိုယ်ပိုင်ဟန်ဖြင့် စခဲ့သည်။ သေချာသည် မှာ ကျမနာမည်ကြီးချင်သောကြောင့် မဟုတ်သလို၊ လူအများ အာရုံစိုက်မှု ရလိုသောကြောင့်လည်း မဟုတ်ပါ။ တခါတရံ လူအများက အာရုံသိပ်စိုက်လာကြသည့် အခါ ကျမက ဘလော့တွင် တိတ်နေပြီး၊ ဘလော့ကို ခေတ္တ ခဏမျှ သေသွားစေရန် လည်း ရပ်ဆိုင်းထားခဲ့ပါသေးသည်။ အကြောင်းက ကျမရေးလိုသည်ကိုသာ ရေးသားဖော်ပြနေသောကြောင့် ဖြစ်သည်။ မည်သည့်ဖိစီးမှုမျှမရှိဘဲ အကြောင်းအရာတခုကို သိသင့်သည်ဟု ယူဆသည့်အတိုင်း ရေးသားလိုသောကြောင့်လည်း ဖြစ်သည်။ ကျမ ကြိုက်သလို အလိုကျ ရေးလိုသောကြောင့်လည်း ဖြစ်သည်။
ဘလော့တခု စရေးရန် ကြံစည်နေသူများအတွက် ကျမအကြံပေးလိုသည်မှာ သင်ကိုယ်တိုင်၏ အသံမှလွဲ၍ မည်သူ့ကိုမျှ နား မထောင်ရန် ဖြစ်ပါသည်။ အခြားသူများ၏ ဘလော့များကိုလည်း အားကျကြည့်မော မနေပါနှင့်။ ပြိုင်ဆိုင်မနေပါနှင့်။ မည်သည့်ကိစ္စ များကို “မဖြစ်မနေ ဆောင်ရွက်ရန်”ဟူ၍ စာရင်းချထားပြီး လုပ်နေခြင်း၊ တခုခုကို ရည်ရွယ်ချက်ထားပြီး လုပ်နေခြင်းလည်း လုပ်မနေ ပါနှင့်။ ကျမက စည်းမျဉ်း အများအပြား ချိုးဖောက်မိခဲ့သည်။ ရှင်းရှင်းလေး၊ ကျမက ဤစည်းမျဉ်းများကို သိရှိမထားသလို၊ ကျမ ကောင်းသည်ထင်သည့်အတိုင်း လုပ်နေ သောကြောင့်လည်း ဖြစ်သည်။
သင်ဘလော့ခုကို စရေးမည်ဆိုလျင် ဘလော့စဖွင့်၊ ရေးလိုက်ရုံသာဖြစ်သည်။
ဆက်ပြီး ဘလော့ကို ဆက်ရှင်သန်နေစေလိုလျင် သင်ပြောချင်သမျှကို ရေးသား၊ မှတ်တမ်းတင်ထားလိုက်ရုံသာ ဖြစ်သည်။
ကျမတို့အားလုံးလိုလိုပင်၊ တချိန်မဟုတ် တချိန် နိုင်ငံရေးထက်သန်နိုးကြားလာမှုမျိုးကို ကြုံဖူးပါလိမ့်မည်။ ဆိုလိုသည်မှာ မတရား မမျှတမှုကို ကျမတို့ သိမြင်နားလည်လာသည့်အချိန်၊ ဤကိစ္စကို ပြုပြင်မှရတော့မည်ဟု မြင်လာသည့် အချိန်မျိုး ဖြစ်ပါသည်။ သို့ မဟုတ်ပါက သင်၏ ကိစ္စတခုခုကို လက်ကိုင်ထားပြီး တစိုက်မတ်မတ် ဆောင်ရွက်လှုပ်ရှားနေသည့် လှုပ်ရှားသူ အက်တီဗစ်တဦး ဖြစ်မလာနိုင်ပါ။ ဤသို့ ကိစ္စတခုအပေါ် မတရား၊ ပြောင်းလဲရတော့မည်ဟု သိမြင်နားလည် လိုက်မှုက သင့်ကို လမ်းကြောင်းပေး လမ်းညွှန် ဦးဆောင်သွားလိမ့်မည် ဖြစ်သည်။ ထိုအခါ အပြောင်းအလဲ ဖြစ်ပေါ်လာ စေရန်အတွက် တိုက်ခိုက်ရန်၊ လှုပ်ရှားဆောင်ရွက်ရန် အခြားသူများကို တိုက်တွန်းနှိုးဆော်ဖို့လည်း သင့်တွင်အားမာန် ရှိလာလိမ့်မည်ဖြစ်သည်။ သင်၏ ခိုင်ကြည်သော သံန္နိဌာန်ကို လည်း အခြားသူများထံ ကူးစက်ရောက်ရှိစေနိုင်လိမ့်မည် ဖြစ်သည်။ ဤအချက်က ဒီတည ကျမမျှဝေချင်သော ကျမ၏ စဉ်းစား တွေးခေါ်ချက်သာ ဖြစ်သည်။
အခုတော့ ည ၂း ၃၃ နာရီ ရှိပြီ။ သေနတ်သံများကို ကျမကြားနေရသည်။ ဒိုင်း-ဒိုင်း-ဒိုင်း။ ယခုလိုအချိန်မျိုးတွင် ကျမနှစ်တိုင်း ပြန်လည် ကြားယောင်နေရသော သေနတ်သံများလည်း ဖြစ်သည်။ ထိုအချိန်က ကျမ ၁၅ နှစ်သာ ရှိသေးသည်။ ကျမ ကြုံတွေ့ ခဲ့ရသလို အဖြစ်မျိုး အတွက် သိပ်နုနယ်လွန်းသေးသော အရွယ်မျိုးလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မည်။ သို့သော် အချို့သောသူများက ငယ်ရွယ်နုနယ်စဉ်မှာပင် သေဆုံး ခဲ့ကြရလေပြီ.... ။
Friday, November 2, 2007
ကျဆုံးသွားခဲ့ရသူများအပေါ် ကျနော်တို့ ကတိတည်ပါမည်။
Posted by ရွက်မွန် at 12:37 AM
Labels: အောင်သူငြိမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment