နိုင်
ငံတခုရှိ လူ့အဖွဲ့အစည်းတခုအတွင်း ဖွံ့ဖြိုးတိုးတက်ဖို့ရန် ဆိုသည်မှာ ရွေးချယ်စရာအခွင့်အလမ်း ဘယ်လောက်များများ ရှိသနည်း ဆိုသည့် အပေါ်တွင်မူတည်သည်။ ရွေးချယ်စရာ အခွင့်အလမ်း အများအပြားရှိဖို့ ဆိုတာကလည်း ထိုလူအဖွဲ့ အစည်း အတွင်း အခြေခံအားဖြင့် ပွင့်လင်းမှု၊ လွတ်လပ်မှု ဘယ်လောက်ရှိသနည်း ဆိုတာနှင့် အထူး သက်ဆိုင်သည်။
ယနေ့မြန်မာ့လူ့အဖွဲ့အစည်း၏ နိုင်ငံရေးစီးပွားရေးစနစ်သည် ပွင့်လင်းလွတ်လပ်မှု ဘယ်လောက်ရှိပါသလဲ။ ပိတ်ဆို့နေ သည့် အတိုင်းအတာ နည်းပါးသလော သို့မဟုတ် လိုတာထက်ပိုများ၍ ပိတ်ဆို့နေသလော။ ဤသည်ကို ဆန်းစစ်ကြည့်ဖို့ အလွန် အရေးကြီးသည်။
နယ်ပယ်တိုင်းတွင် ရွေးချယ်စရာ အခွင့်အလမ်း များများစားစား မရှိပါ။ ထိုအထဲတွင်မှ အထူးသဖြင့် လူငယ်များ ရင်ဆိုင် ကြုံတွေ့နေရသော အခြေအနေကို ပိုမို မီးမောင်းထိုး၍ ပြောလိုသည်။ ကျနော်တို့ငယ်စဉ် ကျောင်းသား ဘ၀ကတည်းက မြန်မာနိုင်ငံရှိ လူငယ်များသည် ရွေးချယ်စရာ အခွင့်အလမ်းနည်းပါးခြင်း ဆိုသော ရေစီးကြောင်းကြီးတွင် စီးမျောနေခဲ့ရသည်မှာ ယခုအထိပင်။ ထိုအချိန်က နိုင်ငံရေးစနစ်သည် စစ်ဗိုလ်များ အရပ်ဝတ် လဲဝတ်ထားသည့် အောက်မှာရှိသည့် တပါတီ အာဏာရှင်စနစ်။
ဆယ်တန်းရောက်ပြီ ဆိုကတည်းက မိဘများအဖို့ မိမိတို့သားသမီးများ၏ ရှေ့အနာဂတ်ရေးကို စတင် တွက်ချက်ကြရသည်။ ကျောင်းသားတို့အဖို့လည်း ဆယ်တန်းအောင်ရင် ဘာလုပ်မှာလဲ ဆိုသည့်ကိစ္စက အောင်စာရင်းထွက်ခါနီး လာသည်နှင့်အမျှ စဉ်းစားကြရသည်။ အနာဂတ်အတွက် စိတ်ကူးအိပ်မက်များကို တန်းစီ၍ဇယားချရ စမြဲ။ သို့သော် လူငယ်အများစုကြီး၏ အိပ်မက်များကား နောက်ဆုံးတွင် လေနှင့်အတူ လွှင့်ပါ ပျောက်ကွယ်ကုန်ကြရသည်။
ထိုကာလများဆီက ကျောင်းသားတဦးသည် ဆယ်တန်းအောင်၍ တက္ကသိုလ်တက်မည့် အချိန်တွင် ရင်ဆိုင်ရသော စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ရှိနေသည်။ ဆယ်တန်းအောင်သည့် အချိန်၌ ပထမဆုံး ရင်ဆိုင်ရသည် ကတော့ ဆေးတက်ဖို့ မှီသလားဟု အမေးခံရသော ကိစ္စက လူငယ်တို့အဖို့ အတော်လေး ခံရခက်သော မေးခွန်းဖြစ်သည်။ ဒုတိယ မေးခွန်းကတော့ ဆေးတက်ဖို့ အမှတ်မမှီရင်လည်း (RIT) အာအိုင်တီဟု အတိုကောက်ခေါ်သည့် စက်မှုတက္ကသိုလ် တက်ဖို့ မှီသလားဆိုသော နောက်အမေး ဖြစ်သည်။ အဲသည့် ကျောင်းနှစ်ကျောင်းတွင် တက်ရန် တကျောင်းမှာမှ မမှီပါက ဒီအက်စ်အေ (DSA) ဆိုသည့် စစ်တက္ကသိုလ် တက်ဖို့လျှောက်ထားသလားဆိုသည့် မေးခွန်းပင်ဖြစ် သည်။
အဆိုပါ ကျောင်းသုံးကျောင်း၊ လိုင်းသုံးလိုင်းကို တခုမှမမှီသော ကျောင်းသားကား မျက်နှာငယ်ရသည်။ အနာဂတ်တွင် ဆရာဝန်လည်း မဖြစ်နိုင်၊ အင်ဂျင်နီယာလည်း မဖြစ်၊ စစ်ဗိုလ်ဖြစ်ဖို့ကလည်း ဝေလာဝေး ဆိုသည့် ကျောင်းသားများသည် တန်းမမှီသော မျှော်လင့်ချက်မဲ့သော သူများအဖြစ် ပေတံထိုးအတိုင်းခံရသည်။ ထိုအချိန် ထိုကာလက ထိုသုံးမျိုး သုံးစားသော ဘာသာရပ်များတွင် မချိတ်နိုင်သော ကျောင်းသားများသည် ၀ိဇ္ဇာ၊ သိပံ္ပဘွဲ့များပေးသည့် တက္ကသိုလ် အသီးသီးသို့ရောက်ရှိကြသည်။
ကျောင်းပြီး၍ အဆိုပါ ၀ိဇ္ဇာ၊ သိပံ္ပဘွဲ့များ ရလာသည့် သူများကိုအများက အထင်မကြီး။ ကောင်းစားမည့်သူများဟု လည်းမမြင်ကြ။ တောကျောင်းဆရာများ၊ ချောက်တီးချောက်ချက် ကျူရှင်ဆရာများ၊ ရုံးစာရေးများ အစရှိသည့်ဘ၀ များတွင် ဂိတ်ဆုံးရမည့် သူများအဖြစ် သတ်မှတ်ထားကြသည်။ ထိုအထဲတွင် ဆရာဝန်ချင်းအတူတူ သွားဆရာဝန်များနှင့် တိရစ္ဆာန်ဆရာဝန်များသည်ပင်လျှင် ကံသိပ်မကောင်းသူများအဖြစ် အသတ်မှတ်ခံရသေးသည်။ ဥပဒေနှင့် ကျောင်းပြီးသည့် ကျောင်းသားများ ဆိုပါကလည်း ထီးဖြူဖိနပ်ပါး ဖြစ်မည့်ရှေ့နေများအဖြစ် အမြင်ခံရသည်။ စီးပွားရေး ကဆင်းသော ကျောင်းသားများ ဆိုလျှင် စာရင်းကိုင်အဆင့်လောက်သာ မြင်ကြသည်။ ဆေး၊ စက်နှင့်စစ် လိုင်းများကို ရသော ကျောင်းသားများ သည်သာ တောက်ပသော အနာဂတ်ပိုင်ရှင်များ ဖြစ်ကြသည်။
သည်ကြားထဲ ကျောင်းသားအများစု တက်ရောက်သည့် ၀ိဇ္ဖာ၊ သိပံ္ပဘွဲ့များပေးသော တက္ကသိုလ်များတွင်လည်း ပြဌာန်းထားသည့် မေဂျာဘာသာရပ်များက ရှေးရိုးအစဉ်အလာ အတိုင်းသာဖြစ်သည်။ ၀ိဇ္ဖာသမားများအတွက် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သမိုင်း၊ အရှေ့တိုင်း၊ ဒဿနိက၊ နိုင်ငံတကာဆက်ဆံရေး၊ ပထ၀ီ သည်လောက်ပဲရှိသည်။ သိပ္ပံသမားများ အတွက် ဆိုပါက ဘူမိ၊ ရူပ၊ ဓာတု၊ သတ္တ၊ ဇီဝ၊ သင်္ချာ စသည်တို့လောက်သာရှိသည်။ သည့်ထက်ပို၍ ရွေးချယ်စရာ အခွင့်အလမ်းလည်း ကျောင်းသားတို့တွင်မရှိ။
အဘယ်ကြောင့်နည်း။ ထိုအချိန်က တပါတီအာဏာရှင်အစိုးရအနေနှင့် ပညာရေးသည် လွတ်လပ်၍ ကျယ်ပြန့်ရမည် ဆိုသည်ကို နားမလည်။ နားလည်သော ပညာရှင်များ၏ အကြံပေးချက်များကိုလည်း နားမထောင်။ ထို့အပြင် ကျင့်သုံးနေသော အတုအယောင် ဆိုရှယ်လစ် စီးပွားရေးစနစ်ကလည်း ပညာရေးစနစ် ကျယ်ပြန့်လာရန် အားမပေးသော ပေါ်လစီများသာ ဖြစ်နေသည်။ ရွေးချယ်စရာ များများရှိလာစေရန် လမ်းဖွင့်ပေးမထားသော ချောင်ပိတ်ပညာရေးစနစ် သက်သက်သာ။
တိုးတက်ပွင့်လင်းသော နိုင်ငံများနှင့် ပွင့်လင်းစပြုနေသော နိုင်ငံများတွင် ပညာရေးစနစ်ကို လွတ်လပ်ခွင့် ပေးထားသည်။ မျိုးဆက်သစ် လူငယ်များအတွက် ရွေးချယ်စရာ အခွင့်အလမ်းများ အမြောက်အများ ဖန်တီးပေးထားသည်။ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ် ကျနော်တို့ခေတ်က မကြားဖူးသော ဘာသာရပ်များ အဲသည့်ခေတ်ကတည်းက ထိုနိုင်ငံများတွင် သင်ကြားပို့ချနေသည်။ ဥပမာ အချို့ကိုဆိုရပါက သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး၊ လူနှင့်လူ့ပတ်ဝန်းကျင်အတွက် အကျုံးဝင်သော များပြားလှသည့် လူမှုသိပံ္ပဆိုင်ရာ ဘာသာရပ်များ၊ သတင်းမီဒီယာ၊ အနုပညာနှင့် ပတ်သက်၍လည်း ပန်းချီ၊ ဂီတ၊ ပြဇတ်မှစ၍ အိမ်တွင်းဒီဇိုင်းဖန်တီးသည့် ဘာသာရပ်များအထိ သင်ကြားပို့ချ ပေးကြသည်။
ထိုသို့များပြားလှသော ဘာသာရပ်များကို သင်ကြားပို့ချပေးနိုင်ခြင်းမှာ ထိုနိုင်ငံက လူငယ်များအတွက် ကျောင်းပြီးပါက လောက်လောက်လားလား အသက်မွေးရန် ရွေးချယ်စရာ အခွင့်အလမ်းများ ရှိနေသောကြောင့်ပင် ဖြစ်သည်။ ဆေး၊ စက်၊ စစ်လိုင်းများရမှသာ အာမခံချက်ရှိသော ဘ၀များကို တည်ဆောက်နိုင်မည်ဟု ထိုနိုင်ငံများ၏ နိုင်ငံရေး စီးပွားရေးစနစ်က မပြဌာန်းထား။ လွတ်လပ်သော တိုင်းပြည်များပေကိုး။
ယခင်က တပါတီအာဏာရှင်စနစ်ဖြင့် အုပ်စိုးသူများ မြန်မာနိုင်ငံတွင် မရှိတော့။ ထိုစဉ်က နိုင်ငံရေးနှင့် စီးပွားရေးစနစ်များ မှားယွင်းခဲ့သောကြောင့် ပညာရေးလည်းနောက်ကျကာ လူငယ်တို့ ရွေးချယ်စရာ အခွင့်အလမ်း များများစားစား မရှိခဲ့။ ယခုကာလတွင် လက်ရှိစစ်အစိုးရက စီးပွားရေးစနစ်ကို ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးနေ၍ တိုးတက်လာနေ သည် ဟုဆိုသည်။ ဘာတွေများ တိုးတက်လာပါသလဲ။ ပညာရေးစနစ်သည်လည်း တိုးတက်မလာသည့်အပြင် ပို၍ပင် ဆုတ်ယုတ်လာနေသည်။ အရင်ကခေတ်ကောင်းခဲ့သည့် ဆေး၊ စက်၊ စစ် လိုင်းများတွင် ဆေးနှင့်စက်တို့လည်း ခေတ် မကောင်းတော့။ ကုန်သည်များ၊ ကားပွဲစားများနှင့် အရောင်းအ၀ယ်သမား အကြားတွင် ဆရာဝန်များ ပို၍များလာ သည်ဟုပင် ဆိုကြသည်။
ပြန်လည်ဆန်းစစ်ကြည့် သောအခါ ပါတီစုံဒီမိုကရေစီစနစ်ကို ဦးတည်နေသည်ဆိုသော်လည်း နိုင်ငံရေးပါတီများကို ရှင်သန်ခွင့် ပြုသည်ဟု ဆိုသော်လည်း ရုပ်ပြသက်သက်သာ ဖြစ်နေသည်။ ပါတီစုံစနစ်ကို ဦးတည်ဆောင်ရွက် နေသည် ဟု အသံကောင်းဟစ်သည်။ သို့သော် လိုအပ်သော လွတ်လပ်မှုဆို၍ တခုမှမရှိပါ။ ဘာများပို၍ ထူးလာပါသနည်း။ ဘာမှထူးခြား၍ ပြောင်းလဲမလာပါ။ အဘယ်ကြောင့် ဆိုသော် ယခုစစ်အစိုးရသည်လည်း တပါတီအာဏာရှင် ဖြစ်သောကြောင့်ပင်။ သူတို့ချည်း တိုင်းပြည်ကို အုပ်ချုပ်လာတာ အနှစ် (၂၀) ပြည့်တော့မည်။
မြန်မာ့လူ့အဖွဲ့အစည်းသည် ရွေးချယ်စရာ အခွင့်အလမ်း နည်းနေဆဲပင်ဖြစ်သည်။ ရွေးချယ်စရာ အခွင့်အလမ်းနည်း နေဆဲဖြစ်သည့်အတွက် မွဲနေဆဲလည်းဖြစ်တော့သည်။
ဇော်မင်း (လူ့ဘောင်သစ်)
၇ ရက် နိုဝင်ဘာလ ၂၀၀၇ ခုနှစ်
Wednesday, November 7, 2007
ရွေးချယ်စရာအခွင့်အလမ်း
Posted by ရွက်မွန် at 4:10 PM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment