ရွက်မွန်စာမျက်နှာ

Saturday, January 12, 2008

မောင်လူနပ်ကလေးတို့မြို့ (၀တ္တုတို)

(၁)
သည်မြို့လေးသို့ ပြောင်းလာသည်မှာ မကြာသေး။ မြို့လေးသည် ချစ်ခင်နှစ်လိုဖွယ် ကောင်းသော်ငြား သူ့ဇာတိနှင့် နှိုင်းစာ လျှင် ငယ်သည်ဟု ပြော၍ရသည်။ သို့သော် အချက်အချာကျသည့် မြို့ကြီးများနှင့် ထိစပ်သည့် နယ်နိမိတ်မျဉ်းပေါ် တွင် ရှိနေ သဖြင့် ငယ်သော်လည်း မသေးဟု ပြောလျှင်ရသည်။

မြို့လေး၏ ဖွဲ့တည်မှုသည်ပင် မြို့သားများ၏ ဝတ်စားဆင်ယင်မှုနှယ် ထူးခြားထွေပြားသည်။ မြို့ခံများချည်း စုစည်း၍ သည်မြို့ လေး ဖြစ်တည်လာခြင်းလား၊ သို့တည်းမဟုတ် နယ်စုံပယ်စုံမှ လူပေါင်းစုံ လာရောက်အခြေချရာမှ သည်မြို့လေး ဖြစ်တည်လာ ခြင်းလားဟူသည်ကို ဒုတ်ဒုတ်ထိ ပြောရန်ခက်သည်။ မြို့သားများက သူတို့ နားလည်သလို ပြောနေသရွေ့ တခုခုကို အတည် ယူရန် ခက်ကောင်းခက်နေပေမည်။ ထို့ကြောင့်ပင် ဘာသာစကားလည်း စုံသည်။ ယဉ်ကျေးမှုလည်းစုံသည်။ မြို့လေးသို့ ပြောင်းလာပြီးမကြာမီပင် မြို့ခံတချို့နှင့် မျက်မှန်းတမ်းမိလာသည်။ မည်ကာမတ္တ လက်ဖက်ရည် ဆိုင်ကလေးတွင် ဆုံသည်။ ကပိုကရို စာအုပ်ဆိုင်ကလေးတွင် ဆုံသည်။ မဝယ်မဖြစ် ဈေးကလေးတွင် ဆုံသည်။

တနေ့သားမတော့ သူ့အခန်းသို့ မြို့ခံတချို့ ရောက်လာကြသည်။ သူတို့က သည်မြို့လေးကို တည်ထားသည်မှာ မည်ရွေ့မည်မျှ ကြာပြီဟု တပ်အပ်မပြောနိုင်သော်ငြား ယခုအချိန်အထိ မြို့တမြို့၏ ဥပဓိမရှိသေးကြောင်း၊ မြို့တမြို့၏ အင်္ဂါရပ်များနှင့် ညီညွတ် စေရန် သက်ဆိုင်ရာ အသင်းအပင်းများ၊ အဖွဲ့အစည်းများ ဖွဲ့စည်းတည်ထောင်ရန်လိုကြောင်း၊ ထို့ကြောင့် မြို့သူမြို့သားများ အနေဖြင့် အသင်းအဖွဲ့များ ပေါ်ပေါက်လာရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်း စသည်ဖြင့် ရှင်းပြကြသည်။
သူသာဆိုလျှင်တော့ ကိုယ်နှင့်မသိသည့် တစိမ်းတရံစာတဦးအား ငယ်ပေါင်းကြီးဖော်နှယ် သူတို့လို ပြောဆို ဆက်ဆံဖြစ်မည် မဟုတ်မှာ သေချာသည်။ သို့နှင့် သူ့အမည်ကို စာရင်းတို့ထားလိုက်ကြပြီး အသင်းဖွဲ့စည်းရေးအတွက် သူ့ထံသို့ ဖိတ်စာပို့ လိုက် မည့်အကြောင်း၊ သူတို့ ပြန်ဦးမည့်အကြောင်းပြော၍ နှုတ်ဆက်ကြသည်။ အံ့သြစိတ်၊ ဝမ်းသာ စိတ်တို့နှင့် ခေါင်းတညိတ်ညိတ် လုပ်နေမိသဖြင့် ကျေးဇူးတင်စကားပင် ပြောဖို့မေ့သွားသည်။

တပတ်ခန့်အကြာ၌ တသက်နှင့်တကိုယ် မည်သည့် အစည်းအဝေးမျှ မတက်ခဲ့ဘူးသည့် သူ့ထံသို့ ဖိတ်စာ တစောင် ရောက် လာသည်။ စင်စစ် သူသည် မည်သည့်အသင်းအဖွဲ့တွင်မှလည်း ပါဝင်ခဲ့ဖူးသူ မဟုတ်ချေ။ သို့သော် ညနေ (၅) နာရီတိတိ ဟူသော အချိန်သတ်မှတ်ချက်၊ မပျက်မကွက် ကြွရောက်ပါရန်ဟူသည့် တိုက်တွန်းတဝက် တောင်းဆိုတဝက်နှောထားသည့် အမိန့်တပိုင်းပါဖိတ်စာနှင့် သူ့ထံ တကူးတက လာရောက်ဆွေးနွေးကြသူများ၏ မျက်နှာများအား ထောက်ထားရမည်ဟူသည့် လောကဝတ်တို့ကြောင့် မငြင်းသာတော့။

(၂)
အစည်းအဝေးခန်း၌ ပြီးခဲ့သည့်အပတ်က သူ့အခန်းသို့ လာရောက်ခဲ့ကြသူများအား တွေ့ရသည်။ သူ့အမည် ကိုခေါ်၍ ပြာပြာ သလဲနှုတ်ဆက်ကြသည်။ သူတို့၏ အမည်များကို မမှတ်မိခြင်းအတွက် ကိစ္စရှိပုံမရသော်လည်း သူ့ဘက်ကကြည့်လျှင်မူ မျက်နှာ ပူစရာ ကောင်းလှသည်။ ထို့ကြောင့်ပင် သူတို့ သတ်မှတ်ပေးသောနေရာ၌ အပြစ်ရှိသူ တယောက်နှယ် မဝံ့မရဲ ထိုင်ရင်း သူတို့၏ လှုပ်ရှားမှုများကို အငူသား ကြည့်နေမိသည်။

သူတို့သည် ဖိုင်တွဲကိုယ်စီ၊ စာရွက်စာတမ်းကိုယ်စီနှင့် အလုပ်ရှုပ်နေကြသော်ငြား တဖွဲဖွဲဝင်လာကြသူများအား ပြာပြာသလဲ နှုတ်ဆက်ခြင်း၊ နေရာချထားခြင်းများကို ဇယ်ဆက်သလို လုပ်ကိုင်နေကြသည်မှာ အကျွမ်းတဝင်နှင့် နိုင်နိုင်နင်းနင်း ရှိလှ သည်။

သို့နှင့် ညနေ (၅) နာရီခွဲသွားသည်။ သူ့မိတ်ဆွေများ အလုပ်ရှုပ်နေကြဆဲဖြစ်သလို၊ သိနှင့်ပြီးသူ အချင်းချင်း ၏ ထွေရာလေး ပါး ပြောသံဆိုသံများနှင့် ခန်းမလေးစည်ကားနေသည်။ “လူမစုံသေးဘူးလား”၊ “ငါးနာရီတောင် ခွဲပြီး သွားပြီ” ဟူသည့် အသံ များ ကြိုကြားကြိုကြား ထွက်လာသည့်အခါတွင်မှ အစည်းအဝေးစရန် သတိရကြတော့သည်။

သူ့မိတ်ဆွေများထဲမှ ပါးရည်နပ်ရည်ရှိပုံရသူက ယခုလို နောက်ကျမှ အစည်းအဝေးစတင်နိုင်သည့်အတွက် တောင်းပန်ပါ ကြောင်း၊ လူမစုံသေးသော်လည်း (နောက်ပိုင်း သူ့အတွေ့အကြုံများအရ ဘယ်တော့မှ စုံသည်ဟူ၍မရှိ) ယခုလို အချိန်ပေး၍ တက်ရောက်ကြသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိကြောင်း၊ အစည်းအဝေးမစမီ တဦးနှင့် တဦး အပြန်အလှန် မိတ်ဆက် ကြရန်လိုကြောင်း ပြော၍ သူ့ကိုယ်သူ စတင်မိတ်ဆက်ပါတော့သည်။

သည်တကြိမ်တွင်တော့ မျက်နှာပူရသည့်အဖြစ်မျိုး ထပ်မဖြစ်စေရန် တဦးချင်း၏အမည်များအား သေသေ ချာချာ မှတ်ထား လိုက်မည်ဟု တွေးထားသည်။ သို့သော် တကယ်တမ်းမိတ်ဆက်ကြသည့်အခါ မျက်နှာများကို သေသေချာချာ မကြည့်လိုက်မိ သဖြင့် လူနှင့် နာမည်များကို တွဲ၍မမှတ်မိတော့။ ပါးရည်နပ်ရည်ရှိလှသည့် သူ့မိတ်ဆွေ ကပင် သူ့အခန်းသို့လာရောက်ခဲ့စဉ်က ပြောခဲ့သည့် စကားများကို ဥပမာ၊ ဥပမေယျများဖြင့် အာဝဇ္ဇန်းရွှင်စွာ ပြောနေ သည်။ ဘေးမှတဦးက ထိုသူ ပြောသမျှကို လိုက်လံ ရေးမှတ်နေသည်။ ရပ်မိရပ်ဖဟု ထင်ရသူတဦးက သည်မြို့လေး တွင် သာရေးနာရေးကိစ္စများသည် အဓိကကျ ကြောင်း၊ ထို့ကြောင့် သာရေးနာရေးအသင်းမျိုး ဖွဲ့စည်းသင့်ကြောင်း ထ၍ ပြောသည်။ သူ့မိတ်ဆွေ (သူ့ကိုယ်သူ မိတ်ဆက်ပေး စဉ်က ‘မောင်လူနပ်ကလေး’ဟု ပြောသည်ထင်သည်) ကိုမောင် လူနပ်ကလေးက အားလုံး၏သဘောထားကို တောင်းခံသည်။
စောစောက သူတခါ ငါတလှည့် ပြောဟယ်ဆိုဟယ်နှင့် သက်ဝင်လှုပ်ရှားနေသော ခန်းမလေးသည် အပ်ကျသံပင် ကြားရ မလောက် ဗြုန်းစားချည်း တိတ်ဆိတ်သွားသည်။ မျက်လွှာချသူချ၊ စားပွဲကို လက်နှင့် ခြစ်သူခြစ်၊ တောင် တောင်အီအီ ကြည့် သူကြည့်နှင့် အမိန့်မရသေးသည့် တပ်ဖွဲ့တဖွဲ့နှယ် ချီတက်ရခက်နေသည်။ စောစောက အားတက်သရော ပြောဆိုခဲ့ကြ သူများကို တော်တော်အားနာသွားသည်။ မဝံ့မရဲနှင့် လှမ်းကြည့်လိုက်တော့ သူ့ကို ပြန်ကြည့်နေ ကြသည်နှင့် သွားဆုံသည်။ ကြံရာမရ ယောင်နနနှင့် ခေါင်းညိတ်ပြလိုက်မိသည်။

အခြေအနေကို ထိန်းကျောင်းတတ်ပုံရသည့် ကိုမောင်လူနပ်ကလေးက “ဒီမိတ်ဆွေကတော့ အသင်းဖွဲ့စည်းဖို့ သဘောတူ ကြောင်း ခေါင်းညိတ်ပြီး ထောက်ခံနေပါတယ်”ဟု သူ့ထံ လက်ညှိုးထိုး၍ အားလုံးကြားအောင် ပြောလိုက် သည်။ ထင်သည့် အတိုင်းပင် စူးစမ်းသည့်မျက်လုံးများ ဆလိုက်မီးမောင်းထိုးသလို သူ့ထံကျရောက်လာသည်။ အူတူတူ ယောင်နနနှင့် နောက် တကြိမ် ခေါင်းညိတ်ပြလိုက်မိပြန်သည်။ “သဘောတူပါတယ်”ဟူသည့်အသံများ ခန်းလုံးပြည့် သွားသည်။ ချက်ဆိုနားခွက်က မီးတောက်ပြီးသား ဖြစ်နေပုံရသည့် မှတ်တမ်းလိုက်သူက “သာရေးနာရေးအသင်း ဖွဲ့စည်းရန် တညီတညွတ်တည်း သဘောတူ ကြကြောင်း ဆုံးဖြတ်လိုက်သည်”ဟု သူရေးထားသည့်စာရွက်ကို သူကိုယ်တိုင် ပြန်ဖတ်ပြသည်။

ထိုမျှ ရေလာလျှင် မြောင်းပေးရန် ဝန်မလေးတတ်သည့် ကိုမောင်လူနပ်ကလေးက “အသင်းတခု ဖွဲ့မည် ဆိုလျှင် ယင်းအသင်း အား လမ်းညွှန်သွန်သင်မည့် နာယကအဖွဲ့တခု ဦးစွာဖွဲ့စည်းရန်လိုကြောင်း၊ ထို့အတူ ယင်း အသင်းအား ဦးစီးဦးဆောင်ပြုမည့် ကော်မတီတခုလည်း ဖွဲ့စည်းရန်လိုကြောင်း၊ နာယက အဖွဲ့တွင် မြို့မိမြို့ဖများ၊ ဂုဏ်သရေရှိပုဂ္ဂိုလ်များ ပါဝင်ရန်လိုကြောင်း၊ ကော်မတီတွင် သွက်သွက်လက်လက်ရှိသူများ၊ အရည်အချင်းရှိသူများ၊ တက်တက်ကြွကြွ လုပ်ကိုင်ဆောင်ရွက်လိုသူများ ပါဝင်ကြရန်လိုကြောင်း” အားတက်သရော ပြောတော့သည်။

ကိုမောင်လူနပ်ကလေးက “ကျနော့်အနေနဲ့ကတော့ နာယကအဖွဲ့မှာ ဟောဒီက မြို့မိမြို့ဖ (၃) ဦးနဲ့ ဟောဟိုက ဂုဏ်သရေရှိ ပုဂ္ဂိုလ်ကြီး(၂) ဦး၊ ပေါင်း (၅) ဦးကို အဆိုပြုလိုပါတယ်”ဟု ပြော၍ ကန့်ကွက်မည့်သူ ရှိပါသလားဟု သုံးကြိမ်သုံးခါမေးသည်။ မည်သူမျှ တုတ်တုတ်မလှုပ်ကြသဖြင့် မှတ်တမ်းလိုက်သူက နာယကအဖွဲ့ကြီး အောင်မြင်စွာ ဖွဲ့စည်းလိုက်ကြောင်း ဝမ်းခေါင်း သံကြီးနှင့် ကြေညာသည်။

“ခုလို နာယကအဖွဲ့ကြီးကို အောင်မြင်စွာဖွဲ့စည်းပြီးတဲ့နောက် နာယကလူကြီးများရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့ အသင်းကော် မတီကို ဖွဲ့စည်းခွင့်ပြုရန် ပန်ကြားအပ်ပါတယ်ခင်ဗျား”ဟု အတိုင်နှင့် အစချီလိုက်သည်။ စကားပင်မဆုံး သေး၊ အဟမ်း အဟမ်း ဆိုသည့် ချောင်းဟန့်သံကြီး ထွက်လာသည်။

တိုင်ပြီးလျှင် ဖောက်ရသည့် သဘောသဘာဝအတိုင်း အသစ်ချပ်ချွတ် နာယကကြီးက ကိုမောင်လူနပ် ကလေး၊ မှတ်တမ်း လိုက်သူနှင့် အခြား (၇) ဦးကို အဆိုတင်တော့သည်။ ထုံးစံအတိုင်းပင် အသင်း၏ အမှုဆောင် ကော်မတီကို အောင်မြင်စွာ ဖွဲ့စည်းကြောင်း ကြေညာအပ်ပါသည်ခင်ဗျားဟူသည့် ဝမ်းခေါင်းသံကြီးထွက်လာပြန်သည်။ သည့်နောက်မတော့ အစည်း အဝေးပြီးဆုံးကြောင်း ကြေညာသဖြင့် အလျှိုအလျှို ထပြန်ကြသည်။

သူလည်း ပြန်မည်အပြုတွင် “အေးဗျာ ကျနော်က နာယကကြီးနဲ့ ကြိုညှိထားပေမယ့် ခင်ဗျား ခေါင်းညိတ် လိုက်လို့ ဒီအသင်း လေး ဖြစ်လာတာဗျ၊ ကျေးဇူးတင်တယ်ဗျာ၊ အလုပ်တွေကတော့ အများကြီးလုပ်ကြရဦးမယ်ဗျို့” ဟု ကိုမောင်လူနပ်ကလေးက သူ့ကို လက်ဆွဲနှုတ်ဆက်ရင်းပြောသည်။ ဘာကြောင့်မှန်းမသိ ခေါင်းညိတ်ပြမိပြန်သည်။

(၃)
မြို့လေး၏ မနက်ခင်းသည် လက်ကမ်းကြော်ငြာများကြောင့် လှုပ်လှုပ်ရွရွဖြစ်နေသည်။ အသစ်စက်စက် ဖြစ်စဉ်တို့၏ ထုံးစံ အတိုင်း အသင်းနှင့်ပတ်သက်သည့် အမျိုးမျိုးသောထင်မြင်ချက်များသည် လူအများ၏နှုတ်ဖျား၌ ချဲ့ချဲ့ကားကား နေရာ ယူ ထားကြသည်။ လက်ဖက်ရည်ဆိုင်တွင်လည်း ပြောကြသည်။ စာအုပ်ဆိုင်တွင်လည်း ပြောကြ သည်။ ဈေးတွင်လည်း ပြော ကြသည်။

မည်သူကစ၍ တီထွင်လိုက်မှန်းမသိသော်လည်း ဤအခေါ်အဝေါ်သစ်များကြောင့်ပင် မြို့လေး၏ ဂုဏ်သိက္ခာ မှာ ကြီးကြီး မြတ်မြတ် ဖြစ်လာသည်။ အတည်အခန့်ရှိနှင့်ပြီးသော ပုဂ္ဂိုလ်များအား တင့်တင့်တယ်တယ် အသုံးအနှုန်း များနှင့် ပေါင်းစပ် လိုက်၍ ထင်၏။ ဟွန်ဒါယဉ်ကျေးမှုနှင့် အတိပြီးသော မြို့လေးသည် ကြည်ညိုစိတ်များဖြင့် ဖိတ်ဖိတ် လက်နေတော့သည်။
လက်ဖက်ရည်ဆိုင်လေးတွင် ဖောက်သည်တိုင်း၏အကြိုက်ကို နောကျေနေသည့် စားပွဲထိုးလေးက “အဘ လာတယ်ဟေ့၊ အဘအတွက် ပေါ့ကျဝမ်း၊ ပဲနံဝမ်း”ဟု လှမ်းအော်လိုက်ပြီး၊ ချထားသည့် သတင်းစာကိုကိုင်၍ ဖတ်နေကျ အဘအားပေးရန် အဝ၌ စောင့်ကြိုမည် ပြင်သည်။ ထိုအခါမျိုးများ၌ အဘသည် “မှန်းစမ်း ဘာတွေများ ထူးသတုံးဟ”ဟုဆိုပြီး အိတ်ထောင်ထဲမှ ရွှေကိုင်းမျက်မှန်ကလေးကိုထုတ်ကာ ထိုင်နေကျစားပွဲ၌ ထိုင်၍ နံနက်ခင်း သတင်းစာလေးကို စိမ်ပြေနပြေ ဖတ်မည်။

ထိုအချိန်၌ (နောက်တကြိမ် ပြန်လုပ်မည်ဆိုလျှင် ဤအတိုင်းဖြစ်ရန် တော်တော်လေး ဇာတ်တိုက်ယူရမည့် အဖြစ်အပျက်တခု ရုတ်ချည်းဖြစ်သွားသည်) သူ၏စားပွဲနှင့် ဓားလွယ်ခုတ်သာသာတွင် ထိုင်နေသည့် ကိုမောင်လူနပ် ကလေးသည် ငေါက်ခနဲ ထ၍ “ဟာ နာယကကြီး ကြွပါခင်ဗျား၊ ကျနော်တို့စားပွဲမှာ ထိုင်ပါခင်ဗျား”ဟု ခရီးဦးကြိုပြုလိုက် သဖြင့် သမားရိုးကျ နံနက် ခင်းကလေးတခု ပြိုကွဲသွားရတော့သည်။

စားပွဲထိုးလေးအပါအဝင် အဘဟု အများကခေါ်ဝေါ်နေကြသည့် အဘခမျာ ကြောင်အမ်းအမ်း ဖြစ်သွား သည်။ ဘုမသိ ဘမသိနှင့် အိုးတို့အမ်းတမ်းဖြစ်တတ်သူတို့၏ အငိုက်မိပုံအတိုင်း အဘသည် ခေါင်းကုတ်သလိုလို၊ ခါးကုတ်သလိုလို မလုံ မလဲနှင့် မယုံရဲရဲဖြစ်ကာ ကိုယ့်အရိပ်ကိုယ်ပြန်ကြည့်သည်။ ထို့နောက် တခုခုကို သဘောပေါက် သွားသလိုလို၊ ကျေကျေ နပ်နပ် လက်ခံသွားသလိုလို မျက်နှာပေးမျိုးဖြင့် မိန့်မိန့်ကြီးပြုံးလိုက်ပြီး (သူ့ ခြေထောက်ထဲ သာ ရောက်အောင်ပေးလို့ ကတော့ သေချာပေါက် ဂိုးရမည်ဟူသည့် တိုက်စစ်မှူးတဦး၏ ယုံကြည်မှုမျိုးဖြင့် ကြုံးကန် ထည့်လိုက်ပုံက) “ဥက္ကကြီးရော ရောက်နေတာကြာပြီလား”ဟု တလေးတစား ပြန်မေးလိုက်ပုံက အသက်ဝင်လှသည်။

(အန်ထွက်လာသည့် ဘောလုံးတိုင်း မဝင်မှာမပူရသည့် အကူတိုက်စစ်မှူးတယောက်၏ သေချာမှုမျိုးဖြင့် သေသေသပ်သပ် ပိတ်သွင်းလိုက်ပုံလေးကလည်း) “ဟုတ်ကဲ့ ကျနော်နဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူးတို့ ရောက်နေတာ သိပ်မကြာသေးပါ ဘူး”ဟု ပြောကာ အဘနှင့် ကိုမောင်လူနပ်ကလေးတို့ စားပွဲခုံ၌ နေရာယူကြသည်။

ရှိလှ (၃) မိနစ်သာသာခန့်သာကြာမည့် ထိုအဖြစ်အပျက်လေးကြောင့် တဆိုင်လုံး ငုတ်တုပ်မေ့သွားသည်မှာ နံပြားဖိုမှ တူးနံ့ ကြီးသာ စူးခနဲထွက်မလာဘူးဆိုလျှင် တော်ရုံနှင့် သတိလည်ကြဦးမည် မထင်။

(၄)
မြို့သားများသည် “နာယကကြီး”၊ “ဥက္ကဋ္ဌကြီး”၊ “အထွေထွေ အတွင်းရေးမှူး”၊ “အမှုဆောင်ကြီး” ဟူသည့် အခေါ် အဝေါ်များ အား ထွက်ကာစ သီချင်းသစ်များလို မရတရ လိုက်ဆိုကြသည်။ ဆိုရင်းဆိုရင်း နှုတ်ဖျားစွဲလာသဖြင့် ဆိုပြီးရင်း ဆိုကြသည်။ နာယကကြီးနှင့် ကော်မတီဝင်များသည်လည်း သွားအတူ လာအတူ၊ ဟိုမှာသည်မှာ တပူးတွဲတွဲနှင့် မကြာမကြာတွေ့ရ တတ်သည်။

သူတို့နှင့် တွေ့ရဆုံရသည်မှာ အကြောင်းမဟုတ်လှ။ သို့သော် သူတို့ကို နှုတ်ဆက်ရသည်မှာ ခွတီးခွကျနိုင် သည်ဟု ပြောသံ ကြားရသည်။ နာယကကြီးနှင့်တွေ့လျှင် နာယကကြီးဟု ခေါ်ဝေါ်နှုတ်ဆက်လိုက်ရုံပင်။ ဥက္ကဋ္ဌကြီးနှင့် တွေ့လျှင် ဥက္ကဋ္ဌကြီးဟု ခေါ်ဝေါ်နှုတ်ဆက်လိုက်ရုံပင်။ သို့သော် တဖွဲ့လုံးနှင့် ပက်ပင်းတိုးသည့်အခါ မည်သို့ ခေါ်ဝေါ် နှုတ်ဆက်ရမည်မသိ။ နာယက ကြီးတဦးတည်းကိုသာ ကွက်ပြီးနှုတ်ဆက်မည်ဆိုလျှင်လည်း အခြားသူများကို မလေးမစားပြုရာရောက်မည်။ တဦးချင်းကို နှုတ်ဆက်နေရမည်ဆိုလျှင်လည်း အချိန်အတော်ယူရမည်။ ထိုပြဿနာကို ရှောင်လွှဲ၍လည်းမရ၊ နေ့စဉ်နှင့်လည်းအမျှ ရင်ဆိုင် နေရသူမှာ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ပင် ဖြစ်သည်။

နှုတ်သွက်လျှာသွက်ရှိသူများထဲတွင် ကားစပါယ်ယာနှင့် စားပွဲထိုးများအား ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်များအဖြစ် အသိအမှတ်ပြုရုံ နှင့် မလုံလောက်တော့ဟု ထင်သည်။ တီထွင်ဉာဏ်နှင့် ဖြတ်ထိုးဉာဏ်ကောင်းခြင်းအတွက် ဘွဲ့တခုခု (လောလောဆယ် မရှိ သေးလျှင်လည်း ခပ်သွက်သွက်တီထွင်၍) အပ်နှင်းသင့်သည်ဟု ထင်မိသည်။

“ဟာ ဆရာတို့အဖွဲ့ လာတယ်ဟေ့။ နေရာပေး၊ ခုံရှင်း၊ သတင်းစာယူ၊ တူးတီး၊ သရီးကော် ထူးရှယ်ဆွဲမယ် ဟေ့” ဟု လှမ်းအော်လိုက်သည့် စားပွဲထိုးလေးတဦး၏ ပျာပျာသလဲ ခရီးဦးကြိုပြုလိုက်သံက ထွန်းကားတော့မည့် ယဉ်ကျေးမှုသစ် တရပ်၏ ကြွေးကြော်သံတခုသဖွယ် ဖြစ်သွားသည်။

နောက်ပိုင်းရက်များ၌ တဦးချင်းနှင့် အဖွဲ့လိုက်ဆက်ဆံရေးကို အောင်မြင်စွာထူထောင်လိုက်နိုင်ပြီ ဖြစ်သဖြင့် မြင့်သည်ထက် မြင့်တက်လာနေသည့် မြို့လေး၏ယဉ်ကျေးမှုကို မြို့သားများကိုယ်တိုင်ပင် တအံ့တသြဖြစ်နေရသည်။ အခြားသူများထက် လာဘ်မြင်တတ်သည့် လဖက်ရည်ဆိုင်ပိုင်ရှင်၏“ဆရာ” ခေါ်သံက အကျယ်ဆုံးဖြစ်မည်ထင်သည်။

အဖွဲ့လိုက်နှင့်ဆုံလျှင် “ဆရာတို့”ဟုခေါ်၍ တဦးချင်းနှင့်ဆုံလျှင် “ဆရာ”ဟု ခေါ်လိုက်ရုံပင်။ ကောင်းသည် ထက် ကောင်းသည် မှာ လူချင်းမသိလျှင်ဖြစ်စေ၊ သိသော်လည်း နာမည်မေ့နေလျှင်ဖြစ်စေ (သို့တည်းမဟုတ်) ရာထူး အဆင့်အတန်းကို မသိလျှင် ဖြစ်စေ၊ သိသော်လည်း မေ့နေလျှင်ဖြစ်စေ “ဆရာ”ဟု တခွန်းတည်းခေါ်လိုက်ရုံနှင့် ကိစ္စပြတ်သွားသည်။ ခေါ်စ၌ မရဲတရဲဖြစ် နိုင်သော်လည်း ခေါ်နေကျသွားသောအခါ နှုတ်ကျိုးသွားကြသည်။

သို့သော် ယဉ်ကျေးမှုတရပ် ထွန်းကားသည်ထက် ထွန်းကားလာလျှင် အရှိန်လွန်တတ်သလား မပြောတတ်။ ဆိုက်ကား နင်းသူကို ဆိုက်ကားဆရာ၊ ကားမောင်းသူကို ကားဆရာ၊ မြင်းလှည်းမောင်းသူကို မြင်းလှည်းဆရာ၊ ဆံပင်ညှပ်သူကို ဆံသ ဆရာ စသဖြင့် ဆရာချင်း မိုးမွှန်ကုန်တော့သည်။

လက်ပွေ့ သတင်းစာရောင်းသူကိုပင် “ဗျို့ သတင်းစာဆရာ၊ ဒီမှာ တစောင်လောက်”ဟု ခေါ်၍ ဝယ်ကြသည်။ လမ်းမီးတိုင်များအောက်မှ ပုရစ်ကောက်သူများပင်လျှင် ဝယ်သူနှင့်စကားပြောရာ၌ တဗူးမှ တဆယ်ထဲပါဆရာဟု ပြောရောင်း ရောင်းကြသည်။

(၅)
“ဒီအစည်းအဝေးက အရင့်အရင် အစည်းအဝေးတွေထက် အရေးကြီးတယ်ဗျ၊ ဆက်ဆက်လာခဲ့ဗျာ၊ ရော့ ဒီမှာ ဖိတ်စာ”ဟု ပြောပေး ပေးသွားသော အစောင် (၅ဝ)မြောက်ဖိတ်စာလေးကို သူ ထရံ၌ ထိုးထားလိုက်သည်။

ပုံမှန်အားဖြင့်ဆိုလျှင် သတ်မှတ်ချိန်ထက် တနာရီခန့် နောက်ကျလေ့ရှိတတ်၍ သတ်မှတ်ဦးရေထက် သုံးပုံ တပုံခန့် လျှော့လေ့ ရှိတတ်သည့် အစည်းအဝေးများ၌ ယေဘုယျ ဆုံးဖြတ်ချက်များသာလျှင် အတည်ပြုနိုင်သည်က များသည်။ ချခဲ့ပြီးသမျှ ဆုံးဖြတ် ချက်များသည်လည်း တော်တော်နှင့် အကောင်အထည်မပေါ်။ “အများနဲ့ လုပ်ရတာ ဆိုတော့ ဒီလိုပေါ့ဗျာ”ဟု ညည်းပြော ပြောတတ်ကြသည်။

များသောအားဖြင့် ပြောမည့်အကြောင်းအရာကို ကြိုတင်ပြင်ဆင်မထားကြ။ ပြင်ဆင်သည်ဆိုလျှင်လည်း အိပ်ရာဝင်ခါနီး အညောင်းတထိုင်စာမျှသာ။ လက်တန်းပြောကြသည်က များသည်။ ထို့ကြောင့် တောင်ရောက် မြောက်ရောက်နှင့် လိပ်ပတ် မလည်။ လိုရင်းမရောက်။ မူလ ပြောသော အကြောင်းအရာက ပျောက်ကာ ဆင့်ပွားဥပမာ များနောက် တကောက်ကောက် လိုက်၍ မဆုံးနှင့် နိဂုံးချုပ်ရ ခက်နေတတ်သည်။

တချို့က စကားကြုံလိုက်တတ်သည်။ (ကိုယ်ဘာပြောမည်ကို ကြိုတင်သတ်မှတ်မထားဘဲ အခြားသူ ပြောသည့်စကားအဆုံးကို ကောက်၍ ထိုနေရာမှ စပြောတတ်သည်) တချို့က ထူးမခြားနား အကြောင်းအရာကိုပင် ထူးခြားလေသယောင် ပြောတတ် သည်။ တချို့က ပြောပြီးသည့် အကြောင်းအရာကိုပင် တကြိမ်တခါမျှ မပြောရသေး သည့်နှယ် အတည်ပေါက်နှင့် ပြောတတ် သည်။ တချို့က ရေလည်းမြင့်စေ ကြာလည်းတင့်စေဟူသည့် သဘောမျိုးဖြင့် ကိုယ့်ထက်မြင့်သူကို တင်၍ ပြောတတ်သည်။ တချို့က အခြားသူကို အပြစ်ဖို့၍၊ တချို့က လက်သီးလက်မောင်း တန်းကြသည်။

တချို့က ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော်ဟူသည့် နီတိကို ဖိနပ်နှင့်အတူ ချွတ်ခဲ့ကြပုံရသည်။ တချို့က ဝန်ခံ၍ အမြတ်ထုတ် ကြသည်။ (မှားသည်ဟုကို ပြော၍မရသည့် မဆိုစလောက်ကိစ္စလေးတခုကို တကဲ့အပြစ်အနာကြီး တခုနှယ် ချဲ့ကား၍ဝန်ခံကာ ကျန်သည့် (၉၉)ရာခိုင်နှုန်းကို သူ့ဘက်ယက်၍ ပြောတတ်သည်။) များသောအားဖြင့် တဦးတည်းက ဒိုင်ခံပြော၍ ပြောသမျှ လည်း အတည်ဖြစ်သည့် အစည်းအဝေးများသည် မကျင်းပသေးမီနှင့် ကျင်းပပြီး အခြေအနေမှာ အဖြေသိပြီးသည့် ပွဲဟောင်း ကြီး ပြန်ကြည့်ရသလိုပင်။

(၆)
စာအုပ်ကိုယ်စီနှင့် စာထိုင်ဖတ်နေကြသူများကိုတွေ့လိုက်ရသဖြင့် အခန်းများ မှားဝင်ခဲ့မိလေသလားဟု ထင်လိုက်မိသည်။ အားနာပါးနာနှင့် ပြန်ထွက်မည်ပြုစဉ် မျက်မှန်းတမ်းမိနေသူတဦးက “ဟေ့လူ လာလေဗျာ”ဟု လှမ်းခေါ်သည်။ တချို့က စာရေးနေကြသည်။ တချို့က ပုံဆွဲနေကြသည်။ တကြောင်းဆွဲပန်းချီ၊ ရုပ်ပြပန်းချီ၊ ကာတွန်း ရုပ်ပုံ၊ ကယ်ရီကေးချား စသည် ဖြင့် စိတ်ဦးတည့်ရာ ရေးခြစ်နေကြသည်။ တချို့က ဂဏန်းပေါင်းစက်တလုံးနှင့် ငွေစာရင်း တွက်နေကြသည်။ တချို့က သိုသိုသိပ်သိပ်နှင့် တိုးတိုးကြိတ်နေကြသည်။ တချို့က တယ်လီဖုန်းနှင့် ဂိမ်းကစားနေသည်။ (ထိုဖုန်းများကြောင့်ပင် အစည်း အဝေးများ၌ ပြောသူရော နားထောင်သူပါ အာရုံနောက်ရသည်မှာ အကြိမ်ကြိမ်)။

စောစောက လှမ်းခေါ်သူက “ဒီလိုပေါ့ဗျာ။ လူစုံအောင်ချည်းစောင့်နေရတော့ မပြတ်သေးတဲ့ ရုံးအလုပ်တွေ ရှိရင် ဒီကိုယူလာ ပြီး လုပ်ရင်လည်းလုပ်၊ ဒါမှမဟုတ် အပျင်းပြေ တခုခုဖတ်ရင်လည်းဖတ်ပေါ့။ ဒါနဲ့ ခင်ဗျားလက်ထဲက ဘာစာအုပ်တုန်းဗျ”ဟု မေးသည်။ “မဂ္ဂဇင်းစာအုပ်ပါ၊ ပြန်အပ်ဖို့ယူလာတာ”ဟုပြောတော့ “ဒါဆို လဲဖတ်ရအောင်ဗျာ” ဟုဆို၍ သူ့လက်ထဲမှစာအုပ်ကို ထိုးပေးသည်။

ခန်းမ၏ အပြင်အဆင်မှာ ပြည့်စုံချင်လွန်းသည့် နှစ်ပတ်လည် အစီရင်ခံစာတစောင်၏ မျက်နှာဖုံးတခုနှင့် တူနေသည်။ ဓာတ်ပုံ များကို နေရာမလပ်ချိတ်ဆွဲထား၍ ကြေညာချက်များကို သင်ပုန်းလေးငါးခုနှင့်အပြည့် ကပ်ထား ကြသည်။ နှစ်ပတ်လည် စုံညီအစည်းအဝေးဟူသည့် စာတမ်းကို နက်ပြာရောင် နောက်ခံပိတ်စပေါ်တွင် စာလုံးဖြူဖြင့် ဖောက်ထားသည်။ ရှေ့၌ နာယကများနှင့် သဘာပတိများ နေရာယူရန်အတွက် ထိုင်ခုံများချထားသည်။ စားပွဲခုံရှည် ကြီး၏အလယ်၌ ပန်းဖလားတခု တင်ထားသည်။ စားပွဲခုံပေါ်၌ အလံတိုလေးများ၊ ရေနွေးကြမ်းအိုးများ၊ လက်သုတ် စက္ကူလိပ်များ၊ နှစ်ထပ်ဘီစကွတ်မုန့်များ၊ ဆေးလိပ်ခွက်များ၊ ဖိုင်တွဲများ ချထားသည်။

စင်မြင့်တဝိုက်၌ လက်ပတ်ကိုယ်စီပတ်ထားသူများ ဟိုမှသည်သို့ လူးလားခေါက်တုံ့ သွားလာနေကြသည်။ ရင်ဘတ်၌ ရွှေရောင် တောက်တောက် ရင်ထိုးတံဆိပ်ကားကားကြီးများ ထိုးထားသည်ကို ကြည့်ရသည်မှာ အလွန် အရေးပါသူများ ဖြစ်မည်မှန်း မပြောဘဲနှင့် သိနိုင်သည်။ ခန်းမ၏ယာဘက်ထောင့်၌ ကိုယ်တပိုင်းရုပ်ထုကြီးတခုကို တွေ့ရသည်။ သုံးလေးဦးက မီးများလင်းမလင်း၊ ပန်ကာများ လည်မလည်၊ မိုက်များအသံထွက်မထွက် စစ်ဆေးနေကြ သည်။ သုံးချောင်းထောက် ကင်မရာ များကို ကြည့်ရသည်မှာ သားကောင်တွေ့လျှင် မညှာမတာ ခုန်အုပ်ကြတော့မည့် ကျားရဲများနှယ် စူးစူးရဲရဲ နိုင်လှ သည်။

“ဥက္ကဋ္ဌကြီးအား မိန့်ခွန်းပြောကြားပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်ခင်ဗျား”ဟု ပြောလိုက်သည့် အခမ်းအနားမှူး၏ စကားအဆုံး၌ ကိုမောင်လူနပ်ကလေး ရှေ့ထွက်လာသည်။

“ကဲ ကျနော်တို့မြို့မှာဆိုရင် ဘယ်လောက်ဂုဏ်ယူစရာကောင်းသလဲ။ မဖွဲ့ထားသေးတဲ့ အသင်းအဖွဲ့ရယ်လို့ မရှိသလောက်ဘဲ။ ပညာရေးနယ်ပယ်မှာပဲကြည့်ကြည့်၊ ကျန်းမာရေးနယ်ပယ်မှာပဲ ကြည့်ကြည့်၊ ဘယ်နယ်ပယ်မှာပဲ ကြည့်ကြည့် သူ့အသင်းအဖွဲ့နဲ့ သူ ဖွဲ့စည်းပြီးသားချည်းပဲ။ ဒီလို အသင်းအဖွဲ့လေးတွေနဲ့ချည်း မလုံလောက်လို့ အဲဒီ အသင်းအဖွဲ့လေးတွေကို စုဖွဲ့ထားတဲ့ အသင်းအဖွဲ့ချုပ်ကြီးကလည်း အခိုင်အမာရှိပါရောလား။ အဲဒီ အသင်းအဖွဲ့ချုပ်ကြီး ကို ဦးဆောင်မယ့် ဂုဏ်ထူးဆောင် အသင်း အဖွဲ့ချုပ်ကြီးကလည်း ရှိပြန်ပါရောလား။ အဲဒီ ဂုဏ်ထူးဆောင်အသင်းအဖွဲ့ ချုပ်ကြီးကို လမ်းညွှန်မယ့် ဂုဏ်ထူးဆောင် နာယက ချုပ်အဖွဲ့ကြီးကလည်း ရှိပြန်ပါရောလား။

ကိုမောင်လူနပ်ကလေးက မိုးတဖြိုက်နှစ်ဖြိုက်ကျရာမှ မှိုပွင့်ကြီးများနှယ် ကားကားစွင့်စွင့်နှင့် အသင်းအဖွဲ့များ ပေါ်ပေါက်လာ ပုံကို ရှင်းပြနေသည်။ ထို့နောက် (ခန်းမ၏ ယာဘက်ထောင့်ကို လက်ညှိုးထိုးလျက်) “ဟောဟိုမှာဆိုရင် ဂုဏ်ထူးဆောင် နာယကအဖွဲ့ချုပ်ကြီးမှာ အသက်ထက်ဆုံး တာဝန်ထမ်းဆောင်ခဲ့တဲ့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ရာသက်ပန်နာယကချုပ်ကြီးရဲ့ ကိုယ်တပိုင်းရုပ်ထုကိုလည်း ထုလုပ်ထားပြီးပါရောလား” (လက်ခုပ်သံများ ဝေါခနဲ ထွက်ပေါ်လာသည်)

“အဲဒီလို အဘက်ဘက်က အားကောင်းနေပေမယ်လို့ ကျနော်ကတော့ ပြီးပြည့်စုံတယ်ရယ်လို့ မယူဆသေးပါ ဘူး။ ဒါဟာ ကျနော်တို့ရဲ့ ဖြတ်သန်းမှုတွေ၊ အတွေ့အကြုံတွေကို အခြေခံပြီးတော့မှ ပြောခြင်းဖြစ်ပါတယ်။ ကျနော်တို့ ဟာ မြို့လေးရဲ့ အကျိုးအတွက် အသင်းအဖွဲ့တွေကို ဖွဲ့ခဲ့ကြတယ်။ ဖွဲ့ပြီးတဲ့အခါ သူ့ဆီ ကိုယ်သွားလေ့လာ၊ ကိုယ့်ဆီ သူ လာလေ့လာ၊ သူ့ ဖွဲ့စည်းပုံ ကိုယ့်ပေး၊ ကိုယ့်ဖွဲ့စည်းပုံ သူ့ပေး၊ ကိုယ့်ကြေညာချက် သူ့ပေး၊ သူ့ကြေညာချက် ကိုယ့်ပေး၊ သူနဲ့ကိုယ်နဲ့ ပူးပေါင်း လေ့လာ၊ သူနဲ့ ကိုယ်နဲ့ ပူးပေါင်းဖွဲ့စည်း၊ သူနဲ့ကိုယ်နဲ့ ပူးပေါင်းကြေညာ စသည်ဖြင့် လုပ်ဆောင်နိုင် ခဲ့ကြတာဟာဖြင့် အလွန့် အလွန်ကို အဖိုးမဖြတ်နိုင်တဲ့ အောင်မြင်မှုတွေသာဖြစ်ပါတယ်။ ဒါကို ကြီးကျယ်ခမ်းနားတဲ့ သမိုင်းမှတ်တိုင်များ စိုက်ထူနိုင်ခဲ့ ခြင်းရယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုရင်လည်း ရနိုင်ကောင်းရဲ့လို့ ထင်မိပါတယ်”

ကိုမောင်လူနပ်ကလေးက စကားပြောရင်း ပရိတ်သတ်ကို မျက်လုံးဝေ့၍ အကဲခတ်သလို ကြည့်လိုက်သည်။ ထို့နောက် လည်ချောင်းရှင်းသလို ချောင်းတချက်နှစ်ချက် ဟန့်သည်။

“ဒါပေမယ့် အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံးအဆင့်ကိုတော့ မရည်ရွယ်ဘဲ ချန်လှပ်ခဲ့မိကြတယ်လို့ ပြန် လည် သုံးသပ်မိပါ တယ်။ ဒါဟာ ဘယ်လို အသင်းအဖွဲ့မျိုးတွေကို ဖွဲ့ကြမလဲ၊ ဖွဲ့တဲ့အခါ ဘယ်လိုဖွဲ့ကြမလဲဆိုတဲ့ အချက် ပဲ ဖြစ်ပါတယ်။ ဒါကလည်း ကျနော်တို့မှာ အတွေ့အကြုံမကြွယ်ဝသေးလို့၊ အသိသုတနည်းပါးနေသေးလို့လည်း ဖြစ် ကောင်းဖြစ်နိုင်ပါတယ်။ ခုလို ပြန် လည်သုံးသပ်နိုင်တဲ့ အခါကျတော့ နောင်မှာ ဒီလိုမဖြစ်ရအောင် ပြင်ကြရပါလိမ့်မယ်။

ဒီနေရာမှာ မခြွင်းမချန်ဝန်ခံဖို့နဲ့ မဖြစ်မနေတောင်းပန်ဖို့ လိုအပ်တာကတော့ (ရုပ်ထုကြီးကို လက်ညှိုးထပ်ထိုး) နာယကလုံး ဆိုင်ရာ နာယကချုပ်ကြီးကိုပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဤနေရာ ဤစင်မြင့်ပေါ်ကနေ အားလုံးရဲ့ကိုယ်စား နာယကလုံး ဆိုင်ရာ နာယကချုပ်ကြီးအနေနဲ့ ကျနော်တို့ရဲ့ အားနည်းချက်တွေကို ခွင့်လွှတ်ဖို့ အနူးအညွတ်တောင်းပန် အပ်ပါတယ်” (လက်ခုပ်သံများမစဲသေးသဖြင့် ကိုမောင်လူနပ်ကလေးအဖို့ ရေသောက်ချိန် ရသွားသည်။)

“ဒါကြောင့် နာယကလုံးဆိုင်ရာ နာယကချုပ်ကြီးရဲ့ ရှေ့မှောက်မှာပဲ “အသင်းအဖွဲ့များဆိုင်ရာ အသင်းအဖွဲ့” တခုကို စတင် ဖွဲ့စည်းလိုက်ကြောင်း အသိပေးကြေညာအပ်ပါတယ်” (ဝေါခနဲလက်ခုပ်သံများ သောသောညံသွားသည်)

(၇)
မည်သူ့ အကျိုးရယ်ဟူ၍တော့ အပ်ကျမတ်ကျ ပြောရခက်မည်ဖြစ်သော်ငြား မမျှော်လင့်ဘဲ ညောင်ရေ အလောင်းခံလိုက်ရ သည်ဟု ခံစားလိုက်ရသည်ကား အမှန်ပင်။
“လူကြီးမင်းများခင်ဗျား၊ ဒီနေ့အစည်းအဝေးမှာ တဦးချင်းအလှည့်ကျ ပြောပြီးဆိုပြီးကြပြီဖြစ်လို့ တော်တော် လည်း ပြည့်စုံပြီ လို့ ထင်ပါတယ်။ ဒါပေမယ့် ဒီအသင်းကိုမဖွဲ့စည်းခင် အရေးပါတဲ့ပုဂ္ဂိုလ်တဦးနဲ့ လူကြီးမင်းများကို မိတ်ဆက်ပေးလိုပါတယ်။ ဒီပုဂ္ဂိုလ်ဟာ ဒီမြို့လေးကို ကျနော်တို့နောက်မှ ရောက်လာပေမယ့်လည်း ပထမဆုံး ဖွဲ့စည်း ခဲ့တဲ့ သာရေးနာရေး အသင်း ကလေးကနေစပြီး ခုချိန်ထိ စိုက်လိုက်မတ်တတ် ပါဝင်ဆောင်ရွက်ခဲ့သူတဦးလည်း ဖြစ်ပါ တယ်။ ဒါကြောင့် သင့်တော်ရာ တာဝန်တခုခု သတ်သတ်မှတ်မှတ်ပေးဖို့ရာကတော့ ကျနော်တို့ အားလုံးရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ ဒါမှလည်း မြို့လေးရဲ့ အကျိုးကို ခင်ဗျားတို့၊ ကျနော်တို့လို သယ်ပိုးနိုင်မယ် မဟုတ်လား”ဟုပြော၍ သူ့ကို လက်ညှိုးထိုးပြကာ အားလုံးနှင့် မိတ်ဆက် ပေးလိုက်သည်။

(လက်ခုပ်တီးခြင်း၏ အဓိပ္ပာယ်ကို ကောင်းစွာခွဲခြားမသိသော်လည်း ခုလို အသက်ပါသည့် ဇာတ်ဝင်ခန်းမျိုး အရောက်၌ ဘာလုပ်ရမည်ကို ကောင်းစွာသိထားကြသည့် မြို့သားများက တာဝန်ကျေပွန်စွာပင် လုပ်ရိုးလုပ်စဉ်အလုပ် ကို အချိန်ကိုက် လုပ်ဆောင်နိုင်ခဲ့ကြပါသည်)

ထို့နောက် စကားပြောရန်ဖိတ်ခေါ်သည့် အခမ်းအနားမှူး၏ ပန်ကြားသံထွက်ပေါ်လာသည်။ ကိုမောင်လူနပ် ကလေးကို အားကိုးတကြီး လှမ်းကြည့်လိုက်မိသည်။ (ပယ်နယ်တီဧရိယာထဲ ဖြတ်တင်ပေးလိုက်သည့် ဒေးဗစ် ဘက်ဟမ်း ၏ မျက်နှာပေး မျိုးဖြင့် သူ့ကို ပြုံး၍ကြည့်နေသည်။)

သူ ထမှဖြစ်တော့မည်။ အစည်းအဝေးတက်သက်ရင့်သော်လည်း စကားပြောအတွေ့အကြုံ လုံးလုံးမရှိသဖြင့် ရင်တွေ တဒုန်း ဒုန်း ခုန်လာသည်။ လက်ဖျားခြေဖျားများ အေးစက်စေးထန်းလာသည်။ လည်ချောင်းများ ခြောက်ကပ် လာသည်။ လူနှင့် ကုလားထိုင်ပင် ထိနေသလိုလို၊ လွတ်နေသလိုလို ခံစားနေရသည်။ မျက်လွှာချ၍ လက်ဖဝါးချင်း ဖြစ်ညှစ်ပွတ်ချေနေရာမှ ဆတ်ကနဲမော့ကြည့်လိုက်သည်။

အလို သူ့ကို စိတ်ဝင်တစားစောင့်ကြည့်နေကြသည့် မျက်လုံးများ။ ချွေးစေးများပင် ထွက်လာသည်။ ကြံရာမရသည့်အဆုံး ရှေ့တွင်ချထားသည့် ဗလာစာရွက်များကို ကောက်ယူလိုက်သည်။ လေတချက်မျှ မတိုက် ပါဘဲနှင့် ဖျပ်ဖျပ်လူးနေ သည့် စာရွက်များအား ကတုန်ကယင်လက်နှစ်ဖက်ဖြင့် ဖျစ်ညှစ်ချုပ်ကိုင်ကြည့်သည်။ မရ။ စိတ်တည်ငြိမ်မှုရရန် ဗလာချည်း သက်သက်စာရွက်များအား မှိတ်မသုန် စိုက်ကြည့်နေသည့် သူ့ဟန်က ဆွေးနွေးမည့် အကြောင်းအရာကို အလေးအနက် ဆင်ခြင်နေသည်လားဟု ထင်ကောင်းထင်စရာပင်။

သူ့ကိုယ်သူ အားတင်းလိုက်သည်။ ရှေ့မှစားပွဲခုံကို လက်နှစ်ဖက်ဖြင့် တင်းတင်းရင်းရင်း ဆုပ်ကိုင်ရင်း ထရပ် လိုက်သည်။ ထိုအခါတွင်မှ တရစပ်တုန်နေသည့်ဒူးများ ညွှတ်ခွေကျသွားတော့ မည်လားဟု စိုးရိမ်လာမိသည်။ ဒူးကို အာရုံစိုက်၍ ထိန်းမည်ကြံကာရှိသေး၊ ရင်ထဲက တလှပ်လှပ်တုန်၍ ခေါင်းထဲမလည်း မူးနောက်နောက်ဖြစ်လာသည်။ အာခေါင်များလည်း ခြောက်သည်ထက် ခြောက်လာသည်။

မရည်ရွယ်ဘဲနှင့် ချောင်းတချက်ဟန့်မိသွားသည်။ သို့သော် အသံကားမထွက်။ ဤတွင်မှ ထွက်ပေါက်ရသွား သည့် သားကောင် တကောင်လို ရဲရဲတင်းတင်း ချောင်းတချက်ဟန့်လိုက်သည်။ (စစ်မြေပြင်၌ ပထမဆုံးသော ကျည်ဆံ တတောင့် ပစ်လိုက်ပြီးကာမှ ရဲစိတ်ဝင်သွားသည့် စစ်သားတယောက်နှယ် ခန်းမထဲ၌ နေသားတကျဖြစ်သွားသည်) ဘာဖြစ်ဖြစ် ဟူသည့် စိတ်ကို နှလုံးသွင်း၍ ကောက်ကာငင်ကာ ပြောချလိုက်သည်။

“ကျနော်ပြောချင်တာကတော့ ခုနက သူပြောသွားတာနဲ့ အတူတူပါပဲ”ဟု ရှေ့ခုံမှလူကို လက်ညှိုးထိုးပြပြီး အရုပ်ကြိုးပြတ် ထိုင်ချလိုက်သည်။

အားလုံးက သူ့ကို ပါးစပ်အဟောင်းသားနှင့် ကြည့်နေကြသဖြင့် ဘာများပြောခဲ့မိပါလိမ့်ဟု အထိတ်ထိတ် အလန့်လန့် စဉ်းစားကြည့်မိသည်။ သို့သော် ဗလုံးဗထွေးနှင့် ပြောလိုက်မိသည်များကို ကောင်းကောင်းမမှတ်မိတော့။ မတတ်နိုင်။ ပြီးမှပဲ အစည်းအဝေးမှတ်တမ်းကို ဖတ်ကြည့်ရတော့မည်။

သိသိသာသာနှင့် အတော်ကြာကြာတိတ်ဆိတ်သွားသည့် ခန်းမထဲ၌ လက်ခုပ်သံများ သောသောညံ ထွက်ပေါ်လာသည်။ (တဦးပြောပြီးတိုင်း အခြားသူများက လက်ခုပ်တီးကိုတီးရသည့် ယဉ်ကျေးမှုကိုသာ တီထွင် မထားခဲ့လျှင် သည်လိုအခြေအနေ မျိုး၌ မည်သို့ ရှေ့ဆက်ရမည်ကို သိနိုင်ရန် ခဲယဉ်းလိမ့်မည်ထင်သည်)

ဘာကြောင့်ရယ်ဟူ၍တော့ တပ်အပ်မပြောနိုင်။ သို့သော်ငြား သူသည်လည်း လက်ခုပ်တီးနေမိသည်။

အောင်မော်ဦး
မေ၊ ၂၃၊ ၂၀၀၄။
၂၀၀၄ ခုနှစ်က ခေတ်ပြိုင်အွန်လိုင်းဂျာနယ်တွင် ဖော်ပြခဲ့ဖူးပါသည်။

2 comments:

nyo said...

Vrey good essay

nyo said...

Thank for your essay. It was great and wonderfull! wesn't it?

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.