ရွက်မွန်စာမျက်နှာ

Monday, December 17, 2007

ဒိုင်လူကြီးမင်း တွမ် (၀တ္ထုတို)

(၁)

သူ့ဖောက်သည်များကိုလည်း သူ့နည်းတူ ကံကောင်းကြ ပါစေတော့ဟူသည့် ရည်ရွယ်ချက်ဖြင့် သူ၏ လက်ဘက်ရည်ဆိုင် ကလေးကို “ကံကောင်းခြင်း ကဖေး”ဟု အမည်ပေးလိုက်သည်။ ဖွင့်စက ယောင်နနဖြင့် အစီအစဉ်တကျ မလုပ်တတ် သော်ငြား နောက်ပိုင်း၌မူ ကောင်တာတွင်ထိုင်၍ ဖောက်သည် တိုင်းအား တဦးချင်းအရဖြစ်စေ၊ အဖွဲ့လိုက်အရ ဖြစ်စေ ခွဲခြား မှတ်သားရသည်ကို ကြည်နူးဖွယ် ဝတ္တရားတခုအဖြစ် နိုင်နိုင်နင်းနင်း လုပ်လာကိုင်လာနိုင်ခဲ့သည်။

ထိုထိုဤဤသော ဖောက်သည် ဖောက်သကများထဲမှ ကိုတတ်ပကြီးသည် အမာခံဖောက်သည်ကြီးတဦးဟု ဆို၍လည်း ရနိုင်သလို၊ ကျေးဇူးရှင် တပိုင်းဟုဆိုလျှင်လည်း မမှားတန်ရာ။ သူသည် ဗဟုသုတလည်း ကြွယ်ဝ၍ နှံ့နှံ့စပ်စပ်လည်း ရှိလှသူ တဦးဖြစ်ပေရာ စကားပြောကောင်း၍ ပြောသမျှသည်လည်း မှတ်သားစရာများချည်းဟု ဆိုရပေမည်။

ပရိတ်သတ်များအနေဖြင့်လည်း သူပြောသမျှ နားထောင်ရသည်မှာ တခါတည်းနှင့် ကိစ္စပြီးသည်။ ကိုယ့်ဘာသာ ဆိုလျှင် လနှင့်ချီ၍ ရှာဖွေဖတ်ရှုမှတ်သားနေရမည့် အကြောင်းအရာများအား လက်ဘက်ရည်ဆိုင် တထိုင်စာမျှနှင့် ကွက်ကွက် ကွင်းကွင်း သိခွင့်ရလိုက်နိုင်သဖြင့် တန်ဖိုးကြီးလှသည်။ ကိုတတ်ပကြီးက သုံးကြိမ် ထိုင်တတ်သဖြင့် နံနက်ပိုင်း၌ မမီခဲ့လျှင် နေ့လည်ပိုင်း၌ လာလိုက်ရုံပင်။ နေ့လည်ပိုင်းပါ လွတ်သွားခဲ့သည်ဆိုစေဦးတော့ ညနေပိုင်း၌ လာဖြစ်အောင် လာလိုက်ရုံပင်။ သို့ဆိုလျှင် ထိုနေ့အတွက် နေ့တွက်မကိုက်မည် (ဗဟုသုတ မဖူလုံရမည်) ကို ပူစရာ မလိုတော့။

တခါတရံ၌ ကိုတတ်ပကြီးသည် စားပွဲထိုးကလေးများနှင့် အဖွဲ့ကျနေတတ်သည်။ နဂိုကတည်းက လေးစားရင်း အခံ ကလည်း ရှိ၊ လူတွေ့လျှင် ဆရာခေါ်တတ်သည့် ဝသီကလည်း စွဲနေကြသူများဖြစ်သဖြင့် စားပွဲထိုးများကို စားပွဲထိုးနည်း လက်ချာ ပေးမိ လျှင်တောင်မှ “ဆရာကောင်း တပည့်တွေပဲ ဆရာရယ်၊ ဆရာ့စကား မြေဝယ်မကျ ဖြစ်ရစေမပေါ့” ဟု ဆို၍ ကျိုးနွံစွာနာခံလေ့ ရှိတတ်ကြသည်။

သူ့ကြောင့် စီးပွားလမ်းဖြောင့်၍ ဝင်ငွေကောင်းလာသည့် ဆိုင်ရှင်လေးသည် သူ့ကို အခမဲ့ပင် သောက်ခွင့်ပေးချင်မိ သော်ငြား နားလည်မှုလွဲ၍ မိတ်ပျက်မည်စိုးသဖြင့် ကမ်းလှမ်းမှုကို တိုက်ရိုက်မလုပ်ရဲ။ သူနှင့် လူရင်းဟု ယူဆရသူများ ထဲမှ စိတ်ချရသူ တဦးနှင့် သွေးတိုးစမ်းသည့်သဘော စကားကြုံပါးကြည့်ရာ လက်ခံမည်ဟု တိုက်ရိုက်မပြောသော်ငြား လုံးလုံးမငြင်းသဖြင့် လိုရင်းသို့ ရောက်သွားတော့သည်။ ကိုတတ်ပကြီးက “ဘယ်လောက်ကျသလဲ”ဟု ဆိုလိုက်လျှင် ဆိုင်ရှင်လေးက “နောက်မှပဲ ပေါင်းရှင်းပါဆရာ”ဟု လှမ်းပြောလိုက်ရုံပင်။ ထိုအခါမျိုးများ၌ ကိုတတ်ပကြီးကလည်း “အေး၊ အေး၊ သဟာဖြင့်လည်း ပေါင်း သာမှတ်ထားလိုက်ကွာ”ဟု ပြန်ပြော လေ့ရှိတတ်သည့် နားလည်မှုကလေးတခု သူတို့အကြား လက်သိပ်ထိုး တည်ဆောက်နိုင် ခဲ့ကြသည်။

(၂)
သူ့ကို တွေ့လျှင် ဆရာဟု ခေါ်ကြသည့် စားပွဲထိုးလေးများ၊ သူပြောလျှင် မျက်လုံးအဝိုင်းသား၊ ပါးစပ် ဟောင်းလောင်းဖြင့် နားထောင်နေလေ့ရှိတတ်သည့် ပရိတ်သတ်များ၊ သူနှင့်ပြန်လှန် ငြင်းခုန်ရမည်ထက် ရှိခိုး၍သာ တောင်းပန်လိုက်ချင်ကြ တော့သည့် သူများ စသည်စသည်တို့အကြားတွင် မရည်ရွယ်ပါဘဲလျှက် ဆရာကြီးတဆူနှယ် ဖြစ်မှန်းမသိ ဖြစ်၍လာ နေခြင်း က ဇာတ်လမ်းကို အစပြုခဲ့သည်ဟု ဆိုနိုင်မည်ထင်သည်။

သူ့တွင် အခြား အကျင့်တခုလည်း ရှိသေးသည်။ စာပေအနုပညာအကြောင်း ပြောသည်ဆိုပါစို့။ သူက “ကိုယ်က စာဖတ်နာ ခဲ့တာဆိုတော့” ဟူသည့် စကားလုံးလေးကို ခံခံ၍ ပြောလေ့ရှိတတ်သည်။ ဆိုကြပါစို့။ ဆောက်လုပ်ရေး လုပ်ငန်းများဘက် စကားလမ်းသင့်သွားသည်ဆိုပါစို့။ သူက “ကိုယ်က ဆိုဒ်ထဲချည်း ကျင်လည်ခဲ့တာဆိုတော့”ဟူသည့် စကားလုံးလေးကို ခံခံ၍ ပြောလေ့ရှိတတ်ပြန်သည်။ အစောပိုင်း ကာလများ၌ သူရှိလျှင် ပွဲစည်သော်ငြား နောက်ပိုင်း၌မူ နေရာတကာပါ၍ နယ်ပယ် တကာ ဆရာလုပ်လာသဖြင့် “ဆရာ့ရဲ့ ဆရာတောင်မှ ဆရာ့လောက် မဆရာပါဘူး ဆရာရယ်” ဟူသည့် စကားလုံးကိုပင် သူ့အတွက် မူပိုင်ခွင့် ပေးလိုက်ရတော့မည်လောဟု စဉ်းစားလာကြရသည်။

ထိုအချိန်မှစ၍ စကားသင့်ရာ နယ်ပယ်တိုင်း၌ သူသိ၊ သူတတ်ချည်းလုပ်ကာ ငါ့စကားနွားရ ပြောတော့သည်။ တဖြည်းဖြည်းနှင့် ဆရာလုပ်ရာ နယ်ပယ်ကို ကျယ်သည်ထက် ကျယ်အောင် ချဲ့ထွင်၍ လာလေရာ စာပေနယ်ကိုပင် ချမ်းသာ မပေးတော့။ ဘယ်သူ့ ကဗျာကဖြင့် ဘယ်လို၊ ဘယ်သူ့ ဆောင်းပါးကဖြင့် ဘယ့်နှယ့်၊ ဘယ်သူ့ဝတ္ထုကဖြင့် ဘယ်သို့၊ ဘယ်သူ့ အက်ဆေးကဖြင့် ဘယ်ပုံ စသဖြင့် သမားကိုင်ကြိမ်လုံးနှင့် တဘုန်းဘုန်းရိုက်တော့သည်။

ဆိုကြပါစို့။ သုံးကြောင်းစပ်ကဗျာလေးတပုဒ်ကို တလုံးချင်း၊ တပါဒချင်း၊ တဝဏ္ဏချင်း သရုပ်ခွဲ၍ အမနာပ ခုတ်ထစ် လှီးဖြတ် နေပုံမှာ အဝေးကကြည့်လျှင် အမဲဖျက်နေသည်နှင့်ပင် တူသေးတော့သည်။ အကယ်၍ သူပြောသမျှသာ အသံသွင်းယူ ထားပါက သုံးကြောင်းမျှသော ကဗျာလေးသည်ပင် စီ(၆ဝ) သုံးခွေစာ မက ရှိလေမည်လား မပြောတတ်။

(၃)
သို့သော်ငြား လူတိုင်းသည် သူ့အတွေ့အကြုံနှင့်သူ၊ သူ့ကျွမ်းကျင်ရာနှင့်သူ၊ သူ့နယ်ပယ်နှင့်သူ ခေသူများမဟုတ်ကြ သဖြင့် (သူထင်သလို အချဉ်မဟုတ်ကြ၍လည်း ဖြစ်နိုင်ပါသည်) သူအချိုးပြောင်း၍ ဆရာကြီးဂိုက်ဖမ်းနေခြင်းကို သတိ ပြုမိလာကြ သည်။ ကံဆိုးသူတို့သည် နေရာတိုင်း၌ ရှိစမြဲ ဖြစ်သဖြင့် မရှောင်လျှင်လွတ်နိုင်သော်ငြား ရှောင်ကာမှ တည့်တည့်ကြီး တိုးကြ ရသည့်အခါများတွင်မတော့ “ကိစ္စလေးရှိလို့ဗျာ၊ ချိန်းထားတာလေး လွဲသွားမစိုးလို့ဗျာ”ဟု ကြည့် ကောင်းအောင်ပြော၍ နောက်ကျသည့်ခြေထောက် သစ္စာဖောက် ဟူသည့်မူဖြင့် တချိုးတည်း လစ်ကြတော့သည်။

တနေ့ထက်တနေ့ ရောင်းအား ကျသည်ထက် ကျလာနေသည့်ကိစ္စကို သည်အတိုင်းဆက်လွှတ်ထားမည်ဆိုပါက စီးပွားရေး တင်မက အိမ်ထောင်ရေးပါ ထိခိုက်လာတော့မည့် မိုးသားများ အုံ့ဆိုင်းလာနေသည်ကို စားပွဲထိုးလေးများ၏ မျက်နှာတွင် ရိုးတိုးရိပ်တိတ် တွေ့လာနေရသည်မှာ စိတ်မချမ်းမြေ့ဘွယ်ပင်။

“တော် မပြောရဲရင် ကျုပ်ပြောချေမယ်”ဟု ရာဇသံပေးနေသည့် အိမ်ရှင်မ၏ နောက်ဆုံးကြေညာချက်ကို ကြားနာပြီးချိန် ၌မတော့ လက်ဘက်ရည်ဆိုင်ရှင်လေးခမျာ တတ်သမျှမှတ်သမျှ နည်းလမ်းကြီးငယ်များကို ရှာကြံ အသုံးပြု ရတော့သည်။ အမာခံ ဖောက်သည်များထံသို့ ပါဆယ်ပို့သည့်နည်းလမ်းကို စမ်း၍သုံးကြည့်သော်လည်း ထင်သလောက် အလုပ်မဖြစ်။ လက်ဘက်ရည်သမားဟူသည် လက်ဘက်ရည်ချည်း သက်သက်ထက် ဆိုင်၌ထိုင်၍ သောက်ရသည့် အရသာကို တွဲ၍ ကြိုက်ကြသည်ဟုဆိုလျှင် အလိုတူသူ များခြိမ့်မည် ထင်သည်။ ကျကျနန ခင်းကျင်းထားသည့် မဟော်ဂနီရောင် လက်လက်ထ နေသည့် စားပွဲခုံကြီးများထက် ဗန်ဒါပင်ပျို ကလေးများအောက် ကျိုးတို့ကျဲတဲ ခင်းကျင်းထားသည့် ခနော်နီခနော်နဲ့ ခုံပု ကလေးများ၌ ဒူးချင်းထိလုမတတ် ထိုင်၍ သောက်ရသည့်အရသာကို ပို၍ ခံတွင်းတွေ့ကြမည်ဟုဆိုလျှင် “ဟုတ်ပါ့ဗျား” ဟု သဘောတူကြရန် ၀န်မလေးဟု ထင်မိသည်။

(၄)
တနေ့သားမတော့ ကျောင်းနေဖက် ငယ်သူငယ်ချင်းတဦးက အကြံတခုပေးသည်။ “ကလေးတွေငြိမ်အောင် ဗွီဒီိယိုဂိမ်း ဝယ်ပေးထားလိုက်ရင် ပြီးတာပဲမဟုတ်လား သူငယ်ချင်းရ။ ခုလည်း ဒီလူ့ပါးစပ်ငြိမ်သွားအောင် ဘလော့တွေဘက် လမ်းညွှန် ပေးလိုက်ပါလား”ဟုဆိုသည်။ “ဘာတုန်းဗျ၊ ဘလော့ ဆိုတာ။ ဟာ စီးပွားရေးလုပ်နေပြီး ဒါလေးတောင်မသိ ဘူးလားကွာ။ အွန်လိုင်းမှာ ခေတ်စားနေတာ ကြာပါပကောလား။

ဘယ်လိုပြောရမလဲ။ တို့ကျောင်းတုန်းက အော်တိုစာအုပ်ကလေးတွေ ရေးကြသားကြပါရောလား။ အေး ဘလော့က အဲဒါမျိုး ခပ်ဆင်ဆင်ကွ။ အွန်လိုင်း အော်တိုလို့ပဲ ဆိုပါစို့ကွာ။ ကိုယ့်ခံစားချက်၊ ကိုယ့်အမြင်၊ ကိုယ့်အယူအဆ စသဖြင့် ခံစားမိရာ ရေးပြီး အွန်လိုင်းပေါ်တင်ထားနိုင်တော့ ကိုယ်နဲ့နီးစပ်တဲ့သူတွေတင်မက ကိုယ်နဲ့မသိတဲ့ အနယ်နယ် အရပ် ရပ်က သူတွေ လည်း ဖတ်လို့ရတာပေါ့။ မယုံရင်ကြည့်နေ။ ဒီလူ အဲဒီ ဘလော့တွေဘက်ရောက်သွားရင် မင်းဆိုင်ဘက် ယောင်လို့တောင် ခြေဦးလှည့်တော့မှာမဟုတ်ဘူး။ ဂိမ်းအသစ် ရတဲ့ကလေးလို ငြိမ်ကျသွားလိမ့်မယ်ဟု ပြောသည်။

နောက်ပိုင်းရက်များ၌ လူဝင်မစဲ တသဲသဲဖြင့် စည်နေကားနေသည့် လဘက်ရည်ဆိုင်လေးကို မြင်ရုံမျှဖြင့် ဤစကားမှန် ကြောင်း သက်သေထူစရာပင်မလိုတော့။ ဟိုဘက်ဝိုင်း၌ ဘောလုံးဝါသနာအိုးများ ပရီးမီးယားလိဂ်အကြောင်း ပြောနေ ကြမည်ဆိုလျှင် သည်ဘက်ဝိုင်း၌ သုံးရက်တကား ဗွီစီဒီများအကြောင်း ပြောနေကြမည်။ ဟိုဘက်ဝိုင်း၌ နိုင်ငံရေးသမား များ ဆွေးနွေးနေကြမည်ဆိုလျှင် သည်ဘက်ဝိုင်း၌ ကုန်သည်ပွဲစားများ ပေသီးကိုယ်စီဖြင့် တွက်ချက်နေကြမည်။ ဟို ဘက်ဝိုင်း၌ စာရေးစာချီများ ပျင်းရိပျင်းတွဲထိုင်နေကြမည်ဆိုလျှင် သည်ဘက်ဝိုင်း၌ ကဗျာသမား စာသမားများ ဝေဖန် စောကြော နေကြမည်။ အချို့ ကာရာအိုကေဆိုချင်ဆိုနေမည်။ ဤသို့ဤနှယ် ခေတ်ကာလတခုကို ခင်းကျင်းထားသည့် လက်ဘက်ရည် ဆိုင်ကလေးထဲ၌ ကာလထွက်ကုန် တခုဖြစ်သည့် ဘလော့ဂါများ၏ စားပွဲဝိုင်းတဝိုင်းကိုပါ ထည့်ခင်းလိုက်မှ သာလျှင် ကံကောင်းခြင်း ကဖေးလေးသည်လည်း ခေတ်ပြိုင်အာရုံခံစားမှုတို့နှင့် ထင်ဟပ်နေလိမ့်မည် ထင်သည်။

(၅)
ကိုတတ်ပကြီးတယောက် အွန်လိုင်းပေါ်တက်၍ ဘလော့တကာ လှည့်ဖတ်ရသည်ကို သဘောအခွေ့ကြီးခွေ့နေသည်။ ယဉ်ကျေးမှုသစ်တခုနှင့် လွယ်လင့်တကူ အသားတကျ ဖြစ်နိုင်စွမ်းသည့် သူ့ကိုယ်သူလည်း ဂုဏ်ယူနေမိသည်။ လောလော ဆယ်၌ အော်တိုစာအုပ်ကလေးများ အဖြစ်သာ သတ်မှတ်နိုင်သေးသည့် ဘလော့များအား မီဒီယာစာရင်း ဝင်မဝင် ဟူသည် ကိုမူ နောင်တချိန်အငြင်းပွားရမည့် ကိစ္စတခုအဖြစ်ပင် (မှတ်မှတ်ရရ) တေးထားလိုက်သေးသည်။

ဘလော့များ၏ အားသာချက်တခု (သူအကြိုက်ဆုံး အချက်တခုဟု ပြောလျှင် ပိုမှန်ပါသည်) ကို အမှတ်မထင် သွားတွေ့သည်။ ဝက်ဆိုက်ကြီးများ၊ အွန်လိုင်းမဂ္ဂဇင်းကြီးများသို့ သွားရောက် လည်ပတ်ရသည်မှာ စကားပြောဖော် မရှိသည့် ခရီးရှည်ကြီး တခုကို ရထားအိုကြီး စီး၍ ပျင်းရိပျင်းတွဲ သွားနေရသည်နှင့် တူလှသည်။ ဖတ်ရုံ၊ မှတ်ရုံမှလွဲ၍ ဘာထင်မြင်ချက်မျှ ပေး၍ လည်းမရ။ မိမိနှင့် အမြင်မတူလျှင်တောင်မှ လက်ပိုက်ကြည့်နေရုံမှတပါး မပြောသာ၊ မ၀ံ့သာ။

ယခုမူ ဘလော့များကို သွားရောက်လည်ပတ်ရသည်မှာ ပရိတ်သတ် အားကောင်းသည့် ဟောပြောပွဲတခုကို သွားရ သည်နှင့် တူလှသည်။ သူအကြိုက်ဆုံးမှာ 'ကွန်းမင့်' ရေးရခြင်းဖြစ်သည်။ သူနှင့်အလိုက်ဆုံး ကဏ္ဍဟု ပြောလျှင် ပိုမှန်ပေမည်။ အရင်က ဆိုလျှင် သူပြောသမျှကို လဘက်ရည်ဆိုင်ကလေးထဲ၌ ရှိသူလောက်သာ ကြားနိုင်ကြမည် ဖြစ်သော်ငြား ယခုမူ သူပြောသမျှ ကို အွန်လိုင်းပေါ်၌ ရှိသူတိုင်းပါ သိနိုင်ကြတော့မည်ဖြစ်သဖြင့် ဟန်ရေးတပြင်ပြင် ရှိချေတော့သည်။

တလျှောက်လုံး လူတကာကို ဆရာလုပ်လာခဲ့သည့်နည်းတူ ဘလော့ဂါများကိုလည်း ဆရာလုပ်ရန် လက်မနှေးတော့။ ဟိုလူ့မာန်လိုက်၊ သည်လူ့မဲလိုက်။ ဟိုလူ့ဟိန်းလိုက်၊ သည်လူ့ဟောက်လိုက်။ ဟိုလူ့ဟန့်လိုက်၊ သည်လူ့တားလိုက်နှင့် ဆရာကြီး စွမ်းပြနေတော့သည့် သူ့ပုံကို ကြည့်ရသည်မှာ ဘလော့ဖတ်နေသည်နှင့်ပင်မတူ၊ တိုင်းခန်းလှည့်လည်၍ ကြည့်ရှု စစ်ဆေးနေ သည့် ဌာနလက်ကိုင်မရှိ ဝန်ကြီးတဦးနှင့်ပင် တူနေသေးတော့သည်။

(၆)
လဘက်ရည်ဆိုင်ရှင်လေးသည် သူ့ဖောက်သည်များ ပြောနေဆိုနေကြသည်ကို ပြုံး၍ကြည့်နေမိသည်။ “သူ့ ကွန်းမင့် တွေက စာဖတ်သူတယောက်ရဲ့ ကွန်းမင့်မျိုးမဟုတ်ဘူးဗျ။ ဒါဖြင့် ဝေဖန်ရေးဆရာတဦးရဲ့ ကွန်းမင့်တွေများလား ဆိုပြန် တော့လည်း အဲဒီလိုက မဟုတ်ပြန်ဘူး”ဟု ပြောသည်ကို အခြားတဦးက “အေးဗျ၊ ကျုပ်တို့က ဝေဖန်တာကိုတော့ ကြိုဆိုပါတယ်ဗျာ။ ဒါပေမယ့် ဒီလို ဆရာလုပ်တာမျိုးကိုတော့ ကန်တော့ဆွမ်းပါဗျို့လို့ပဲ ပြောရမှာပေါ့ဗျာ”ဟု ဆိုသည်။

“ဟုတ်တယ်ဗျ။ ကျုပ်တို့ဘာသာ ကျုပ်တို့ခံစားရတာလေးတွေရေးထားတာကို သူက ဖတ်မှာလား။ ဒါမှမဟုတ် သူဖတ်ချင်တာ ကို ကျုပ်တို့က ရေးပေးကြရမှာလားဗျ။ ခုဟာက စာလေးတပုဒ်၊ ကဗျာလေးတပုဒ် ဆိုပါစို့ဗျာ။ ဖတ်ကောင်းကောင်းနဲ့ ဖတ် နေတုန်း ဗြုန်းဆို သူ့ကွန်းမင့်ကြီးက ပေါ်လာတဲ့အခါကျတော့ စောစောက ဖီလင်လေး ပျောက်သွားရော။ ဒီလူက ဘယ်ဟာမှ ချမ်းသာမပေးတော့ ကောင်းမယ် ကြံကာရှိသေး မီးပျက်ပြန်ဆိုတာမျိုး ဖြစ်ရပြန်တာမို့ ဘလော့ဖတ်ရတာ အာရုံနောက်တယ် ဗျာ”ဟု ဆိုသည်။

ဗွီဒီယိုဂိမ်းကစားသည့် ကလေးများ အနေနှင့် သူတို့ကစားသည့် ဂိမ်းများအကြောင်းကို ယခုလိုမျိုး ဝိုင်းဖွဲ့ ဆွေးနွေးကြသည် ဟူ၍တော့ မမြင်မိဘူး။ သို့သော် ဘလော့ဂါများတသိုက် ဘလော့များအကြောင်း ဆွေးနွေး နေကြသည့် စကား အသွား အလာကို ကြည့်ရသည်မှာ လူတယောက်က သူတို့ရေးသမျှကို ဆရာကြီးဂိုက်ဖမ်း၍ အပေါ်လေနှင့် ဝင်ဝင်ပြီး တွင်ကျယ်နေ ခြင်းကို အခံရခက်နေကြခြင်းဟု နားလည်မိသည်။

သူတို့ပြောပုံဆိုပုံကိုထောက်လျှင် လူတွင်ကျယ် လုပ်နေသူကို မည်သူမည်ဝါဟု သိကြပုံမရ။ သူ့အနေနှင့်မူ ဆိုင်ဘက် မရောက်တာကြာပြီဖြစ်သည့် ကိုတတ်ပကြီးများ ဖြစ်လေမည်လားဟု တွေးမိလိုက်သေးသော်ငြား ကံသေကံမ မပြောရဲ လှ။ သြော် ပျောက်ချက်သားကောင်းနေသည့် သူ့ဖောက်သည်ဟောင်းကြီးတယောက် ဆိုင်မှာလာ ဒုက္ခမပေးဘဲ အွန်လိုင်းပေါ် တက်၍ ဘလော့ဂါများကို ဒုက္ခပေးနေပြန်ပါရော့လားဟု တွေးမိ၍ ပြုံးလိုက်မိသေးသည်။

(၇)
တိုက်ဆိုင်မှုပဲဆိုဆို၊ ဘုရားသခင်၏ အလိုတော်အရပဲ ဆိုဆို အရေးအကြောင်းဆိုလျှင် ကူညီမည့်သူကား ပေါ်လာစမြဲ ဆိုသည့် အတိုင်း စောင်မမည့်သူကား ပေါ်လာခဲ့ချေပြီ။ တဘက်ဝိုင်းမှ ဘောလုံးဝါသနာအိုးတယောက်၏ လှမ်းပြော လိုက်သံကို ကြား လိုက်ရသည်။

“နောင်ကြီးတို့။ ခင်ဗျားတို့ စကားအသွားအလာကို ကြည့်ရတာ ဒိုင်ညစ်တဲ့ပွဲနဲ့ တိုးနေကြပုံမျိုးဗျ။ ဆိုင်မဆိုင်တော့ မသိ ဘူးပေါ့ဗျာ။ ကျနော်ကလည်း ကျနော်နားလည်တဲ့ ဥပမာပဲ ပေးတတ်တာဆိုတော့ ဘောလုံးပွဲနဲ့ပဲ ဥပမာပေးရတော့ မပေါ့။ ဒါမျိုးက များသောအားဖြင့် ကမ္ဘာ့ဖလားပွဲလို နိုင်ငံစုံက ကစားသမားတွေ စုံတဲ့ပွဲမျိုးတွေမှာ တွေ့ရတတ်တယ်ဗျ။

ဒီလိုဗျ။ တချို့ဒိုင်လူကြီးတွေက နိုင်ငံတကာ အတွေ့အကြုံ အားနည်းတယ်ဗျ။ ကိုယ့်အိမ်ကွင်းလေးမှာပဲ တွင်ကျယ်နေ ကြတဲ့ ဒိုင်မျိုးတွေပေါ့ဗျာ။ ဆိုတော့ကာ ဘယ်နိုင်ငံက ကစားသမားက ဘယ်လိုကစားတတ်တယ်၊ ဘယ်ကလပ်က ကစားသမားက ဘယ်လိုအားသန်တယ် စသဖြင့် သူတို့မသိဘူးဗျ။ သူတို့သိတာက ဒိုင်ဆိုတာ ပွဲထိန်းရမယ်ပေါ့ဗျာ။

ဆိုတော့ကာ နည်းနည်းလှုပ်လာပြီဆိုတာနဲ့ ဟိုလူ့အဝါကဒ်ပြလိုက်၊ သည်လူ့အနီကဒ်ပြလိုက်နဲ့ပေါ့။ ကျနော်တို့အခေါ် တော့ (အဝါကဒ်တွေ များလွန်းလို့) ဝါဆိုပွဲကြီးပေါ့ဗျာ။ တချို့ကစားသမားတွေက အတင်းဝင် အတင်းထွက်နဲ့ တွန်းတွန်း တိုက်တိုက် ကစားရတာကို အားသန်ကြတယ်ဗျ။ တချို့ကစားသမားတွေကျတော့ လှည့်ပတ်မွှေနှောက်ပြီး လိမ်ခေါက် ကစားရတာကို ပိုအားသန်သဗျ။ အဲဒါကို ဒိုင်ကမသိတော့ နည်းနည်းလှုပ်တာနဲ့ကို ဝီစီမှုတ်လိုက်၊ အဝါကဒ် ထုတ်ပြလိုက် လုပ်နေတော့ ပွဲက အခွေထစ်နေတဲ့ ဗွီဒီယိုဇာတ်ကားလို ပြတ်တောင်းပြတ်တောင်းနဲ့ ကြည့်မကောင်း တော့ဘူး။

ဟိုဗျာ၊ ကမ္ဘာ့အကောင်းဆုံး ဒိုင်လူကြီး ကိုလီနာဗျာ။ သိတယ်မှုတ်လား။ သူဆို ခြေတွေ့လို့ကတော့ သန်သလိုသာ ကစား။ ဒီအတိုင်းကို လွှတ်ပေးထားတာ။ တော်တော်တန်တန်ဆို (တခြားဒိုင်တွေလို ဝီစီမှုတ်နေဖို့၊ အဝါကဒ်ထုတ်နေဖို့ မလိုဘူး) တချက်စိုက်ကြည့် လိုက်တာနဲ့ကိုပဲ မဟုတ်တရုတ်လုပ်မယ့် ကစားသမားက မလုပ်ရဲတော့ဘူး။ ဒီနည်းနဲ့ ပွဲရှိန် မတန့်အောင် အစအဆုံးထိန်းသွားတာ ပညာသား ပါမှပါပဲ။

ခု ခင်ဗျားတို့ဟာက ဘောလုံးလောကမဟုတ်ဘဲ စာပေလောကဖြစ်နေတော့ ခင်ဗျားတို့ပြောတဲ့လူက စာပေဒိုင်ပေါ့ဗျာ။ ဒါမှမဟုတ်လည်း ဘလော့ဂါ လောကဖြစ်နေတော့ ဘလော့ဂါဒိုင်ပေါ့ဗျာ။ မှုတ်ဘူးလား။ ဒီလူသာ ကျနော်ပြောသလို ဒိုင်စိတ် ရှိရိုးမှန်ရင် ဒိုင်လောကထဲက ထူးခြားတဲ့ အဖြစ်အပျက်ကလေးတခုကိုလည်း သိထားသင့်သပေါ့ဗျာ။

ဘယ်ပွဲလဲ ဆိုတာတော့ မမှတ်မိတော့ဘူး။ အဲဒီပွဲမှာ ဒိုင်က အဝါကဒ်လျှောက်ပြတာ တကွင်းလုံးလည်း ဝါဆိုကုန်ပြီ။ ဒါနဲ့တင် အားမရသေးလို့ နှစ်ဝါတနီနဲ့ရော၊ တိုက်ရိုက်အနီနဲ့ပါ ထုတ်ပစ်လိုက်လို့ ဘောလုံးအသင်း နှစ်သင်းစလုံးရယ်၊ သူတို့ ဒိုင်လူကြီး သုံးယောက်ရယ်ကို ထည့်ပေါင်းရင်တောင်မှ ကွင်းထဲမှာ (၂၂) ယောက် မပြည့်တော့ဘူး။ ပွဲက ကြည့် မကောင်းလွန်းတဲ့ အခါကျတော့ ပရိတ်သတ်ကလည်း ဒိုင်ကို လှိမ့်အော်ကြတော့တာပေါ့။ အဲဒီတော့ ဒိုင်က ဘာလုပ် တယ် မှတ်သလဲ။ ပရိတ်သတ်ကိုပါ အဝါကဒ် ထုတ်ပြတယ်ဗျို့။ ဒါမျိုးတခါမှ မကြုံဘူးကြတော့ ပရိတ်သတ်တွေလည်း ဝက်ဝက်ကွဲ ကြတော့ တာပေါ့။ စောစောက အော်ဟစ်ကြိမ်းမောင်းနေတဲ့ပရိတ်သတ်က စိတ်ဆိုးပြေပြီး ဝိုင်းဟားကြ တော့တာပေါ့ဗျာ။ ဇာတ်လမ်း က ဒီတင်လားဆိုတော့ မဟုတ်သေးဘူး။ ငိုအားထက် ရယ်အားသန်ရတဲ့ အဖြစ်အပျက် တခုက ထပ်ဖြစ်ပြန်ပါရောလား။ ဘာဖြစ်ရမလဲဗျာ။ အဲဒီဒိုင်လူကြီးက သူ့ကိုယ်သူပါ အနီကဒ်ထုတ်ပြပြီး ကွင်းထဲက ထွက်သွားတော့တာကိုးဗျ။

ကျနော်လည်း သူများပြောတာသာကြားဖူးတာ၊ ကိုယ်တိုင်မြင်ဖူးတာမဟုတ်တော့ အဲဒါ တကယ်ပဲလားဆိုတာ အာမတော့ မခံနိုင်ဘူးဗျို့။ တကယ်မဟုတ်ဘူးဆိုရင်လည်း ဘောလုံးလောကထဲက ဒဏ္ဍာရီ တပုဒ်လို့သာ သဘောထား လိုက်ကြပါ တော့ဗျာ”

(၈)
လဘက်ရည်ဆိုင်ရှင်ကလေးသည် အဆက်ပြတ်သွားသည့် စကားဝိုင်းနှစ်ခုကို ပေါင်းကူးပေးမည့် တံတားတစင်းကို ဟိုဟို သည်သည် ရှာဖွေကြည့်နေမိသည်။ စောစောက ဘလော့ဂါဒိုင်ကိစ္စနှင့် ပတ်သက်၍ ဦးနှောက်ခြောက်နေကြ သူများ အကြံရခက်နေချိန်၌ ပျော်ပျော်နေသေခဲဟု ခံယူထားပုံရသည့် ဖောက်သည်တဦးက အရွှန်းဖောက်၍ ဝင်ပြော သည်။ “ဒီလူ့အတွက်နဲ့တော့များ တကူးတက စိတ်ညစ်ခံမနေကြပါနဲ့ဗျာ။ ဒီလူ့ကို တွမ်လို သဘောထားလိုက်ကြပေါ့။ တွမ်နဲ့ဂျယ်ရီကို ကြည့်ဖူးကြတယ် မှုတ်လား။ လူတိုင်းက ကြွက်ကလေး ဂျယ်ရီ့ကို နိုင်စေချင်ကြတာပဲလေ။

တခုတော့ ရှိတာပေါ့ဗျာ။ ဂျယ်ရီကို အနိုင်ရစေချင်တဲ့စိတ်နဲ့ တွမ်ကို ဖယ်ရှားလိုက်တာမျိုးကတော့ ဘယ်ဖြစ်သင့်ပါ့ မလဲ။ ဆိုကြပါစို့။ တွမ်မပါဘဲ ဂျယ်ရီချည်းသက်သက် ရိုက်ထားတဲ့ ဇာတ်ကားတကားလောက် (စိတ်ကူးနဲ့ဖြစ်ဖြစ်) ကြည့်ကြည့် ပါလား။ အဲဒီကား ဘယ်မှာလာ ကြည့်ကောင်းပါတော့မလဲ မဟုတ်ဘူးလား။ ဆိုတော့ကာ ဂျယ်ရီအတွက် တွမ်ကတော့ ရှိကိုရှိပေးရမယ့် သဘောပေါ့။ ခုလည်း ခင်ဗျားတို့ ဘလော့ဂါတွေအတွက် တွမ်လိုကြောင်ကြီးတကောင် ရှိနေတယ်လို့ပဲ သဘောထားလိုက်တော့ ပျော်စရာတောင် ကောင်းသေးတာပေါ့။ မှုတ်ဘူးလား”ဟူ၍ ဝင်ပြောသည်။

လက်ဘက်ရည် ဆိုင်ရှင်လေးသည် သူမြင်တွေ့ကြားသိနေရသည်များထဲ၌ မျော၍ ကောင်တာ၌ထိုင်နေမိသည်လား၊ ဘလော့ဂါများ စားပွဲ၌ ထိုင်နေမိသည်လား ဟူသည်ကိုပင် မသဲကွဲတော့။ “ရှင်းမယ်ဆရာရေ၊ ဘယ်လောက်ကျလဲ” ဟူသည့် အသံကြားပါမှ သူ့အလုပ်သူ သတိရမိတော့သည်။

အောင်မော်ဦး
ဒီဇင်ဘာ၊ ၁၆၊ ၂ဝဝ၇။

2 comments:

YeKyawAungMDY said...

"ဆရာရယ် ဆရာ့ရဲ့ ဆရာတောင် ဆရာလောက် မဆရာပါဘူး ဆရာရယ်၊ ဆရာက ဆရာရဲ့ ဆရာပါ ဆရာရယ်၊ ဟုတ်တယ်မဟုတ်လားဆရာ။" ဆိုတဲ့စကား အဲဒီစကားကလည်း ဒီထိုင်းနယ်စပ်ဘက်မှာ အဘကြီး(အရင်မန္တလေးဒီချူပ်တိုင်းစည်း)တစ်ယောက် အမြဲတမ်း ပြောခဲ့တာ ကြာပါပြီ၊ အခု အဘလည်း မရှိတော့ပါ။ ဆောင်းပါးပဲဖြစ်ဖြစ်
ဝတ္တုပဲဖြစ်ဖြစ်၊ ကိုယ့်အမြင်နဲ့ ကိုယ်ရေးကိုယ်တာပဲဖြစ်ဖြစ် comment ကို ဖွင့်ပေးထားရင် လာရေးကြမှာပါပဲခင်ဗျား။ တစ်ချို့ ကွန့်မန့်တွေက တော်တော်ကောင်းပါသည်။
အပြုသဘောဖြစ်ကြပါသည်ခင်ဗျား။ စာရေးသူကို ပြောတာဖြစ်ပါသည်။ ဗမာပြည် လဘက်ရည်ဆိုင်ရဲ့ ပုံရိပ်ကိုဖော်ကျူးရေးထားတာ တော်တော်စွဲဆောင်မှုရှိပါသည်ခင်ဗျား။

ဂျစ်တူး - gyit_tu said...

ဒါလေးဖတ်ပြီး ဘလောဂါ့တယောက်အနေနဲ့ နှစ်သက်စွာ ပြုံးမိပါတယ် ။

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.