ရွက်မွန်စာမျက်နှာ

Saturday, January 12, 2008

ပြောင်းပြန်ကြီး လည်နေသည်။

ဗို
လ်ချုပ်မှူးကြီးသန်းရွှေ စိတ်ဖိစီး ရောဂါသည်းလာသည့် အကြောင်းကို သတင်းတပုဒ်တွင် ဖတ်လိုက်ရသည်။ ဖြစ်နိုင်သည်။ အာဏာရှင်စနစ်၏ ဆင်ထားပုံကိုက ဤအတိုင်းဖြစ်လာစရာ အကြောင်း ရှိနေသည်။

အာဏာရှင်စနစ်တွင် ထက်အောက်စီးဆင်းမှုစနစ်က တလမ်းသွားသာရှိသည်။ အာဏာခွဲဝေထားမှုကလည်း ဗဟိုချက်မ တွင် သာ စုပုံနေသည်။ နောက်ဆုံး ပို၍ အာဏာရှင်ဆန်လာသည့်စနစ်၌ အာဏာက တယောက်တည်းတွင်သာ စုပုံနေ တော့ သည်။ အောက်ခြေရှိ မည်သူမျှ ကိစ္စကြီးငယ်ကို ဆုံးဖြတ်ချက်မချရဲတော့ပါ။ ပြဿနာအားလုံးက ထိပ်သို့သာ စုပြုံ တက်လာ သည်။ အခြား အုပ်ချုပ်ရေးဌာနများကလည်း ဆုံးဖြတ်ခွင့် မရှိတော့။ မြန်မာနိုင်ငံတွင် ၀န်ကြီးချုပ်အပါအ၀င်၊ ၀န်ကြီးများ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် မရှိကြသည့် ကိစ္စက လျှို့ဝှက်ချက် မဟုတ်တော့။ ဗိုလ်ချုပ်ခင်ညွန့်၏ နိဂုံး (ယနေ့ ၀န်ကြီးချုပ်၊ နောက်တနေ့ အကျဉ်းစံ ဘ၀ သင်္ခါရ) ကို တွေ့ခဲ့ရသူ ၀န်ထမ်းများ၊ အမှုထမ်း၊ အရာထမ်းများက မည်သူမျှ တီထွင် ကြံဆ၊ ဆန်းသစ်မှု မလုပ်ကြတော့။ သူမျှသာမက အခြား ထောက်လှမ်းရေးတပ်မှူးများ၊ အကောက်ခွန်အရာရှိများ၊ ရဲများ စသဖြင့် လည်း စစ်အစိုးရအတွင်း အုပ်စုဂိုဏ်းတိုက်ပွဲ၌ ဖြုတ်ထုတ်သတ် မိကုန်ကြသေးသည်။ မည်သူမျှ အရဲကိုး၍ ပြုပြင် ပြောင်းလဲ ရေး မလုပ်ကြတော့။ ဤသို့ဖြင့် မျက်ကန်းများသဖွယ် အလိုအလျှောက် မောင်းနှင်ရေးစနစ် (blind automatism) ဖြစ်လာ သည်ဟု ဆိုသည်။ အမိန့်လာလျှင် လုပ်မည်။ မလာလျှင် မလုပ်။ ထိုထက်ပို၍ ဆိုးသည်က အားလုံး ကောင်းပါသည်ဟု အစီရင်ခံစာများ လိမ်တင်ကြသည်။ ညိုညင်မည့် သတင်းဆိုလျှင် မပြောကြတော့။ ဗိုလ်ချုပ်မှူးကြီး ဆိုသူကလည်း အနီးရှိ သက်တော်ရှည် အမတ်တအုပ်နှင့်သာ ဆုံးဖြတ်ချက် ချနေတော့သည်။ ဤသို့ဖြင့် လက်ညှိုးညွှန်ရာ ဒုက္ခရောက်ကြရသည်။ လူအများစု အကျိုးနည်းရတော့သည်။


.... .... .....

မိမိ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ ခရီးတခေါက်ရောက်ခဲ့သည်။ တရုတ်နိုင်ငံက အံ့မခန်းတိုးတက်နေသည်။ (၁၉၉၅) ခုနှစ် မိမိရောက်စဉ်က ထက်စာလျှင်၊ (၁၀) နှစ်အတွင်း ကူမင်းမြို့က (၃) ဆကျော် ကြီးသွားသည်။ လွန်ခဲ့သော (၁၉၇၀) စီးပွားရေး တံခါးဖွင့် မူဝါဒစတင်စဉ်က ဆောက်ခဲ့သော၊ မြို့လယ် အထပ် ၂၀ ကျော် မိုးမျှော်တိုက်ကိုပင် ဟောင်းနွမ်းသွား၍ ပြန်ဖြိုချဖို့ စဉ်းစား နေကြသည်။

လူများက မော်တော်ကားများ အပြိုင်အဆိုင်ဝယ်နေကြသည်။ တရုတ်နိုင်ငံထုတ် ဖက်စပ်ကားများက အရည်အသွေး မကောင်း လှသေးသော်လည်း၊ သူ့ဖောက်သည်နှင့် သူအလုပ်ဖြစ်နေကြသည်။ စားသောက်ဆိုင်များ၏ ခေတ်မီမှုက မိမိ မြင်ဖူးသော ဘန်ကောက်ထက်ပင် ၀န်ဆောင်မှုစနစ် တိုးတက်နေသည်ဟု ခံစားမိသည်။ မိမိတည်းခိုနေသော ဟိုတယ် တွင်၊ ထိုအချိန်က ပုဂ္ဂလိကအာမခံကုမ္ပဏီတခု နှစ်သစ်ကူးမိတ်ဆုံစားပွဲလာလုပ်ပါသည်။ လူ (၂၀၀) ခန့်ရှိမည် ထင်သည်။ ထို အာမခံ ကုမ္ပဏီ၏ ၀န်ထမ်းများဟု သိရသည်။ မိမိက ဟိုတယ်မန်နေဂျာကို မေးကြည့်သည်။ ကူမင်းမြို့တွင် ပုဂ္ဂလိက အာမခံကုမ္ပဏီ ဘယ်နှစ်ခုရှိပါသနည်း ဟု မေးမိသည်။ သူက ကျနော့်အမေးကိုကြည့်၍ တွေဝေသွားသည်။ အများကြီးပဲဟု ပြောသည်။ သေချာသည်က တရုတ်နိုင်ငံတွင် (insurance system) ရှိနေပြီ။ လည်ပတ်နေပြီ။

ကျနော်က ကိုယ့်နိုင်ငံနှင့်တွက်၍ မေးနေမိခြင်းဖြစ်ပါသည်။ ဉာဏ်စမ်းပဟေဠိ၊ အဖြေညှိလိုက်ချင်သေးသည်။ မြန်မာနိုင်ငံ တွင် ပုဂ္ဂလိကပိုင် အာမခံလုပ်ငန်းမည်မျှ ရှိသနည်း။ မရှိသလောက်ဟု ဆိုရမည်။ အစိုးရပိုင် မြန်မာ့ အာမခံလုပ်ငန်းသာ ရှိသည်။ အခြားသီးခြားပုဂ္ဂလိက ကုမ္ပဏီများက လည်ပတ်ဆောင်ရွက်ခွင့်မရှိ။

ဤအဖြစ်ကို ကြုံရတော့၊ မြန်မာနိုင်ငံမှ မိမိ မိတ်ဆွေတဦး စင်္ကာပူအလယ်သွားစဉ် ကြုံရပုံ ပြန်ပြောပြသည်ကို သတိရမိ သည်။ မြန်မာပြည်က မိတ်ဆွေက စင်္ကာပူအလယ်သွားသည်။ အလယ်သွားရင်း စီးပွားဖြစ်ရလေအောင်၊ ကျောက်မြက် လေး၊ အခြားပစ္စည်းလေး ရောင်းဖို့သယ်သွားသည်။ ထို့နောက် စင်္ကာပူမိတ်ဆွေတဦးထံ ကျောက်ရောင်းသွားကြသည်။ လမ်းတွင် မိမိ၏ မြန်မာနိုင်ငံက မိတ်ဆွေက၊ စင်္ကာပူမိတ်ဆွေကို အလာပ သလာပ စကားစသည်။ သူက စင်္ကာပူတွင် ယခု ဓါတ်ဆီဈေး မည်မျှ ရှိနေပြီနည်းဟု မေးသည်။ စင်္ကာပူမိတ်ဆွေက မျက်လုံးပြူးကြည့်သည်။ “ကျနော် မသိဘူး။ အဲဒါ ကျနော့ အလုပ် မဟုတ်ဘူး။ ကျနော့ ဒရိုင်ဘာအလုပ်” ဟု ပြန်ပြောသည်။ ဤသို့ဖြင့် စကားစပြတ်သွားပြန်သည်။ ထို့ နောက် မြန်မာနိုင်ငံမှ မိတ်ဆွေက၊ စင်္ကာပူတွင် လက်ကိုင်ဖုန်းများ မည်သို့ရောင်းချကြောင်း မေးမိပြန်သည်။ မြန်မာ နိုင်ငံတွင်တော့၊ ဆက်သွယ် ရေးဝန်ကြီးထံ အဆင့်ဆင့် တင်ပြရသည့်စနစ်ကို ပြောမိသည်။ စင်္ကာပူမိတ်ဆွေက၊ “မင်းတို့ ၀န်ကြီးက တခြားအလုပ် မလုပ်ဖူးလား။ တယ်လီဖုန်းရောင်းတဲ့ အလုပ်ပဲ လုပ်တာလား”ဟု ပြန်မေးသည်။ ဤသို့ဖြင့် စကားလေပေး မဖြောင့်ခဲ့ရ ကြောင်း ပြောပြဖူးသည်။

ယခုတော့ မိမိမေးလိုက်သည့် ကူမင်းတွင် အာမခံကုမ္ပဏီ ဘယ်နှစ်ခုရှိသနည်းဆိုသည့် မေးခွန်းလည်း ဤသို့ဖြစ်နေပုံရ သည်။ ထို့နောက် မိမိက “အကြွေးရယူနိုင်သောစနစ်” (credit system) နှင့် ပတ်သက်၍ ဆက်လက် စပ်စုမိပြန်သည်။ တရုတ်နိုင်ငံတွင် မော်တော်ကားများကို အရစ်ကျစနစ်ဖြင့်၊ ၀ယ်၍ ရနိုင်-မရနိုင်မေးသည်။ ၀ယ်၍ ရသည်။ စီးပွားရေး လုပ်ငန်းတခု စလုပ်ရန်အတွက်၊ မိမိပိုင်ဆိုင်မှု (အိမ်၊ ခြံစသည်) တို့ကို ဘဏ်တွင်ပေါင်နှံ၍ ငွေချေး၍ ရနိုင်-မရနိုင် မေးခြင်း ဖြစ်သည်။ ရသည်။ ဤသို့ဆိုလျှင် တရုတ်နိုင်ငံတွင်၊ “အကြွေးရယူနိုင်သောစနစ်” (credit system) ရှိနေပြီ ဖြစ်သည်။ စီးပွားရေးပညာရှင် ဟာနန်ဒို ဒီ ဆိုတို (Hernando de Soto) က သူ၏ ထူးခြားဆန်းကျယ်လှသည့် အရင်းအနှီး (Mystery of Capital) ဟူသည့် စာအုပ်တွင် မြေ၊ ခြံ၊ အိမ် စသဖြင့်ကို စနစ်တကျ ဥပဒေဘောင်အတွင်းသွင်း၍ စီးပွားရေးစနစ် အတွင်း တန်ဖိုးတက်အောင် ဆောင်ရွက်စေခြင်းဖြင့် အရင်းအနှီးတိုးပွားလာစေပုံ သဘာဝကို ကျေလည်အောင် ရှင်းပြခဲ့ဖူးသည်။

မြန်မာနိုင်ငံတွင် ဤသို့ “အကြွေးရယူနိုင်သောစနစ်” ရှိ-မရှိနှင့် ပတ်သက်၍ ပြန်လည်လေ့လာကြည့်မိသည်။ မိမိ မိတ်ဆွေ စီးပွားရေးသမားများက ဤသို့ရှင်းပြသည်။ လွန်ခဲ့သော နှစ်ပိုင်းများအထိ၊ စနစ်တကျမဟုတ်လျှင်သော်မှ ရှိခဲ့ဖူးသည်။ သို့သော် (၂၀၀၁) ခုနှစ်တွင် အာရှဓနဘဏ်နှင့် မေဖလားဝါးဘဏ်တို့ကို ငွေကြေးခ၀ါချမှုနှင့် ပတ်သက်၍ ပိတ်ပင်ခဲ့ပြီးသည့် နောက်ပိုင်းတွင် ဤသို့ အကြွေးယူနိုင်သည့် စနစ် credit system စနစ် မရှိသလောက်ပင် ဖြစ်သည်ဟု ဆိုသည်။ သို့သော် အချို့သော “ဗွီအိုင်ပီ” ဆိုသူများ၊ ဦးတေဇတို့လို လူမျိုးအတွက်တော့ ဘဏ်များက ထုတ်ချေးပေးသည်။ ပြည်သူအများ အတွက် တော့ အလားတူစနစ်မျိုး မရှိ။ ပြည်သူများတွင် အရင်းအနှီးမရှိဘဲ ဈေးကွက်စီးပွားရေးစနစ်အတွင်း ၀င်ရောက်ရန်၊ ပြိုင်ဆိုင်ရန် မဖြစ်နိုင်ပါ။

စီးပွားရေးစနစ်တခု ကောင်းမွန်စွာ လည်ပတ်ရန်ဆိုလျှင် လွတ်လပ်စွာ ဆောင်ရွက်နိုင်ခွင့် လိုအပ်သကဲ့သို့၊ သွင်းအားစု များ ဖြစ်သည့် မြေ၊ လုပ်သား၊ အရင်းအနှီး (Land, labor, capital) များလည်း လိုသည်။ ထိုမျှမကပါ၊ နည်းပညာ၊ ကျွမ်းကျင်မှု၊ နိုင်ငံရေး တည်ငြိမ်မှု၊ ယုံကြည်မှု၊ တရားဥပဒေ စိုးမိုးမှု... စသဖြင့် များစွာရှိပါသေးသည်။

မြေကိုကြည့်ပါ။ မြန်မာနိုင်ငံတွင် လူအများ၏ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်က တည်ငြိမ်မှု မရှိ။ အစိုးရ ဖျက်ဆိုလျှင်၊ လျှော်ကြေးမရ၊ ဖျက်ကြရသည်။ လုပ်အား ဆိုလျှင်လည်း အဓမ္မလုပ်အားပေး ကဲ့သို့ အတင်းအကျပ် ရယူနေသည်လည်း ရှိသေးသည်။ လုပ်ငန်းခွင် အသစ်၊ အလုပ်အသစ်များ ဖန်တီးပေးနိုင်ခြင်း မရှိ။ လုပ်အားရော၊ ဦးဏှောက်ပါ ယိုစီးနေရသည်။ အရင်းအနှီး စုဆောင်းမှုတွင်လည်း စနစ်တကျ မရှိနိုင်။ မြန်မာနိုင်ငံရှိ လူလတ်တန်းစားအလွှာက ပို၍ ပါးလာသည်။ ငွေကြေးဖောင်းပွမှု က တက်နေသည်။ ယနေ့ ကျပ်တသိန်းကို ဖျာအောက်ထားအိပ်လျှင် နှစ်ကုန်လျှင် ဤမျှ တန်ဖိုးမရှိတော့။ ပုံမှန်စီးပွားရေး စနစ် မရှိ။ တလုံး (ဘောလုံး) နှစ်လုံး (ထိုင်းနိုင်ငံမှ စတော့ဂဏန်းများကို ထိုးသည့် လောင်းကစားတမျိုး)၊ သုံးလုံး (ချဲထီ) သာ ပုံမှန် မဟုတ် သည့် စီးပွားရေးအဖြစ် ကဏ္ဍကြီးကြီးမားမား နေရာယူထားသည်။ ဘဏ်စနစ်က မခိုင်။ ဤသို့ဖြင့် အကြွေးစနစ် ကလည်း မရှိသောကြောင့် မြန်မာပြည်သူများမှာ နေ့ပြန်တိုးကြီးကြီးဖြင့်၊ ချေးငွေယူ လည်ပတ်နေကြရသော အခြေအနေ ဖြစ်လာပါသည်။ မြန်မာပြည်သူများအတွက် ကြွေးမြီရယူ၍ လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံနိုင်သောစနစ် ကောင်းစွာ မဖွံ့ဖြိုး သေးပါ။

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအတွက် ထုတ်ချေးပေးသော၊ အမတော်ကြေးဟု ခေါ်နေကြသောငွေမှာလည်း မစို့မပို့မျှသာ ရှိပါသည်။ အချို့ နေရာများတွင် လူထု များမှာ (၃၅) ရာခိုင်နှုန်း အတိုးနှုန်းမျှဖြင့် ငွေချေးယူလည်ပတ်နေကြရပါသည်။ မြန်မာနိုင်ငံ ကုန်သည်ကြီးများအသင်း (UMFCCI) ၏ ဖော်ပြချက်အရ ၎င်းတို့ထံတွင် မှတ်ပုံတင်ထားသည့် စက်မှုလက်မှု လုပ်ငန်း ၄-သောင်းကျော်အနက်မှ ၁၀% (၄,၀၀၀) ကျော်သာ အမှန်လည်ပတ်နေကြောင်း ၎င်းအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောခဲ့ပါသည်။ ပြဿနာမှာ (၂၀၀၁) ခုနှစ် ဘဏ်များ ပြိုလဲပြီးနောက်ပိုင်း ၎င်းလုပ်ငန်းများအတွက် ငွေကြေး မပံ့ပိုးပေး နိုင် သော ကြောင့် ဖြစ်ပါသည်။ (Living color Magazine, Sept 2007)

........ ......... ...........

မိမိ စဉ်းစားမိသည်မှာ တရုတ်နိုင်ငံက ဗဟိုတွင် ကွန်မြူနစ်ပါတီက အာဏာကိုချုပ်ကိုင်ထားသော်လည်း ဗဟိုချုပ်ကိုင်မှု လျှော့ချ ရေး (decentralization) ကို တတ်နိုင်သမျှ လုပ်နေသည်။ ပြည်နယ်များကို ပို၍ အာဏာပေးလာသည်။ စီးပွားရေး လုပ်ငန်းများကို ချုပ်ကိုင်မှု လျှော့ချ၍ အာဏာရှိလာစေသည်။ ဗဟိုအစိုးရတွင်လည်း ၀န်ကြီးအဖွဲ့၌ လူငယ် ၄၀% ပါဝင် အောင် ထည့်သွင်းစေသည်။ တိန့်အင်ယင်မင် အရေးအခင်း ဖြစ်ခဲ့ရ၊ သွေးထွက်သံယိုမှု ရှိခဲ့ရသော်လည်း စီးပွားရေးပြုပြင် ပြောင်းလဲမှု အရှိန်အဟုန်ကို မလျှော့ချခဲ့။

သူတို့က စီးပွားရေး အောင်မြင်မှုဖြင့် ကွန်မြူနစ်ပါတီ၏ တရားဝင်မှုကို အရယူသည်။ (နအဖ) စစ်အစိုးရက ဂျီဒီပီ ၁၀% ကျော် ဟု လုပ်ကြံဖော်ပြထားသည်မှ လွဲ၍ စီးပွားရေးတိုးတက်မှု ရှိသည်ဟု ဖော်ပြစရာ များများစားစား မရှိလှပါ။ လူအများ ဆင်းရဲ ကျပ်တည်း၍ ရွှေဝါရောင်တော်လှန်ရေးပင် ဖြစ်ခဲ့ရသည်။ တရုတ်နိုင်ငံက လူထုအများနစ်နာရမှုများကို တရားဝင် တိုင်ကြား နိုင်ရန် (legitimate grievences) လမ်းဖွင့်ထားပေး၍ ဖြေရှင်းပေးသည်။ အကန့်အသတ်ဖြင့် လူထုဆန္ဒပြပွဲများ ကို ခွင့်ပြု၍ အုံကြွပေါက်ကွဲထွက်မှု မဖြစ်လာစေရေး အတွက် လူမှုရေးစနစ်တွင် အဆို့ရှင်များ (safety valves) ထားပေး သည်။ အစိုးရ အရာရှိများအကြား ခြစားမှုကို တားဆီးနိုင်ရေးအတွက် ခြစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်ကို အစိုးရ ကိုယ်တိုင်က ကြပ်ကြပ် မတ်မတ် ဆောင်ရွက်သည်။ မြန်မာနိုင်ငံရှိ သန့်စင်သော အစိုးရ အစီအစဉ်များက ကွယ်လွန်သူ ၀န်ကြီးချုပ်ဟောင်း ဗခ စိုးဝင်း နှင့်အတူ မြေမြှုပ်ထားခဲ့ပြီ။ အစိုးရ၀န်ထမ်းများ၏ မတရားမှုများကို တိုင်ကြားရမည် ဆိုသည့် ဖုန်း/ဖက်စ်နံပါတ်များက အလုပ်မလုပ်။

တရုတ်နိုင်ငံက ဒီမိုကရေစီစနစ်သို့ ချက်ချင်း မလှမ်းနိုင်သေးသော်လည်း၊ ဒေသဆိုင်ရာ ရွေးကောက်ပွဲ (local election) များကို ခွင့်ပြုလာသည်။ အားသွန်ဆောင်ရွက်လာသည်။ မြန်မာစစ်အစိုးရကတော့ ယခုတိုင် ဖမ်းဆီးလိုက်၊ ပြန်လွှတ်လိုက်၊ ညီလာခံရပ်လိုက်၊ ဆက်လိုက်နှင့် လမ်းပြမြေပုံက ကရွတ်ခွေ ကင်းလျှောက် တ၀ဲလည်လည်။ ကွန်မြူနစ် ဗီယက်နမ်နိုင်ငံ ဆိုလျှင်လည်း ဒုတိယ၀န်ကြီးချုပ်က အင်တာနက်ချတ်ရွမ်း (chatroom) ပေါ်တက်၍ ပြည်သူများနှင့် အမေး-အဖြေလုပ်ခဲ့ ခြင်းများပင် ရှိသည်။ ပိုမိုပွင့်လင်းရေးအတွက် ကြိုးပမ်းလာကြသည်။

မြန်မာစစ်အစိုးရ အာဏာသိမ်းခဲ့သည်မှာ နှစ် (၂၀) ပြည့်တော့မည်။ ဒီမိုကရေစီစနစ်သို့ သွားမည်ဟု ကတိပေးထားသော် လည်း လုပ်ငန်းပေါင်းစုံမှန်သမျှကို ဗဟိုချုပ်ကိုင်မှု (centralization) အောက်ထဲ ပြန်ထည့်နေသည်။ ဗဟိုချုပ်ကိုင်မှု လုပ် သည်မှ အလွန်အကျွံ။ ဤသဘောသဘာဝ ကိုယ်၌ကပင်လျှင် ဒီမိုကရေစီ စနစ်နှင့် ပြဒါးတလမ်း သံတလမ်း လွဲချော်နေ သည်။ တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ က ကွန်မြူနစ်နိုင်ငံ ဆိုဦးတော့၊ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး (decentralization) သို့ သွားနေသည်။ နိုင်ငံရေးအာဏာကို ချုပ်ကိုင်ထားသေးသော်လည်း အခြားအာဏာများကို တတ်နိုင်သမျှ လျှော့ချနေကြ သည်။ မြန်မာစစ်အစိုးရကတော့ သူတို့နှင့် ဆန့်ကျင်ဖက်။ အကုန်ထိန်းချုပ်၊ အကုန်ပိတ်ဆို့၊ အကုန်ချယ်လှယ် လုပ်နေ သည်။ ဗဟိုချုပ်ကိုင်မှု လွန်ကဲပြီး သက်ဦးဆံပိုင်စနစ်ပင် ဖြစ်တော့မည်။ လည်နေသည်ဆိုသော်လည်း ပြောင်းပြန်ကြီးလည် နေပေတော့သည်။

အောင်သူငြိမ်း
၁၁ ဇန်န၀ါရီ ၂၀၀၈
ဤဆောင်းပါးကို မဇ္ဈိမ မြန်မာစာမျက်နှာတွင်လည်း ဖော်ပြထားပါသည်။

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.