ရွက်မွန်စာမျက်နှာ

Monday, January 7, 2008

ကမ္ဘာရဲ့ ဒီကနေ့ ဟစ်ဟော့ပ်ဒီရေလှိုင်း

ရပ်
တေးဂီတနှင့် ဟစ်ဟော့ပ်တေးသွားများက ကာလကြာရှည်ကတည်းက အာဏာရှင်တွေ မျက်စေ့ နောက်နေကြတယ်။ ဒီသီချင်း တေးသွားတွေကပဲ ခုခံဆန့်ကျင်ကြတဲ့ ပုံစံတမျိုး ဖြစ်နေခဲ့ကြတယ်။ တေးဂီတတွေ ထုတ်လုပ်ရောင်းချကြတဲ့ မြူးဇစ် ကုမ္ပဏီကြီးများရဲ့ စီးပွားရေးဈေးကွက် ချဲ့ထွင်မှု ကြောင့်လည်း ပါတယ်။ ပိုလို့ တွင်ကျယ် ထွန်းကားလာနေတယ်။ ခုဆိုလျှင် ကမ္ဘာ တလွှားလုံးရှိ လူငယ်ထုများက ဤတေးသွားတွေကို စွဲလန်းနှစ်သက်နေကြပေပြီလို့ ပြောရင် မမှားနိုင် တော့ဘူး။ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှသည် နိုက်ဂျီးရီးယားနိုင်ငံ၊ နိုင်ရိုဘီ အထိ၊ ဘရာဇီးနိုင်ငံ ဆောဝ် ပေါင်လိုမှသည် လက်တင် အမေရိက တခွင်လုံး လူငယ်ထုတွေ အကြားမှာ ဒီလို စည်းချက်၊ တေးသွား၊ ရင်ခုန်သံတွေကို ခံစားနားဆင် နေ ကြတယ်။ ဟစ်ဟော့ပ် တေးဂီတသည်ပင်လျှင် ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေးပုံစံ တမျိုး ဖြစ်နေတော့တယ်။

ဒီလို ဟစ်ဟော့ပ်တေးဂီတတွေရဲ့ ထူးခြားချက်၊ လူငယ်အများက ဘာဖြစ်လို့ ကြိုက်နှစ်သက်ကြရသလဲ။ ဒီလိုတေးသွားတွေ နဲ့ အာဏာရှင်စနစ်တွေကို၊ သမားရိုးကျ ဖြစ်မှုတွေကို ဘယ်လို ခုခံဆန့်ကျင်နေကြသလဲ ဆိုတာ ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာ/ ဒီဇင်ဘာလထုတ် နိုင်ငံခြားရေးရာ (Foreign Policy) မဂ္ဂဇင်းမှာ ဆောင်းပါးရှင် Jeff Chang နဲ့ S. CraigWatkins တို့ ရေး ထားတာ ဖတ်ရပါတယ်။ ဆောင်းပါးနာမည်ကတော့ It's Hip-hop Wrold (ဟစ်ဟော့ပ် ကမ္ဘာကြီး ဖြစ်နေပါပကော) လို့ ပြောရင် ရနိုင်ပါတယ်။ စိတ်ဝင်စားစရာ ကောင်းလို့ ကျနော် ဆက်လက်ဖော်ပြ ရေးသွားချင်ပါတယ်။

သို့သော်လည်း ၂၀၀၃ ခုနှစ်က ကျနော်ရေးခဲ့တဲ့ ဆောင်းပါးဟောင်းတပုဒ်ကို မိတ်ဆက်အဖြစ် ပြန်ဖော်ပြချင်ပါတယ်။ နောက် ပိုင်းမှာ ဟစ်ဟော့ပ်ဂီတရဲ့ ဒီနေ့အခြေအနေကို ဆက်ရေးပါမယ်။

အောင်သူငြိမ်း

....... ....... ....... .............


နိုးကြားကြစို့ တို့ မျိုးဆက်သစ် ဟစ်-ဟော့ပ်လူငယ်တွေ

တလောက မြန်မာလူငယ်တစု ဖန်တီးထားသော ဟစ်-ဟော့ပ်သီချင်းကိုကြားရသည်။ အချစ်သီချင်းနှင့် လူငယ်တို့၏ ရင်ခုံသံ ကို ဖွဲ့ဆို နေကြသည်ကို ကြားနေရသည်မှာတော့ကြာပြီ။ ထူးထူးခြားခြား ယခုလို နိုင်ငံရေးသဘောဆန်သော သီချင်း မျိုးကို ယခုမှ ကြားရခြင်းဖြစ်သည်။ သူတို့၏သီချင်းကို “လူငယ်အသံ” ဟု အမည်ပေးထားသည်။ ဤသို့ကျိုးစား ဖန်တီးမှုကို ကြိုဆို ပါသည်။ ခေတ်ပြောင်းသည်နှင့်အမျှ ခံစားမှုလည်း မတူနိုင်ပါ။ သူတို့ပုံစံနှင့် သူတို့ရင်ခုန် ခံစားကြရသော ခေတ်ပြိုင်ရင်ခုန်သံ ဖြစ်သည်။

အမေရိကန်လူမဲတို့၏ သမိုင်းနှင့် ဟစ်ဟော့ပ်တေးဂီတ

ကျနော်ကျောင်းမှာ ရှိနေစဉ်ကဖြစ်သည်။ အချိန်က ၂၀၀၁ ခုနှစ် စက်တင်ဘာ ( ၁၁ ) ရက်နေ့နောက်ပိုင်း၊ လူအများက စက်တင်ဘာ ( ၁၁ ) တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုကြီးကို ပူပူနွေးနွေးရှိနေကြဆဲဖြစ်သည်။ လူအများ အသက် ဆုံးရှုံး သွားရမှုကို ထိတ်လန့်ကြေကွဲနေရဆဲ ရှိသေးသည်။ ထိုအချိန်တွင် ကျောင်းရှိ ဖိုရမ်ဟုခေါ်သော ဟောပြောပွဲ တခုအတွက် ခေါင်းစဉ်ကပ်လာခဲ့သည်။ အမေရိကန်လူမဲအမျိုးသား များ၏ ဘ၀သမိုင်းနှင့် ဟစ်ဟော့ပ်တေး ဂီတဟု အမည်ပေးထားသည်။ စက်တင်ဘာ ( ၁၁ ) အပြီး ဖြစ်နေသော နိုင်ငံရေး အခြေအနေနှင့် လားလားမျှ မဆိုင်။ ဟောပြော မည့်သူက ပရော်ဆက်ဆာ ကော်နယ်လ်ဝက်စ် (Prof. Conell West)။ မိမိက ကော်နယ်လ်ဝက်စ်ကို မည်သူမှန်း မသိ၊ သို့သော်စိတ်ဝင်စားစရာ ကောင်း၍ သွားနားထောင်မည် စဉ်းစားထားသည်။


ပါမောက္ခ ကော်နဲ ၀က်စ်ပုံ

ခမ်းမရောက်တော့ လူအပြည့်။ အထပ် ( ၃ ) ထပ်လုံးရှိ စင်္ကြန်တွင် လူငယ်အတော်များများကအပြည့်။ ရင်ခုံနေကြသည်။ ခေါင်းစဉ်က သူတို့ စိတ်ဝင်စားသော ခေါင်းစဉ်။ ထိုဆွေးနွေးပွဲကို ( မိမိအမည်မမှတ်မိတော့ ) အမေရိကန် အနောက်ဖက် ကမ်းခြေတွင် ကားမောင်းသမား ရော်ဒနီကင်း အရိုက်ခံရပြီးနောက်ပိုင်း လူမဲအဓိကရုံး ဖြစ်ခဲ့ရသော အမှုကို စုံစမ်းစစ်ဆေး ရေး ကော်မရှင်ဖွဲ့ခဲ့ရာတွင် ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ရသော ဥပဒေ ပါမောက္ခက ကြီးကြပ်သူ လုပ်သည်။ ဟောပြောသူ ကော်နဲလ်ဝက်စ်က ဟားဗတ်တက္ကသိုလ် အာဖရိကန်-အမေရိကန် သမိုင်းလေ့လာရေး ဌာနမှ ပါမောက္ခတဦး ဖြစ်မှန်း ယခုမှသိရသည်။ (ယခု ပရင်စတန် တက္ကသိုလ်အာဖရိကန်-အမေရိကန်သမိုင်းလေ့လာရေးဌာန သို့ပြောင်းရွှေ့) စဟော ပြော သည်နှင့် မြိုင်မြိုင်ဆိုင်ဆိုင်။ စင်ပေါ်မှပြောသူနှင့် ပရိသတ် ဓါတ်ချင်းဆက်သွားသည်။ သူက လေးလေးနက်နက် အကြောင်း အရာကို အလွယ်ဆုံးစကားများနှင့် ချက်ချင်းထိစေသည်။ နှစ် (၃၀၀) ကျော်ခဲ့သော ဖိနှိပ်ခံခဲ့ရသည့် လူမဲတို့၏ သမိုင်းကို တထိုင်တည်းဖြေရှင်းရသည်မှာ လွယ်သောကိစ္စမဟုတ်။

“ကျွန်ပြုခံရခြင်း၊
ဖိနှိပ်ခံရခြင်း၊
ရက်စက်ခြင်း၊
ခွဲခြားဖိနှိပ်ခံရခြင်း၊
ဂုဏ်သိက္ခာမဲ့ခြင်း၊
သွေးစုတ်ခြင်း၊
အခွင့်အရေးများ ငြင်းပယ်ခံရခြင်း၊
အသိအမှတ်ပြုမခံရခြင်း၊
ရုန်းကန်ရခြင်း၊
လှည့်ဖျားခံရခြင်း၊
ခေတ်နောက်ကျခြင်း၊
မျှော်လင့်ချက်မဲ့ခြင်း၊
ဖျက်ဆီးခံရခြင်း၊
အိုးအိမ်မဲ့ရခြင်း၊
မြေယာမဲ့ရခြင်း၊
ပိုင်ဆိုင်မှု မဲ့ရခြင်း၊
တော်လှန်ခြင်း” များဖြင့် ပြည့်နေခဲ့ရသော လူမဲတို့၏ သမိုင်းကို စပြောသည်။ လူတွေက ဖိနှိပ်ခံရ။ သတ်ဖြတ်ခံရ၊ အလုပ် ပင်ပန်း၊ ဖျားနာ ကြသည်။ သေသူအတွက်ပင် ငိုကြွေးဖို့မအား၊ မိမိတို့အ၀န်းတွင် သေနေကြသည်ကလည်း မရှား။ သူသေ သလို မိမိလည်း ဘယ်နေ့ သေမည်နည်း မသိနိုင်သောအခြေအနေ၊ ဤအခြေအနေတွင် သေသူအ တွက် နောက်ဆုံး မှာတမ်း ကို အသုဘလိုက်ပို့ရင်း၊ ငိုညည်းကြရသည်။ ဤဒုက္ခများက လွတ်မြောက်ဖွယ် လမ်းမမြင်သလို၊ သစ်လွင်သော အနာဂတ် ကို လည်း မမြင်။ ဤညည်းချင်းတွေက ကြေကွဲဖွယ်လူမဲများ၏ ဘ၀ထဲက ဘလူးစ် (Blues) ဂီတ ဖြစ်လာခဲ့သည်။ ကော်နယ်စ် ၀က်စ်က ပြောနေရင်း သူရှေ့ တွင် မြင်သာသောနေရာ၌ ထားသော သူ့ဒီ-ဂျေ (DJ--Disc Jockey) ထံ လက်ညှိုး ထိုးလိုက် သည်။ ဘလူးစ်ဂီတ သံကငြိမ့်ငြိမ့်ညောင်းညောင်း ထွက်ပေါ်လာသည်။ ထိုကြေကွဲဖွယ် တေးသွားကိုသူက လိုက်ညည်းသည်။ စကားပြောစင်ကို တထောင်ဆစ်ဖြင့် ထောက်ကာ ထိုလက်ဖြင့် ပင် သူ့မေးကိုသူကိုင်၍ သီချင်းအလိုက် အတိုင်း ခေါင်းညိမ့် နေသည်။ ပြီးတော့ အချို့စားသားများတွင် သူက လိုက်ရွတ်သည်။ ကြေကြေကွဲကွဲ။ ကျောင်းသားများက နှစ်ပေါင်း (၂၀၀) ကျော်ဖြတ်သန်းခဲ့ရသော ဖိနှိပ်ခံရသည့် လူမဲ များ၏ သမိုင်းထဲရောက်ကာ နစ်မျောသွားကြသည်။

သူကဆက်ပြောသည်။ ခရစ်ယာန်ဘာသာရေး အပေါ်ယုံကြည်လာကြပုံနှင့် လူမဲများ၏ဘ၀မှထွက်ပေါ်လာသော ယုံကြည် ရာ သီချင်းများ၊ ဂျပ်စ် တေးဂီတ၊ ရက်ဂေးတေးဂီတနှင့် အသုဘချရာတွင် သီဆိုကြရသည့် ဂိုစပယ် တေးသွားများက ဘ၀သံစဉ်။ ထိုသီချင်းတိုင်းကို သူကသံစဉ်ဥပမာ၊ သီချင်းဥပမာနှင့် ဟောပြောသည်။ တခါတရံလိုက်ညည်းသည်။ ထို့နောက် ဟစ်- ဟော့ပ် တေးဂီတ ပေါ်ပေါက်လာပုံကို ပြောသည်။ ၁၉၇၀ ခုနှစ်များ နှောင်းပိုင်း ပါတ်ဝန်းကျင်ကာလ နယူးယောက်မြို့ ဘရောင့်က်စ် အရပ်ရှိလူမဲ လူငယ်များမှ စတင်ဖန်တီးခဲ့ကြသည်။ အမေရိကန်လူနေမှုစနစ်ယဉ်ကျေးမှုနှင့် သီးခြား ယဉ်ကျေးမှု လမ်းကြောင်းကို လျှောက်လိုကြသော လူငယ်များဖြစ်သည်။ ဤလူငယ်များစတင်ဖန်တီးလိုက်သော တေးဂီတ၏ သဘောသဘာဝ ကပင်လျှင် နိုင်ငံရေးသဘောဆောင်ခဲ့သည်ဟု ကော်နယ်လ်ဝက်စ်ကပြောပြသည်။ ဤသီချင်းများက လမ်းမများ ပေါ်မှ ပေါ်ထွက်လာသောတေးများ ဖြစ်သည်။ လူငယ်များ၏ တကယ့်ခံစားမှုကိုဖော်ပြသောတေးများဖြစ်သည်။ ခွဲခြားဖိနှိပ်နေရမှု၊ မတရား မမျှတမှု၊ မျှော်လင့်ချက်မဲ့မှုနှင့် လမ်းများပေါ်တွင် ဖြစ်ပျက်နေခဲ့သောအဖြစ်အပျက်များကို
ဖော်ကျူးခဲ့သော တေးသွားများဖြစ်သည်။

ကော်နယ်လ်ဝပ်စ်က ဒီ-ဂျေကို လက်ညှိုးထိုးအချက်ပေးလိုက်သည်။ တေးသွားတပိုင်းတစ ပေါ်လာသည်။ ထိုတေးသွားများ ထဲတွင် ပေါက်ကွဲသံများပါသည်။ ဒေါသများ ပါသည်။ မကျေနပ်မှု များပါသည်။ ခေတ်ကိုရသဖော်ကျူးသော ပြင်းထန်သော စကားလုံးများပင်ပါကြသည်။ သူက အင်း-အင်း နှင့် သီချင်းကို စည်းလိုက်သည်။

“ငါတို့အချင်းချင်း စုစည်းကြ ခေါင်းစွပ်တွေနဲ့ ပိုစတာ
အနီ၊ အနက် နဲ့အစိမ်း အလံကိုင်စွဲ
ဂိုဏ်းပုံသဏ္ဍန်မဟုတ်ပါ။
အက်-ဘီ-အိုင်က တို့ကိုစောင့်ကြည့်နေတဲ့ ခိုးကြောင်ခိုးဝှက် ကင်မရာ
လုံးဝလျစ်လျူရှုထားတဲ့ လူ့အခွင့်အရေးနဲ့ ကိုယ်ပိုင်လုံခြုံရာ
ငတုံးများအတွက် အလုပ်လုပ်ရတာ ငါ့မှာမပျော်ပါး
ထောင်ထဲကို လူတွေနဲ့ဖြည့်နေတဲ့ အလုပ်ကို ငါမလိုလား
ဘာသာတရားကို လုံခြုံရာ ခြုံကာထားရင်း
ငွေရှာရင်းသာ သေသွား”
ဒက် ပရဲဇ်အဖွဲ့၏ ဖိနှိပ်ရေးရဲနိုင်ငံ (Police State) သီချင်းမှ.............

ယနေ့ကာလ ဟစ်-ဟော့ပ်သီချင်းများ၊ ဂီတများထဲ အထိ ဈေးကွက်ကြိုက်နှင့် ကော်ပိုရေးရှင်းကြီးများက ထိုးဖောက်လာ ခဲ့ပုံ ကိုလည်း သူကပြောသည်။ ယနေ့ကြည့်။ အမ်တီဗွီကို ဘယ်အချိန် ဖွင့်လိုက် ဖွင့်လိုက်၊ ကားထဲရှိ ရေဒီယိုကို ဖွင့်လိုက် ဖွင့်လိုက်၊ ဟစ်-ဟော့ပ် တေးသွားများက ရောင်းကုန်ပြုခံနေရပြီ။ ပီ-ဒစ်ဒီ (P. Diddy) ၊ ဂျရူး (Ja Rule) နှင့် နယ်လီ ( Nelly ) တို့၏ အသံကိုကြားလိမ့်မည်။ ဖြတ်ခနဲ ဖြတ်ခနဲရုပ်ပုံများနှင့် အတူ စိတ်ကူးယဉ်စရာ ပြောင်ပြောင် လက်လက် ဇိမ်ခံကားများ တွေ့ရလိမ့်မည်။ ရွှေဆွဲကြိုးကြီးကြီးဆွဲထားသော သီချင်းအဆိုရှင်များနှင့် မပေါ်တပေါ် ၀တ်ထားသော အမျိုးသမီးငယ်များကို တွေ့ရလိမ့်မည်။ နိုင်ငံရေးနှင့် ဟစ်-ဟော့ပ်ဆိုသည်မှာ ပြဒါးတလမ်း၊ သံတလမ်း ဖြစ်သကဲ့သို့ပင် ဖြစ်နေပြီ။ တချိန်က လမ်းမများပေါ်တွင် ဘ၀ကိုခံသားပေါ်က်ကွဲခဲ့ကြသော လူငယ်များ ၏ ဟစ်-ဟော့ပ်နှင့်ခြားနားခဲ့ပြီ။ ငွေများများပေးနိုင်သော ကော်ပိုရေးရှင်းကြီးများက ဟစ်-ဟော့ပ်များကို အသွင် ပြောင်းခဲ့ပြီဟု သူကဆိုသည်။ ထို့အပြင် ယနေ့ဟစ်-ဟော့ပ်တေး များက နိုင်ငံရေးအနှစ်အသံသာ မရှိတော့သည် မဟုတ်၊ ဖိနှိပ်ရေး ကိရိယာတခု၊ မျိုးဆက်သစ် လူငယ်များကို ပြိုးပြိုး ပြက် ပြက်ဖြင့် အာရုံထွေပြားစေရန် ဆွဲဆောင်ရေး ကိရိယာ တခု ဖြစ်နေပြီဟု သူက၀မ်းနည်းသည်။ တကယ်တော့ ဟစ်-ဟော့ပ် သည် တော်လှန်ရေးခုခံမှု၏ ယဉ်ကျေးမှုဟု ကော်နယ်လ်ဝက်စ်က ပြောခဲ့သည်။

စစ်ဆန့်ကျင်ရေး၊ နိုင်ငံရေးကန့်ကွက်ဂီတနှင့် မျိုးဆက်သစ်

ယနေ့လူငယ်အချို့က ဤသို့ဈေးကွက်အတွင်း ချရောင်းခံနေရသော၊ ငွေနောက်လိုက်နေသော ဟစ်ဟော့ပ်တေးဂီတ အခြေ အနေကိုလက်သင့်မခံနိုင်။ ကော်ပိုရေးရှင်းများလက်ထဲမှ ဤဟစ်ဟော့ပ်ယဉ်ကျေးမှုကို ပြန်လည်သိမ်းပိုက်ရမည်။ မိမိတို့ တော်လှန်ခုခံမှုယဉ်ကျေးမှုဖြင့် ပြန်လည်ထုမွမ်းစေရမည်ဟု မြင်ကြသည်။ “တကယ်တော့ ဟစ်-ဟော့ပ်ကိုပိုင်တာ ကျနော်တို့၊ သူတို့က ကျနော်တို့ဆီက ခိုးသွားကြတယ်။ ပြီးတော့ ပြန်ပြင်ဆင်ထုပ်ပိုးပြီး တော့ သူတို့ပဲ ဖန်တီးထားသလိုလို လာပြန်ရောင်း တဲ့ အခြေအနေဖြစ်နေတယ်။ ” ဟစ်-ဟော့ပ်နိုင်ငံရေးတက်ကြွ လှုပ်ရှားမှုအဖွဲ့ကို ဦးဆောင်တည်ထောင်ခဲ့သူမှာ ဒေးဗစ်-ဒီက ပြောသည်။ သူက (KPFA's Hard Knock Radio) ရေဒီယိုကိုတည်ထောင်လွှင့်နေသူ ဒီ-ဂျေတဦးလည်း ဖြစ်သည်။ သူတဦး တည်းမဟုတ်။ နယူးယောက်မှသည် ဆန်ဖရန်စစ်စကိုအထိ မြို့ကြီးများတလျှောက် ဟစ်-ဟော့ပ်တေးဂီတကို တမျိုးတဖုံ ပြန်လည် အသက်သွင်း ရန် ကြိုးစားနေသူ လူငယ်များစွာရှိသည်။ ဆန်ဖရန်ဆစ္စကို အခြေစိုက် (Youth Spaeks) အဖွဲ့မှ ကျင်းပသော ဆယ်ကျော် သက်လူငယ်များ၏ လမ်းဘေးကဗျာရွတ်ပွဲတွင် စင်မြင့်ကိုလွှမ်းမိုးထားသည်က နိုင်ငံရေး ဟစ်-ဟော့ပ်တေးသံများ ဖြစ်လာနေပြီ။

ထို့အပြင် အစိုးရကျောင်းများတွင် လူနည်းစုတိုင်းရင်းသားကျောင်းသားများအတွက် တိုင်းရင်းသားဘာသာစကားလေ့လာ ရေး အစီအစဉ်များဆောင်ရွက်ပေးရန်၊ လှုပ်ရှားသော ကာလီဖိုးနီးယား လူငယ်များ စည်းရုံးရေး ကိရိယာတခု အဖြစ် ဆောင်ရွက်နိုင်ခဲ့ကြသည်။ အမေရိကန်ရှိလူငယ်များ၏ လှုပ်ရှားမှုသည် အခြေအနေအသစ်တခုသို့ ပြောင်း လာနေသည်ဟု ဆောင်းပါးရှင် ဂျက်ဆီအလီဂျန်ဒရိုက ရေးသည်။ ၁၉၆၀ ခုနှစ်များက ပါတ်ဝန်းကျင်လူငယ်များက နိုင်ငံရေး တောင်းဆိုမှုများ အတွက် ထိုင်သပိတ်ပွဲများ၊ လမ်းမပေါ်ဆန္ဒပြပွဲ နည်းများ သုံးခဲ့ကြသည်။ ယခုခေတ် လူငယ်များနှင့် ကွန်ပြူတာ ဆက်သွယ် ရေး အင်တာနက်၊ အီးမေးလ်၊ မယ်လ်တီမီဒီယာများ ကိုသုံးနေသည်။ ပုံစံပြောင်းလာ ပြီဟု ဆောင်းပါးရှင် ဂျက်ဆီက သတိပြုမိသည်။

ဤသို့လူနေမှုစနစ်ပြောင်းလဲရေးအတွက် စုစည်းလှုပ်ရှားရန်အတွက် လမ်းမပေါ်လျှောက်နေကြသော၊ လူငယ်များနှင့် တသား တည်းနေထိုင် နေကြသော စည်းရုံးရေးမှုးများအနေဖြင့် ဟစ်-ဟော့ပ်တေးဂီတကိုသုံးကြခြင်းမှာ ယခုမှ အသစ်အဆန်း မဟုတ်။ ဟစ်ဟော့ပ်တေးဂီတ ကိုယ်၌က လူမှုလှုပ်ရှားမှုရေစီးကြောင်းထဲမှ ပေါ်လာသောဂီတ သံစဉ်လည်း ဖြစ်သည်။ လူငယ်တို့၏ ရင်ခုန်သံကဗျာဖြစ်သည်။

“ဟစ်ဟော့ပ်တေးဂီတကို ကျနော်တို့အောက်ခြေလူထုလှုပ်ရှားမှု မြက်ခင်းအဆင့် (Grassroots) ထဲမှတင်ရပ်နေလို့ မရဘူး။ သစ်ပင်ထိပ်ဖျားထိ (Tree-top) တက်တိုက်ကြရလိမ့်မယ်။ ကျနော်တို့ ပိုင်တဲ့ ကိုယ့်ယဉ်ကျေးမှုကို ပြန်သိမ်းပိုက်ရမယ်။ ဒီဂီတက ကုမ္ပဏီကြီးတွေ အတွက် မဖြစ်စေရဖူး။ ကျနော်တို့ကောင်းကျိုးအတွက် ပြန်ဖြစ်စေရမယ်။”

လွတ်လပ်ရေးတိုက်ပွဲဝင်ဂီတ (Freedom Fighter Music) ၀ိုင်းခေါင်းဆောင် ဂျာကာဒါ အီမာနီကပြောသည်။ လူမှု အသိုင်း အ၀ိုင်း တခုကို ပြုပြင်ပြောင်းတော့မည်ဆိုလျှင် လူငယ်တွေမပါလို့မရ။ လူငယ်တွေပါဖို့ ဆိုလျှင် သူတို့၏ ယဉ်ကျေးမှုကို ဖြတ်သန်းရမည်။ ဒီအတွက်ကြောင့် ယခု တက်ကြွလှုပ်ရှားသူများက လူငယ်များ၏ အသည်းစွဲ ဟစ်-ဟော့ပ်ဂီတများဖြင့် လူမှုအသိုင်းအ၀န်းကို ပြောင်းနိုင်ရန် ကျိုးပမ်းနေကြခြင်းဖြစ်သည်။ သူတို့က ဟစ်-ဟော့ပ်ဂီတ သည်လူငယ်ထု လှုပ်ရှားမှု၏ ပင်မတွန်းအား ဖြစ်လာနိုင်သည်။ ဤအခြေအနေရလျှင် နိုင်ငံရေးကစားကွင်း တခုလုံး အခြေအနေပြောင်း သွားလိမ့်မည်ဟု သူတို့ကယုံကြည်ထားသည်။

မဆုံးနိုင်သေးသောစစ်ပွဲများနှင့် အမေရိကန်ပြည်တွင်း၊ ပြည်ပတွင် အကြမ်းဖက်တင်းမာမှုများ ခေါင်းထောင်ထ နေချိန် တွင် ဟစ်ဟော့ပ်ဂီတသမားများက ရှောင်လွှဲမနေနိုင်ကြ။ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တက်တက်ကြွကြွ ပါဝင်ကြသည်။ ဘာကြောင့် အမေရိကန်ပြည်ထောင်စု စစ်တိုက်နေရသနည်းဟု မေးခွန်းထုတ်သည်။ အကြမ်းဖက် ၀ါဒ ဆန့်ကျင်ရေး စစ်ပွဲဟု ကြွေးကြော်ကာ ပြည်တွင်းတွင် ဆုံးရှုံးလာနေသော လူ့အခွင့်အရေးအခြေအနေကို ထောက်ပြသည်။ သူတို့ နစ်မြုပ်နေသော ဘာဘယ်ဂမ်း (၀ါးမြုံ့စရာ ရာဘာချို) တမြုံ့မြုံ့ နှင့်လင်စိတ်ကြွစရာ တလှုပ်လှုပ် ယဉ်ကျေးမှု ထဲမှာချည်း နစ်မြုပ်မနေနိုင်။ နိုးကြားကြပါစို့ဟု နှိုးဆော်သည်။ ကမ္ဘာကြီးအဖို့ အမြဲသန့်ရှင်း၊ လန်းဆန်း၊ ခြိမ်းခြောက်မှုမရှိ၊ အလုံးစုံ ပြည့်ဝနေသော ကမ္ဘာ ကြီးမဟုတ်။ အနုပညာရှင်များအနေဖြင့် သူတို့အဖို့ မတရားဟု ယူဆသော ကိစ္စရပ် အတွက် ဆက်လက် တိုက်ပွဲဝင်ကြဖို့ နှိုးဆော်သည်။ အမေရိကန်မျိုးချစ်စိတ် သက်သက်ဖြင့် နားပိတ်ဆို့၊ မျက်ကန်းနေရသော အခြေအနေ မဖြစ်သင့်ဟု သူတို့က တင်ပြသည်။

နိုးကြားကြပါစို့ တို့မျီုးဆက်သစ် ဟစ်-ဟော့ပ်လူငယ်တွေ

ဟစ်-ဟော့ပ်ယဉ်ကျေးမှုဟု ပြောလိုက်လျှင် အရေအတွက်အားဖြင့် တိုးတက်များပြားလာနေသော၊ လူငယ်ရင်ခုန်သံ ဆန် သော နိုင်ငံများလှုပ်ရှားမှု ဟု အဓိပ္ပါယ်ရလာပြီဖြစ်သည်။ ဟစ်ဟော့ပ်လူငယ်များသည် ဖိနှိပ်ခံနေရသော မြို့ပြလမ်းမ များ ထဲမှ သူတို့ဘ၀ကို ကဗျာဆန်စွာ၊ နရီကျစွာ ဖော်ပြလိုက်ခြင်းဖြစ်သည်။ ဤရင်ခုံသံသည် နာဖျားနေရသော အခြားကမ္ဘာ ရပ် ၀ှမ်းက လူ့အသိုင်းအ၀ိုင်းများစွာဆီသို့ပါ ကူးစက်ရင်ခုန်စေနိုင်သော ကိစ္စဖြစ်သည်။

နိုင်ငံရေးဟစ်ဟော့ပ်တေးများ အနေဖြင့် ( ၁၉၈၈ ) ခုနှစ်လောက်မှစ၍ ပေါ်ပေါက်လာသည်။ လူထုရန်သူ (Public Enemy) ဟု သူတို့ကိုယ်သူတို့အမည်ပေးထားသော လူငယ်များ၏ (It Takes a Nation of Millions To Hold Us Back.) တေးစီဒီမှ စတင်ခဲ့ခြင်းဖြစ်သည်။ ယနေ့မီဒီယာများ ထဲက လူမဲများဘ၀ကို ရုပ်ဖျက်ဖော်ပြထားပုံကို ဖွင့်ချသည်။

တို့တွေရဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ကြမယ့် စုရုံးပွဲပါတီ တေးသွား၌ သူတို့လိုလားချက်ကို ဖော်ပြသည်။
“အာဏာ၊
တန်းတူမှုတရား
ငါတို့ ရရမယ့် အခွင့်အရေးများ
မင်းတို့က ခွင့်ပြုမပေး လိုကြ၊ ထိန်းချုပ်ထား။
ဒါကို ငါသိနေရ၊
ဒီလူစုရုံးပွဲပါတီက စခဲ့၊
၆၆ ခုကတည်းက
အမဲနဲ့ ထောက်ခံသူအခြေခံလှုပ်ရှားသူတွေညီညွှတ်
၁၂ နာရီ
ငရဲခန်းဘ၀ကနေ ထွက်လာကြ
တို့တွေရဲ့ပါတီစ၊
ဒို့လူတွေက မီးတွေဖြတ်လိုက်
အစိုးရလို့ သူတို့ကိုယ်သူတို့ခေါ်နေကြသူတွေက
မကောင်းဆိုးရွားတွေလို လိုက်လာကြ
ပြဿနာရှာကြ။”

နောက်ပိုင်းတွင် အခြားနိုင်ငံရေးဟစ်ဟော့ပ်တေးခွေများ ဆက်တိုက်ပေါ်လာသည်။ လူမဲများ၏ ဂြိုလ်ကမ္ဘာကို ကြောက်ရွံ့ ခြင်း (Fear of Black Planet) ( ၁၉၉၀ )၊ ရီဗော်ဗာလူးရှင်း (Revolverlution) ခြောက်လုံးပြုး လိုတဲ့ တော်လှန်ရေး ( ၂၀၀၂ ) စသော တေးသွားများလည်း ပေါ်ထွက်လာသည်။ (Dead Prez) ( M-1 ) (Stic Man) စသော အဆိုတော်များ၏ တော်လှန် သော ဟစ်-ဟော့ပ်တေးဂီတခွေများလည်း ပေါ်ပေါက်လာသည်။

ယခုအခါ ဤလမ်းဘေးလူငယ်များ၏ တော်လှန်ရေးကိုကူညီလိုသူများ ပေါ်ပေါက်လာသည်။ ယခုအခါ ဤလမ်းဘေး လူငယ် များ၏ တော်လှန်ရေးကိုကူညီလိုသူများပေါ်ပေါက်လာခဲ့ပြီ။ သူတို့ကို ငွေကြေးထောက်ပံ့ရန် နည်းလမ်း ရှာကြသည်။ တဖက် တွင် သူတို့ရင်ခုန်သံအစွန်းရောက်မသွားအောင် ထိန်းချုပ်လိုသော သဘောလည်း ဖြစ်နိုင်သည်။ သူတို့၏ လူနေမှုစနစ်ကို ပြေင်းလဲလိုသောဆန္ဒကို တနည်းတဖုံ ဖြည့်ဆီးပေးနိုင်လိမ့်မည် ယူဆသည်။

မြန်မာ မျိုးဆက်သစ် လူငယ်များ၏ ရင်ခုန်သံကိုဟစ်ဟော့ပ်သီချင်းဖြင့် တင်ပြထားကြသည်ကို ကျေးဇူးတင်သည်။ သို့သော် နည်းနည်းတော့ ပြောလိုသည်။ သူတို့၏ လူနေမှုစနစ်အပေါ် ဝေဖန်ခွင့်ကို မကန့်ကွက်လိုသလို၊ မိမိဝေဖန်မှု ကိုလည်း လက်ခံစေလိုပါသည်။ မြန်မာပြည် လူနေမှု စနစ်ပြောင်းလဲရေးအတွက် လှုပ်ရှားနေကြသော ကိစ္စသည် လမ်းပျောက်နေ သော၊ စမ်းတ၀ါးဝါးသွာနေရသော ကိစ္စမဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီ အုပ်စုများကတဖက်၊ စစ်အာဏာပိုင်များကတဖက် ဖြစ်နေသော၊ ပြည်သူများက မြေဇာပင်သဖွယ် ဖြစ်နေသော ပဋိပက္ခလည်းမဟုတ်ပါ။ ခေတ် ပြောင်းနိုင်ရေးအတွက် နောင်တော်များအပါအ၀င် လူငယ်များစွာ ချွေးနှင့် သွေးနှင့်ရင်း၍တိုက်ပွဲဝင်လာသော ကိစ္စဖြစ်ပါ သည်။ သူရဲကောင်းမြောက်များစွာက ထောင်တန်းကျခံ၊ အသက်စွန့်ခံကာ တိုက်ပွဲဝင်နေသော ကိစ္စလည်းဖြစ်ပါသည်။ လူထုအားလုံးက အပြောင်းအလဲကို လိုလား နေပါသည်။ ပြောင်းလဲခြင်းတရားကို မည်သူကပိတ်ဆို့တင်းခံနေသည်မှာ ထင်ရှားပါသည်။

မြန်မာပြည်အခြေအနေသည် ဒုက္ခသည်ဓါးစာခံ (vitimized) ဖြစ်နေရသော အခြေအနေမဟုတ်ပါ။ လှုပ်ရှားရှင်သန် တိုက်ပွဲ ၀င်နေသော သူရဲကောင်းများ၏ လှုပ်ရှားမှုတော်လှန်ရေးဖြစ်ပါသည်။ မိမိတို့ ဒီမိုကရေစီလှုပ်ရှားသူများတွင် အားနည်းချက် များ ရှိသည်ကို မငြင်းလိုပါ။ သို့သော် မိမိတို့သည် မျှော်လင့်ချက်မဲ့နေသော အခြေအနေမဟုတ်ပါ။ ယခုလူငယ်များ၏ ဟစ်ဟော့ပ် တေးဂီတသီချင်းတွင် လူထုများက လိုချင်သော အဖြေကိုမတွေ့ပါ။ မျှော်လင့်ချက် ရောင်ချည်မသန်း၊ ရွှေပြည် တော် မျှော်တိုင်းဝေး ဖြစ်နေပါသည်။ ဘာဘဲဖြစ်ဖြစ် ကျနော်တို့ဆက်လှုပ်ရှားပါစို့။

နိုးကြားကြပါစို့ တို့မျိုးဆက်သစ် ဟစ်-ဟော့ပ်လူငယ်တွေ။

(စက် ၁၅၊ ၂၀၀၃)

(စာကြွင်း။ ဤဆောင်းပါးရေးစဉ်က ယောဟန်အောင် အမည်ဖြင့် ၂၀၀၃ ခုနှစ်တွင် Burma Today အွန်လိုင်း စာစောင်၌ ရေးခဲ့ခြင်း ဖြစ်သည်။ မိမိက ဝေဖန်မှုစောသွားသည်ကို လူငယ်များသို့ ယခုအခါ တောင်းပန်လိုပါသည်။ ထိုစဉ်က ယောဟန်အောင် ဆိုသည် မှာ မည်သူနည်းဟု မကျေမနပ် မေးမြန်းသံများလည်း ထွက်ခဲ့သေးသည်။ သို့သော်လည်း ယခုအခါ MFG (Myanmar Future Generation) အပါအ၀င် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်၍ လူနေမှုစနစ် ခေတ်ပြောင်းရေး အတွက် တေးဖွဲ့ကြသော ဟစ်ဟော့ပ် သီဆိုသူ အများအပြား ရှိနေပြီဖြစ်သည်။ ဤလူငယ်များ၏ လုပ်ရပ်ကို အားတက်ချီးကျူး မိပါသည်။ ကျနော် နှစ်သက်မိသည့် သီချင်းတပုဒ်ကို အောက်တွင် ဖော်ပြလိုက်ရပါသည်။ ဆက်လက် ဖော်ပြပါမည်။ မျှော်....)



နိုင်မင်းဇာနဲ့ အဖွဲ့ရဲ့ သီချင်း (ဒီဗွီဘီ)


No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.