ရွက်မွန်စာမျက်နှာ

Wednesday, December 12, 2007

မောင်ကြုံတိုင်း

သူ့
နာမည်အရင်းကဖိုးထင်။ ၀၀ကစ်ကစ် ဖြူဖြူဖွေးဖွေးလေး။ ချစ်ဖို့အလွန် ကောင်းတယ်။ ဒါပေမဲ့ အဖွားဖြစ်သူက သူ့ကို ချစ်စနိုး နဲ့ “မောင်ကြုံတိုင်း” လို့ခေါ်လေ့ရှိတယ်။ အဲသည်တုံးက မောင်ကြုံတိုင်းက အသက်ငါးနှစ် ပြည့်ခါစ လောက်ပဲရှိအုံးမယ်။ သူတို့က အထက်အညာက မြို့လေးတမြို့မှာ နေကြတယ်။ ဖိုးထင်မိခင် ဖြစ်သူက ဖိုးထင်အခါ လည်ပြည့်ခါစ လောက်ကပဲ ဆုံးသွားခဲ့တယ်။ မိတဆိုးလေးမို့ အဖွားဖြစ်သူတင်မက တအိမ်တည်း အတူနေနေကြ တဲ့ ကြီးဒေါ် အပျိုကြီး နှစ်ယောက် စလုံး လဲ တုန်နေအောင် ချစ်ကြတယ်။

အဖွားမှာက မွေးထားတာ သားသမီး ဆယ်ယောက်ရှိတယ်။ ကလေးများ သလားလည်း မမေးနဲ့။ မောင်ကြုံတိုင်း အပါအ၀င် အဖွားမှာ မြေး (၃၁) ယောက်ရှိတယ်။ မောင်ကြုံတိုင်းက အဲသည့်မြေးတွေထဲမှာ အငယ်ဆုံး။ ဒါတောင် သမီးနှစ်ယောက်က အပျိုကြီးတွေ မို့လို့။ ဆုံးသွားတဲ့ မောင်ကြုံတိုင်း အမေက အဖွားရဲ့သားသမီးတွေထဲမှာ အထွေး ဆုံးသမီး။ ဒါကြောင့်လည်း မောင်ကြုံတိုင်းလေးကို အားလုံးဝိုင်း ချစ်ကြတာ။ ညီအကို မောင်နှစ်မ၀မ်းကွဲတွေ က လည်း သူ့ကိုချစ်ကြတယ်။

မောင်ကြုံတိုင်းဆိုတဲ့ နာမည်ရပုံကသည်လို။ အသက်ငါးနှစ်လောက်မှာ မောင်ကြုံတိုင်းက အလွန်သွက်နေပြီ။ စကားပြော တာရော၊ သွားတာလာတာကော၊ တီတီတာတာ လုပ်တာရောအစုံပေါ့။ လူကြီးတွေကို ညာစားတတ်နေတာကို ပြောတာပါ။ အဖွားကမနက်စောစော ဈေးသွားရင်းနဲ့ ဘုရားဆွမ်းတော်တင်ဖို့ မုံ့လုံးရေပေါ်တို့၊ မုံ့ကျွဲသဲတို့၊ မုံ့ ဦးနှောက်တို့၊ ကောက်ညှင်း ငှက်ပျောထုပ်တို့ အစရှိသဖြင့် တမျိုးမျိုးတော့ ၀ယ်လာတတ်တယ်။ ဈေးမှာက လူစားဖို့ တင် ရောင်းတာ မဟုတ်ဘဲ ဘုရား ဆွမ်းတော်တင်ဖို့ အတွက်လည်း မုံ့အရွယ်တော် လေးတွေကို ငှက်ပျောဖက် ခွက်က လေးတွေနဲ့ ထည့်ပြီး အဆင်သင့် ရောင်း ပေးတယ်။

ဘုရားဆွမ်းတော်ကျကို မောင်ကြုံတိုင်းက ကလေးပီပီ အလွန်မက်တယ်။ အဲတာကြောင့် မနက်ရှစ်နာရီ လောက်က တည်းက ဘုရားစဉ်ဖက်ကို သွားသွားပြီး ဆွမ်းတော်ချ သွားပလားဆိုတာ စုံစမ်းထောက်လှမ်းရတာ ကလည်းအမော ပဲ။ အဖွားဖြစ်သူကို ဆွမ်းတော်မချ သေးဘူးလားဆိုတာ ခဏခဏမေးနေပြီး ဆွမ်းတော်ချလိုက်ဖို့ ဂျီကျနေတတ်တယ်။ အဲတာနဲ့ကိုးနာရီ ပတ်ဝန်း ကျင်လောက်ဆိုရင် အဖွားက ဆွမ်းတော်စွန့်လိုက်ရတယ်။ ချက်ခြင်းပဲ မောင်ကြုံတိုင်း လက်ထဲရောက်သွားပြီး အပြတ်အုပ် ထည့် လိုက်တယ်။ ဆွမ်တော်တင်တဲ့မုံ့ အတော်များများကလည်း ချိုတဲ့မုံ့တွေ ဖြစ်လေတော့ ကလေးများ အကြိုက်ဖြစ် နေတာပေါ့။

မနက်ခြောက်နာရီ လောက်ကလည်း မနက်စာစားထားပြီးပြီ။ ကိုးနာရီလောက် မှာလည်းဆွမ်တော်ကျ မုံ့ကိုထပ်စား လိုက်ပြန် တယ်။ နေ့လယ်ထမင်းမစားခင် ကြားထဲမှာလည်း ငှက်ပျောသီးခြောက်တို့၊ မုံ့သြဇာတို့ စတာတွေကိုလည်း အဖွားလစ်ရင် လစ်သလို ပုံးထဲကနေနှိုက်နှိုက် စားသေးတယ်။ မုံသြဇာ ဆိုတာက အညာမုံ့တမျိုး။ တချို့အရပ်တွေ မှာတော့ ကုလားပဲချောင်း လို့လည်းခေါ်ကြတယ်။ ထန်းဖိုဦး ထန်းလျက်ကို အရည်ကြိုထားပြီး ကုလားပဲချောင်း အပေါ်မှာ အုပ်ထားတဲ့ သရေစာ တမျိုး ပေါ့။ ထန်းဖိုဦးထန်းလျက်က အချိုလေးတယ်၊ ဆေးဖက်လည်းဝင်တယ်။ ကျန်တဲ့ ထန်းလျက် အမျိုးအစားတွေနဲ့ မတူဘူး။ ထန်းလျက်ဆိုရင်လည်း မောင်ကြုံတိုင်းက နွားနို့ထန်းလျက်ကိုမှ အကြိုက် ဆုံး။ အဲတာက မလိုင်ခဲလို မျိုးဖြစ်နေတော့ အရသာကလည်း မက်လောက်တယ်လေ။ ထန်းလျက်ဆိုတာကလည်း သံပုံးတွေထဲမှာသူ့ အမျိုးအစားအလိုက် အဖွားက ခွဲသိမ်းထားလေ့ရှိတယ်။ အုန်းထန်းလျက်၊ နှမ်းဖတ် ထန်းလျက်၊ မြေပဲထန်းလျက်၊ ဇီးထန်းလျက် စသဖြင့် အစုံရှိ တယ်။

သည်လိုနဲ့ တနေကုန် သူစားချင်တိုင်းစား၊ စားပွဲပေါ်မှာ ဘာတွေ့တွေ့၊ မီးဖိုထဲမှာ ဘာရှိရှိ သရေစာဆိုရင် အလွတ် မပေးဘဲ ကြုံတိုင်းစားလွန်းလို့ နောက်ဆုံးတော့ ဖိုးထင်ကနေ မောင်ကြုံတိုင်း ဖြစ်လာရတယ်။ သို့သော် ဒီနာမည်ကို အဖွားတဦးက သာခေါ်ပါတယ်။ ကျန်တဲ့ကြီးဒေါ်များ ကတော့ ဖိုးထင် (သို့မဟုတ်) သားလို့ဘဲ သူ့ကိုခေါ်ပါတယ်။ အဖွားက သူ့နာမည် ကို ခေါ်ရင်လေသံက မောင်ကြုံဒိုင်းဆိုပြီး အသံထွက်တယ်။ တခါတရံတော့ မောင်ကြုံဒိုင်းကလေး လို့လည်း ခေါ်ပါသေးတယ်။

အဖွားအိမ်မှာက သရေစာသမောစာဆိုတာ အမြဲလိုလို လှိုင်ဘောလယ် နေလေ့ရှိတယ်။ မောင်ကြုံတိုင်း စားချင်တိုင်း စားနေတာကို ဘယ်သူကမှဝင်ပြီး ‘ဟဲ့’ တချက်တောင် ပြောတာမဟုတ်ဘူး။ သူ့ကိုအဲသလောက် ချစ်ကြတယ်။ အမ ၀မ်းကွဲတွေက တခါတခါတော့ ၀င်ပြောတတ်တယ်။ ဒါပေမဲ့ သူတို့ပြောတာက မစားနဲ့လို့ပြောတာ မဟုတ်ဖူး။ ပြော တာက အညာလေနဲ့ ဘယ်လိုပြောသလဲ ဆိုတော့ “ကောင်လေး စားဂျက်ကတော့ လွင်လွင်းသယ်”။ အဲတာ အများဆုံးပြောတာ။ မောင်ကြုံတိုင်းကလည်း အဲသလောက်တော့ ဘယ်ဖြုံမလဲ။

မောင်ကြုံတိုင်း သရေစာ မက်မောမှန်းသိလို့ အဖွားဖြစ်သူက မုန့်မျိုးစုံ ၀ယ်ထားလေ့ရှိတယ်။ ရခိုင်ငှက်ပျောသီးကို လည်း မကြာခဏ အခြောက်လှန်းသေးတယ်။ အဲတာတွေက ဘုရားပွဲ၊ နတ်ပွဲကျတွေဆိုတော့ အိမ်မှာပြတ်တယ်လို့ မရှိဘူး။ ငှက်ပျောသီးတော်တော်နဲ့ မခြောက်သေးဘူးလား မေးလွန်းလို့ အဖွားဖြစ်သူက ငှက်ပျောခြောက်လှန်းရင် သူ့မြေး မြန်မြန် စားနိုင်အောင် ရခိုင်ငှက်ပျောသီးအမှည့်ကို ထက်ခြမ်းခွဲပြီးမှ ဘန်းတွေထဲ ထည့်လှန်းလေ့ရှိတယ်။ သိပ် မချောက် သေးဘဲ ခပ်ဖန့်ဖန့်ဖြစ်တဲ့ အနေလောက်ဆိုရင်ပဲ မောင်ကြုံတိုင်းအဖို့ စားလို့ရနေပြီ။

ဒီကြားထဲမှာ ကြီးဒေါ်အပျိုကြီးတွေ မြို့ထဲပိုင်းသွားလို့ ပြန်လာတိုင်း မောင်ကြုံတိုင်းအတွက် ကိတ်မုန့်တို့၊ ဘီစကွတ် တို့ အစရှိတဲ့မုံ့မျိုးတွေလည်း ၀ယ်လာတတ်သေးတယ်။ ဒါတွေလည်း မောင်ကြုံတိုင်း အကြိုက်စာရင်းထဲမှာ ပါတာ ပေါ့။ အဖွားက ကော်ဖီကြိုက်တယ်။ အဲတာကြောင့် အိမ်မှာက နို့ဆီကလည်း ဗူးလိုက်ရှိတယ်၊ ပြတ်တယ်လို့ မရှိဘူး။ ဒါကိုလည်း မလွတ်စေရ ဘူး။ လစ်ရင်လစ်သလို မောင်ကြုံတိုင်းက ဇွန်းကလေးနဲ့ ခပ်သောက်လေ့ ရှိပြန်တယ်။ အစ်ကို ၀မ်းကွဲတွေကလည်း သူ့ကို ချစ်တော့ မြို့လယ်ပိုင်း ကိုသွားရင် သူ့ကိုစက်ဘီးပေါ် တင်ခေါ်သွားပြီး ရေခဲမုန့်ဝယ်ကြွေး ဘာညာဝယ်ကြွေး စုံနေတာပါဘဲ။ ဒါပေမဲ့သည် မြို့မှာက အအေးဆိုင်တွေဆိုတာ နွေကြမှဖွင့်လေ့ ရှိကြတယ်။ မြို့ထဲ ဖက်က ရုပ်ရှင်ရုံနားမှာ ဖွင့်တဲ့ စိန်ချစ်တီး အအေးဆိုင်က ဒိန်ချဉ်ဆိုရင်လည်း သူ့အကြိုက်၊ မြို့မတန်းမှာရှိတဲ့ တဆိုင် တည်းသော ဦးကင်းရောင် တရုတ်ပျော်ပွဲစားရုံက ဆီချက်ခေါက်ဆွဲ ဆိုရင်လည်း မလွတ်စေရဘူး။

နောက်အဖွားရဲ့ မီးဖိုချောင်မှာက ချက်စရာပြုတ်စရာနဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေလည်းပေါတယ်။ အခြားမြို့တွေ မှာ ရောက်နေတဲ့ သားသမီးမြေးတွေ လှမ်းပို့ထားတဲ့ ငါးခြောက်ငါးခြမ်း၊ ငပိ၊ ၀က်အူချောင်း၊ ဆတ်သားချောက် အစုံရှိ တယ်။ အမဲခြောက်များဆိုရင် ပေါလွန်းလို့ မာလည်းမာတော့ မောင်ကြုံတိုင်း အကြိုက်စာရင်းထဲမှာ မပါဘူး။ အဖွား ကတော့ အမဲသား မစားဘူး။

ပဲဆိုရင်လည်း အမျိုးအစားလိုက်ခွဲပြီး မြေအိုးတအိုးစီမှာ ထည့်သိမ်းထားလေ့ ရှိတယ်။ ပဲစင်းငုံဆိုရင် ပေါလွန်းလို့ (နည်းနည်း သက်တက်တက် ဖြစ်တဲ့အရသာကြောင့်လည်း ပါမယ်ထင်ပါရဲ့) မောင်ကြုံတိုင်း အပါဝင် နွေဆိုရင် အုပ် လိုက်ကြီး လာလည် လေ့ရှိတဲ့ တခြားမြေးတွေလည်း မစားချင်ကြဘူး။ ထောပတ်ပဲ၊ ပဲကြီး၊ ပဲရာဇာ၊ စွန်တာနီ၊ စား တော်ပဲ၊ ကုလားပဲ၊ မြေပဲ အစုံသူ့အိုးနဲ့ သူရှိတယ်။ အဲသည့် ပဲတွေထဲမယ်မှ မောင်ကြုံတိုင်း အကြိုက်ဆုံး ပဲကတော့ ပဲဇီးကွက်။ သည်ပဲဇီးကွက်က အဖွားတို့လို ပဲပေါတဲ့အရပ်မှာတောင် သူကဈေးပိုကြီးတယ်။ ၀ယ်ချင်တိုင်းလည်း ၀ယ် လို့မရဘူး။ ယာသမားတွေကို ကြိုမှာ ထားမှ ရတယ်။

တချို့ ပိုက်ဆံချမ်းသာတဲ့ လူတွေကတော့ မစိုက်ခင်ကတည်းက အဲသည့်ပဲကို အငံ့ပေးပြီး ၀ယ်ထားပြီးပြီ။ အငံ့ပေး တယ် ဆိုတာကတော့ တောင်သူကို ငွေကြိုပေးတာကို ပြောတာပါ။ အဲသည်နောက် ပဲပေါ်တဲ့ ရာသီရောက်ရင် သည်ပဲဇီးကွက် အကုန်လုံးကို ပေါက်ဈေးနဲ့ သိမ်းတယ်။ သူဌေးစားတဲ့ ပဲလို့တောင် ပြောရမလားဘဲ။

ပဲဇီးကွက်လို့ခေါ်တာက ပဲပုံစံကိုက ပြူးတူးပြဲတဲနဲ့ ဇီးကွက်မျက်လုံးနဲ့ ဆင်တဲ့အမည်းပြောက်တွေ ကလည်းပါတယ်။ အဲတာ ကြောင့် ပဲဇီးကွက်ဆိုပြီး နာမည်တွင်တာပါဘဲ။ ပဲကခပ်ပြားပြား အရွယ်က လူကြီးခြေမ အရွယ်ထက် နည်း နည်းသေးတယ်။ ဒီပဲကို တညရေစိမ်ထား၊ နောက်နေ့မှာ မြေအိုးထည်းထဲ့ပြုတ်၊ နူးလာရင်စားလို့ရပြီ။ အရသာက တော်တော်ရှိတယ်။ ဆီစိမ်း ကလေးဆမ်း ဆားကလေးနဲနဲ ဖြူးပြီးစားရင်တောင် အတော်ကောင်းနေပြီ။ တခြားပဲတွေ လို ထွေလီကာလီ ချက်စရာ မလို ဘူး။ တခြားပဲဟင်းတွေဆို ကြက်သွန်ဖြူ ကြက်သွန်နီ ဆီသတ်ထည့်အုံး ဘာလုပ်အုံး နဲ့ အလုပ်ရှုပ်သေးတယ်။

ဝက်သား၊ ကြက်သားဟင်း ဆိုတာတွေကကတော့ ကြိုက်မယ်ဆိုတာ အထူးပြောစရာမလိုပါဘူး။ မောင်ကြုံတိုင်းအ လွန်ကြိုက် တဲ့ နောက်ဟင်းတမျိုးက နွားနို့ခဲဟင်း။ နွားနို့လတ်လတ် ဆတ်ဆတ်ကို မြေအိုးထဲမှာထည့် မရိုးကိုင်း တ ကိုင်းနှစ်ကိုင်း လောက်ကို ဒါးနဲ့ဖြတ်ပြီးအိုးထဲမှာ စိုက်ထားလိုက်။ အတော်လေးကြာတော့ နွားနို့က ခဲလာတယ်။ ခဲ တယ် ဆိုပေမဲ့ ကျောက်ကျောလို တုံတုံတုံတုံ ဖြစ်နေသေးတယ်။ အဲတာကို ငှက်ပျောဖက် အနုလေးနဲ့ထုတ်ပြီး မီး ကျည်းခဲပေါ်မှာ မှောက်ချီ လှန်ချီ လုပ်ပြီးကင်ရတယ်။ ပြီးရင်နွားနို့ခဲက တော်တော်လေး မာသွားပြီ။ ချက်ခါနီးကြမှ လိုသလောက် အရွယ်ကိုဒါးနဲ့လှီး၊ ကြက်သွန်နီ ခရမ်းချဉ်သီး ဆီသတ်ပြီး ရိုးရိုးပဲ ချက်လိုက်တာပါ။ အလွန်ဆိမ့်တယ်။ ဒါကြောင့် မောင်ကြုံတိုင်း အကြိုက် ဖြစ်နေ တာပေါ့။

ဒီလိုနဲ့ မောင်ကြုံတိုင်း ငါးနှစ်ပြည့်တော့ ကျောင်းစတက်ရတယ်။ ကျောင်းတက်ရတာ အစပိုင်းမှာမပျော်ဘူး။ အိမ်မှာ လို ဂဒီးဂဒီးစားလို့ မဖြစ်နိုင်တော့ဘူးလေ၊ ဒါကြောင့်။ သို့သော် နောက်ပိုင်းမှာတော့ ကလေးတို့ ထုံးစံအတိုင်း အဖော်အပေါင်း များလာတော့လည်း ကျောင်းပျော် လာတာပေါ့။

နောက်အဖွားက ဘုရားရှိခိုးရင် တနာရီလောက် ကြာတယ်။ မနက်တနာရီ ညတနာရီ ပုံမှန်ရှိခိုးတယ်။ မောင်ကြုံတိုင်း ကို လည်း ဘုရားရှိခိုးသင်ပေးတယ်။ သြကာသ၊ သံဗုဒ္ဓေ ကစလို့သင်ပေးတယ်။ ဘုရားတရားကြည်ညိုရင် ဘယ်တော့ မှ မဆင်းရဲ ဘူးဆိုပြီး မောင်ကြုံတိုင်းကို သွန်သင်လေ့ရှိတယ်။ ကလေးဆိုတော့ ဦးတော်သုံးကြိမ်လောက် ချပြီးရင် တော်ပြီ။ တနာရီ လောက် ခြေချုပ်မိနေမှာကို စိုးတယ်လေ။

အဖွားဘုရားရှိခိုးတာ ကြာရတဲ့အကြောင်းက အပိတ်မှာ မေတ္တာပို့ရင် ပါတဲ့လူစာရင်းက များလွန်းလို့။ ဒုတိယ ကမ္ဘာ စစ်တုံးက ဗုံးထဲပါသွားတဲ့ အဖွားရဲ့ ကြီးဒေါ်တယောက် နာမည်ကအစ မေတ္တာပို့တဲ့ အထဲမယ်ပါတယ်။ အဲသည်လူ တွေရဲ့ နာမည် အကုန်လုံးနီးပါးကို မောင်ကြုံတိုင်း အလွတ်ရနေပြီ။ နောက်ဆုံးမှာ အဖွားရဲ့ ဆုတောင်းက ရောက်လေ ရာ ဖြစ်လေရာ ဘ၀တိုင်းမှာ ဘုရားဆုပန် မင်းယောက်ကျား ဧကန်စင်စစ် ဖြစ်ရပါလို၏ ဆိုပြီးပိတ်လိုက်တယ်။ သူ ဆယ်နှစ်သားလောက် ရောက်တော့ တခါတခါ အဖွားကို ဘုရားရှိခိုးတာနဲ့ပတ်သက်ပြီး နောက်တောက်တောက် ပြောလေ့ရှိတယ်။ အဖွားက ကလေးတွေ မွေးရတာများလွန်းလို့ ကြောက်သွားပြီး နောင်ဘ၀မှာ ယောက်ကျားဖြစ်ချင်တာ မဟုတ်လား ဆိုပြီးပြောတာ။ အဖွားက ဘာမှမပြောဘူး ပြုံးလို့သာနေတယ်။

မောင်ကြုံတိုင်း ဆယ်တန်းကျောင်းသား ဖြစ်လာတော့ ကျောင်းတွေဘာတွေ ပြေးတတ်နေပြီ။ တခါသားမတော့ ကျောင်းပြေး တာ ပေါ်သွားလို့ ကျောင်းအုပ်ဆရာမကြီးက မိဘခေါ်ခိုင်းတယ်။ ဒီဟာကိုတော့ မောင်ကြုံတိုင်းအနေနဲ့ အဖွားကိုရော ကြီးဒေါ် နှစ်ယောက်ကိုရော မပြောရဲလို့ အကိုဝမ်းကွဲတွေထဲက အဆူအပူ လုပ်လေ့မရှိတဲ့ အကိုနှစ် ယောက်ကို ချဉ်းကပ်ရတယ်။ သူ့အကို ၀မ်းကွဲတွေက သူ့ထက်ဆယ်နှစ်မက ကြီးတဲ့လူတွေဆိုတော့ ကျောင်းခေါ် သွားဖို့ ယုတ္တိရှိနေတာပေါ့။ ဒါပေမဲ့ ဖိုးကုလားဆိုတဲ့ အကိုဝမ်းကွဲက နည်းနည်းအင်တင်တင် ဖြစ်နေပြီး မလိုက်ဖူးကွာ ဆိုပြီး သူ့ကိုပြောလိုက်တယ်။ ဒါနဲ့ မောင်ကြုံတိုင်းလည်း ဖိုးဇော်ဆိုတဲ့ နောက်အကိုတယောက်ကို မျက်ရည်ခံထိုးရ တယ်။ နောက်တရက်မှာ ကိုဖိုးဇော်လည်း တိုက်ပုံတွေဘာတွေ ၀တ်ပြီးကျောင်းကို လိုက်သွားရတယ်။ ဒါပေမဲ့ခပ် ထိပ်ထိပ်ပဲ။

ကံက ဆိုးချင်တော့ ကျောင်းအုပ်ဆရာမကြီးက အကိုဖြစ်တယ် ဆိုတာကို မယုံဘူး။ ခပ်သွက်သွက် ခပ်လည်လည် ကျောင်းသားတွေက ပြဿနာပေါ်လို့ မိဘခေါ်ဆိုရင် ဆိုက်ကားဆရာတို့၊ မြင်းလှည်းဆရာတို့ကို ပိုက်ဆံပေး၊ တိုက် ပုံဝတ်ခိုင်း ပြီး မိဘအဖြစ် ခေါ်သွားတာ မျိုးတွေရှိတော့ ဆရာမကြီး မယုံဘူးဆိုတာလည်း အပြစ်မဆိုသာဘူး။ မောင် ကြုံတိုင်းကိုရော ကိုဖိုးဇော်ကိုပါ လိမ်ရကောင်းမလား ဆိုပြီးဆူပူ ကြိမ်းမောင်းတယ်။ ဒါကြောင့် နောက်ဆုံးမှာ ကိုဖိုး ဇော်က ဆရာမကြီးကို အကျိုးအကြောင်းရှင်းပြရ၊ အမျိုးစပ်ပြရ စတာတွေလုပ်တော့မှ အဖွားမြေးမှန်း သိသွားပြီး နောက်စာကျိုးစား ဘာညာဆိုပြီး ပြန်လွတ်လိုက်တယ်။ အဖွားက အဲသည်မြို့မှာ ရှေးတုံးက မူလတန်းကျောင်း ဆရာမကြီး၊ ဆုံးသွားတာ ကြာပြီဖြစ်တဲ့ အဖိုးကလည်း အဲသည့်ကျောင်းမှာ အင်္ဂလိပ်ခေတ်တုံးက တန်းမြင့်ကျောင်း ကျောင်းအုပ်ကြီး။ အဲတာနဲ့ ခံသာသွားတာ။

မောင်ကြုံတိုင်းက ကျေးဇူးဆပ်တဲ့ အနေနဲ့ရော နောင်အတွက် အကူအညီလိုရင်လည်း မခက်ရလေအောင် သူ့အကို ကိုဖိုးဇော် ကို ဇစ်ပိုမီးချစ် အတုတလုံး လက်ဆောင်ဝယ်ပေးတယ်။ အစစ်က ဈေးကြီးတော့ မတတ်နိုင်လို့။ လာဘ်ထိုး တာ ဆိုရင်လည်း မမှားဘူးပေါ့။ မလိုက်ဖူးပြောတဲ့ အကိုဖြစ်သူ ကိုဖိုးကုလားကိုလည်း အဖွားအပါအ၀င် ကြီးဒေါ်နှစ် ယောက်ဆီကို သတင်းပြန် မပေါက်ဖို့အတွက် လက်ဘက်ရည်တိုက် ပေါက်စီကြွေးရသေးတယ်။

အဲသည့်နှစ်မှာ မောင်ကြုံတိုင်း ဆယ်တန်းကျတယ်။ ဒါနဲ့ အဖွားဖြစ်သူတွေ ကြီးဒေါ်ဖြစ်သူတွေက ကျူရှင်ကောင်း ကောင်း ယူလို့ရတဲ့ မန္တလေးမှာ ကျောင်းသွားထားပြန်တယ်။ အဖွားသမီးတယောက်က အဲသည်မှာနေတယ်။ အဲ သည့် အဒေါ်အိမ် ကနေ မောင်ကြုံတိုင်း ဆယ်တန်းဆက်ဖြေတယ်။ နှစ်နှစ်ကြာတယ်။ ဆယ်တန်းလည်း မအောင်ပါ ဖူး။ ဒါနဲ့လူကြီးတွေက သည်လိုတော့ဖြင့်ရင် ခက်ခြေမယ်၊ မောင်ကြုံတိုင်းကို ရန်ကုန်သွား ကျောင်းထားရင် ကောင်း မယ်ဆိုပြီး ဖြစ်လာတယ်။ အဖွားသမီး တယောက်ကလည်း ရန်ကုန်မှာရှိတယ်။ ရန်ကုန် သွားနေရမယ် ဆိုတော့ မောင်ကြုံတိုင်းတို့ ပျော်လိုက်တာမှ ဖိုးကျိုင်းတုတ်။

ဒါနဲ့ရန်ကုန်မှာ အပြင်ကျူရှင်တွေ ယူပြီးဆယ်တန်း ဆက်ဖြေတယ်။ မအောင်ပါဘူး။ လူကြီးတွေကတော့ ဆယ်တန်းဆို တာ နတ်ကြီးတယ်၊ ကံမလိုက်သေးလို့ဆိုပြီး ဘာမှ အပြစ်မပြောဘူး။ နောက်ထပ် နှစ်နှစ်ဆက်ဖြေတယ်၊ ဒါပေမဲ့ကျပါ တယ် ခင်ဗျာပေါ့လေ။

ဒီမှာတင်ဘဲ မောင်ကြုံတိုင်းက အဖွားအပါအ၀င် တဆွေလုံးတမျိုးလုံးကို ကြေငြာလိုက်တယ်။ သူသင်္ဘောလိုက်တော့ မယ်။ နိုင်ငံရပ်ခြားမှာ စွန့်စွန့်စားစား သွားအလုပ်လုပ်ပြီး အဖွားနဲ့ကြီးဒေါ်နှစ်ယောက်ကို ကျေးဇူးဆပ်မယ် ဘာ ညာ ပေါ့လေ။ ဒါနဲ့အဒေါ်ဖြစ်သူက ပွဲစားတွေ ဘာတွေကိုဆက် ဘာတွေလိုမလဲ စုံစမ်း စသဖြင့် အလုပ်စရှုပ် တော့တာ ပေါ့။ လေးငါး ခွန်နှစ်လလောက် ကြာတော့ သင်္ဘောလိုက်ဖို့ အဆင်ပြေတော့ မလိုလိုဖြစ် လာတယ်။ ပွဲစားကလည်း ရွှန်းရွှန်းဝေအောင် ပြောတာပေါ့ နီးပါဘီဘာညာပေါ့။ ငွေလည်း ထွက်သင့်သလောက် ထွက်နေပြီ။ ပွဲစားပြောတဲ့ ဘယ်သင်းအတွက် ဘာကြို ပေးရမယ်၊ ဟိုဟာအတွက်လည်း ပေးထားရမယ် စသဖြင့်တောင်းလို့ ပေးထားရတာ။

အဲသည်မှာတင်ပဲ ဗြုံးကနဲဆို မောင်ကြုံတိုင်း မိန်းမခိုးပြေးတယ်။ ရည်းစားရှိနေတယ် ဆိုတာတော့ အရင်ကတည်းက အဒေါ်ဖြစ်သူက သဲ့သဲ့ကြားထားဘူးတယ်။ သင်္ဘောလိုက်ခြင်တယ်ဆိုပြီး ဖြစ်နေတုံး အဲသလို လုပ်မယ်လည်း မထင် ဘူးလေ။ မိန်းကလေး မိဘတွေကလည်း အဒေါ်ဖြစ်သူနဲ့ သိပ်အခင်အမင်ကြီး မဟုတ်ပေမဲ့ သိနေကြတယ်။ မိန်းမခိုး ပြေးတာ ဘယ်ရောက်သွား သလဲဆိုတော့ တောင်ကြီးတဲ့။ ရှမ်းပြည်မှာပေါ့။ သူတို့အဖို့တော့ ဆွစ်ဇာလန်မှာ ဟန်းနီး မွန်းထွက် သလိုမျိုးဖြစ် နေမှာပေါ့လေ။ နောက်တော့ အကိုဝမ်းကွဲတွေက သတင်းရလို့ ပြန်လိုက်ခေါ်။ မင်းတို့မပူနဲ့ လူကြီးတွေက သဘောတူတယ်၊ ပေးစားမယ်။ ဒို့နဲ့သာ ရန်ကုန်ပြန်လိုက်ခဲ့ဆိုပြီး နှစ်ယောက်စလုံး ကိုပြန်ခေါ်လာခဲ့ တယ်။ နောက်တော့ မင်္ဂလာဆောင် ပေးရတာပေါ့။

ကျန်တဲ့ဆွေမျိုးတွေက ငယ်ငယ်ရွယ်ရွယ် အလုပ်မရှိဘဲနဲ့ အိမ်ထောင်ပြုတာကို အပြစ်တင်ကြပေမဲ့ အဖွားက တော့ ကြိတ်ပြီး ၀မ်းသာနေတယ်။ နို့မဟုတ်ရင် သူ့မြေးက နိုင်ငံခြားသင်္ဘော လိုက်သွားရင် ခွဲရတော့မှာကိုး ဒါ့ကြောင့်။ နောက်ဆုံးတော့ တနယ်မှာ နောက်အိမ်ထောင်ကျနေတဲ့ မောင်ကြုံတိုင်းအဖေ လိုက်လာပြီး သူ့သားကိုလာတွေ့ တယ်။ အိမ်ထောင်ကျပြီ မင်းဘာလုပ်စားမလဲ ဆိုပြီးမေးတော့ မောင်ကြုံတိုင်းတို့ ဖြေတာကခန့်တယ်။ သူကား အရောင်းအ၀ယ် လုပ်မယ်။ ပွဲစား မဟုတ်ဘူးနော်။ သူပြောတာက ကားဝယ်ရောင်းလုပ်မှာ။

တိုတိုပြောရရင် မိန်းကလေးဖက်၊ မောင်ကြုံတိုင်းအဖေ၊ အဖွားအပါအ၀င် တဆွေလုံးတမျိုးလုံးက စုပေါင်းစပ်ပေါင်းနဲ့ ငွေထုပ်ပေးပြီး မောင်ကြုံတိုင်း ကားအရောင်းအ၀ယ် လုပ်ဖို့ မစလိုက်ရတယ်။ ကားအရောင်းအ၀ယ် လုပ်ငန်းကဘယ် လောက် စွံသလဲတော့ မသိဘူး။ မောင်ကြုံတိုင်းမိန်းမ ကလေးနှစ်ယောက် ရှေ့ဆင့်နောက်ဆင့် မွေးလိုက်တယ်။ အဖွား လည်း မြစ်တွေဘာတွေ ရကုန်ပြီပေါ့။ အမှန်တော့ တခြားမြည်းကြီးတွေက မွေးတဲ့မြစ်တွေရတာ ကလည်းကြာပါပြီ။ သူ့မြေး မောင် ကြုံတိုင်းရှိတဲ့ ရန်ကုန်ကို တနှစ် နှစ်ခေါက်လောက်တော့ အဖွားက လာလည်လေ့ရှိတယ်။

ကားအရောင်းဝယ်လုပ်ရင်း ငွေထုပ်က သေးသေးလိုက်လာတော့ နောက်ဆုံး မိန်းကလေး အဖေက ရှိတဲ့ငွေနဲ့မင်း ကားတစင်း ၀ယ်လိုက်၊ ပြီးရင် တက္ကဆီမောင်းတော့လို့ တချက်လွှတ် အမိန့်ပေးတဲ့ နောက်ပိုင်းကစလို့ မောင်ကြုံတိုင်း တက္ကဆီသမားဖြစ် လာပါတော့တယ်။ အမိန့်ကိုလည်း မလိုက်နာလို့ မရတော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နေရတာက ယောက္ခမ အိမ်မှာကပ် နေရတာကိုး။

ဒီလိုနဲ့ ရန်ကုန်မှာ တက္ကဆီသမားဘ၀နဲ့ ရုန်းကန်လာလိုက်တာ အခုဆိုရင် မောင်ကြုံတိုင်းတို့ လင်မယားမှာ သား သမီး ရတနာ လေးယောက်ကြီးများတောင် စုမိနေပါပြီ။ သားအကြီးဆုံးတောင် ၁၄နှစ်အရွယ် လူပျိုပေါက်ဖြစ်နေပြီ။ အခုဆိုရင် မောင်ကြုံတိုင်းတို့ မိသားစု ယောက္ခမအိမ်မှာ ကပ်မနေတော့ပဲနဲ့ ကိုယ့်ဟာကို အိမ်ငှားနေကြပါတယ်။ ကိုယ်ပိုင်အိမ်ဝယ်ဖို့ အထိတော့ မတတ်နိုင်သေးဘူး။ အိမ်ဈေးမြေဈေးတွေက ကြီးလာလိုက်တာ သူ့ကလေးတွေ အသက်နဲ့ အမျှပဲ။ မောင်ကြုံတိုင်း လည်း အခုဆိုရင် ကိုကြုံတိုင်းအရွယ်ဘ၀မှာရောက်နေပါပြီ။ ရပ်ကွက်ထဲက ကလေး များကတော့ သူ့ကို ဦးဖိုးထင်လို့ ခေါ်ကြတယ်။

မောင်ကြုံတိုင်းတယောက် အခုဆိုရင် ငယ်စဉ်က အညာမြို့လေးမှာ နေခဲ့သလို ကြုံတိုင်းစားနိုင်တဲ့ အခြေအနေမျိုး မ ရှိ သလောက်ဖြစ်နေပါပြီ။ အိမ်လခ၊ စားစရိတ်အပြင် သားသမီး လေးယောက်ကျောင်းစရိတ်၊ မုံ့ဖိုး၊ အ၀တ်အစားဖိုး ဆိုတာ တွေက လစဉ်ရှောင်လို့မရတဲ့ ကုန်ကိုကုန်ရမဲ့ ကိစ္စတွေ ဖြစ်နေပါတယ်။ ဒါ့အပြင် မောင်ကြုံတိုင်း အခုမောင်း နေတဲ့ တက္ကဆီက ကိုယ်ပိုင်ကား ဆိုပေမဲ့ ကားကသိပ်မကောင်းတော့၊ ဂျုံးဂျုံးကျချင်နေပြီ။ အပြင်ဗန်း အမြင်ကောင်း အောင် သ ထားလို့သာ ကားကသစ်သလို ဖြစ်နေတာ။ အဲတာကြောင့် လိုအပ်တဲ့ပစ္စည်းတွေ ကားအတွက် ပြန်ဝယ် ထည့်ရသေးတယ်။ သင်းကိုလည်း ပြန်ပြန်ကြွေးနေရတယ်။ ဒါမှနေ့တိုင်း ကားထွက်နိုင်မှာ ဖြစ်ပြီး လိုတဲ့ငွေလေး ၀င်နိုင် မှာကိုး။ လတိုင်းလတိုင်း လင်မယားနှစ်ယောက် ဘဏာရေးကို တွက်လိုက်ရင် မရှုနိုင်မကယ်နိုင် ဖြစ်ရတာနဲ့ပဲ အဆုံး သတ်ရတာက များတယ်။

တခါတရံမြို့ ထဲမှာကားပြေးနေရင်းနဲ့ မောင်ကြုံတိုင်း စဉ်းစားတယ်။ ထမင်းဆိုင်ကောင်းကောင်းတွေ ဘာတွေဝင်ထိုင် ပြီး ဟင်းကောင်းကောင်းနဲ့ လွှေးလိုက်ရရင်တော့လို့ မချင့်မရဲတွေးမိပါတယ်။ သို့သော် နောက်ဆုံးမှာတော့ အိမ်ပြန် ပြီး မိန်းမ ချက်ထားတဲ့ သင့်တော်ရာဟင်းတမျိုးမျိုးနဲ့ ဖူးစာဖက်ရတာပါပဲ။ တခါတလေလည်း မြို့ထဲက ဈေးပေါတဲ့လမ်း ဘေးဆိုင်တွေ မှာ ၀င်စားလိုက်တယ်။ တခါတလေ ငယ်ငယ်ကလို ရေခဲမုံ့လေးစားချင် ဒိန်ချဉ်လေး သောက်ချင်တဲ့စိတ် တွေပေါ်လာ တတ်ပါတယ်၊ အဲသည်အခါမျိုးမှာသမီးအငယ်ဆုံးလေးမျက်နှာက ပေါ်လာပြီး ကိုယ့်စိတ်ကို ထိန်းလိုက်ရ ပါတယ်။ ဒီလိုသုံးမဲ့ပိုက်ဆံက သမီးလေးအတွက် မုံ့ဖိုးအဖြစ် ပြန်သုံးနိုင်တယ်လေ။ ငယ်တုံးဘ၀ကတော့ ပေါများလိုက် တာ စားချင်တာ စား သောက်ချင်တာသောက်ပဲ။ အဲသလိုခဏခဏ တွေးမိတယ်။

အပေါင်းအသင်း တက္ကဆီသမားချင်း ညနေပိုင်း တခါတရံအချိန်ပိုလို့ စုမိကြရင် ဘီယာလေး ဘာလေးစုတ်ကြဖို့ လုပ်ရင် မောင်ကြုံတိုင်းအဖို့ ဆယ်ခါ့ရံ တခါလောက်သာ ပါဖြစ်တော့တယ်။

မောင်ကြုံတိုင်းမိန်းမက တခါတလေ ပဲဟင်းချက်ပါတယ်။ သူ့ယောက်ကျားက အညာသားဆိုတော့ ပဲဟင်းကြိုတ်တာ ကိုး။ အဲသလို ပဲဟင်းချက်တဲ့ နေ့မျိုးမှာ မောင်ကြုံတိုင်း ပဲဇီးကွက်ပြုတ် ဆီစမ်းကလေးကို လွမ်းမိတယ်။ နောက်ပြီး စဉ်းစားမိ တာတခုက မြန်မာနိုင်ငံမှာ ပဲဇီးကွက်ဆိုတဲ့ပဲမျိုး ရှိရောရှိသေးရဲ့လား၊ မတွေ့ဘူး မမြင်ဘူးတာလည်း ကြာလှ ပြီ။ သူ့ကလေး တွေဆိုရင် ပဲဇီးကွက်ဆိုတာ ဘာမှန်းသိမှာတောင် မဟုတ်ဘူး ဆိုတာလည်း စဉ်းစားမိပြန်တယ်။ အ ဖွားရဲ့ မီးဖိုထဲမှာ ပတ်လုံးတွေလို တန်းစီထားတဲ့ ပဲအိုးတွေကို မျက်စေ့ထဲမှာ ပြန်မြင်လာတယ်။ ဟိုတုံးက အလွန်ပေါ လွန်းလို့ မောင်ကြုံတိုင်း တို့လိုကလေးများ သိပ်မစားချင်တဲ့ ပဲစင်းငုံလိုပဲမျိုးတောင် အခုဈေးက မသေးတော့ဘူး။ တ ချို့က ပြောတော့လည်း နိုင်ငံခြားက ပဲစင်းငုံအ၀ယ်များလို့ ဈေးတွေတက်ကုန်တာ လို့ပြောကြတယ်။ ဒီလိုဆိုရင် တို့ နယ်က ပဲတောင်သူတွေ အတော်တော့ စီးပွါးဖြစ်မှာဘဲလို့ သူတို့အတွက် မောင်ကြုံတိုင်း ကြားထဲက ၀မ်းသာမိသေး တယ်။ ဟုတ်လား မဟုတ်လား ဆိုတာတော့ သူလည်းသိပ်သိတာ မဟုတ်ဘူးလေ။

ဝက်အူချောင်းတို့၊ ဆတ်သားခြောက်တို့ ဆိုတာလည်း ရှိတယ်ရောင်းတယ် ဆိုပေမဲ့ ပစ္စည်းတွေကသိပ်မမှန်ချင်တော့ ဘူး ဆိုတာကို မောင်ကြုံတိုင်းမိန်းမက သူ့ယောက်ကျားကို ပြန်ပြောလေ့ ရှိတဲ့အတွက် သိရတာပါ။ တချို့ဆတ်သား ခြောက်ဆိုတာ ဆတ်သားအစစ် မဟုတ်တော့ဘူး နီအောင်ဆေးဆိုး ထားတာလို့ မောင်ကြုံတိုင်းမိန်းမက ရှင်းပြ သေးတယ်။ အင်းလေ ဆတ်တွေဒီလောက်သတ်ပြီး အခြောက်လှန်း ရောင်းတာကလည်း ရှေးတုံးကတည်းကဆိုတော့ အခုလောက်ဆို မြန်မာနိုင်ငံမှာလည်း ဆတ်မျိုးတုံးလောက်ရောပေါ့။ ဒါကြောင့် ဆတ်သားခြောက် တွေက အတုတွေ ဆိုတာ ဟုတ်မှာဘဲ။ နွားနို့ခဲဟင်း ဆိုတာကတော့ ဝေးသေးတယ်။ မမြင်ဘူးတာကြာတော့ မေ့တေ့တေ့တောင်ဖြစ် နေပြီ။ ကော်ဖီ ဖျော်သောက်ဖို့ နို့ဆီဗူးဆိုတာ ၀ယ်မထားနိုင် တာလည်းကြာပြီ။ အဖွားနို့ဆီဘူးထဲက နို့ဆီကို ဇွန်းက လေးနဲ့ခပ်ခပ် သောက်ခဲ့တာကို ပြန်ပြော ရင် အိမ်ကသားသမီးများ ၀ိုင်းရယ်ကြမယ် ထင်ပါရဲ့။

မောင်ကြုံတိုင်း တခါတရံသူ့ မိန်းမကိုမေးတယ်၊ မင်း .... ဘုရားဆွမ်းတော်တင်ဖို့ ဈေးကနေ မုံ့ကလေး ဘာလေး မ ၀ယ်ဖူး လား မေးတော့၊ မိန်းမက ဘုရားပန်းတောင် မှန်မှန်မ၀ယ်နိုင်တာ၊ မီးဖိုချောင်သုံးဖို့ ဘာညာဝယ်လိုက်ပြီးရင် ကျန်တာ ထပ်ဝယ်ဖို့ မလွယ်ဘူးဆိုတာ တော်မသိဖူးလားဆိုတဲ့ မျက်နှာပေးမျိုးနဲ့ ပြန်ဖြေလေ့ရှိတယ်။ မောင်ကြုံတိုင်း သားသမီးတွေ အားလုံး ဆွမ်းတော်ကျ မုံ့ကိုဘယ်သူမှ မစားဖူးကြဘူး။ မုံ့ကို ဆွမ်းတော်တင်တဲ့ ယဉ်ကျေးမှုက အဖွား အိမ်မှာဘဲ ရှိတာထင် ပါရဲ့လို့ မောင်ကြုံတိုင်း တခါတခါတွေးမိတယ်။

မောင်ကြုံတိုင်းအဖို့ ကားမောင်းထွက်လို့ မြို့ထဲရောက်တိုင်း အနှမြောမရှိဘဲ လုပ်နိုင်တဲ့ အရာတခုကတော့ လက်ဘက်ရည် တခွက်ဝယ် သောက်ခြင်းပါဘဲ။ သည့်ထက်လည်း မပိုရဲဘူး။ ဆေးလိပ်ကလည်း သောက်တုန်းဆိုပေမဲ့ ထုံးစံ အတိုင်း ဆေးပေါ့လိပ်ပဲ၊ လက်ဘက်ရည် သောက်တုံးလောက်မှာပဲ စီးကရက်တလိပ်လောက် အာသာပြေခဲနိုင်တယ်။

မြို့ကိုအလည် ပြန်မရောက်တာလည်း ကြာပါပြီ။ အဖွားဆုံးပြီးတဲ့ နောက်ပိုင်းကတည်းက ဆိုရမှာပေါ့။ အဖွားဆုံး တာတောင် ဘာလိုလိုနဲ့ ၆ နှစ် ၇ နှစ် လောက်ရှိသွားပြီ။ အဖွားက အသက်ရှည်တယ် ၉၄ နှစ်အထိ နေသွားရတယ်။ ကြီးဒေါ်အပျိုကြီး နှစ်ယောက်မှာ အကြီးဆုံးအဒ်ါက မနှစ်က ဆုံးသွားတယ်။ သူနဲ့အလွမ်းသင့်တဲ့ အကိုဝမ်းကွဲများ ဖြစ်တဲ့ ကိုဖိုးဇော်တို့ ကိုဖိုးကုလားတို့လည်း အခုသူတို့ အိမ်ထောင်အသီးသီးနဲ့ အဝေးနယ်များမှာ အခြေကြကုန်ပါ ပြီ။ တခြားညီအကို မောင်နှမ ၀မ်းကွဲများနဲ့လည်း မတွေ့ဖြစ်တာ ဘယ်နှစ်နှစ်ရှိမှန်းတောင် မသိတော့။

မြို့မှာရှိတဲ့ ငယ်ပေါင်း မိတ်ဆွေသူငယ်ချင်းများ ကတော့ ဖိုးထင် ခေါ် မောင်ကြုံတိုင်း တယောက်ရန်ကုန်မှာ တော် တော် ဟုတ်နေတယ် ကြီးပွားနေတယ်လို့ ထင်ကြတယ်။ ကိုယ်ပိုင်ကားတွေ ဘာနဲ့ဆိုတော့ အဲသလို ထင်ကြတယ်။ မောင်ကြုံတိုင်း လည်း အဲသည့်သူငယ်ချင်းများကို ရှင်းမပြတော့ပါဖူး။ ရှင်းပြလည်း ဘာမှထူးမှာ မဟုတ်ဘူးလေ။

တခါတလေတော့လည်း မောင်ကြုံတိုင်း စဉ်းစားမိတယ်။ ဘုရားတရား မေ့နေလို့များ ဘ၀ဟာ ခက်ခဲကျပ်တည်း သလား ပေါ့လေ။ အဖွားက ခဏခဏ ပြောဘူးတယ်မို့လား ဘုရားတရားကြည်ညိုဖို့ ဆည်းကပ်ဖို့ဆိုတာ။ ဒါမှမ ဆင်းရဲမှာ။ တကယ်ပြောရရင် မောင်ကြုံတိုင်း မိန်းမရကတဲက ဘုရားရှိခိုးတယ်ဆိုတာတောင် မရှိသလောက်ပဲ။ မြို့ထဲမှာ ခရီးသည်ပို့ရင်း ကားမောင်းနေရင်းက ရွှေတိဂုံ စေတီတော်ကိုမြင်မှ ကားပေါ်ကနေ လှမ်းပြီးဦးခြတာ လောက်ပဲ ရှိတော့တယ်။

အခုတော့လည်း သူ့ကို မောင်ကြုံဒိုင်း၊ မောင်ကြုံဒိုင်းကလေး စသဖြင့်ခေါ်မဲ့ အဖွားလည်းမရှိတော့။ ငယ်စဉ် မောင်ကြုံတိုင်း ဘ၀တုံးကလို စားချင်သလိုစား နေခြင်သလိုနေရတဲ့ ဘ၀မျိုးလည်း မဟုတ်တော့။ အခုခေတ် ကလေးတွေ ငယ် ငယ်က တို့စားခဲ့ရသလောက် သရေစာသမောစာကို မစားကြရပါလားလို့ မောင်ကြုံတိုင်း တခါတခါ နှိုင်းယှဉ်ပြီး တွေး မိတယ်။ မိန်းမကို ပြန်ပြောတော့ မောင်ကြုံတိုင်းမိန်းမက တော့ သရေစာမှမဟုတ်ဘူးတော်ရေ့၊ ဟင်းချက်စရာက အ စ အကုန်လုံး လည်းရှားပါးနေတာ ဈေးခေါင်ခိုက်နေတာလို့ ထပ်ပြီးဖြည့်စွက် ပေးလိုက်သေးတယ်။ သူတို့ကို သနားလည်း သနားမိတယ်။ ကိုယ့်ကိုယ်ကိုလည်း သနားမိသလိုလို အဖြစ်သား။ အခုသူကြုံတွေ့ နေရတာကတော့ မောင်ကြုံတိုင်း မျိုးဆက်သစ်များ အတွက် သုံးရမဲ့ စွဲရမဲ့ကိစ္စတွေက များလေတော့ ကြုံတိုင်းဝယ်မစားဝံ့၊ မစားရဲဘဲ ကိုယ့်ပါးစပ်ကို ထိန်းချုပ်နေရတဲ့ ကြုံတိုင်း မစားတော့ ပြီဖြစ်တဲ့ မောင်ကြုံတိုင်းလို့ ဆိုရပါတော့မယ်။ မောင်ကြုံတိုင်း ဆိုတဲ့ နာမည်ကိုစွန့်လိုက်ရင် သေရွာက အဖွားက ဘာများပြောမလဲတော့မသိဘူး။ သြော်........ ဟိုယခင်ငယ်ဘ၀နဲ့များ ကွာလေစွ။

ဇော်မင်း (လူ့ဘောင်သစ်)
၂၄ ဇွန်လ ၂၀၀၆ခုနှစ်

(သည်နှစ် ၂၀၀၇ ဇွန်လထဲမှာ အသည်းကင်ဆာနဲ့ အချိန်မတိုင်ခင်ကွယ်လွန်သွားရှာတဲ့ ညီငယ် ဖိုးထင်သို့အမှတ် တရ။)

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.