ရွက်မွန်စာမျက်နှာ

Monday, January 7, 2008

ရပိုင်ခွင့်အခွင့်အရေး

လူ
တွေရယ်လို့ ဖြစ်လာတဲ့ လူ့အဖွဲ့အစည်း အတွင်းမှာ မှီတင်းနေထိုင်တဲ့ လူသားအားလုံး သူတို့ရသင့်ရထိုက်တဲ့ အခွင့် အရေး တွေ ရရှိခြင်းဆိုတာ သဘာဝကျတဲ့ ကိစ္စဖြစ်သလို အင်မတန် လူသားဆန်တဲ့ ကိစ္စလည်းဖြစ်ပါတယ်။ မွေးဖွား လာကတဲက လူတွေဟာ သူတို့ရရှိရမဲ့ လူသားဆိုင်ရာ အခွင့်အရေးတွေ ကပ်လျှက် ပါလာပြီးသား ဖြစ်ပါတယ်။ ပညာသင်ကြား ဆည်းပူး ခွင့်၊ မိမိကြိုက်နှစ်သက် ယုံကြည်တဲ့ ဘာသာတရားကို ကိုးကွယ်ခွင့်၊ မိမိနှစ်သက်တဲ့ အသက် မွေးကြောင်း လုပ်ငန်း လုပ်ကိုင် ခွင့်၊ မိမိနှစ်သက်ရာနေရာတွင် နေထိုင်အခြေချခွင့်၊ မိမိယုံကြည်သည့် အတွေးအမြင် အယူအဆများကို လွတ်လပ်စွာ ဆွေးနွေး တင်ပြခွင့်၊ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခွင့် အစရှိသဖြင့် အခြားအခြားသော များပြားလှသည့် လူသားတို့ ရရှိ ရမည့် အခွင့်အရေးများ ရှိနေပါတယ်။ လူသားမှန်သမျှ ဒီလိုအခွင့်အရေးတွေ ရရှိပိုင် ဆိုင်ရမယ်ဆိုတာကိုလည်း ကနေ့ ကမ္ဘာသူ ကမ္ဘာသားအားလုံး လက်ခံထားကြပါတယ်။

သို့သော်လည်း ထိုထိုသော လူသားတို့ရဲ့ ရပိုင်ခွင့်အခွင့်အရေးများကို ချုပ်ကိုင် သော့ခတ်ထားတဲ့ အခြေအနေကလည်း နေရာ အတော် များများမှာ ကျန်ရိှနေပါသေးတယ်။ အခွင့်အရေးများကို ပိတ်ပင်တားဆီးနေတဲ့ ယန္တရားများ တွေထဲမှာ အစိုးရဆိုတဲ့ ယန္တရားကတော့ အဆိုးဆုံးဖြစ်ပါတယ်။ အစိုးရဖြစ်တဲ့ အတွက် အာဏာရှိလေတော့ အဲသည့် အာဏာကို အသုံးပြုပြီး ပိတ်ဆို့ ပါတယ်။ အဲတာကြောင့် နိုင်ငံသားတို့ ရရှိရမဲ့ အခွင့်အရေးများ လက်လွတ်ဆုံးရှုံးနေရ ခြင်းပါပဲ။ အဲသည့် အခွင့်အရေးများကို လမ်းဖွင့်ပေးတဲ့ လွတ်လပ်မှု ဆိတ်သုန်းသွားတာကတော့ အဓိကလို့ ဆိုရမှာပါ ပဲ။

မြန်မာ့လူ့အဖွဲ့အစည်းကို ပြန်ကြည့်ရင် ပဒေသရာဇ်ဘုရင်တွေ လက်ထက် တလျှောက်လုံး လူသားတို့ရပိုင်ခွင့်၊ နိုင်ငံသား တို့ ရပိုင်ခွင့် ဆိုတာ ခေတ်မစားသေးပါဖူး။ အများပြည်သူတွေ အနေနဲ့ ကြားတောင် ကြားဖူးခဲ့တာ မဟုတ်ပါ။ ဘုရင်တွေ ခေတ် က စာပေတွေမှာလည်း အဲသည့်ရပိုင်ခွင့်တွေနဲ့ ပတ်သက်လို့ ဘာတခုမှလည်း အထူးတလည် ရည်ညွှန်းပြဆို ထားတာမျိုး ပညာပေးခဲ့တာမျိုးမရှိခဲ့ပါ။ အားလုံးက ဘုန်းတော်ဘွဲ့ တွေသာဖြစ်နေပါတယ်။

အဲသည်ကနေ ဗြုံးကနဲဆို အင်္ဂလိပ် ကိုလိုနီဖြစ်သွားခဲ့ပါတယ်။ ကိုလိုနီ လက်ထက် တလျှောက်လုံး ကိုပြန်ကြည့်လိုက် တော့ ကျောင်းတွေမှာရော၊ စာပေနယ် နှစ်ခုစလုံးမှာ လွမ်းမိုးခဲ့တာက နယ်ချဲ့စနစ်အောက်က လွတ်မြောက်ရေး ဖြစ် ပါတယ်။ လူသားတို့ ရပိုင်ခွင့်၊ နိုင်ငံသားတို့ ရပိုင်ခွင့်ဆိုတာမျိုးကို ကိုလိုနီတိုက်ပွဲကာလ အတွင်းမှာ ဖြန့်ကျက်ပေးနိုင် မှု အားမကောင်း ခဲ့ပါ။ ဒါကလည်း တဖက်မှာ ပြန်ကြည်တော့ အဆိုးဝါးဆုံး ကိုလိုနီနယ်ချဲ့ကို တိုက်နေရတော့ အမျိုးသား ရေးဝါဒ ကိုသာ ပိုပြီး ရှေ့တန်းတင်ခဲ့ ရလို့ဖြစ်ပါတယ်။ မှားတယ်လို့တော့ မဆိုနိုင်ပါဖူး။ သို့သော် တဖက်မှာကျတော့လည်း မြန်မာပြည်သူတွေ အတွက် အခွင့်အရေးဆိုင်ရာ တိုက်ပွဲတွေနဲ့ပတ်သက်လို့ မိတ်ဆက်ပေးမှု၊ တွန်းတင်ပေးမှု အားနည်း ခဲ့ရပါတယ်။

ဒါ့ကြောင့် ကိုလိုနီခေတ် တိုက်ပွဲတွေမှာ အခွင့်အရေး ဆုံးရှုံးနေမှုကို တိုက်ပွဲဝင်တာ အလွန်အင်မတန် နည်းပါးခဲ့ပါ တယ်။ ၁၉၃၀ ဂဠုန်ဆရာစံရဲ့ လယ်သမားသူပုန်ထမှုက လယ်သမားများ နစ်နာလို့ ပေါ်ပေါက်ခဲ့ရတာ ဆိုပေမဲ့ အခွင့်အရေးအတွက် တိုက်တဲ့ တိုက်ပွဲသဏ္ဍန် သိပ်မဆောင်လှပါဖူး။ ကျေးလက်က ပြည်သူများအနေနဲ့ကလည်း တဖက်မှာ ဆရာစံကို ကယ်တင် ရှင် မင်းလောင်းလို့ သတ်မှတ် ယုံကြည်နေတာက ပိုများပါတယ်။ သတင်းစာများ ကလည်း ပထမပိုင်းမှာ လယ်သမား သူပုန် ထမှုကို မျှော်လင့်ချက်တခုအနေနဲ့ ရေးသားကြပေမဲ့ နောက်ပိုင်းကြတော့ ခနိုးခနဲ့ရေးသားလာကြတာ တွေ့ရပါတယ်။ သူပုန် ထနေတဲ့ နယ်များမှာ နေ့ခင်းဆိုရင် အင်္ဂလိပ် စစ်ပုလိပ်တပ်များကို ကြောက်ရတယ်၊ ညဆိုရင် ကြောက်ရတာ ဂဠုန် ဆိုပြီး ရေးသားလာတာ မျိုးလည်းရှိခဲ့ပါသေးတယ်။ မီဒီယာနဲ့ ပတ်သက်လာရင် အဲသည့် ခေတ်တုံးက အတော်အတန် လွတ်လပ်မှု ရှိပါတယ်။ သို့သော် သတင်းစာများကလည်း ဒါကို အခွင့်အရေး အတွက် တိုက်ပွဲဝင်တယ် ဆိုတာမျိုး ပုံပေါ်လာအောင် ပညာ မပေးနိုင်၊ မရေးသားနိုင်ခဲ့တာ ကိုတွေ့ရပါ တယ်။

သို့သော် ၁၃၀၀ပြည့် ရေနံမြေသပိတ်တိုက်ပွဲကတော့ ရှားရှားပါးပါး အလုပ်သမားများရဲ့ အခွင့်အရေးတိုက်ပွဲ တခုဖြစ် ခဲ့သလို လွတ်လပ်ရေး လှုပ်ရှားမှု နဲ့လည်း ကောင်းကောင်းကြီး ချိတ်ဆက် မိခဲ့ပါတယ်။ ဒါကြောင့် ရေနံမြေသပိတ် တိုက်ပွဲဟာ မြန်မာ့ လွတ်လပ်ရေးလှုပ်ရှားမှု သမိုင်းမှာ ထူးခြားခဲ့သလို အလွန်လည်း အားကောင်းခဲ့ပါတယ်။ သူရဲကောင်း အများအပြား မွေးထုတ် ပေးခဲ့တဲ့ ပွဲကြီးဆိုရင်လည်း မမှားပါဖူး။

လွတ်လပ်ရေးရတော့ သတင်းစာလောက၊ စာပေလောက စတဲ့နယ်ပယ်များ အားလုံးဟာ နိုင်ငံသားတို့ ရရှိခံစားရမဲ့ အခွင့် အရေးတွေ (ဒီမိုကရေစီအပါအ၀င်) ကို ဦးစားပေးဖော်ဆောင် ပညာပေးတာက အလွန့်အလွန်နည်းပါးပြီး နိုင်ငံ ရေးအရ သူတို့ ယုံကြည်တဲ့ဖက် ကသာ ပိုမှန်တယ်၊ ဒါမှမဟုတ် အသာစီးရအောင်ပဲ ရေးကြသားကြပါတယ်။ ပညာရေး စနစ်မှာလည်း နိုင်ငံသားတို့ အခွင့်အရေးနဲ့ ပတ်သက်လို့ ကျောင်းသင်ခန်းစာတွေမှာ သတ်သတ်မှတ်မှတ် ဟုတ်တိပတ်တိ ပြဌာန်း ဆောင်ရွက် နိုင်တာ မျိုးမရှိခဲ့ပါ။

ဒီနေရာမှာ အိန္ဒိယနိုင်ငံက သတင်းစာများနဲ့ နှိုင်းယှဉ်ပြောပါရစေ။ လွတ်လပ်ရေး ရကတဲက အိန္ဒိယသတင်းစာများ ဟာ ဒီမိုကရေစီ ကို ဆက်တိုက် ကာကွယ်ခဲ့ပါတယ်။ ဒီမိုကရေစီ တန်ဖိုးကို အထူးတလည် ရေးသား ပညာပေးနိုင်ခဲ့ ပါတယ်။ သူ့အုပ်စု၊ ကိုယ့်အုပ်စု ကောင်းကြောင်းရေးတဲ့ သတင်းစာများလည်း မရှိမဟုတ် ရှိပါတယ်။ သို့သော် လူထု အကြား သြဇာ ကြီးတဲ့ သတင်းစာမှန်သမျှဟာ နိုင်ငံရေးခေါင်းဆောင်များ ဒီမိုကရေစီကိုထိပါးလာရင် တလွဲအသုံးချ လာရင် ပြတ်ပြတ် သားသား ဝေဖန်ထောက်ပြကြပါတယ်။ ၁၉၇၅ ခုနှစ်မှာ ၀န်ကြီးချုပ်ဖြစ်သူ အင်ဒီရာဂန္ဒီက နိုင်ငံတော် အရေးပေါ်အခြေအနေ အက်ဥပဒေထုတ်ပြီး တိုင်းပြည်ကို အုပ်ချုပ်တဲ့အတွက် ပထမဆုံး တိုက်ပွဲဝင်သူတွေဟာ သတင်းစာတွေဖြစ်ပါတယ်။ အရေးပေါ် အက်ဥပဒေနဲ့ အုပ်ချုပ်တာ သက်တန်း ကြာရှည်သွားရင် ဒီမိုကရေစီ ယိုင်နဲ့လာ မှာ စိုးရိမ်တဲ့အတွက် ဖြစ်ပါတယ်။

(မဆလ) ခေတ် ရောက်တော့ ရှိစုမဲ့စုလွတ်လပ်ခွင့်တွေ အားလုံးဆိတ်သုန်း ကုန်တော့ နိုင်ငံသားများအတွက် သူတို့ရရှိရမဲ့ အခွင့်အရေးများ အပေါ် အသိပညာပေးဖို့ဆိုတာက ဝေးသထက်ပို ဝေးသွားခဲ့ပါတယ်။ ကျောင်းပညာရေး စနစ်ကလည်း မဆလ အစိုးရကို ကျားကန် ထောက်ကူ ပေးတဲ့ ပညာရေးစနစ် သာဖြစ်လာခဲ့ပါတယ်။ ကျောင်းသားဘ၀ဟာ လက်ညိုး ထောင် ခေါင်းညိတ်နဲ့ပဲ ဖြတ်သန်းခဲ့ရပါတယ်။ ရှိလက်စ ပုဂ္ဂလိက (သို့မဟုတ်) လွတ်လပ်သော သတင်းစာ၊ စာစောင် ဆိုတာ မျိုးတွေအားလုံး ပိတ်ပင်ခံလိုက်ရပါတယ်။

အများပြည်သူတို့အား အသိပညာပေးတယ် ဆိုတာနဲ့ ဆက်စပ်ပြီးပြောရရင် အားလုံးသိတဲ့အတိုင်း နဂါးနီသီချင်းဟာ နယ်ချဲ့ ဆန့်ကျင်ရေးကာလ တလျှောက်လုံးမှာ အလွန်ထူးခြား တောက်ပြောင်တဲ့ အမျိုးသားရေးနိုးကြားစေတဲ့ သီချင်း ဖြစ်ခဲ့ ပါ တယ်။ သို့သော် သီချင်းထဲမှာ ထည့်သွင်းထားတဲ့ စာသားတွေကို ပြန်ကြည့်လိုက်တော့ ဥပမာအားဖြင့် “လူမွဲတွေက မနှေး ခေတ်မှီ သူဌေး ဖြစ်တော့မည်....... ဘိုးဘိုးအောင်နဲ့ ရှင်ဥဇ္စဃောနတို့ မတဲ့ကိန်းဆိုက်မည်” အစရှိ သဖြင့် တွေ့ရပါတယ်။ နယ်ချဲ့ကို တွန်းလှန်တဲ့ တိုက်ပွဲအတွက်ကတော့ ဒီသီချင်းဟာ အလွန်အကျိုးရှိ ခဲ့တယ် ဆိုတာက တော့ ငြင်းစရာမလိုပါ။ သို့သော် တဖက်မှာတော့ သီချင်းမှာ မိမိရပိုင်ခွင့် အခွင့်အရေးအတွက် တိုက်ပွဲဝင်တာထက် ကယ်တင်ရှင် ကို မျှော်လင့်စေတဲ့ အတွေးက ပိုလို့လွှမ်းမိုးနေပါတယ်။

အခုစစ်အစိုးရ လက်အောက်မှာ တချက်တချက် ကယ်တင်ရှင်မျှော်တဲ့ တွေးလုံးလေးတွေ တွေ့နေရပါသေးတယ်။ တချို့ အမေရိကန် ၀င်လာနိုင်တယ်လို့ မျှော်ကြ ပြောကြတာ ရှိပါတယ်။ တချို့ကတော့ ကုလသမဂ္ဂက တချိန်ချိန်မှာ ပြင်းပြင်း ထန်ထန် အရေးယူ လာရင်တော့ စစ်အစိုးရပြုတ်ကျ သွားနိုင်တယ်လို့လည်း ယူဆကြပါတယ်။

မြန်မာပြည်သူတွေ ဒီလိုပဲ ကယ်တင်ရှင် မျှော်ရင်းနဲ့ အချိန်တွေ ကုန်တော့မှာလားလို့ ပြောသူဆွေးနွေးသူတွေ ရှိလာပါတယ်။ သို့သော် တိုးတက်မှု အသစ်တွေ ဖြစ်ထွန်းလာတာ ကိုလည်း တဖက်မှာ တွေ့လာနေရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင် လှုပ်ရှားမှု အတွင်းက ဦးပဇင်းတပါးက သည်လိုမိန့်ကြားခဲ့တာ တွေ့ရတော့ အားတက်စရာပါပဲ။ “ဘုန်းကြီးတို့ ပြောချင်တာကတော့ မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် တိုက်ပွဲဝင်ယူရမယ် ဆိုတဲ့အတိုင်း အဲသည့် အခွင့်အရေးများ အတွက် တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။” ၀မ်းမြောက်ဖွယ် ကောင်းတဲ့ အဆိုအမိန့်ပါပဲ။

မိမိရရှိရမည့် မွေးရာပါ ရပိုင်ခွင့် အခွင့်အရေးများ အတွက် တိုက်ပွဲဝင်ရင်း ဒီမိုကရေစီ လှုပ်ရှားမှုနှင့် ချိတ်ဆက်နိုင်ခြင်း (သို့မဟုတ်) ဒီမိုကရေစီ လှုပ်ရှားမှုများအတွင်း မိမိအခွင့်အရေး တိုက်ပွဲများနှင့် ချိတ်ဆက်နိုင်ခြင်း တို့သည်သာ မည်သူ့ကိုမှ အားကိုးစရာ မလိုသော လမ်းစဉ်ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

ဇော်မင်း (လူ့ဘောင်သစ်)
၇ ရက်၊ ဇန်န၀ါရီလ၊ ၂၀၀၈ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.