( ၁ )
“အပြင်စာတွေမဖတ်နဲ့၊ ကျောင်းစာပဲဖတ်”ဟု မိဘတော်တော်များများ ပြောဆိုဆုံးမလေ့ ရှိတတ်သည်။ ကျောင်းစာ မလိုက် နိုင်မှာ စိုးသဖြင့် မတတ်သာ၍ လုပ်ရရှာသည့် မိဘများအား စာနာနားလည်မိသည်။ ထို့ကြောင့် ကြီးသည်အထိ အပြင်စာ မဖတ်ဘူးသည့် ကျောင်းနေဖက် တချို့ကို တွေ့ဖူးသည်။ တချို့မိဘများကျတော့ အရွယ်နှင့်မျှသည့် အပြင်စာများကို ရွေးချယ် သတ်မှတ် ပေးကြသည်။ ထို့ကြောင့် ကျောင်းစာရော၊ အပြင်စာပါ တွဲဖတ်သည့် ကျောင်းနေဖက်တချို့ ကိုလည်း တွေ့ခဲ့ဖူး သည်။ တတိယအစုမှာ မိဘက မလုပ်နှင့်ဟုဆိုလျှင် လုပ်ချင်သည့် လူငယ်စိတ်ကြောင့် ခိုးဖတ်ကြသည့် လူငယ် များပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေ အပြင်စာဖတ်ခွင့် မရကြရှာသည့် လူငယ်များ၏ ပျိုနုစဉ်ကာလများကား နှမြောစရာ ကောင်းလှ သည်။ သူတို့ခမြာ လူမှုလက်တွေ့ဘ၀သည် မေးခွန်းရော၊ အဖြေပါ တွဲပါနေသည့် ပြဋ္ဌာန်းစာအုပ်များနှယ် စာမျက်နှာစဉ်လိုက် အစီအစဉ် မကျကြောင်း တကယ်တန်းသိတော့ အတော့်ကို ကြီးနေကြပြီ။
ဝတ္ထုများကို ကလေးဘ၀မှစတင်ဖတ်ရှုခဲ့သော ဂျူးသည် “ကျမဖတ်ခဲ့သော စာအုပ်များ”ဟု အမည်ရသည့် စာအုပ်ထဲ၌ ငယ် စဉ်က ဖတ်ခဲ့ဖူးသည့် ၀တ္ထုများကို ကလေးတဦး ခံစားရသလိုပင် ရိုးရိုးစင်းစင်း ခံစားပြထားသည်။ ထိုမှ လူငယ်၊ လူလတ် စသဖြင့် အရွယ်အလိုက် အဆင့်ဆင့် ခံစားပြသွားသည်။ ငယ်နုစဉ်ကတော့ ဇာတ်လမ်းကိုအဓိကထား၍ ခံစားခဲ့ ကြသလို၊ ရင့်ကျက်လာတော့ ဇာတ်လမ်းထက် ဇာတ်ကောင်၊ လူ့စရိုက်၊ လူ့သဘာဝ၊ သမိုင်းနောက်ခံကားချပ်၊ ခေတ်ပြိုင် ခံစားမှု၊ အဖွဲ့အနွဲ့၊ တင်ပြပုံ၊ စာရေးသူ၏ စေတနာ၊ သက်ရောက်မှု စသဖြင့် ကျယ်ကျယ်ပြန့်ပြန့် ခံစားပြသွားသည်။
စာဖတ်သူတယောက်အနေနှင့်သာမက စာရေးသူတယောက် အနေနှင့်ပါ ၀င်၍ ဖတ်ပြသွားပုံမှာ ဤစာအုပ်ကို ရေးသားသည့် ဂျူး၏ ရည်ရွယ်ရင်းပင် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်ပင် ထင်၏။ ကျနော်သည် ကျနော်ကိုယ်တိုင် စာဖတ်နေသည်ကိုပင် မေ့သွားပြီး ဂျူးဖတ်သွားပုံကို အမှတ်မဲ့ လိုက်ကြည့်နေမိလျက်သား ဖြစ်သွားသည်။ ဂျူး ဟူသည့် ဇာတ်လိုက် အမျိုးသမီး တဦး မြန်မာဝတ္ထုတွေ အကြားရောက်သွားလိုက်၊ အာရှဝတ္ထုတွေ အကြား ရောက်သွားလိုက်၊ အင်္ဂလိပ်ဝတ္ထုတွေ အကြား ရောက် သွားလိုက်၊ အမေရိကန်ဝတ္ထုတွေအကြားရောက်သွားလိုက်၊ အီတာလျံ၊ ပြင်သစ်ဝတ္ထုတွေ အကြား ရောက်သွား လိုက်နှင့် ယဉ်ကျေးမှုတွေအကြား ဟိုမှသည် ကူးလူးသွားလာနေခြင်းကို စိတ်ဝင်တစား ကြည့်နေမိတော့သည်။
( ၂ )
ကျနော်တို့အနေနှင့် ဖတ်ခဲ့ပြီးသည်များကို ပြန်ဖတ်ဖြစ်ကြမည်။ သို့တည်းမဟုတ် မဖတ်ရသေးသည်များကို ရှာဖွေဖတ်ရှု မိကြ မည်။ မည်သို့ပင်ဆိုစေ ဟိုစဉ်က ခံစားမှုမျိုးနှင့်တော့ ထပ်တူထပ်မျှ တူနိုင်တော့ဦးမည်မထင်။ ပုံမှန်အားဖြင့်ဆိုလျှင် ဖတ်ပြီး သား စာအုပ်တအုပ်ကို တော်တော်နှင့် ပြန်ဖတ်ဖြစ်ကြမည် မဟုတ်တာ သေချာသည်။ အနည်းဆုံး သုံးလေးငါးနှစ် လောက် ကြာမှ မှတ်မှတ်ရရ ပြန်ဖတ်ဖြစ်လျှင်ဖြစ်မည်။ သို့တည်းမဟုတ် အချက်အလက်ရှာဖွေရန်၊ ကိုးကားရန် ပြန်ဖတ်ဖြစ် လျှင် ဖြစ်မည်။ သို့တည်းမဟုတ် စကားစပ်မိ၍ဖြစ်စေ၊ ပြန်လည်ပုံနှိပ်၍ ဖြစ်စေ အကြောင်းကိစ္စတိုက်ဆိုင်၍သာလျှင် ဖတ်မိကောင်း ဖတ်မိကြပေမည်။ ထိုအခါ မူလဖတ်စဉ်က ခံစားမှုမျိုးနှင့် အလုံးစုံ မတူနိုင်တော့။ မူလဖတ်စဉ်က ကြည့်မြင်ပုံ မျိုးနှင့် အလုံးစုံ မတူနိုင်တော့။ တွေးဒေါင့်သစ်တခုမှ တွေးမိ၍၊ မြင်ဒေါင့်သစ်တခုမှ မြင်မိနိုင်သည်။ အသက်အရွယ်နှင့် အတွေ့အကြုံ တို့ ကြောင့်ပေလား။ သို့တည်းမဟုတ် သမိုင်းနောက်ခံ ကားချပ်၏ လှုပ်ရှားမှု၊ အလျဉ်သဘော ကြောင့် ပေလား။ ဤသည်ကပင် လေးနက်သည့် ခံစားမှုသစ်ကို ပေးစွမ်းနိုင်စွမ်းရှိသည့် ရသစာပေ၏ ထူးခြားမှုတခုဟု ဆို၍ ရမည်ထင်သည်။
“ဆုံးရှုံးမှုတွေ များပြီး ရွေးချယ်ရန် လိုအပ်လာသောအခါ အစားထိုးမရသော ဆုံးရှုံးမှုကို တန်ဖိုးထားကာကွယ်ရန် ကျမကို ဤစာအုပ်က သင်ပေးခဲ့ပါသည်။ ဘ၀တွင် လူတို့သည် အရာများစွာကို ဆုံးရှုံးရနိုင်သည်။ ရွေးချယ်ရန်အကြောင်းများစွာ ပေါ်ပေါက်လာနိုင်သည်။ ထိုအထဲမှ ဘာကိုရွေးချယ်မလဲ။ ထိုအချက်သည် လူ့ဘ၀တွင် အလွန်အရေးကြီးသော အချက် ဖြစ်ပါ သည်။ လူတယောက်သည် သူ့ဘ၀တွင် အရေးကြီးဆုံး အရာ၊ အဆုံးအရှုံးမခံနိုင်ဆုံးသောအရာကို ကျိုးကြောင်း ဆင်ခြင်တတ် စွာ သိတတ်ဖို့လိုသည်ဟု ကျမထင်ပါသည်။ စာအုပ်များသည် ကျမကို ကြောင်းကျိုးဆင်ခြင်ဆက်စပ်မှု ပေးခဲ့ရုံသာ မကဘဲ ခွန်အားများစွာကိုလည်း ပေးခဲ့သေးသည်” ဟူ၍ တက္ကသိုလ်ဘုန်းနိုင်၏ ချစ်သောဤကမ္ဘာ ၀တ္ထုကို ဖတ်စဉ်က သူခံစားခဲ့ရ သည့် ခံစားမှုကို ရင်ဖွင့်ပြသည်။
( ၃ )
စာဖတ်ခြင်း၏ အဓိပ္ပာယ်ကို ကောင်းစွာခွဲခြားသိရှိရန် ခဲယဉ်းမည်ဖြစ်သော်လည်း ခုံခုံမင်မင်ဖတ်ကြသည်ကား အမှန်ပင်။ သို့သော် စာဖတ်သူချင်း တူကြသော်ငြား စာဖတ်ပုံချင်းကား မတူ၊ ရည်ရွယ်ချက်ချင်းကား မတူကြ။ တချို့က ဦးနှောက် အာဟာရအတွက် ဖတ်ကြသည်။ တချို့က နှလုံးသား အာဟာရအတွက် ဖတ်ကြသည်။ အများစုမှာ ကိုးကားကြရန်၊ ပြောဆို ဆွေးနွေးကြရန်၊ ဝေဖန်ဆန်းစစ်ကြရန် ဖတ်ကြသည်။ တိတိကျကျပြောရလျှင် စာကို အသုံးချရန် ဖတ်ကြခြင်း။ သို့သော် “ရသစာပေ”ကိုမူ နှလုံးသားနှင့်မှ ဖန်တီး၍ ရနိုင်ပေသည်။
“ကံကောင်းသောလူငယ်များသည် သူ့ဘ၀တွင် ဘယ်စာကိုဖတ်၊ ဘယ်စာကို မဖတ်နဲ့ဟူသော အကြံပေးချက်မျိုး ရရှိခဲ့၏။ ကံဆိုးသောလူငယ်များသည် ဘာအကြံပေးချက်မှ မရရှိပါ။ ထိုအမျိုးအစားထဲမှ စိတ်ဓာတ်အင်အားပြည့်စုံသော လူငယ် များ၊ ကြိုးစားလိုသောလူငယ်များ၊ ရှာဖွေစူးစမ်းလိုသော လူငယ်များသည် မည်သူ့အကူအညီမျှ မပါဝင်ဘဲ မိမိတို့ဘာသာ သင့်တော် ရာရာကို ရွေးချယ်သွားတတ်ကြသည်။ တချို့ကတော့ သူတို့ဘာလိုချင်မှန်း သူတို့ကိုယ်တိုင် မသိသူများ ဖြစ်ကြ ပါသည်။ လောက တွင် မိမိဘာလိုချင်သည်ဟု မှန်ကန်စွာသိ၍ မိမိလိုချင်သောအရာကို ရအောင်ယူနိုင်သော လူငယ်များ လည်း ရှိကြပါသည်။ လူတယောက် မိမိဘ၀တွင် ဘာလိုချင်သည်ဟု အတိအကျသိလာရန် စာအုပ်များစွာက တွန်းအား ပေးနိုင် သည်ဟု ကျမထင်ပါသည်” ဟူ၍ လူငယ်နှင့် စာပေ၏ အခန်းကဏ္ဍကို တင်ပြထားပါသည်။
မည်သည့် စာအမျိုးအစားများကို ဖတ်သနည်းဟူသည့်အချက်သည် အရေးကြီးသည်ဟုယူဆပါက၊ မည်သို့ဖတ်သည် ဟူသည့် အချက်သည်လည်း အရေးပါကြောင်း ထည့်သွင်းစဉ်းစားရပေမည်။ သေချာသည့်အချက်မှာ မကောင်းသည့် စာဟူ၍မရှိနိုင်၊ မကြိုက်သည့်စာ ဟူ၍သာ ရှိနိုင်ပါသည်။ ရင့်ကျက်သည့် စာဖတ်သက်က စာကို သမ္ဘာနှင့်ယှဉ်ကာ ရွေး၍ ရွေး၍ သွားပေလိမ့် မည်။ စာကို များများနှင့် စုံအောင် ဖတ်ဖို့သာ လိုသည်ဟုထင်ပါသည်။
( ၄ )
ရသစာပေတွင် ၀တ္ထုသည် အေးအေးဆေးဆေးနှင့် အချိန်ယူ၍ နားလည်အောင် ပြောပြသည့် သဘောမျိုးဆောင်သည်ဟု ထင်သည်။ ၀တ္ထုတပုဒ်ကို အချိန်မပေးဘဲ ဖတ်၍မရ။ ထို့ကြောင့် စာဖတ်သူသည် အေးအေးဆေးဆေးနှင့် အချိန်ယူ၍ တစိမ့် စိမ့် ခံစားဖတ်ရှုရပေမည်။ စာရေးဆရာသည် သူ့ခေတ်ကို သူ မျက်ကွယ်မပြုနိုင်။ သူ့ခံစားချက်သည်ပင် သူ ဖြစ်တည်နေ သည့် သမိုင်းခေတ်မှ ပေါက်ဖွားလာရသည်။ ထို့ကြောင့် သူ့ခေတ်ကို သူ သရုပ်ဖော်တော့သည်။ သူ့ခေတ်ပြိုင် ခံစားမှုသည် သူ့ဇာတ်ညွှန်း။ သူ့ဇာတ်အိမ်သည် သူ့တိုင်းပြည်၊ သူ့ကမ္ဘာ။ သူ့အတူနေလူသားများသည် သူ့ဇာတ်ကောင်များ စသဖြင့် ဖြစ်လာကြသည်။ သက်ဝင်လှုပ်ရှား လာကြသည်။ သို့နှင့် သူသည် မင်ဖြင့် မရေးဖြစ်၊ ရင်နှင့် ရေးဖြစ်သွားတော့သည်။
“ပါရီမြို့ကြီး ကိုယ်တခြမ်းသေနေပြီ”ဟု အီလျာအာရင်ဘတ်က ပြောသည်။ တကယ်လည်း ထို့ထက်မက ဆုံးရှုံးခဲ့ပါသည်။ သို့သော် ကျမတို့ သူ့ကို ပြန်လည် ဆေးကုသပေးရမည်။ မည်သည့်ဆေးဝါးဖြင့် ကုသခဲ့သလဲဆိုတာကိုတော့ သမိုင်းမှာ ဘယ်လိုမှ လိမ်ညာ၍မရသော အခန်းကဏ္ဍဖြစ်ပါသည်။ မြို့ကြီးတမြို့၊ နိုင်ငံကြီးတနိုင်ငံ ပြန်လည်ကျန်းမာလာဖို့ မြို့သူ မြို့ သား၊ နိုင်ငံသူနိုင်ငံသားများ၏ ကိုယ်ကျင့်သိက္ခာ၊ ဖြောင့်မှန်ကြိုးစားမှု၊ ဇွဲသတ္တိနှင့် ခေါင်းမာမှုများလိုအပ်ပါသည်။ ထို့အပြင် အချိန်ကာလလည်း များစွာလိုပါသည်။ နိုင်ငံတနိုင်ငံ ပြန်လည် ကျန်းမာလာဖို့ ဘယ်အချိန်မှာ ကုသမှုပေးရမလဲ ဟူသည့် မေးခွန်းမှာ မေးစရာပင်မလိုပါ။ လက်ရှိအခြေအနေ၊ လက်ရှိအချိန်အခါသည် အကောင်းဆုံးဖြစ်သည် ဟူ၍ ပါရီကျဆုံးခန်း ၀တ္ထုထဲတွင် အီလျာအာရင်ဘတ်က ဖော်ပြထားသည်ကို ကျမရင်ထဲ ခုထိစွဲနေဆဲရှိပါသည်။
အလားတူပင် စနစ်ဆိုးတခု၏ ၀ါးမျိုမှုသည် ရောဂါကပ်တခု၏ ၀ါးမျို့မှုကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်း၏။ ရောဂါကပ်ကို တွန်းလှန်ရန် ကြာသော အချိန်ထက်၊ စနစ်ဆိုးတခုကို တွန်းလှန်ရန် ကြာသောအချိန်က အဆပေါင်းများစွာ ပိုပါသည်။
ဝတ္ထုများကို ဖတ်ကြသည့်အခါ ဇာတ်လိုက်နေရာမှ ၀င်၍ လိုက်ပါခံစားရင်း ရုပ်ရှင်ကြည့်ပရိတ်သတ်တဦးနှယ် ဇာတ်လမ်း နောက် တကောက်ကောက်လိုက်တတ်ကြသည်မှာ လူ့သဘာဝပင်။ ကြာတော့ ဇာတ်လိုက်သည် မိမိ၏ “စံ” ဖြစ်လာသည်။ ဖြစ်နိုင်လျှင် မိမိကိုယ်တိုင် ထို “စံ”နှင့် ကိုက်ညီချင်သည်။ မကိုက်ညီလျှင်လည်း မိမိနှင့် ရင်းနှီးသူတဦးဦးကို ကိုက်ညီ စေချင် သည်။ အကြောင်းမှာ ၀တ္ထုထဲမှ ဇာတ်လိုက်ကို အပြင်၌ တကယ်တွေ့ချင် မြင်ချင်စိတ်ကြောင့်ဖြစ်သည်။ ဤဇာတ်လိုက် မျိုး တကယ်ရှိသည်ဟူသည့် ထင်မှတ်စိတ်ကို ယုံကြည်မှုအဖြစ်သို့ ပြောင်းလဲလိုခြင်းကြောင့် ဖြစ်သည်။
သို့သော် ကျနော်တို့သည် ကိုယ်ကိုယ်တိုင် ဇာတ်လိုက်အဖြစ် သရုပ်ဆောင်နေရသည့် လောကဇာတ်ခုံကို မေ့လျော့နေကြ သည်။ ထို့ထက်မက ကျနော်တို့သည် ကိုယ်ကိုယ်တိုင်ကိုယ်၌က သမိုင်းရေးသူများလည်း ဖြစ်နေကြပြန်သည် ဟူသည့် အချက်ကိုပါ မေ့လျော့နေကြပုံရပေသည်။
အောင်မော်ဦး
(၂၀၀၄ နှစ်တွင် ခေတ်ပြိုင်အွန်လိုင်း၌ ဗဟုလှိုင်းဟူသည့် ဘုံအမည်ဖြင့် ဖော်ပြခဲ့ဖူးပါသည်)
စာအုပ်အမည် ကျမဖတ်ခဲ့သော စာအုပ်များ
စာရေးသူ ဂျူး
ထုတ်ဝေ ဂျူးစာပေ
ပုံနှိပ် ပထမအကြိမ်၊ ၁၉၉၉၊ ဒီဇင်ဘာ။
မျက်နှာဖုံးပုံနှိပ် ဦးမြသိန်း (၀၁၄၂၇) သိန်းမြင့်ဝင်းအော့ဖ်ဆက်၊ အမှတ်(၉၆)၊ ၁၁ လမ်း၊ ရန်ကုန်။
အတွင်းပုံနှိပ် ကလျာအောဖ့်ဆက်၊ (၁၅၂) ကျွန်းရွှေမြိုင်လမ်း၊ သုဝဏ္ဏ၊ ရန်ကုန်။
ထုတ်ဝေသူ ဦးမိုးကြည် (မိုးကြည်စာပေ)၊ အမှတ်-၃၈၇၊ (၇) ရပ်ကွက်၊ ဖျာပုံလမ်း။
Monday, January 7, 2008
ဝတ္ထုများ၊ ဇာတ်ကောင်များ၊ နောက်ခံကားချပ်များ
Posted by ရွက်မွန် at 4:56 AM
Labels: အောင်မော်ဦး
Subscribe to:
Post Comments (Atom)
1 comment:
ပို့စ်ကောင်းလေးတစ်ပုဒ်ပါပဲ.:).။ခုခေတ်ကျတော့ အပြင်စာမဖတ်နဲ့ဆိုတာထက် ဘလောက်တွေအချိန်ကုန်ခံမဖတ်နဲ့တားပြန်ကြရော..
Post a Comment