ရွက်မွန်စာမျက်နှာ

Wednesday, October 31, 2007

ဒီမိုကရေစီထွန်းကားခြင်းသာ ပို၍ အကျိုးအရှိဆုံး

ပြီး
ခဲ့သည့်အပတ်က အိန္ဒိယနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဆင်းရဲသား လယ်သမားများ အစိုးရကို ဆန္ဒပြခဲ့သည့် ဖြစ်ရပ်နှင့် အိန္ဒိယ၏ ဒီမိုကရေစီကျင့်စဉ်တို့ အကြားတည်ရှိနေသည့် ဆက်နွယ်နေခြင်းကို တင်ပြလိုသည်။ ဒီမိုကရေစီ တည်ရှိ ကျင့်သုံးနိုင်ခြင်း၏ အကျိုးဆက်ကို ထိုဆန္ဒပြပွဲမှ တဆင့်တိုက်ရိုက် ထင်ဟပ်နေသည် ကိုလည်း မြင်နိုင်သည်။

အစိုးရ ရုံးစိုက်ရာဖြစ်သော နယူးဒေလီမြို့တော်သို့ ဆင်းရဲသားလယ်သမား (၂၀, ၀၀၀) ကျော် ချီတက်လာခဲ့ သည်။ ထိုလယ်သမားတချို့သည် ဇတ်နိမ့်များဖြစ်သည်။ တချို့ကတော့ Tribe ဟုခေါ်သော လူနည်းစု မျိုးနွယ်ဝင် အုပ်စု ကလေးများ ဖြစ်သည်။ တချို့ကတော့ ဇာတ်နိမ့်ထက်ပင် ထပ်၍နိမ့်ကျသော လူအုပ်စု လယ်သမားများ ဖြစ်သည်။ ထိုလယ်သမားတို့သည် နယူးဒေလီအထိ ရောက်အောင် ကီလိုမီတာ (၆၀၀) ကျော် ခရီးကို လမ်းလျောက်ချီတက်လာခဲ့ကြသူများ လည်းဖြစ်သည်။

ထိုလယ်သမားတို့သည် ရိုးရာအစဉ်အလာအားဖြင့် ထွန်ယက်စိုက်ပျိုး လုပ်ကိုင်စားသောက် လာခဲ့သော လူများ ဖြစ်သည်။ သို့သော် ထိုလယ်သမား အများစုသည် ကိုယ်ပိုင်လယ်ယာမြေ ပိုင်ဆိုင်ခြင်းမရှိ။ မြေယာမဲ့ လယ်သမားများက အများစုဖြစ်သည်။ ကိုယ်ပိုင် လယ်ယာမြေ ပိုင်ဆိုင်သူများမှာလည်း အနည်းစုဖြစ်သလို ပိုင်ဆိုင်ထားသည့် လယ်ယာ မြေပမာဏမှာလည်း ပြောပလောက်အောင် များများစားစားမရှိ။ အသေးစား လယ်သမားများသာ ဖြစ်သည်။

သူတို့ဘာကြောင့် နယူးဒေလီမြို့တော်သို့ ချီတက်လာကြသနည်း။ အစိုးရကို ဘာတွေတောင်းဆိုချင်၍ ဖြစ်သနည်း။ သူတို့တောင်းဆိုမှုတော့ ရိုးရိုးရှင်းရှင်းပင်ဖြစ်သည်။ အိန္ဒိယတွင် လယ်ယာမြေ ပြန်လည်ဝေချမ်းရေး ပေါ်လစီရှိသော်လည်း ထိုပေါ်လစီ၏အကျိုးကို မခံစားရသော လယ်သမားများ အများအပြား ရှိနေဆဲဖြစ်သည်။ ထို့အတွက် ဆင်းရဲသား မြေမဲ့လယ်သမား အများအပြား ဆက်၍တည်ရှိနေသည်။ သူတို့တောင်းဆို သည်ကတော့ မြေမဲ့ယာမဲ့ လယ်သမားများအတွက် လယ်ယာမြေပြန်လည် ဝေခြမ်း ပေးရန်ဖြစ်သည်။ ထို့အပြင် မြေကလေးအနည်းအကျဉ်းသာ ပိုင်ဆိုင်သော လယ်သမားများကလည်း သူတို့ပိုင်ဆိုင် သည့် မြေယာတို့ အကာအကွယ်ကင်းမဲ့ နေရသောကြောင့် အစိုးမှ အကာအကွယ် ပေးရန်ဖြစ်သည်။ ထိုဆင်းရဲသား လယ်သမားများ၏ ဒေသတွင် အထူးစက်မှုဇုံများ တည်ဆောက်ရန် အစိုးရမှ စီစဉ်နေသည်။ ဤအစီအစဉ် အတိုင်းသာ ဆက်လက်အကောင်အထည်ဖေါ်ပါက ဆင်းရဲသော မြေမဲ့လယ်သမားများသာမက အသေးစား မြေယာပိုင်ဆိုင်သည့် လယ်သမားများသည်လည်း သူတို့မြေများ ဆုံးရှုံးကြရမည် ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် တရုတ်ပြည်နှင့်အပြိုင် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသည်။ နောင်လာမည့် အနှစ် (၂၀) တွင် ထိုနှစ်နိုင်ငံသည် အာရှတိုက်အတွင်း မှာသာမက ကမ္ဘာနှင့်ရင်ဘောင်တန်း၍ စီးပွားရေး တိုးတက်လာမည့် နိုင်ငံများ ဖြစ်ကြောင်း စီးပွားရေးပညာရှင်တို့က သုံးသပ်တွက်ချက်ထားသည်။ ထို့အတွက် အိန္ဒိယ အစိုးရသည် စက်မှုဖွံ့ဖြိုး တိုးတက်ရေးအတွက် သည်နှစ်များအတွင်း ပို၍ဦးစားပေးလုပ်ကိုင်လာသည်။ သို့သော်လည်း တဖက်တွင် အိန္ဒိယ၏ လူဦးရေ ၇၄ %သည် ကျေးလက်ဒေသတွင် နေထိုင်၍ လယ်ယာ စိုက်ပျိုးရေးဖြင့် အသက်မွေးနေဆဲ ဖြစ် သည်။ အိန္ဒိယနိုင်ငံ၏ လူဦးရေ သန်းပေါင်း (၁,၁၀၀) တွင် လူဦးရေ သန်း (၄၀၀) သည် သတ်မှတ်ထားသည့် အဆင့်အ တန်းထက် ပိုမိုဆင်းရဲမွဲတေကြသည်။ လူတဦး၏ ပျမ်းမျှ နေ့စဉ်ဝင်ငွေသည် အမေရိကန် (၂) ဒေါ်လာတောင် မပြည့်တတ်။

ဆန္ဒပြသူ လယ်သမားများက သူတို့အနေဖြင့် သူတို့နစ်နာချက်များ တောင်းဆိုသည်ကို အစိုးရက မလိုက်လျှောမ ချင်း နယူးဒေလီမြို့မှ ပြန်လည်ထွက်ခွာမည်မဟုတ်။ သူတို့နေထိုင်ရာ ဒေသများသို့ သူတို့တောင်းဆိုချက်များ မပြည့်စုံဘဲ ပြန်ပါကလည်း မသေချာမရေရာမှု များအကြားတွင် ဆက်လက်နေထိုင်ရမည်။ သို့အတွက် သူတို့ နစ်နာနေရသည်များ မရပါက နယူးဒေလီမြို့တွင် သည်အတိုင်း ဖြစ်သလို ဆက်လက်နေထိုင် တိုက်ပွဲဝင်သွားမည်ဟု ခိုင်ခိုင်မာမာ ရပ်တည်ထားကြသည်။

ထို့အတွက် ပါလီမန်အတွင်းရှိ ပြည်သူ့ကိုယ်စားလှယ်များ ထိုအရေးနှင့်ပတ်သက်၍ အကြိမ်ကြိမ်ခေါင်းခြင်းရိုက်၍ ဆွေးနွေးကြရသည်။ နောက်ဆုံးတွင် အဆိုပါ ဆင်းရဲသား မြေယာမဲ့ လယ်သမားများ တောင်းဆိုသည့် မြေယာ ဝေချမ်းရေးနှင့် လက်ရှိပိုင်ဆိုင်ထားသော မြေယာများအတွက် အကာကွယ်ပေးရန် လယ်သမားထုကြီးကို လူသိရှင်ကြား ကတိပေး လိုက်ရသည်။ မြေမဲ့လယ်သမားတို့နှင့် အသေးစားမြေယာပိုင်ဆိုင်သည့် လယ်သမားများ သူတို့တောင်းဆိုချက် များအတွက် အောင်ပွဲရရှိသည်ဟု ဆိုနိုင်သည်။ ဒီမိုကရေစီရှိသည့် နိုင်ငံပေကိုး။

ဒီမိုကရေစီ ပြဌာန်းကျင့်သုံးသည့် နိုင်ငံများတွင် နိုင်ငံသားတို့သည် သူတို့နစ်နာနေသည့် အချက်များကို အစိုးရများထံသို့ တောင်းဆိုပိုင်ခွင့်ရှိသည်။ အစိုးရများ အနေဖြင့်လည်း ပြည်သူတို့ကို လစ်လျူရှု့၍ မရ။ အစိုးရများသည် ပြည်သူ တို့ ထောက်ခံမှုရှိမှသာ အစိုးရဖွဲ့၍ ရသောကြောင့်လည်းဖြစ်သည်။ အကယ်၍ အိန္ဒိယနိုင်ငံသည် ဒီမိုကရေစီ နိုင်ငံ ရေးစနစ်ကို မကျင့်သုံးသည့် နိုင်ငံဖြစ်နေပါက ထိုသို့လယ်သမားတို့ တောင်းဆိုသည်ကို လစ်လျူရှုထားမည်မှာ အ သေအချာပင်ဖြစ်သည်။ အရင်းအနှီးကြီး သူများလုပ်လိုသည့် ဖွံ့ဖြိုးတိုးတက်မှုကိုသာ ပိုမိုစောင်းပေးရန် သာရှိမည်။ တနှစ်ထက်တနှစ် ပိုမိုတိုးတက်လာသော ဂျီဒီပီကိန်းဂဏန်းများ သည်သာလျှင် လူဆင်းရဲတို့ထက် ပို၍အရေးကြီး သည်ဟု တွက်ချက်မည်မှာ အသေအချာပင် ဖြစ်သည်။

သို့သော် နိုင်ငံတခု၏ ဂျီဒီပီကိန်းဂဏန်းများသည် သတ်မှတ်ထားသော ဇယားများတွင် တိုးတက်လာနေတိုင်း နိုင်ငံသားအများစု ပို၍ချောင်လည်လာသည်ဟု ပြော၍မရ။ အိန္ဒိယရှိ မြေမဲ့ဆင်းရင်းသား လယ်သမားများက သက်သေပြ ဆိုခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံတွင် လူအများစုကြီးက ဆင်းရဲမွဲတေနေသည်။ လူဦးရေ၏ အများစုသည် လယ်ယာစိုက်ပျိုးရေးနှင့် တိုက် ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပတ်သက်၍ အသက်မွေးဝမ်းကျောင်း ပြုနေရ သူများဖြစ်သည်။ သို့သော် ထို လယ်သမားများကို သူတို့ဟာသူတို့ ဖြစ်ချင်သလိုဖြစ်ဟု ပြစ်ထားခဲ့သည်မှာ နှစ်ပေါင်းဘယ်လောက် ရှိနေသည် ဆိုတာကလည်း လူတိုင်းသိသော ကိစ္စဖြစ်သည်။ တသွေးတသံ တမိန့်ဖြင့်အုပ်ချုပ်လာသည်မှာ နှစ်ပေါင်း (၄၅) ရှိခဲ့ပြီလည်း ဖြစ်သည်။

တိုတိုပြောရလျှင် မြန်မာပြည်သည်လည်း ဒီမိုကရေစီထွန်းကားဖို့ မထိုက်တန်သလော။ မြန်မာပြည်သား အားလုံးတို့သည် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်မှ မြစ်ဖျားခံလာသော အကျိုးကျေုးဇူးတို့ကို မခံစားထိုက်တော့ ပြီလော။ စစ်ထဲဝင်မှ တိုင်းပြည်ချစ်စိတ် ရှိသည်ဟုဆိုလျင်၊ စစ်တပ်ကလုပ်သော အလုပ်ကမှသာ တိုင်းပြည်တိုးတက် ဖွံ့ဖြိုးသည်ဟု ဆိုလျင် လယ်ယာချောင်းမြောင်းများ အားလုံးကို ပစ်ထားခဲ့၍ လယ်သမားများ အကုန်လုံး စစ်ထဲဝင်ဖို့သာ ရှိတော့သည်။

လက်ရှိအခြေအနေများအရ ပြောရမည် ဆိုပါက မြန်မာပြည်ပြန်လည်၍ ဒီမိုကရေစီထွန်းကားလာစေရန် အတွက် စစ်တပ်သည် ဘာကြောင့် လူထုခေါင်းဆောင်များနှင့် မဆွေးနွေး မညှိနိုင်းဘဲ နေဖို့ရှိသနည်း။ အားလုံးတိုးတက် ထွန်းကားလာခြင်းသည် ပို၍မကောင်းသလော။

စစ်မှန်သော၊ ရိုးသားသော၊ အမြော်အမြင်ရှိသော တွေ့ဆုံဆွေးနွေးပွဲများ ဆက်တိုက်ပေါ်ပေါက်လာစေရန် စစ်တပ်က ရှေ့မှပို၍လမ်းကို ဖွင့်ပေးသင့်သည်။ ဒီမိုကရေစီသည် အားလုံးအတွက် အကျိုးရှိသော ကျင့်စဉ်ဖြစ်၍ ဒီမိုကရေစီ ပိုမို ထွန်းကားလာစေရန် ဤနေရာမှ တိုက်တွန်းလိုက်ရသည်။

ဇော်မင်း (လူ့ဘောင်သစ်)
၃၁ ရက် အောက်တိုဘာလ ၂၀၀၇ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.