ရွက်မွန်စာမျက်နှာ

Saturday, November 10, 2007

တခုခုတော့ မှားနေပြီ။ (၀တ္ထုတို)

(၁)

ဤမည်သော အစည်းအဝေးကြီးတခုသို့ ဖိတ်ကြားခံရခြင်းသည် ကိုသုညလေးတို့ အသိုင်းအ၀ိုင်းကြားတွင် ပြောစမှတ်ပြု လောက်သည့် ကိစ္စကြီးတရပ်ဖြစ်နေသည်ကား အမှန်ပင်။ (တကယ်လည်း နှစ်အတန်ကြာအထိ ပြောစမှတ် ဖြစ်ခဲ့သည်)။ လူတိုင်းသည် အစည်းအဝေးဖိတ်စာကို ကြည့်၍ ကိုယ်သန်ရာ အဓိပ္ပာယ်ဖွင့်ဆိုနေကြသည်။ အချို့က “ကမ္ဘာလုံးဆိုင်ရာ အနာဂတ်အရေး”ဟု ဆိုကြ၍ အချို့က “လူသား၊ ကမ္ဘာဂြိုလ်နှင့် နေစင်္ကြာဝဠာအဖွဲ့အစည်း၏ အလားအလာ” ဟု ဆိုကြသည်။ အချို့က “သဘာဝကြီးအား အောင်နိုင်ခြင်း”ဟုဆိုကြ၍ အချို့က “နယ်ခြားမဲ့ ဖြစ်တည်မှု” စသည်ဖြင့် ကိုယ်နားလည်သလို အဓိပ္ပာယ်ဖွင့်ဆိုနေကြသည်။

ထိုထိုဤဤသော အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် အစည်းအဝေးသို့ တက်ရောက်မည့် နိုင်ငံများနှင့် ယင်းနိုင်ငံများမှ ခေါင်းဆောင်များ၊ တတ်/သိပညာရှင်များ၊ သုတေသီများ၊ စောင့်ကြည့်လေ့လာနေသူများ၊ ဟိုရေး သည်ရာ အထူး ကျွမ်းကျင်သူများ၊ ဖိတ်ကြားအပ်သော ပုဂ္ဂိုလ်များ စသဖြင့် ပုဂ္ဂိုလ်ကြီးငယ်များအား အနှောင့်အယှက် မဖြစ်စေနိုင်သော်ငြား ထူးထူးကဲကဲ အာရုံစိုက်ခံနေကြရခြင်းကိုမူ မည်သူမျှငြင်း၍မရ။ သို့နှင့် အခြားသော နိုင်ငံတကာ အသိုင်းအ၀ိုင်းများနည်းတူ ကိုသုညလေးတို့ အသိုင်းအ၀ိုင်းသည်လည်း “ကိုယ်စားလှယ် ရွေးချယ်ရေး”ဟူသည့်ကိစ္စကို ပြဿနာကြီးတရပ်အဖြစ် ရင်ဆိုင်ကြရတော့သည်။

လူတိုင်းတက်ချင်ကြသည့်စိတ်ကို မျိုသိပ်၍ဖုံးဖိထားကြသော်ငြား ကိုယ့်အမည်ကိုယ် မဲပြန်ပေးကြခြင်းကို မဲပြားများ၌ ထင်းထင်းကြီး မြင်နေရသည်မှာ တဒုက္ခ။ ဂျူရီလူကြီးများကိုယ်၌က ကိုယ်စားလှယ် အရွေးခံလိုကြောင်း ထုတ်ပြောကြသဖြင့် ဘေးကျပ်နံကျပ် ဖြစ်ရသည်မှာလည်း တမှောင့်။ ကိုယ့်အဖွဲ့ကိုယ်၊ ကိုယ့်လူကိုယ်၊ ကိုယ့်အမျိုးကိုယ် ပါစေချင်၍ အုပ်စုလိုက် မဲဆွယ်မှုများ အတိုင်းထက် လွန်လာနေခြင်းကို ရှောင်ရရှား ရသည်မှာလည်း တပူပေါ်နှစ်ပူဆင့်။ ကဲ ... သည်လောက်တောင်ဖြစ်လှတာ ကံစမ်းမဲသာ ဖောက်လိုက်ကြပါတော့ဟူ၍လည်း ပြော၍မရ။ ယခုကိစ္စက အရည်အချင်း ရှိသူများထဲမှ အရည်အချင်း အရှိဆုံးသူကို ဆန်ကာတင် ရွေးချယ်ပေးကြရသည့် ကိစ္စ။


ဤနေရာ၌ အလိုလိုရှေ့တန်းရောက်လာရသူမှာ မဲပြာပုဆိုးကြီးဟု လူသိများလှသည့် ကိုသုညလေးပင်ဖြစ်တော့သည်။ အချို့က ကြိုက်၍ အများက မနှစ်သက်ကြသော်လည်း သူတို့၌ အခြားရွေးချယ်စရာမရှိ၊ အစားထိုးစရာမရှိသဖြင့် မှတပါး အခြားမရှိသည်ကို သိသိကြီးနှင့် လက်ခုပ်တီး ပေးနေရသည်မှာ ဆယ်နှစ်ဆယ်မိုး မကတော့။ တဘက်၌လည်း အခြားသူများနှင့် အရည်အချင်းခြင်းတူလျှင်တောင် “ကျေးဇူးရှင်များ”ဟု ခေါ်လျှင်ရနိုင် ကောင်းသည့်(တကယ်လည်း မကြားတကြား ခေါ်ကြပါသည်) “ကျောထောက်နောက်ခံပြုပေးထားသူများ”၊ “ကမကထပြု ဖိတ်ကြားသူများ” နှင့် ပုလဲနံပ သင့်လှသည့် အရည်အချင်း၌မူ ကိုသုညလေးကို မည်သူမျ ယှဉ်၍မရ။ “စည်း” “၀ါး”နိုင်သည်။ စည်းဝါးအရိုက် ကောင်းသည် ဟု ပြောတတ်ကြသည်။

(၂)
ဤမည်သော အစည်းအဝေးကြီးသည် လူအများစိတ်ဝင်စားမည်ဆိုက စိတ်ဝင်စားစရာပင်။ အစည်းအဝေးကျင်းပသည့်နေရာ၊ ကျင်းပ သည့်အချိန်၊ ကျင်းပသည့် နေ့ရက်နှင့် ကျင်းပသည့်ပုံစံတို့သည် အသစ်။ သမားရိုးကျများချည်းနေရာ၌ စိတ်ကူးသစ်များ၊ နည်းပညာသစ်များဖြင့် ပေါင်းစပ်စီစဉ်ထား၍ ဖြစ်မည် ထင်၏။ ကိုယ်စားလှယ်တော်ကြီးများခမျာ အစည်းအဝေးမှ ဟုတ်ပါလေစဟု သံသယတွေးလေး တွေးမိကြသေးသည်။

အစည်းအဝေးကြီး၌ သဘာပတိမရှိ၊ အခမ်းအနားမှူးမရှိ၊ မှတ်တမ်းတင်သူမရှိ၊ ဟိုဖြတ်လျှောက် ဒီဖြတ်လျှောက်နှင့် အရေးပါချင်ယောင် ဆောင်သူမရှိ။ ထိုင်ခုံတိုင်း၌ ကွန်ပြူတာနှင့်ခပ်ဆင်ဆင် ကိရိယာများ တပ်ဆင်ထားသည်။ ယင်းကိရိယာများ၌ ဆွေးနွေးမည့်အကြောင်းအရာများကို မာတိကာ စဉ်အလိုက် ထည့်သွင်းထားသည်။ မိမိနှစ်သက်ရာ အကြောင်းအရာကို မိမိစိတ်ကြိုက်ရွေးချယ်၍ ကြားနာနိုင်သည်။ မိမိ အထူးပြုရာ အရေးကိစ္စကို မိမိကျွမ်းကျင်ရာ ဘာသာစကားဖြင့် ဆွေးနွေးနိုင်သည်။ မည်သူမျှ ကိုယ့်ကိုယ်ကိုယ် မဏ္ဍပ်တိုင် တက်ပြနေစရာမလို။

အဆိုပါ ကိရိယာသစ်များက ဘာသာစကားဖလှယ်ပေးသည့်အလုပ်နှင့် လေကြောရှည်သူများ၏ အပိုဆာဒါး စကားလုံးများကို အလိုအလျှောက် ဖြတ်တောက်ပေးသည့်အပြင် အချက်အလက်အမှားများ ပါလျှင်လည်း ပြင်ဆင် ဖြည့်စွက်ပေးကြသည်။ မိမိပြောနေသည့်အချက်တိုင်းကို ကောက်နုတ်၍ “လူကြီးမင်း ပြောဆိုနေသည့်အချက်သည် မည်သည့်စာအုပ်မှ မည်သည့်အပိုဒ်ကို ကိုးကားပြောဆိုနေခြင်းဖြစ်သည်၊ မည်သည့် ပုဂ္ဂိုလ်၏ စကားကို ကိုးကား ပြောဆိုနေခြင်း ဖြစ်သည်”ဟူ၍ ဖန်သားပြင်၏ အောက်ခြေလိုင်း (စတော့ရှယ်ယာညွှန်းကိန်းများ ရေးထိုးလေ့ရှိသည့် လိုင်းမျိုး) ၌ အဆက်မပြတ် ရေးထိုးပေးနေသဖြင့် သူများအိုင်ဒီယာကို ကိုယ့်အိုင်ဒီယာလုပ်၍ ပြောလေ့ရှိသူများခမျာ ကိုယ်ကျိုးနည်းကြရတော့သည်။

မဲခွဲဆုံးဖြတ်ရသည့် ကိစ္စမျိုးမှလွဲ၍ ဟိုလူ့ ထောက်ခံ၊ သည်လူ့ထောက်ခံနှင့် တဘက်တည်း၊ တသဘောထားတည်းပုံစံမျိုး ရပ်တည်ချက် တူချင် ယောင် ဆောင်ခွင့်မရှိ။ ကိုယ်ပိုင်အယူအဆ မဟုတ်လျှင် လက်မခံ။ ကိုယ်ပိုင်အမြင် မဟုတ်လျှင် လက်မခံ။ အသစ်မဟုတ်လျှင် လုံးလုံးပြောခွင့် မပေးတော့။ မျက်နှာပြောင်တိုက်၍ ပြောချင်သေးသပဆိုလျှင်တော့(ရမရ မသေချာသော်ငြား) အသနားခံစာတင်သွင်းရမည်ဟု တချို့ကဆိုကြသည်။

ယင်းကိရိယာများသည် ဆွေးနွေးသည့်အကြောင်းအရာကို တည်းဖြတ်သုတ်သင်ပေးရုံမျှမက၊ ဆွေးနွေးသူ၏ ပကတိ အရည်အချင်းကိုပါ တိုင်းတာ တွက်ချက်ပေးကြပုံရသည်။ ကိုယ်မပိုင်သည့်အကြောင်းအရာကို ဟန်ကိုယ့်ဖို့ထား၍ ၀င်ရောမိပါက ချောင်းဟန့်သံဖြင့် သတိပေးတတ်ကြ သဖြင့် ကိုယ်စား လှယ်တော်ကြီးများခမျာ လူလူချင်း မရှက်ရ၊ စက်များကို မျက်နှာပူနေရသည်။ စိတ်ထဲရှိသည့်အတိုင်းသာဆိုလျှင် ဤစက်များကို ရိုက်နှက် ဖျက်ဆီးပစ်လိုက်ချင် ကြသော်ငြား ကျိန်ဆဲရုံအပြင် ဘာမျမတတ်နိုင်ရှာကြ။ ခါးစည်း၍ ခံကြရရှာသည်။ မတတ်သာတော့သည့်အဆုံးတွင်မှ မောင်မင်းကြီးသားတို့ရယ် တော်ကြပါတော့ဟု တောင်းပန်ယူကြရသည်အထိ စက်များပြုသမျ နုကြရရှာသည်။

(၃)
အဆုံး၌ အစည်းအဝေးဆုံးဖြတ်ချက်ချမှတ်မည့် အချိန်သို့ ဆိုက်ရောက်လာသည်။ ဤတွင်မှ မီးများထိန်ထိန်လင်းလာ၍ အကြီးအကဲဟု ထင်ရသူများ စင်ပေါ်တက်လာကြသည်။ တကဲ့ကို ဒိတ်ဒိတ်ကြဲခေါင်းဆောင်ချည်းများ ချည်းပါတကား။ ကိုယ်စားလှယ်တော်ကြီးများခမျာ အသက်ရှူ ဖို့ပင် သတိမရကြ။ ဥသျောင်ကြီးဟု ထင်ရသူတဦးက ဆွေးနွေးခဲ့ပြီးသည့် အကြောင်းအရာများနှင့်ပတ်သက်၍ နိဂုံးချုပ်စကား ပြောကြားသည်။

“လူသားများတည်တံ့ရေးအတွက် လူ့သက်တမ်းကို ဆွဲဆန့်သည့်နည်းဖြင့် ကျွန်ုပ်တို့ ကြိုးပမ်းခဲ့ကြပြီးပါပြီ။ ထို့အတူ အသက်ရှည်ဆေးများ ဖော်စပ် တီထွင်သည့်နည်းလမ်းများနှင့် လူလူချင်း သတ်ဖြတ်ညှဉ်းပန်းမှုများအား တားဆီးသည့် နည်းလမ်းများဖြင့်လည်း ကြိုးပမ်းခဲ့ကြပြီးပါပြီ။ ထို့အတူ စစ်ပွဲကြီးငယ်များ အဆုံးသတ်စေရေးနည်းလမ်းများနှင့် ငြိမ်းချမ်းရေးလှုပ်ရှားမှု နည်းလမ်းများဖြင့်လည်း ကြိုးပမ်းခဲ့ကြပြီးပါပြီ။ ထို့အတူ လူသား ချင်းစာနာသည့် နည်းလမ်းများနှင့် လူ့အခွင့်အရေး အပြည့်အ၀ပေးသည့် နည်းလမ်းများဖြင့်လည်း ကြိုးပမ်းခဲ့ကြပြီးပါပြီ။ သို့သော်ငြား အားလုံးသော နည်းလမ်းများခမျာ သဲထဲရေသွန် ဖြစ်ခဲ့ရသည်ချည်း၊ အချီးအနှီး ဖြစ်ခဲ့ရသည်ချည်း ဖြစ်သဖြင့် အကျယ်ချဲ့၍ ပြောကြား မနေလိုတော့။

ကျွန်ုပ် တွေ့ရှိထားသည့် နည်းလမ်းတခုမှာ လူသားများတည်တံ့ရေးအတွက် “လူသားကိုယ်ပွား”ထားရှိရေးဟူသည့် နည်းလမ်းပင် ဖြစ်ပေသည်။ ကျန်ုပ်အနေဖြင့် ကမ္ဘာပေါ်တွင် ရှိရှိသမျှ မည်သူ့ကိုမျှ၊ မည်သည့်အရာကိုမျှ၊ မည်သည့်အတွေး အခေါ်ကိုမျှ၊ မည်သည့်စိတ်ကူး စိတ်သန်း ကိုမျှ၊ မည်သည့်တီထွင်ဖန်တီးမှုကိုမျှ၊ မည်သည့်ထုတ်လုပ်မှုကိုမျှ၊ မည်သည့် အဖြစ်အပျက်ကိုမျှ၊ မည်သည့် အခင်းအကျင်းကိုမျှ၊ နည်းနည်းမျ အဆုံးအရှုံးမခံ လိုတော့။ အရာအားလုံးသည် သူ့တန်ဖိုးနှင့်သူ၊ သူ့အဓိပ္ပာယ်နှင့်သူ ရှိနေကြသည်ချည်းဖြစ်၍ ယင်း အရာအားလုံးအား အရှိကို အရှိအတိုင်း (စက်များက “ပကတိအတိုင်း”ဟု ပြင်၍ပြောပေးကြသည်) မူရင်းမပျက် ကိုယ်ပွားရယူထားရန်ပင် ဖြစ်သည်။

ထို့ကြောင့် လူကောင်းများသည်လည်း လူကောင်းများအတိုင်းရှိ၍ လူဆိုးများ၊ လူလည်လူနပ်များနှင့် လူယုတ်မာများ သည်လည်း မူလ ဗီဇများ အတိုင်း ရှိမြဲရှိနေကြပေလိမ့်မည်။ သွေးချောင်းစီးမှုကို လိုလားသူများနှင့် ငြိမ်းချမ်းရေးကို လိုလားသူများသည်လည်းကောင်း၊ ဖိနှိပ်သူများနှင့် ဖိနှိပ်ခံများ သည်လည်းကောင်း၊ အာဏာရှင်များနှင့် အတိုက်အခံများ သည်လည်းကောင်း နဂိုရှိရင်းစွဲအတိုင်းပင် ဆက်ရှိနေကြပေလိမ့်မည်။ ပဋိပက္ခ များသည် လည်း ဖြစ်မြဲ အတိုင်း ဆက်ဖြစ်နေ၍ ရောဂါဘယများသည်လည်း ထူပြောမြဲအတိုင်း ထူပြောနေကြပေလိမ့်မည်။

လူကြီးမင်းတို့အနေဖြင့် လူဆိုးများအစား လူကောင်းများချည်း ကိုယ်ပွားယူသွားလျှင် မရနိုင်ပြီလော။ ဖိနှိပ်သူများကိုပယ်၍ ဖိနှိပ်ခံများကိုချည်း ကိုယ်ပွားယူသွားလျှင် မရနိုင်ပြီလောဟူ၍ စောဒကတက်လိုကြပေမည်။ (ဖန်သားပြင်၏ အောက်ခြေလိုင်း၌“အာဏာရှင်နိုင်ငံများ တနေ့တခြား နည်းပါးလာနေ၍ အာဏာရှင်များ မျိုးတုံးသွားနိုင်သည်ကို တွေ့မြင် နေရကြောင်း” ဟူသည့် စာတန်းပေါ်လာသည်)။ သို့ဆိုလျှင် လူကောင်းများ ချည်း ရှိနေသည့် ကမ္ဘာကြီးတခုကို စိတ်ကူးဖြင့် ပုံဖော်ကြည့်ကြပါစို့။ လူကြမ်းမပါသည့် ရုပ်ရှင်ကားတကားကို ကြည့်ရသည်နှင့် ဘာများ ထူးပါဦး မည်နည်း။ ဗီလိန်မပါသည့် လွမ်းခန်းကို ကြည့်ရသည်နှင့် ဘာများထူးပါဦးမည်နည်း။ ဤမျှဆိုလျှင် ကျွန်ုပ်၏ဆိုလိုရင်းကို သဘောက်ပေါက် လောက်ပြီ ထင်သည်။

ကျွန်ုပ်တို့၏ အန္တိမရည်မှန်းချက်မှာ လူသား၊ ကမ္ဘာဂြိုလ်နှင့် နေစင်္ကြာဝဠာအဖွဲ့အစည်းတခုလုံးအား ကိုယ်ပွားရယူထား ရန်ပင် ဖြစ်သည်။ တိတိကျကျ ဆိုရလျှင် ဖြစ်တည်မှုနှင့် ချုပ်ငြိမ်းမှုတို့ကိုပိုင်းခြားထားသည့် နယ်နိမိတ်မျဉ်းမှန်သမျှအား နယ်ခြားမဲ့အောင် ပြုလုပ်ရေးပင်ဖြစ်ပေသည်။

(၄)
ဤမည်သော အစည်းအဝေးကြီးမှ ပြန်လာပြီးနောက် တမူထူးခြားလျှက်ရှိသည့် ကိုသုညလေး၌ သတိမပြုမိဘဲကို မနေနိုင်လောက်သည့် အသစ်များကို တွေ့မြင်လာရသည်။ ဇိုးဇိုးဇတ်ဇတ် သွားနေရာမှ ဖြည်းဖြည်းငြင်ငြင် သွားသည်။ ဟက်ဟက်ပက်ပက် ပြုံးနေရာမှ လေးလေးနက်နက် ပြုံးသည်။ ဟောင်ဖွာဟောင်ဖွာပြောနေရာမှ တွေးတွေးဆဆ ပြောသည်။ အကြောက်အကန် ငြင်းခုန်လေ့ရှိရာမှ ချိန်ချိန်ဆဆ ထောက်ပြလာသည်။ ဒီလူတော့ တခုခု လုပ်ချေဦး တော့မည်ဟု ကြိုမှန်းထားကြသူများပင်လျှင် ဤမျအထိ အချီကြီးလုပ်လိမ့်မည် ဟူ၍တော့ ထင်ထားကြပုံမရ။ မသကာ လွန်ရောကျွံရော ပေါ်ပင် ပရိုပိုဆယ် တခုလောက်နဲ့ ခပ်လတ်လတ် ပရောဂျက်သာသာလောက်ပဲ ဖြစ်မှာပါဟု ဖော့တွေး လေး တွေးထားကြပုံရသည်။

သို့သော် ကိုသုညလေး၏ ဆူပါပရောဂျက် မြစ်ကြောင်းကြီးသည် ထိုထိုဤဤသော ထင်မြင်ချက် ကမ်းပါးကြီးငယ်များကို ထိုးချတိုက်စား၍ အသိုင်း အ၀ိုင်းတခုလုံးအား ဖွေးဖွေးလှုပ်မျှ ဖုံးလွှမ်းပစ်လိုက်သည်မှာ ၀ါဆိုဝါခေါင်ရေဖောင်ဖောင်ဟု ပြောရမတတ်ပင်။ “မှိုရသည့်မျက်နှာ” ဟူသည့် ဝေါဟာရကို သုံးစွဲနေကြသော်ငြား မှိုရှာဖော်အချင်းချင်းကလွဲလျှင် တကယ်တမ်း တွေ့ဖူးသူ နည်းလှပေမည်။ ယခုမူ ပရောဂျက်သမား အချင်းချင်းမို့ ကိုသုညလေးကို မြင်ယုံနှင့်ပင် သပိတ်ဝင် အိတ်ဝင် ပရောဂျက်ကြီးတခုဖြစ်မည်မှန်း တန်းခနဲ သိလိုက်ကြတော့သည်။

လစာထုတ်ရက်များ၌ တွေ့ရလေ့ရှိတတ်သည့် စာရေးစာချီများ၏ အိမ်အပြန်မျက်နှာပေးမျိုးဖြင့် ပြန်ရောက်လာသည့် ကိုသုညလေးကို ကြည့်ရုံမျဖြင့် ပရောဂျက်ကြီးတခု ဆုပ်ဆုပ်ကိုင်ကိုင်ရလာခဲ့ပြီဆိုသည့်အချက်ကို တကူးတကမေးနေစရာမလိုတော့။ မည်မျကြီးမားသည့် ပရောဂျက်ကြီး တခုဖြစ်သည်ကို တိုင်းတာရခက်စေသည့် အဖြစ်အပျက်များ ဆက်တိုက်ဆိုသလို ဖြစ်လာကြသည်။ မြေအကျယ်ကြီး၌ တံတိုင်းအမြင့်ကြီးကာ၍ အဆောက်အဦကြီး တခုဆောက်လုပ်ခြင်း။ မကင်းရာမကင်းကြောင်းနှင့် နီးစပ်ရာအသိုင်းအ၀ိုင်းများမှ လူသစ်အများအပြားကို ခေါ်ယူခန့် ထားခြင်း။ ဓာတ်ခွဲခန်းဆန်ဆန်၊ စမ်းသပ်ခန်းဆန်ဆန် သုံးဖက်မြင် မှန်လုံခန်းကြီးတခု ဆောက်လုပ်နေခြင်း စသည် စသည်ဖြင့်။

စာအုပ်နှင့် စာရေးကိရိယာအရောင်းဆိုင်ထဲမှ ကမ္ဘာ့မြေပုံစာရွက်လိပ်ကြီးနှင့် မှတ်တမ်းစာအုပ်များပွေ့ပိုက်၍ ထွက်လာခြင်း၊ လမ်းထောင့် စာကြည့် တိုက်မှ ပဋိပက္ခကျမ်းနှင့် အရင်းကျမ်းကဲ့သို့သော သဘောတရားရေးရာ စာအုပ်ထူထူကြီးများအား ပွေ့ပိုက်၍ ထွက်လာခြင်း၊ တိပ်ရီကော်ဒါ အငယ်စား လေးတလုံးဖြင့် လွှင့်သမျသတင်းအကုန် ဖမ်းယူနေခြင်း၊ တွေ့သမျှ လူ အင်တာဗျူး၍ ပြောသမျ လိုက်မှတ်နေခြင်း၊ သတင်းစာများအား ဖြတ်ညှပ်ကပ်လုပ်၍ သတင်းခေါင်းစဉ်များ၊ သတင်းအချက်အလက်များအား မျဉ်းသားနေခြင်း၊ ရုံးပြင်ကနားမှန်သမျှ ၀င်ထွက်နေခြင်းနှင့် အရေးကြီး ပုဂ္ဂိုလ်မှန်သမျှ ချဉ်းကပ်နေခြင်းတို့သည် အသိုင်းအ၀ိုင်းတခုလုံးအား သို့လောသို့လော မေးခွန်းများနှင့် မှိုင်းညို့နေစေတော့သည်။

(၅)
ဤမည်သော အစည်းအဝေးကြီးမှ ကိုသုညလေးအား စမ်းသပ်မှုတခုပြုလုပ်ရန်တာဝန်ပေးလိုက်သည်။ လူသား၊ ကမ္ဘာမြေနှင့် နေစင်္ကြာ ၀ဠာတခုလုံး၏ အနာဂတ်အား ပုံဖော်မည့် နောက်ဆုံးအဆင့် စမ်းသပ်မှုတခုဖြစ်သည်။ ပြုလုပ်ရမည့်ခေါင်းစဉ်က “ပဋိပက္ခများအား အဖြေရှာခြင်း” ဟူ၍။ ကိုသုညလေးအနေဖြင့် နမူနာ ပဋိပက္ခတခုနှင့် ယင်းပဋိပက္ခထဲ၌ ပါဝင်သူများကို ရှာဖွေရမည်ဖြစ်သည်။ သို့သော် သူရှာဖွေရမည့် ပဋိပက္ခသည် တော်ရုံတန်ရုံပဋိပက္ခမျိုးမဟုတ်။ ရှည်လည်းရှည်ကြာ၍ ရှုပ်လည်းရှုပ်ထွေးသည့်ပဋိပက္ခမျိုးဖြစ်ရမည်။ နှစ်ဘက်တည်း ကွက်ဖြစ်နေသည့် သမားရိုးကျ ပဋိပက္ခမျိုးထက် ဘက်ပေါင်းစုံပါဝင်နေသည့် ပဋိပက္ခမျိုးဖြစ်ရမည်။ ထင်ရှား၍ လူအများစိတ်ဝင်စားမည့် ပဋိပက္ခမျိုးလည်း ဖြစ်ရန်လိုသလို အဖြေလည်း ရှာမရသေးသည့်၊ ဖြစ်၍လည်း ကောင်းနေဆဲဖြစ်သည့်၊ တော်ရုံနှင့်လည်း အဆုံးသတ်နိုင်ဦးမည့်ပုံမပေါ်သေးသည့် ပဋိပက္ခမျိုး ဖြစ်ရမည်။

သို့နှင့် ကိုသုညလေး၏ မှတ်စုစာအုပ်ထဲ၌ တိုက်ကြီးများ၏ အမည်များ၊ နိုင်ငံများ၏ အမည်များ၊ နိုင်ငံရေးစနစ် အမျိုးအစားများ စသဖြင့် စုံသည်ထက် စုံလင်လာသည်။ ထိုမှ ပဋိပက္ခအမျိုးအစားများနှင့် ပဋိပက္ခဖြစ်ရာနိုင်ငံများဟူ၍ နယ်ပယ်တခုဆီသို့ ဦးတည်၍ချဉ်းကပ်မိလာသည်။ ထိုမှ ဖြစ်နေသည့် ပဋိပက္ခများ၊ ပဋိပက္ခဖြစ်ဆဲနိုင်ငံများနှင့် ဖြစ်လတ္တံ့သောပဋိပက္ခများ အစရှိသည့် အခိုင်အမာအချက်အလက်များအထိ အတော်လေး ပြည့်ပြည့်စုံစုံ စုဆောင်းရရှိလာသည်။ သို့သော် ဤမျဖြင့် ကျေနပ်နေ၍မရသေး။ အစိုးရရုံးများနှင့် အတိုက်အခံရုံးများသို့သွား၍ မှတ်တမ်းမှတ်ရာများ၊ ထုတ်ပြန် ကြေညာချက်များအား မိတ္တူကူးယူခြင်း၊ ဓာတ်ပုံအထောက်အထားများရယူခြင်း၊ မရှင်းလင်းသည်များကို မေးမြန်းခြင်း၊ တွေ့သင့်တွေ့ ထိုက်သူများနှင့် တွေ့ဆုံခြင်း အစရှိသည့် အလုပ်များအား မနားမနေ လုပ်ရပေလိမ့်ဦးမည်။

သက္ကရာဇ်မှလွဲလျှင် အပိုဒ်လိုက်တူနေသည့် ထုတ်ပြန်ကြေညာချက်များ၊ ကာလံဒေသံမှလွဲလျှင် မနက်ဘဲဥ၊ ညကြက်ဥဟု ပြော၍ရသည့် လုပ်ငန်း အစီရင်ခံစာများ၊ ချုပ်လိုက်လျှင် တကြောင်းတည်းနှင့်ပြီးနိုင်သော်လည်း ခေါင်းစဉ်များခွဲ၍ အတည် အခန့်ရေးသားထားသည့် လုပ်ငန်းစီမံ ချက်များ၊ ရှေ့လုပ်ငန်းစဉ်များ စသည်စသည်ဖြင့် စုစုပေါင်း အနှစ်(၂၀) နီးပါးစာမျှ ရှိသည့် ဖိုင်တွဲကြီးငယ်များအကြား၌ အချက်အလက်များ ရှာဖွေ စုဆောင်းခဲ့ပြီးနောက် သေတွင်းမှလွတ်လာသူ တယောက်လို ကတုန်ကယင်ဖြစ်နေသည့် ကိုသုညလေးကို တွေ့လိုက်ရသူများအဖို့ (သူနှင့်ရော၍) ကိုယ့်ကိုယ်ကိုယ်ပင် သေလူ တယောက်နှယ် ခံစားမိကြသေးတော့သည်။

ပဋိပက္ခတွင်ပါဝင်နေကြသည့်ဘက်အသီးသီးကိုကြည့်ရသည်မှာ တစုံလုံးအရခြုံကြည့်လျှင် “ပွဲပန်း”နေကြပုံရ၍ တခုချင်း အရ ခွဲကြည့်လျှင် “ချောင်ပိတ်”နေကြပုံရသည်။ မည်သူ့ကြည့်လိုက်ကြည့်လိုက် မမြင်ရသည့်ဖိစီးခြင်းတမျိုး၏ လွှမ်းမိုးမှုကိုခံနေကြရပုံရသော်ငြား ၎င်းတို့ကိုယ်တိုင်ကမူ ဤသည်ကိုပင် ၎င်းတို့၏ရပ်ခံနိုင်စွမ်းဟု ယူဆထားကြပုံရသည်။ ကိုယ့်ကြွေးကြော်သံ ကိုယ့်ပြန်ပတ်၍ စကားလုံးပိသည့်ဒဏ်ခံနေရသည်။ ဘာပဲလုပ်လုပ် တူရာလေးစု၍ ဘောင်ဝင်အောင် လုပ်ကြသည်။ လာဘ်မြင်မှုနှင့် အကျိုးစီးပွားရှေ့တန်းတင်မှုတို့တွင် ဧတဒဂ်ပေးရလောက်သည့်အချက်မှာ နေရာသာ ယှဉ်မလုလို့ကတော့ မည်သည့်အခါတွင်မျ မိတ်ပျက်အောင်မပြော။ အရိုးလေး အရင်းလေးကိုပင် ကိုက်ခွင့်ပေးထား တတ်ကြသေးသည်။

(၆)
ကိုသုညလေးနှင့် သူ၏အတွင်းရေးမှူးမလေး မရှပ်တေး (အမည်ရင်းကို မသုံးသည်မှာ ကြာပြီဖြစ်သဖြင့် ကာယကံရှင်ပင် မေ့နေလောက်ပြီ) တို့သည် အတွဲညီသလောက် အလုပ်ဖြစ်သည့် ဆရာတပည့်နှစ်ယောက်ဟုဆိုလျှင်ရသည်။ “မဖြစ်နိုင်ဘူး”၊ “မရဘူး”၊ “မပြီးဘူး”၊ “မလုပ်နိုင်ဘူး”၊ “မလုပ်တတ်ဘူး” ဟူသည့် ဘူးငါးဘူး ကိုရှောင် အိုတောင်မဆင်းရဲဟု ဒုံးဒုံးချခံယူထားသည့် မရှပ်တေး၏ တခုတည်းသော အားနည်းချက်မှာ စိတ်မချ ရခြင်းပင်။ ဘာပဲလုပ်လုပ် ရှပ်ပြာရှပ်ပြာနှင့် စပ်စပ် စပ်စပ်လုပ်တတ်သည့် စရိုက်ကြောင့် အလွဲလွဲအချော်ချော်ဖြစ်ရသည်မှာ အကြိမ်ကြိမ်။ ဘာပဲ ပြောပြော ဒိုးဒိုးဒေါက်ဒေါက်နှင့် ပက်ကနဲပက်ကနဲ ပြောတတ်သည့်စရိုက်ကြောင့် နှာနှပ်ယူရသည်မှာလည်း မသေကောင်း မပျောက်ကောင်း။

စင်္ကြာဝဠာလုံးဆိုင်ရာ ပြပွဲကြီး၏ဆက်တင်ကို နည်းပညာအကူအညီအပြည့်အ၀ဖြင့် ခေတ်အမီဆုံး တည်ဆောက်ထား သည်မှာ စိုးစဉ်းမျှ ယုံမှားဘွယ်ရာ မရှိ။ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ကိုယ်စားလှယ်တော်ကြီးများ၊ အထူးဖိတ်ကြားထား သူများ၊ ဧည့်ပရိတ်သတ်များသည် တခန်းဝင် တခန်းထွက်နှင့် ဟိုမှသည်သို့ ယာဉ်ရထားမျိုးစုံဖြင့် ကူးလူးသွားလာ နေစရာ မလို။ အလျဉ်းသင့်ရာ တနေရာရာ၌ ၀င်ထိုင်၍ ကြည့်လိုသည့် ပြကွက်ကို (ပြခန်း ပေါင်း ရာချီ၍ရှိသော်ငြား လူတိုင်းသည် ကိုသုညလေး၏ ပြကွက်၌သာ စုပြုံတိုးဝှေ့နေကြသည်) ခလုတ်တချက်နှိပ်၍ ရွေးချယ်လိုက်ရုံပင်။

“ကဲ .... မိရှပ်တေး၊ ဒီမှာ မိုက်ကရိုချပ်စ်လေးတွေ။ အဲဒါလေးတွေဟာ လူ့သမိုင်းနဲ့ လူ့အနာဂတ်၊ ကမ္ဘာ့သမိုင်းနဲ့ ကမ္ဘာ့ အနာဂတ်တို့ကို ပြောင်းလဲသွားစေမယ့် ပီဘိ အရာဝထ္ထုလေးတွေပဲ။ ရော့ ... ဟောသည်မှာ ဘူးကလေး (၂) ဘူးရှိတယ်။ ဒီ အနီရောင်ဘူးကလေးမှာ “ဂျီအိုဗွီ” လို့ ရေးထားတာ တွေ့လား။ အဲဒါ အစိုးရအဖွဲ့ဆိုတာကို အတိုကောက် ရေးထားတာ။ ဒီဘက်က အပြာရောင်ဘူးကလေးမှာ “အိုပီပီ” လို့ ရေးထားတာ တွေ့လား။ အဲဒါ အတိုက်အခံအဖွဲ့ဆိုတာကို အတိုကောက် ရေးထားတာ။ နင့်တာဝန်က ဂျီအိုဗွီလို့ ရေးထားတဲ့ မိုက်ကရိုချပ်စ်လေး တွေကို ယူနီဖောင်း ၀တ်ထားတဲ့ စက်ရုပ်တွေရဲ့ နှလုံးသားထဲမှာ ထည့်ပေးပြီး၊ အိုပီပီလို့ ရေးထားတဲ့ မိုက်ကရိုချပ်စ်လေးတွေကိုတော့ အရပ်ဝတ်တွေ ၀တ်ထားကြတဲ့ အတိုက်အခံတွေရဲ့ နှလုံးသားထဲမှာ ထည့်ပေးဖို့ပဲ။

ဒီ မိုက်ကရိုချပ်စ်လေးတွေကို ရောမသွားရစေအောင်နဲ့ မမှားယွင်းရစေအောင် တနိုင်ငံစီခွဲပြီး သီးသန့် လုပ်ထားတာ ဖြစ်တယ်။ ကာယကံ ရှင်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာကိုယ်ပွားကိုသာမက စိတ်ပိုင်းဆိုင်ရာကိုယ်ပွားကိုပါ ရာနှုန်းပြည့်နီးပါး ထပ်တူပြု ထင်ဟပ်ဖော်ပြစေနိုင်ဖို့အတွက် အဆင့်ဆင့် သရုပ်ခွဲ စမ်းသပ်ပြီးမှ နှစ်ရှည်လများ တီထွင်ဖန်တီးထားတာ ဖြစ်တယ်။ ဒါကြောင့် မှားပြီး သွားထည့်လိုက်မိရင်လည်း ပြဿနာရှိတယ်။ လုံးလုံး မထည့်မိ ပြန်ရင်လည်း ပြဿနာ ရှိတယ်။ အဲဒီလူသားပုံတူ စက်ရုပ်တွေမှာ နင်တို့ငါတို့လိုပဲ စဉ်းစားတွေးခေါ်နိုင်တဲ့ ဦးနှောက်တွေ ကိုယ်စီရှိကြတယ်။
သူတို့မှာ မရှိသေးတဲ့အရာက နှလုံးသားပဲ။ နင့်တာဝန်က အဲဒီမရှိသေးတဲ့အရာကို ရှိအောင်လုပ်ပေးရမှာ။ တကယ်လို့ မှားပြီးထည့်လိုက် မိတယ် ဆိုရင်တော့ မတူတဲ့နှလုံးသားနဲ့ ဆန့်ကျင်ဘက်ဦးနှောက်တို့ ပဋိပက္ခဖြစ်ပြီး ကပြောင်းကပြန်တွေ လျှောက်လုပ်ကြလိမ့်မယ်။ တကယ်လို့ မထည့်လိုက်မိဘူးဆိုရင်တော့ နှလုံးသားမပါတဲ့ ဦးနှောက်နဲ့ စာနာနားလည်မှု ကင်းစွာ၊ မေတ္တာတရားခေါင်းပါးစွာ ယုတ်မာရက်စက်ကြလိမ့်မယ်”

(၇)
ကိုယ့်ကိုယ်ကိုယ် ခေသူမဟုတ်ကြောင်း မပြဘဲကို မနေနိုင်သည့် ကိုသုညလေးတယောက် သူ၏ပြကွက်ကို အသပ်ရပ်ဆုံးနှင့် အခန့်ညား ဆုံးဖြစ်အောင် စီစဉ်တင်ဆက်ထားပုံမှာ မြင်သူတိုင်း လက်ဖျားခါ ချီးကျူးကြရသည်။ သူများထက် အခွင့်အရေး ပိုယူထားသည့်နည်းတူ သူယူရသည့် တာဝန်သည် လည်း သူများထက် ကြီးရပေတော့သည်။ တဘက်က တက်လျှင် အခြားတဘက်က တက်မည်မဟုတ်သဖြင့် သူသည် အစိုးရအဖွဲ့နှင့် အတိုက်အခံ အဖွဲ့များကို ခွဲ၍ ဖိတ်ကြားထားရသည်။ တဘက်နှင့်တဘက် ပက်ပင်းမတိုးမိကြစေရန်လည်း သီးသန့်စီစဉ်ပေးထားရသည်။

အစိုးရအဖွဲ့ဝင်များသည် စစ်ယူနီဖောင်းများဝတ်၍ ယာဘက်အခြမ်း၌ ထိုင်နေကြသည်။ ၎င်းတို့၏ရှေ့တွင် အတိုက်အခံတို့၏ ကိုယ်ပွား စက်ရုပ်များက အတိုက်အခံတို့၏ ပင်ကိုယ်စရိုက်အတိုင်း ထပ်တူပြု၍ ထိုင်နေကြသည်။ အတိုက်အခံအဖွဲ့များ ကလည်း မိမိတို့သန်ရာ ၀တ်စုံများ ၀တ်၍ ၀ဲဘက်အခြမ်း၌ ထိုင်နေကြသည်။ ၎င်းတို့၏ရှေ့တွင် အစိုးရအဖွဲ့ဝင်တို့၏ ကိုယ်ပွားစက်ရုပ်များက ဗိုလ်ချုပ်ကြီးတို့၏ ပင်ကိုယ်စရိုက်အတိုင်း ထပ်တူပြု၍ထိုင်နေကြသည်။ ဤသည်ကိုကြည့်၍ ဧည့်သည်အချို့က သူတို့သိသည့်ပုဂ္ဂိုလ်များကို လူနှင့်အမည် မှန်မမှန် ပဟေဠိဝှက်နေကြသည်။ စက်များက ပုဂ္ဂိုလ်တဦးချင်း စီ၏ ကိုယ်ရေးရာဇ၀င်အကျဉ်းချုပ်အား စာတန်းထိုး၍ ရှင်းပြပေးနေသည်ကို ဧည့်သည်အချို့က မှတ်စုလိုက်နေကြသည်။

မတူသည့်အရာနှစ်ခုကို တွဲလျက်တင်ပြပုံမျိုး၊ ဆန့်ကျင်ဘက်အရာနှစ်ခုကို ပေါင်းစပ်တင်ပြပုံမျိုးကို အနုပညာနယ်၌ အားအကောင်းဆုံး ဖန်တီးမှုပုံစံ တခုဟု သတ်မှတ်လက်ခံထားကြသည်။ ယခုက မတူသည့် အရာတင်မက၊ ကွဲလွဲနေသည့် အရာလည်းဖြစ်နေသည်။ ကွဲလွဲနေယုံမျမက ပဋိပက္ခပင် ဖြစ်နေရသည့် အရာလည်းဖြစ်နေပြန်သည်။ ထို့ကြောင့် အားကောင်းယုံမျှမက အသက်ပါဝင်နေသည့် ပဋိပက္ခဇာတ်ခုံကြီး။

သူ့တသက် ဤမျှအရေးပါသည့် ကိစ္စကြီးမျိုး နောက်တကြိမ်လုပ်ခွင့် မကြုံနိုင်တော့ဟူသည်ကို စိတ်က အလိုလို သိနေသည်။ သေမည်ဆိုက သေပျော် လောက်သည့် အတုမဲ့စွမ်းဆောင်ခွင့်ရခြင်းမျိုး။ လောကဓံသည် ပိုင်ပိုင်နိုင်နိုင် ကန်ခွင့်ရတော့မည့် ဘောလုံးတလုံးနှယ် သူ့ဘက် အံကျလာသည်။ သူ့တွင်ရှိသမျှ ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ ၀ီရိယစွမ်း၊ လုံ့လစွမ်းနှင့် ရှိရှိသမျှ စွမ်းရည်တို့ကိုထည့်၍ ကြုံးကန်လိုက်ရပေတော့မည်။

(၈)
သူ၏စိတ်ကူးများနှင့် ဖူးနေပွင့်နေသည့်နွေဦးသည် ခါတိုင်းနှစ်များထက် ထူးထူးကဲကဲ ဝေဆာနေသည် ထင်ရ၏။ သူ၏ ပြတင်းမှကြည့်လျှင် ဟိုး အတော်ဝေးဝေးကို လှမ်းမြင်နေရသည်။ သူ့အိမ်သည် တောင်ကုန်းငယ်လေး၏ထိပ်တွင်ရှိသဖြင့် သူ့ထက်နိမ့်သည့် မြေပြန့်များ၊ သူနှင့် တန်းတူ ဆင်ခြေလျောများ၊ သူ့ထက်မြင့်သည့် တောင်တန်းများကို သူများအထက်မှ စီး၍ မိုး၍ မြင်ခွင့်ရနေသည်မှာ ခံတွင်းတွေ့ဘွယ် အရသာတခု။

လူသားသည် လောဘများ၊ ဒေါသများ၊ မောဟများ၊ သောကများဖြင့် ပြည့်ဖောင်းနေသည့် အတ္တအိတ်ကြီးကို ကျောတွင် ပိုး၍ ဟိုးဝေးဝေး မြေပြန့် တနေရာဆီမှ လှမ်းလာလျက် ဆင်ခြေလျောများတလျောက် ဖြည်းဖြည်းချင်းတက်လာပြီး သူ့အိမ်ကလေး အနီးတွင်မှ လူလုံးကွဲ၍ တဖန် ဟိုးဝေးဝေး တောင်စဉ်တောင်တန်းများနောက်သို့ ၀င်ရောက်ပျောက်ကွယ် သွားလေ့ရှိတတ်ကြသည့် အိုဘယ့် လောကခရီးသည်များ လေလား။

ပြပွဲကြီးတခုလုံး၏ အသက်ပါသည့်အခန်းအရောက်တွင်မှ ရုတ်ရုတ်သဲသဲဖြစ်၍ ပျက်လုခမန်းဖြစ်ခဲ့ရသည်ကို ခုထိ မျက်စိထဲမှ မထွက်သေး။ ကိုသုညလေးသည် သူ့လက်ထဲရှိ အဝေးထိန်းခလုတ်ကို နှိပ်လိုက်ပြီးသည့်နောက် လူသားပုံတူ ကိုယ်ပွားစက်ရုပ်များသည် ထိုင်ခုံများမှ ထလာကြ သည်။ ထို့နောက် တဘက်နှင့်တဘက် လက်ညှိုးငေါက်ငေါက်ထိုး၍ ကက်ကက်လန်အောင် ရန်တွေ့ကြသည်။ မညှာမတာ ဝေဖန်ပုတ်ခတ်ကြသည်။ နင့်နင့်သီးသီးနှင့် မကျေနိုင်မချမ်းနိုင် ကြိမ်းမောင်းမာန်မဲ၍ သတ်မည်ဖြတ်မည်တကဲကဲဖြင့် တချို့က ထိုးကြိတ်ခါနီးသူများ ပြုမူနေကျအတိုင်း အင်္ကျီ လက်များကို ခေါက်တင်၍ တချို့က ယူနီဖောင်းများကို ချွတ်ပစ်လိုက်ကြသည်။ စေ့စပ်မည့်သူမရှိ၊ ဖျန်ဖြေမည့်သူမရှိရုံမျမက ညှိနှိုင်း လိုသည့် သဘော ထားမျိုးပင် မရှိကြသည်ကို တွေ့မြင်လိုက်ကြရသလို အငြိုးအတေး၊ အာဃာတတရား၊ လက်စားချေ လိုစိတ်နှင့် အမုန်းတရားတို့ဖြင့် ၀င်းဝင်းတောက် နေသည့် မျက်လုံးများကိုပါ တွေ့မြင်လိုက်ကြရသဖြင့် သွေးချောင်းစီး တော့မည်ဆိုသည်ကို အားလုံးက သဘောပေါက်လိုက်ကြသည်။

ဤနေရာအရောက်တွင် မျှော်လင့်မထားသည့် ပြဿနာတရပ် ရုပ်ခြည်းပေါ်ပေါက်လာသည်။ လုံးထွေးကုန်သည့် လူအုပ်ထဲတွင် (စက်ရုပ် ဗိုလ်ချုပ်ကြီး များက ယူနီဖောင်းများ ချွတ်လိုက်ကြသဖြင့်) မည်သူက အတိုက်အခံ၊ မည်သူက အစိုးရဟူ၍ ခွဲခြား၍မရတော့။ သူက တချက်ထိုးလျှင် ကိုယ်က တချက်ပြန်ထိုးနေသည်ကိုသာ တွေ့မြင်နေရ၍ မည်သူက မည်သည့်ဦးတည်ချက်ရှိသည်ကို အကဲခပ်၍ မရတော့။ နှစ်ဘက်စလုံး အတူတူလို ဖြစ်ကုန်ကြ သဖြင့် မည်သူက မည်သည့်စိတ်နေသဘောထားရှိသည်ကို ခန့်မှန်း၍မရတော့။ အဆိုးတကာ့အဆိုးဆုံးမှာ မည်သူက မည်သူဖြစ်သည် ဆိုသည်ကိုတင်မက မည်သူကစက်ရုပ်ဖြစ်၍ မည်သူကလူသားစင်စစ်ဖြစ်သည်ဆိုသည်ကိုပါ မည်သူမျှ အတတ်ပြော၍ မရနိုင်တော့ခြင်းပင်ဖြစ်သည်။

ဤသို့ဤနှယ် ရုန်းရင်းဆန်ခတ်ဖြစ်နေသည့် အနိဌာရုံမြင်ကွင်းကြီးကို မည်သူမျ ကြာရှည်မကြည့်လိုကြတော့။ ဧည့်သည်တော်များ၏ မျက်လုံးများသည် ဤပြကွက်ကို တာဝန်ယူထားသည့် ကိုသုညလေးအပေါ် စုပြုံကျရောက်လာကြသည်။ အသင်.... ကိုသုညလေး၊ အသင့် လူစုကို အသင့်ဘာသာ ခွဲပေရော့။ အို ... ကိုသုညလေး အသင့် ပဋိပက္ခကို အသင့်ဘာသာ အဖြေထုတ်ပေရော့ဟု ဆိုနေလေကြသယောင် ထင်ရသည်။

စက်တို့ မည်သည် ပျက်တတ်သည့် သဘောရှိသကဲ့သို့ လူတို့မည်သည်လည်း မှားတတ်သည့်သဘောမျိုး ရှိပြန်ပေရာ အဘယ့်ကြောင့် ဟူ၍တော့ ပြောရခက်လှပေသည်။ မရှပ်တေးသည် “ဂျီအိုဗွီ”ဟု ရေးထားသည့် မိုက်ကရိုက်ချပ်စ် လေးများကို အတိုက်အခံများ၏ နှလုံးသားထဲသို့ ထည့်၍ “အိုပီပီ”ဟုရေးထားသည့် မိုက်ကရိုချပ်စ်လေးများကို စစ်ဗိုလ်ချုပ်ကြီးများ၏ နှလုံးသားထဲသို့ မှားယွင်းစွာ ထည့်လိုက်မိလေသည်လား။ သို့တည်းမဟုတ် မေ့မေ့လျော့လျော့နှင့် လုံးလုံး မထည့်မိခဲ့လေသည်လား။ သို့တည်းမဟုတ် မှန်မှန်ကန်ကန်ထည့်ခဲ့ပါလျှက်နှင့် ပုံတူကိုယ်ပွားများ ကိုယ်၌က မှားယွင်းမှုများနှင့် အသားကျ နေကြလေသည်လား မပြောတတ်။ သို့သော်ငြား တခုခုမှားနေသည်ကား အမှန်ပင် ဖြစ်ချေတော့သည်။ ..

အောင်မော်ဦး
နိုဝင်ဘာ၊ ၅၊ ၂၀၀၇။

9 comments:

Kay said...

အံ့သြစရာ ၀တ္ထုတိုလေးတပုဒ်ပဲ။
မဖတ်လိုက်ရရင် ဟင်းကောင်းတခွက် လက်လွတ်သွားသလို ခံစားလိုက်ရတော့မှာပဲ။
ဖတ်လိုက်ရတော့ မစားရတာကြာပြီဖြစ်တဲ့ ဟင်းကောင်းတခွက်ကို မြိန်ရည်ယှက်ရည်စားလိုက်ရသလိုပဲ။
ကျေးဇူးတင်လိုက်တာ။
ကေခိုင်

Ni said...

I have been here for a long time. I never read about like that in any exile media. This is totally new and really pleasure and satisfy for me. I didn't know Aung Maw Oo but I would like to say I'm really appreciate to Aung Maw Oo.
Daw Ni Ni
Canada

pandora said...

အသုံးအနှုံး အရေးအသား အကြောင်းအရာ အတွေးအခေါ် အလွန်နှစ်သက် သဘောကျစွာ ခံစားသွားပါသည်။ လေးစားပါတယ် ဆရာတို့။

ကလိုစေးထူး said...

ပန်ဒိုရာရဲ့ ဘလော့ဂ်မှာ အညွှန်းတွေ့ရာကနေ ဒီဝတ္ထုတိုကို လာဖတ်ဖြစ်ပါတယ်။ တခေါက်ထဲ ဖတ်လို့ မလုံလောက်တာကြောင့် သုံးလေးခေါက် အထပ်ထပ်ဖတ်ပြီးတော့ ခံစားသွားပါတယ်။

mait said...

ပလုံပေါ်လစီနဲ့ အရိုးကျောက်တည်မာတောင့်ဇာတ်လမ်းမျိုးကို ပုံစံကွဲနဲ့တင်ပြတယ်ပေါ့။ အောင်မော်ဦးဆိုတော့ ရွက်မွန်အုပ်စုထဲက အသစ်ပဲနော်။ လက်သံကလည်း တယ်ညက် တယ်ပြောင်လှတယ်။

တခုတော့ အမြင်ပြောချင်တယ်ဆရာတို့. အပျက်ကို ကိုယ်တိုင်မပြင်တော့ဘဲ အပြင်ထွက်သွားတာ အပြင်က ထွက်ပြောတာ လူညံ့ ။ ကိုယ်တိုင်အပျက်ထဲမှာ ဒိုးတူဘောင်ဖက်နေပြီး ပြင်နိုင်ပြောနိုင်တာ လိုက်ပါရဲတာ လူပီသသူ။

ခေတ်ကိုပြောင်းမယ့်သူဟာ အသဲကောင်းရမယ်. ပွဲတောင်းရဲရမယ် လူ့ညံ့တွေဟာ အခါခါသေကြရတယ်။
တိုက်ပွဲကို တိုက်ပွဲကွင်းထဲမှာဘဲ တိုက်ရဲတဲ့စိတ်မွေးကြပါ။ ကွင်းဘေးက ပါတ်ပြောမနေကြစေချင်ဘူး။

နှမြောလို့ ပြောနေတာ သဘောပေါက်။

နိုင်ငံရေးကွင်းထဲ တခါမှ မရောက်ဖူးသူတွေလည်း ဖတ်နေကြတယ်။ သူတို့ နိုင်ငံရေးစိတ်ကုန်သွားအောင် မလုပ်သင့်ဘူး။ ရင့်မှဖတ်သင့်တဲ့စာ အသိကို နုစဉ်မှာပေးမိရင် နုမှည့်တွေ ဖြစ်ကုန်မယ် ဆိုတာလောက်တော့သိကြပါ။

ပြည်သူများရာစုကြီးပါစေချင်ရင် ဒီလိုစာမျိုးဖတ်ပြီး သူတို့ ပါချင်ကြပါ့မလား။

စကားလုံးတွေ ပြင်းသွားရင် နားလည်ပေး။ စစ်ရေးမှာ ကျည်တတောင့်က လူတယောက်ဘဲ သေနိုင်တာ။
နိုင်ငံရေးကျည်တတောင့်ဟာ လူတသောင်းလည်း သေနိုင်တာဘဲဆိုတာ ပြောလိုက်မယ်။

မိတ်ဆွေစစ်စစ်တွေ လိုချင်တဲ့
မိတ်ဆွေ

Khin said...

“ရွက်မွန်” ရှင့်

ကျမတို့မန္တလေးမှာ “ရည်မွန်”ဆိုတဲ့ တီးဝိုင်းလေးရယ်၊ “ရွက်မွန်”ဆိုတဲ့ ကဖေးလေးရယ်က အသံဆင်ဆင်နဲ့မို့ အမှတ်ရစရာလေးတွေပါ။ ဒီစီက မိတ်ဆွေတယောက် ညွန်းတာနဲ့ ဒီဝတ္ထုတိုလေးကို ဖတ်ဖြစ်ပါတယ်။ ကျမ သိပ်သဘောကျသွားတာနဲ့ ကျမသူငယ်ချင်းဆီကို ထပ်ဆင့်ညွန်းလိုက်ပါတယ်။ သူက မန္တလေးမှာ “ရသစာပေ”နဲ့ ပတ်သက်တဲ့ စစ်တမ်းတခု ပြုစုနေပါတယ်။ သူက ဆရာမာန်မြင့်ရေးတဲ့ “မြန်မာပြည်မှာလုပ်သည်နှင့် အခြား ၀ထ္ထုတိုများ”တို့၊ ဂျိုဇော်ရေးတဲ့ “ချောင်းဟန့်သံ”တို့လို ၀တ္ထုတိုလေးတွေ အကြောင်း အမြဲပြောတတ်ပါတယ်၊ ကျမလည်း ဒီဝတ္ထုတိုလေးနဲ့ပတ်သက်ပြီး ဒီတပါတ်တော့ သူနဲ့ ဖုန်းပြောမယ် လို့ စဉ်းစားထားတာနဲ့ “ရွက်မွန်”ကို နောက်တကြိမ်ပြန်လည်ပါတယ်။ အဲဒီမှာ “မိတ်ဆွေ”ဆိုတဲ့သူရေးထားတဲ့ အမြင်တခုကို မမျှော်လင့်ဘဲ တွေ့လိုက် ရပါတယ်။ ဒါနဲ့ ကျမသူငယ်ချင်းဆီကို ချက်ချင်းပဲ ဖုန်းဆက်ပြီးတော့ ပြောပြလိုက် ပါတယ်။ သူတို့ဆီမှာ အီးမေးတွေ ဖွင့်မရလို့ ကျမပြောပြတာကို လိုက်ရေးပြီးတော့ ဒီလိုမှတ်ချက်ပေးပါတယ်။

ဘုရားရေ ဒီလူ့နှယ် ရသစာပေကို ရင်ဘတ်နဲ့မဖတ်ဘဲ၊ ဘောင်ခတ်ဖတ်တဲ့သူပါလား၊ သူ့လေသံက စာပေစိစစ်ရေးကလိုလို၊ စစ်သားစုဆောင်းရေးကလိုလိုနဲ့တော့်၊ ကွေ့ဝိုက်ပြောမနေဘဲ “သင့်ကို တပ်မတော်မှ အလိုရှိသည်”လို့ တခွန်းထဲပြောလိုက်လဲ ရတာပဲဟာနော့၊ ကိုယ်ကျိုးတော့ နည်းကုန်ပါပြီတော်၊ အောင်မော်ဦးရေ သူ့ကိုကြောက်ပြီး တပ်ထဲတော့ မ၀င်လိုက်ပါနဲ့၊ ကျမတို့ ဒါမျိုးလေးတွေ မဖတ်ရဘဲ နေကုန်ပါအုံးမယ်လို့ လှမ်းပြောပါတယ်။
ကျေးဇူးတင်ပါတယ်ရှင့်

ခင်မင်းဇော် said...

ဘယ်လိုအတတ်ပညာနဲ့ပဲ ရေးရေး
ဘယ်လိုအနုပညာနဲ့ပဲရေးရေး
အာဏာရှင်စစ်အုပ်စုနဲ့ အတိုက်အခံတွေ က
နောက်ဆုံးတော့ တူတူပါပဲလို့ ဆိုလိုထားတယ်လို့
ခံစားရပါတယ်။
ဒါဟာ ဘယ်လိုမှ မဖြစ်သင့်တဲ့ စွပ်စွဲချက်ပါပဲ။
ဒါကိုရေးသူက ဘယ်ဘက်ကနေရေးသလဲ။ ဘယ်လိုစေတနာနဲ့ရေးသလဲ။
ရွက်မွန်ဆိုတာ ဘယ်သူတွေလဲ ဆိုတာကိုပါ သိထားတော့ အင်း......
စဉ်းစားစရာတွေက အများကြီးပါပဲ။
မိတ်ဆွေရဲ့ ရေးသားချက်ကို ကျမက ထောက်ခံလိုက်ပါတယ်။
နှလုံးသားနဲ့ဖတ်ခဲ့လို့ ဒီလိုခံစားလိုက်ရတာပါလို့လဲ
ထပ်ဆင့် ပြောကြားလိုက်ပါတယ်။
လွတ်လပ်စွာ သဘောထားကွဲမိပါတယ်။

ခင်မင်းဇော် said...
This comment has been removed by the author.
Khunmyahlaing said...

ရေးထားတဲ့ ပို့စ်ရဲ့ ဆိုလိုရင်းကိုရော ရေးသူရဲ့ ရည်ရွယ်ရင်းကိုပါ အတွေး ရှုပ်သွားပါတယ်.. ပွင့်ပွင့် လင်းလင်း ပြောရရင် နိုင်ငံရေးပါး မ၀တာလား၊ ၀ လွန်းလို့ပဲ တမင် ဒီလို ရေးသလား၊ မြန်မာနိုင်ငံထဲက ရွှေတိဂုံ က အတုပါ ဆိုတာကို သိသိနဲ့ မပြောတဲ့ ဆရာတော်ကြီးတွေလိုပဲ.. အခြေအနေတွေကို သိသိနဲ့ တမင် မပြောတဲ့ နိုင်ငံရေး သမားကောင်းတွေ အများကြီးပါ ခုတော့ ဒီပို့စ်ကို ဖတ်ရတာ တမျိုးကြီး ခံစားလိုက်ရပါတယ်

သူ့လူ ကိုယ့်ဘက်သားလား ကိုယ့်လူသူ့ဘက်သားလား ဆိုတဲ့ စကားရယ်၊ စာနယ်ဇင်း ကျင့်ဝတ် ဆိုတဲ့ စကားရယ်ကိုပါ တခါတည်း သတိရသွားပါတယ် လွတ်လပ်စွာ ကွဲလွဲတဲ့ သဘောထားကို လွတ်လပ်စွာ ကြေညာတာပါ

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.