ရွက်မွန်စာမျက်နှာ

Thursday, December 20, 2007

အရင်ဆုံး အရေးကြီးတဲ့အရာ

မြန်
မာပြည်ရဲ့ ကနေ့တည်ရှိနေတဲ့ အခြေအနေ သို့မဟုတ် ပြဿနာတွေကို ရှု့မြင်ကြတဲ့နေရာမှာ မတူကွဲပြားဖြစ်နေတဲ့ အမြင်တွေ ရှိနေတာကို တွေ့ရပါတယ်။ ယေဘူယျအားဖြင့် ပြောမယ်ဆိုရင် အမြင်နှစ်မျိုးနှစ်စား ရှိနေတာကို တွေ့ ရပါတယ်။ ပထမ ရှု့မြင်ပုံ ကတော့ စစ်အာဏာရှင်စနစ် အောက်ကလွတ်မြောက်ဖို့ ရုန်းကန်တိုက်ပွဲဝင်ခြင်း တနည်း ပြောရရင် ဒီမိုကရေစီ ထွန်းကားလာဖို့အတွက် လွတ်မြောက်ရေးလှုပ်ရှားမှု ဆိုတဲ့အမြင်ဖြစ်ပါတယ်။ ဒုတိယအမြင်ရှု့ထောင့်ကတော့ မြန်မာပြည်ရဲ့ ပြဿနာကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတဲ့အတွက် စီးပွားရေးတိုးတက် လာအောင်လုပ်ခြင်းသာ လက်ဦးဆုံး အရေး ကြီးတယ်ဆိုတဲ့ အမြင်ဖြစ်ပါတယ်။

ပထမအမြင်ကို ကိုင်စွဲသူတွေက သာမန်ပြည်သူတွေ အပါအ၀င် ဒီမိုကရေစီရေးအတွက် လှုပ်ရှားနေတဲ့ အဖွဲ့အစည်း များ ဖြစ်ပါတယ်။ ဒုတိယအမြင်နဲ့ချဉ်းကပ်သူတွေကတော့ အများအားဖြင့် နိုင်ငံရပ်ခြားက ပညာရှင်အချို့ ဖြစ်ပါတယ်။ အဲသည့် အထဲမယ် သဘာမရင့်သေးတဲ့ မြန်မာပညာရှင် အနည်းငယ်လည်း ပါဝင်နေတာကို တွေ့ရပါတယ်။ အရှေ့တောင် အာရှဒေသ နိုင်ငံများထဲက ခေါင်းဆောင်တွေလည်း ဒီအမြင်ကို အမြဲပြောလေ့ရှိပါတယ်။

သာမန်ပြည်သူတွေ လူထုတွေ အနေနဲ့ကတော့ ဖိနှိပ်တဲ့စနစ်အောက်မှာ မနေလိုတဲ့အတွက် သူတို့ရဲ့အမြင်က ရှင်းပါတယ်။ အမြင်ရှုတ်ထွေးမှု ဖြစ်နေတာကတော့ ဒုတိယလမ်းကြောင်းက သူများပဲဖြစ်ပါတယ်။ နိုင်ငံတခုဟာ စီးပွားရေးတိုး တက်ဖို့ လိုတယ်ဆိုတာတော့ ဟုတ်ပါတယ်။ သို့သော် ဘယ်ပမဏအထိ ရောက်မှ တိုးတက်တယ်လို့ ပြောမှာလဲ ဆိုတဲ့ ငြင်းစရာတွေ က ရှိနေပါတယ်။ စီးပွားရေး မတိုးတက်မချင်း စစ်အာဏာရှင်စနစ်နဲ့ သွားနေတာကို လစ်လျူရှု့ရဦးမှာလား ဆိုတာကလည်း နောက်ထပ်ငြင်းခုန်စရာဖြစ်ပါတယ်။ စင်္ကာပူလို၊ တောင်ကိုရီးယားတို့လို တိုးတက်တဲ့အထိ စစ်အာဏာရှင်များ လုပ်ပါစေ ဆိုပြီးထားထားရမှာလား။ ဒါမှမဟုတ် အနည်းဆုံးတော့ ထိုင်းနိုင်ငံလောက် တိုးတက် လာသည်အထိ သည်းခံပြီး စောင့်သင့် တယ် လို့ပြောကြမှာလား။

မြန်မာစစ်အာဏာရှင်တို့ တိုင်းပြည်ကို နာမည်မျိုးစုံသုံးပြီး အုပ်ချုပ်လာတာ (၄၅) နှစ်ပြည့်သွားပါပြီ။ ဒီမိုကရေစီ ကို လမ်းခင်း ပေးနေသလို စီးပွားရေးဖွံ့ဖြိုးလာအောင် သူတို့လည်း လုပ်နေပါတယ်။ သူတို့ကို မနှောင့်ယှက်ပါနဲ့ဦးလို့ ဆိုရင် နောက်ထပ် (၄၅)နှစ်ထပ်စောင့်ပေး ဦးဆိုတဲ့ သဘောလား။ ဒီသဘောမျိုး သက်ရောက်တဲ့စကားကို တလောက ကမ်ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန်က ပြောသွားခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်း တချိန်က ခမာနီ အဖွဲ့ဝင် ဟောင်း ဆိုတော့ ဒီလိုပြောတာ မဆန်းပါဖူး။ အာဏာရှင်ခြင်း အကာကွယ်ပေးတဲ့ သဘောပါပဲ။ နောက်တချက်က လည်း စောင့်ဆိုင်းနေရတယ်ပဲ ထားဦးတော့။ အဲသည့် စောင့်နေရတဲ့ နှစ်တွေအတွင်းမှာ တကယ် စီးပွားရေးတိုးတက် လာမယ်လို့ ဘယ်သူက အာမခံမှာလဲ။

လွန်ခဲ့တဲ့ တနှစ်ခွဲလောက်တုံးက ထိုင်းနိုင်ငံ ချင်းမိုင်မှာ ဆွေးနွေးပွဲတခုလုပ်ပါတယ်။ မြန်မာပြည်ရဲ့ အနာဂတ် စီးပွားရေး ကိစ္စတွေကို ဆွေးနွေးပွဲလာသူများက မြန်မာစီးပွားရေး ပညာရှင်တဦးဖြစ်တဲ့ ပါမောက္ခ ဦးခင်မောင်ကြည်ကို မေးကြပါ တယ်။ ပါမောက္ခ ဦးခင်မောင်ကြည်က ရှင်းရှင်းပဲဖြေပါတယ်။ ဒီအာဏာရှင်စနစ်ကနေ မပြောင်းသရွေ့ ဘယ်နည်းကိုပဲ သုံးသုံး အလုပ်ဖြစ်မှာလည်း မဟုတ်တဲ့အပြင် မြန်မာပြည်ဟာ ရေစုံမျော ဦးမယ်လို့ အတိအလင်း ဖြေကြားခဲ့ပါတယ်။ ပါမောက္ခ ဦးခင်မောင်ကြည်ဟာ အတွေ့အကြုံနဲ့ပညာသက် ၀ါရင့်တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒေါက်တာပေါက်စန မဟုတ်ပါ။

နောက်ထပ် ၀ါရင့်မြန်မာ စီးပွားရေးပညာရှင် တဦးဖြစ်သူကတော့ ဒေါက်တာမျိုးညွှန့်ပါ။ ဒေါက်တာမျိုးညွှန့်က တိုင်း ပြည်ဖွံ့ဖြိုး တိုးတက်ချင်တယ်ဆိုရင် ခေတ်နောက်ကျနေတဲ့ မြန်မာ့လယ်ယာ စိုက်ပျိုးရေးကဏ္ဍကို အရင်မြှင့်တင် ဖို့ လိုကြောင်း တင်ပြ ခဲ့ဖူးပါတယ်။ သို့သော်လည်း လွတ်လပ်ခွင့် ဘာတခုမှမရှိရင် တိုးတက်အောင်လုပ်ဖို့ အဟန့်အ တားဖြစ်တယ် ဆိုတာကို ပြောဖူးပါတယ်။

ဘော့တေလာဆိုတဲ့ အမေရိကန် ပညာရှင်တဦးကတော့ မြန်မာစစ်အစိုးရဟာ သူတို့နည်းသူတို့ဟန်နဲ့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နေတယ်၊ ဒါကိုလျော့မတွက်သင့်ဖူးလို့ ဆိုပါတယ်။ အဲသည့်ပါမောက္ခကို ခေါင်းဆောင် တင်ပြီး မြန်မာပညာရှင်အချို့ ဆိုသူများက သူတို့ကိုယ်သူတို့ အနာဂတ်မြန်မာပြည်အတွက် သတ်လိုင်း၊ သတ်ဖို့စ် (Third line, third force) ဆိုပြီးကြွေးကြော်နေတာလည်း ရှိပါတယ်။ ပါမောက္ခ ဘော့တေလာဟာ မဆလ ခေတ်တုံးကလည်း ဦးနေ၀င်းနဲ့ အလွမ်းသင့်သူ ဖြစ်ပါတယ်။ အခုခေတ်မှာလည်း လက်ရှိစစ်အာဏာရှင်များနဲ့ တည့်အောင် ပေါင်းသူ ဖြစ်ပါတယ်။ အာဏာရှင်များ ငြိုငြင်မဲ့ ချဉ်းကပ်မှုမျိုးကို ဘယ်တော့မှ လုပ်သူမဟုတ်ပါ။ အဲတာကြောင့် သူရဲ့စာတန်းများမှာ ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်မယ်ဆိုရင် တိုင်းသူပြည်သား တွေအတွက် အနည်းဆုံး မရှိမဖြစ် ရှိရမဲ့ လွတ်လပ်ခွင့်ကို ဘယ်တော့မှ အလေးပေး ထည့်သွင်းခြင်း မရှိပါ။ ဒီ့အပြင် ဒေါ်အောင်ဆန်းစုကြည် မပါဘဲ စစ်အစိုးရက ဒီမိုကရေစီကို ပေးရင် မယူတော့ဘူးလား ဆိုတဲ့ မေးခွန်းကို တည်ထွင် ဖြန့်ဖြူးခဲ့တဲ့ အုပ်စုလည်း ဖြစ်ပါတယ်။

မြန်မာပြည်သူပြည်သား တွေဟာ ဆင်းရဲနွမ်းပါးမှုကို နှစ်ပေါင်းများစွာ ဖက်တွယ်ထားရပေမဲ့ နိုင်ငံရေး အတွေးအမြင် မချို့တဲ့ပါ။ ပြီးခဲ့တဲ့စက်တင်ဘာ လူထုလှုပ်ရှားမှုကို ပြန်ကြည့်ရင် သိနိုင်ပါတယ်။ ပြည်သူတို့ တောင်းဆိုတာက တွေ့ဆုံ ဆွေးနွေးရေး ဖြစ်ပါတယ်။ မျက်စေ့စုံမှိတ်ပြီး ခင်ဗျားတို့စစ်သားတွေ အာဏာနေရာကဆင်းပြီး စစ်တန်းလျားကို ပြန်ဆိုတဲ့ တောင်းဆိုမှုမျိုး မဟုတ်ပါ။ တိုင်းပြည်တခု ပြန်လည်တည်ဆောက်တဲ့ နေရာမှာ ဖြစ်တည်နေတဲ့ ကနေ့နိုင်ငံရေး သမိုင်း လက္ခဏာအရ သက်ဆိုင်နေသူ အားလုံးပါဝင်ဖို့ လိုတယ်ဆိုတာကို နားလည်သူများ ဖြစ်ပါတယ်။

အတိုင်းအတာတခုအထိ လွတ်လပ်မှုရှိမှလည်း တွေ့ဆုံဆွေးနွေးရေးဟာ အလုပ်ဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးတယ် ဆိုတာ ကလည်း သည့်ထက်ပိုပြီး ပွင့်လင်းလွတ်လပ်တဲ့ဝန်းကျင်ကို ဖန်တီးဖို့ဖြစ်ပါတယ်။ သို့သော် ပိတ်ဆို့နေတဲ့ ရေမြေမှာ တွေ့ဆုံ ဆွေးနွေးရေးဟာ အလုပ်မဖြစ်ပါ။ အောင်မြင်လေ့မရှိပါ။

လိုအပ်တဲ့ အတိုင်းအတာ တခုအထိ လွတ်လပ်မှသာ ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် လွတ်မြောက် ရေး အတွက် လှုပ်ရှားခြင်းက စီးပွားရေးတိုးတက်လာဖို့ထက် အရင်ဦးဆုံး လက်ရင်းကြတဲ့ လုပ်ငန်း ဖြစ်ပါတယ်။ ပြန်ကောက်ရရင် စီးပွားရေးတိုးတက် ဖွံ့ဖြိုးလာဖို့ ဘယ်သူကမှ အာမမခံနိုင်တဲ့ အခြေအနေမှာ လက်တွေ့အကျဆုံး အလုပ် ကတော့ လွတ်လပ်ခြင်းကို သယ်ဆောင်လာတာကသာ လူများစုကြီးအတွက် ပိုလို့ အကျိုးရှိပါတယ်။

ခေါင်းမာနေတဲ့ စစ်အာဏာရှင် အုပ်ချုပ်သူများကို ဖိအားပေးရပါလိမ့်မယ်။ ဖိအားပေးမဲ့သူများကတော့ ပြည်သူတွေ ကိုယ်တိုင်ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုများကသာ ပိတ်ဆို့နေတာတွေ၊ မလွတ်လပ်တာတွေကို ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။

ဇော်မင်း (လူ့ဘောင်သစ်)
၂၀ ရက် ဒီဇင်ဘာလ ၂၀၀၇ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.