ရွက်မွန်စာမျက်နှာ

Saturday, December 22, 2007

ရွက်မွန်သည် တတိလိုင်း တတိယအင်အား မဟုတ်ပါ


ချို့က သည်လိုဆိုပါတယ်။ ကျုပ်တို့ကတော့ ပြတ်သားတယ်၊ လိုင်းမာတယ်၊ ရပ်တည်ချက် မပြောင်းဖူး၊ ပြတ်သားတဲ့ ရပ်တည် ချက်ရှိပေါ်မှာ ခိုင်ခိုင်မာမာရပ်တယ် အစရှိသဖြင့် တင်ပြကြ၊ ပြောကြပါတယ်။ မိမိနဲ့သက်ဆိုင်တဲ့ လုပ်ဖေါ် ကိုင်ဖက် များကို လည်း သူတို့လို ရပ်တည်ချက်ပြတ်သားဖို့ အကြံများလည်းပေးပါတယ်။ မြေအောက် လုပ်ငန်းပဲ လုပ်လုပ်၊ မြေပေါ် နိုင်ငံရေးပဲ လုပ်လုပ်၊ လက်နက်ကိုင် တော်လှန်ရေးမှာပဲ တာဝန်ယူယူ၊ ယုတ်စွအဆုံး ကဗျာတွေ၊ စာတွေ ရေးတာပဲ ဖြစ်ဖြစ် ရပ်တည် ချက် ပြတ်သားတဲ့ အပေါ်မှာ အခြေခံပြီး ဆောင်ရွက်ရမယ်လို့ တိုက်တွန်းကြပါတယ်။

သည်ချဉ်းကပ်မှုဟာ မှန်ပါတယ်။ ခံစားနေရတဲ့ လူထုဖက်က ပြတ်ပြတ်သားသား ရပ်ရမယ်၊ မိမိလုပ်သမျှ အလုပ်တွေဟာ မြန်မာပြည် ဒီမိုကရေစီ ထွန်းကားဖို့အတွက် တဖက်တလမ်းက အထောက်အကူဖြစ်ရမယ်။ ညီညွတ်ရေးကို ဦးတည်ရမယ်။ ဒါဟာ မလွဲတမ်းသေချာတဲ့ အားလုံးဝိုင်းဝန်း လုပ်ကြရမဲ့ အလုပ်များ ဖြစ်ပါတယ်။

ဆိုင်ရာဆိုင်ရာထောင့် များကနေ အလုပ်လုပ်ကြတဲ့ အခါမှာ မတူတဲ့တာဝန်များကို ခွဲဝေလုပ်ကိုင် ကြရတာကလည်း သဘာဝ ပါ။ တခါတရံတော့လည်း တဦးနဲ့တဦး အလုပ်သဘာဝခြင်း မတူတဲ့အခါမျိုးမှာ အားမလိုအားမရလို့ပဲ ဖြစ်ဖြစ် တဦးခြင်းစီရဲ့ အလုပ်သဘာဝကို မစေ့ငုမိလို့ပဲ ဖြစ်ဖြစ် နားလည်မှုလွဲချော် နိုင်တာတွေ ဖြစ်လေ့ရှိပါတယ်။ နားလည်မှု လွဲချော်ခဲ့ရင် ပြန် လည်သုံးသပ် ဆန်းစစ်ခြင်းအမြင်နဲ့ အရင်ကြည့်ဖို့လိုပါတယ်။ ဟာ.... သည်လူတွေကတော့ ရပ်တည်ချက် မခိုင်မာဖူး။ “တတိယလိုင်း” “တတိယအင်အား အုပ်စု” တွေပါပဲ ဆိုပြီး တခါထဲ သတ္ထုချလိုက်ရင် လွဲချော်နိုင်စရာတွေ ဖြစ်လာပါလိမ့်မယ်။


ရွက်မွန်မှာ ရည်မှန်းထားတဲ့ အမြင်တွေရှိပါတယ်။ ဒါကတော့ ရွက်မွန်မှာထည့်ဝင်တဲ့ လုပ်အားဟာ မြန်မာပြည် ဒီမိုကရေစီ ထွန်းကားဖို့ အုပ်တချပ်သဲတပွင့် အဖြစ်ဆောင်ရွက်နိုင်ဖို့ဖြစ်ပါတယ်။ နောက်တချက် ကတော့ ရွက်မွန်ရဲ့ တင်ပြချက် အများစု ဟာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အယူအဆများက နေတဆင့် အခြေခံပြီး ချဉ်းကပ်တင်ပြတာ ဖြစ်ပါတယ်။ နောက်အရေးကြီး တဲ့ အချက်ကတော့ ရွက်မွန်ရဲ့ တင်ပြချက်တွေဟာ လူသားမှန်သမျ ရရှိရမဲ့ မွေးရာပါအခွင့် အရေးတွေ ဖြစ်တဲ့ လွတ်မြောက်ရေး၊ လွတ်လပ်မှုနဲ့ လူသားဆန်စွာ နေထိုင်နိုင်ရေး စတာတွေရဲ့ တန်ဖိုးတွေကို ဦးစားပေး တင်ပြနေ တာ ဖြစ်ပါတယ်။

ရွက်မွန်ဟာ တတိယလိုင်း တတိယအင်အား အုပ်စုမဟုတ်ပါ။ တတိယလိုင်း တတိယအင်အား အုပ်စုများရဲ့ သဘော သဘာဝ ကို အနည်းငယ် ပြောလိုပါတယ်။ တတိယလိုင်းအုပ်စုများရဲ့ အမြင်ဟာ သည်လိုရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်ခံအင်အားစုတွေလည်း ဘာမှမလုပ်နိုင်တော့ဖူး။ အားနည်း ချိနဲ့သွားကြပြီ။ စစ်တပ်ကလည်း ကောင်းတဲ့အုပ်စု မဟုတ် သလို ရေရှည်အမြင်မရှိဖူး၊ ပညာတတ်တွေမဟုတ်ဖူး။ ဒါကြောင့် ဒို့လိုလူမျိုးတွေ ၀င်လုပ်ရမယ် ဆိုတဲ့ ခံယူချက် ရှိတဲ့သူမျိုး တွေ စုထားတဲ့ အုပ်စုဖြစ်ပါတယ်။

သူတို့မှာ တချက်ပိုတာက အဲသလို ၀င်လုပ်ရုံ သာမက အခြေအနေပေးတဲ့ အချိန်ကာလရောက်ရင် သူတို့အုပ်စုက တိုင်းပြည် ရဲ့ အာဏာနေရာအထိ ပါဝင်ဖို့ ရည်မှန်းထား သူမျိုးတွေဖြစ်ပါတယ်။ အဲသလို တတိယလိုင်း အုပ်စုများဟာ ပြည်တွင်းမှာ လည်း ရှိနေသလို ပြည်ပမှာ လည်းရှိပါတယ်။ ပြည်တွင်း တတိယလိုင်း အုပ်စုကတော့ လက်ရှိမှာ သူတို့ ကိုယ်တိုင်လည်း စစ်တပ်အုပ်ချုပ်မှု အောက်မှာနေရ လေတော့ စစ်အာဏာရှင်တွေကို အာခံတဲ့ လူထုလှုပ်ရှားမှုတွေမှာ ဘယ်တော့မှ သူတို့ရဲ့ လုပ်အားကို မထည့်သွင်းပါဖူး။ ခပ်ဝေးဝေးကပဲ နေလေ့ရှိပါတယ်။ သည့်အပြင် တဖက်မှာလည်း အာဏာပိုင်တွေကိုလည်း အဆင်ပြေအောင် ပေါင်းသင်းပါတယ်။ ဒါကလည်း အကယ်၍ နိုင်ငံရေး အပြောင်းအလဲ တခုခုကို ဒေါ်စုတို့ မပါဘဲ လုပ်လို တဲ့အခါမျိုးမှာ သူတို့ဝင်ပါလာဖို့ စစ်တပ်က ဖိတ်ခေါ်ရင်လည်း ပါနိုင် အောင်ဆိုတဲ့ စိတ်ကူးနဲ့ ဖြစ်ပါတယ်။

သို့သော်လည်း ဒီလိုအုပ်စုက တင်ပြကြတဲ့ အချက်တွေမှာလည်း ကျနော်တို့ သဘောတူတာတွေ အချို့ရှိပါတယ်။ ဥပမာ- ဖော်ပြရရင် ရောဘတ်တေလာရေးထားတဲ့ သုံးသပ်ချက်တွေထဲမှာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခဟာ စစ် အာဏာရှင်နဲ့ အဖိနှိပ်ခံ လူထုကြား ပဋိပက္ခသာ မဟုတ်ဘူး။ အလွှာပေါင်းစုံ၊ နေရာပေါင်းစုံမှာ ရှိနေတယ်။ (multi-layers, multiple conflicts) ဆိုတာမျိုးကိုတော့ ကျနော်တို့ သဘောတူနိုင်ပါတယ်။

ပြည်ပမှာ အခြေစိုက်တဲ့ တတိယလိုင်းအုပ်စုများကတော့ ပြည်ပမှာ ဘယ်သူ့ကို့မှ ကြောက်စရာမလိုဘဲ နေနေရတာတောင် စစ်အာဏာရှင်များ ငြိုငြင်မဲ့ ပြောဆိုရေးသားမှုတွေ မလုပ်ပါဖူး။ လူထုတိုက်ပွဲကိုလည်း တန်ဖိုးရှိတယ်လို့ သတ်မှတ်ခြင်း မရှိတဲ့ လူမျိုးတွေဖြစ်ပါတယ်။ ပြည်တွင်းနဲ့ပြည်ပ တတိယလိုင်းအုပ်စု တွေဟာ သူတို့အချင်းချင်း ချိတ်ဆက်မှုတွေ တနည်း မဟုတ် တနည်းတော့ ရှိကြပါလိမ့်မယ်။

ရွက်မွန်ဟာ သူတတ်စွမ်းတဲ့ ဘောင်ထဲကနေ သူ့တာဝန်ကို တတ်နိုင်သလောက် ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ ရွက်မွန် ဟာ ဂျိမ်းစ်ဘွန်းမဟုတ်ပါ။ အုန်းခွံရောင် မြင်းညိုကြီးကိုစီး ခြောက်လုံးပူးခါးချိတ်ထားတဲ့ ကောင်းဘွိုင်လည်း မဟုတ်ပါ။ ကယ်တင်ရှင်လည်း မဟုတ်ပါ။ နိုင်ငံရေး အချိုးအကွေ့တခုမှာ စစ်အစိုးရက ကမ်းလှမ်းတဲ့ အခွင့်အရေး အဆောင်အယောင် များကို လက်ခံယူဖို့ ဦးတည်ထားပြီး ဆောင်ရွက်နေတဲ့ သူများမဟုတ်ပါ။ မိမိမြင်သမျှကို တထောင့် တနေရာကနေ တင်ပြ နေကြတဲ့ စာရေးသူများ၊ ဆောင်းပါး ရေးသူများသာ ဖြစ်ပါတယ်။

တခါက ပါမောက္ခဒေါက်တာခင်မောင်ကြည်က ပြောဖူးပါတယ်။ စစ်အစိုးရအုပ်ချုပ်နေတဲ့ ဒီနေ့ မြန်မာပြည်ဟာ စနစ် ပြိုလဲ ကျဆုံးစေတဲ့ ဗိုင်းရပ်စ်ပိုး (system failure) ၀င်သွားပြီ ပြောပါတယ်။ ဘယ်လိုသွားသွား တရားအရကို ဒီနေ့ စစ်အာဏာရှင် အစိုးရဟာ ကျဆုံးရမှာပါ။ စနစ်အရကို ကျရှုံးနေပြီဖြစ်တဲ့အတွက် တောင့်ခံနိုင်စရာ မရှိပါဘူး။ သို့သော် လည်း နက်ဖြန်၊ သဘက်ခါတော့ ပြိုကျချင်မှ ပြိုကျပါလိမ့်မယ်။ သေချာတာကတော့ မြန်မာ့ လူမှုအဖွဲ့အစည်း၊ အသိုင်း အ၀ိုင်း၊ လူ့ဘောင်တခု လုံးကို အောင်မြင်တိုးတက်စေတဲ့ လမ်းကို ဆောင်ကျဉ်း မပေးနိုင်တော့ပါဘူး။ ထိုမျှမက ပြိုကွဲ ကျဆင်းမှုတွေ တရစပ် ဖြစ်ပေါ် နေပါတယ်။ ဦးဏှောက်ယိုစီးနေတာ၊ လုပ်အားယိုစီးနေတာ၊ ဘဏ္ဍာ အရင်းအမြစ်တွေ ယိုစီးနေတာ အများအပြားပါ။ ကူးစက်ရောဂါ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အစိုးရ အုပ်ချုပ်ရေးစနစ်၊ ဗျူရိုကရေစီ၊ အစစ အရာရာ ယိုယွင်းနေပါ တယ်။ ဒါတွေဟာ ဒီနေ့ ဒီမိုကရေစီရ၊ နက်ဖြန် ဥုံဖွ ဖြစ်လာမယ့် ကိစ္စတွေ မဟုတ်ပါဘူး။ ဒါတွေကို စဉ်းစားနိုင်အောင် ရွက်မွန်က ထောက်ပြချင်ပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ အညီပြောင်းနေတဲ့ ကိစ္စ၊ ရှေ့ အလားအလာတွေကိုလည်း ရွက်မွန်က ထောက်ပြချင်ပါတယ်။ ကျနော်တို့ လှုပ်ရှားမှုဟာ ဒုတိယကမ္ဘာစစ်ကာလက လွတ်လပ်ရေးတိုက်ပွဲ မဟုတ်တော့ပါ ဘူး။ ပြောင်းနေတဲ့ ခေတ်အသစ်နဲ့အတူ လိုအပ်ချက်တွေ ရှိနိုင်ပါတယ်။ ရွက်မွန်က အကောင်းဆုံး ဖြည့်ဆီးနိုင်အောင် ကြိုးပမ်းပါမယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေ့ မြန်မာပြည် ဒီမိုကရေစီတိုက်ပွဲရဲ့ ခေါင်းဆောင်ဖြစ်တယ် ဆိုတာကို ပြည်သူများက အသိ အမှတ်ပြုထားပါတယ်။ ရွက်မွန်ကိုယ်တိုင်လည်း အဲသည့် ပြည်သူပြည်သားများထဲမှာ အပါအ၀င်ဖြစ်ပါတယ်။ ဒါ ကြောင့် လူထုလှုပ်ရှားမှုသာ အရေးကြီးဆုံးဖြစ်ကြောင်း ရွက်မွန်မှ ခံယူထားပါတယ်။ အဲသလို အရေးကြီးကြောင်းကို တင်ပြထားတဲ့ ဆောင်းပါးတွေလည်း အများအပြားတင်ထားပါတယ်။ သို့သော် လူထုကို ဒိုင်းသဖွယ်ကာ အသုံးချပြီး ကိုယ်လုပ်ချင်တာ လုပ်ဖို့ ရွက်မွန်မှာ အစီအစဉ်မရှိပါ။ ဒေါ်စုတို့ ချမှတ်ဆောင်ရွက်နေတဲ့ ကနေ့ပေါ်လစီများနဲ့ အတူ ရွက်မွန်ကလည်း ထပ်ချပ်မခွာ လိုက်ပါနေပါတယ်။ ဒေါ်စု အခုသွားနေတဲ့ လမ်းဟာ တွေ့ဆုံဆွေးနွေး အဖြေရှာရေး ဖြစ်ပါတယ်။ စစ်အာဏာရှင် စနစ်ကိုသာ ပြောင်းလဲဖို့ကြိုးနေတာ ဖြစ်ပါတယ်။ သို့သော် စစ်ဗိုလ်ချုပ်များကို အပြုတ်ဖြုတ်၊ အကုန်အစင် သုတ်သင်ပြီး နန်းသိမ်းရေး လုပ်နေတာ မဟုတ်ဖူး ဆိုတာကိုလည်း ရွက်မွန်က နားလည်သဘော ပေါက်ကြောင်း တင်ပြလိုက်ပါတယ်။

ရွက်မွန်

1 comment:

YeKyawAungMDY said...

အမှန်တရားဘက်ခိုင်ခိုင်မာမာရပ်တည်ရေး အယူအဆနဲ့၊ စစ်အာဏာရှင် ပြောင်းလဲရေး အယူအဆတွေ တူပေမဲ့၊ ကိုယ်နဲ့ ယူဆပုံ၊ချဉ်းကပ်ပုံ၊ပြောဆိုပုံ၊ လုပ်ကိုင်ပုံတွေ ကွဲတာနဲ့ တံဆိပ်ကပ် နာမည်တပ်လိုက်တာက ကျနော့်တို့လူမျိုးရဲ့ အကျင့်စရိုက်လားတော့မသိပါ။
ကျနော်တို့ လူမျိုးက ကျနော့်အမြင်ပြောရရင် negative sense နဲ့ aggressive က ကျန်တဲ့လူမျိုးနဲ့ယှဉ်ရင် ပိုများတယ်လို့ မြင်မိပါသည်။ နောက်သိပ်ပြီး compromise ဖြစ်ဖို့ မလွယ်ဘူးလို့မြင်မိပါသည်။ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ထောင်မှလွတ်ခါစက သူပြောခဲ့တဲ့စကား ပြန်ကိုးကားရရင် " ညီညွတ်ရေးဆိုတာဟာ တကယ့်တကယ်တော့ အကွဲကျင့်တာပဲ။ ကွဲတတ်သွားလို့ရှိရင် ညီသွားလိမ့်မယ်။ " လို့ပြောခဲ့ပါသည်။

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.