စ
က်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကို စစ်အစိုးရက အကြမ်းဖက် ချေမှုန်းလိုက်သည်။ ပြီးတော့ ဘာမျှမဖြစ်သလို၊ ဗိုလ် နေမြဲ ကျားနေမြဲ နေ နေကြသည်။ လူအများ၏ စားဝတ်နေရေး ကျပ်တည်းဆင်းရဲနေကြသည့် ဒုက္ခများကိုလည်း အသိအမှတ် မပြု။ လူအများက တောင်းဆိုသည့် ပြုပြင်ပြောင်းလဲမှု အစီအစဉ်များလည်း ပေါ်မလာ။ ဖိနှိပ်မှုများက နေရာ အချို့တွင် ဆက်ဖြစ် နေရုံမက ပို၍ တိုးလာသည်။ ဆိုးလာသည်။ စစ်အစိုးရက ဤပုံဖြင့် သက်ဆိုးရှည်အောင် ခရီးဆက်၍ ရဦးမည် ထင်နေသည်။ အမှန်က စစ်အစိုးရ ကျဆုံးတော့မည်။ ကျဆုံးစေတော့မည့် စနစ်ဖျက်ဗိုင်းရပ်စ်ပိုးက စနစ်အတွင်း ၀င်သွားခဲ့ပြီ ဖြစ်သည်။ ကင်ဆာရောဂါသဖွယ် အမြစ်တွယ်နေခဲ့ပြီ ဖြစ်သည်။
သိသာရန် ဥပမာလေးတခု၊ နှစ်ခုဖော်ပြလိုပါသည်။
မြန်မာပြည်မှ မိတ်ဆွေတဦးရောက်လာသည်။ သူက ကားအရူး၊ ထိုင်းနိုင်ငံတွင် ကားအသစ်တွေ တွေ့တော့ သူက သွားရေ တများများ။ နောက်တော့ စကားစပ်မိပြီး ပြောဖြစ်ကြသည်။ ကားမှတ်ပုံတင် သက်တမ်းတိုးသည့် အကြောင်း။ ထိုင်းနိုင်ငံ တွင် ဤကိစ္စက ဘာမျှမခက်၊ တနှစ် ဘတ် ၁,၀၀၀ ခန့် ကျမည်။ ဘဏ်အချို့တွင် ၀န်ဆောင်မှုပေးသည်။ သို့မဟုတ် သက်တမ်းတိုး ရုံဆိုလျှင် အချို့လက်ခံ ဆောင်ရွက်ပေးသည့် ဌာနများသို့ သွားလိုက်ရုံသာ။ စတစ်ကာ ကပ်ပြားလေး ရလာ လိမ့်မည်။ ပြီး၏။ အမေရိကန်လိုနိုင်ငံမျိုး ဆိုလျှင်တော့ အင်တာနက်မှ လုပ်ရုံဖြင့် ကိစ္စပြီးသည်။
မြန်မာနိုင်ငံတွင် လုပ်ရပုံကို သူပြောပြတော့မှ ပြောသူထက်၊ နားထောင်သူက မောရသည်။ ပထမ ကားမှတ်ပုံတင် သက်တမ်း တိုးရန်အတွက် တောင်ဒဂုံဘက်ရှိ ကညနဌာန (ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန) သို့ သွားရ သည်။ ထိုနေရာ တွင် လျှောက်လွှာရယူရသည်။ လျှောက်လွှာကို အင်တာနက်တွင် ဒေါင်းလုပ် ရယူနိုင်သော စနစ် မရှိပါ။ ထိုဖောင်ပုံစံကို အလကား မရ။ တစောင်လျှင် ၂၀၀-၃၀၀ ကျပ်ပေး၍ ၀ယ်ရသည်။ ဤတွင် မပြီး မြောက်ဒဂုံသို့ သွားရပြန် သည်။ မြောက် ဒဂုံတွင် ရာဖြတ်ရုံး ရှိသည်။ တနည်း ကားအတွက် အခွန်ကောက်မည့်နှုန်းထားကို သတ်မှတ်မည့် ရုံး ဖြစ်သည်။ ထိုဌာနက ကားကို သိန်း ၂၀၀ တန်သည်။ သိန်း ၃၀၀ တန်သည် စသဖြင့် သတ်မှတ်ပေးသည်။ အခွန် လျှော့ပေးလိုလျှင်ဖြင့် သိကြ သည့်အတိုင်း နားလည်မှု ကိစ္စများ ပါလာလိမ့်မည်။ ထိုမျှနှင့် မပြီးသေးပါ။ ကျသင့်သည့် အခွန်ကို ပေးရန်အတွက် ရန်ကုန် မြို့ထဲသို့ ပြန်လာ၍ ဆူးလေဘုရားလမ်းရှိ ဘဏ် (၃) ဘဏ်၊ (၄) တွင် သွင်းရသည်။ အခြားပုဂ္ဂလိက ဘဏ်များ၊ အခြား အစိုးရပိုင် စီးပွားရေးဘဏ်များတွင် သွင်း၍ မရပါ။ ငွေသွင်းပြီးသည့်အခါ ချလံဟု ခေါ်သည့် ဖြတ်ပိုင်းတစောင် ရလာမည်။ ဤမျှလည်း မပြီးသေး။ မော်တော်ယာဉ်ပြစ်မှု ကင်းရှင်းကြောင်း ထောက်ခံစာ လိုလာသည်။ ဤစာအတွက် (၅၁) လမ်း၊ ဗိုလ်တထောင်ရှိ မော်တော်ယာဉ်ထိန်းရဲ (မော်တော်ပီကယ်) ရုံးသို့ သွားရပြန် သည်။ ထိုရုံးတွင် မိမိပိုင်သည့်ကားက ယာဉ် မရပ်ရ သည့်နေရာ၊ ရပ်ထား၍ ပြစ်ဒဏ် ကျသင့်ခြင်း ရှိ-မရှိ၊ မီးနီဖြတ်မောင်း ထားခြင်း ရှိ-မရှိ စစ်ဆေးသည်။ အကယ်၍ ပြစ်မှု ရှိနေ၍ ဒဏ်ငွေဆောင်ရမည် ဆိုပါက ဘဏ် (၃)/ (၄)သို့ တခါ ပြန်လာရပြန်သည်။ အားလုံးစုံလင်တော့မှ ဒဂုံတောင်သို့ ပြန်သွား၍ ကညနရုံးတွင် ကားလိုင်စင် သက်တမ်းတိုးရသည်။ ၀ှူးးးး ဤအတွက် အနည်းဆုံး ၂-၃ ရက် ကုန်နိုင်သလို၊ ရုံးတိုင်း တွင် တန်းစီ စောင့်ရသည်။ မိမိ၏ စားသုံးသူဖောက်သည် များ အတွက် ၀န်ဆောင်မှုဆိုသည်က မြန်မာနိုင်ငံတွင် မသိ။ ငွေကြေး လာဘ်ပေးရသည်။ မဟုတ်လျှင်လည်း တစ်ဆို့ နေတတ်သည်။ ဤလုပ်ငန်းစဉ်များအတွက် မည်သို့ ဆောင်ရွက်ရ မည် အဆင့်ဆင့်ကိုလည်း ကြော်ငြာသင်ပုန်းများတွင် သေချာ ရေးပြထားခြင်း မရှိပါ။ တခါတရံ မေးမှသာ သိကြရသည်။ ဤသတင်း အချက်အလက်များကိုလည်း ၀န်ကြီးဌာန၏ အင်တာနက် ၀က်ဘ်ဆိုက်တွင် ရှာဖွေ၍ မရနိုင်။ အချိန်ကုန်၊ လူပင်ပန်း ကြရသည်။
ဘဏ်စနစ်တွင်လည်း တခုခု ငွေသွင်းလိုလျှင် သတ်မှတ်ထားသည့် ဘဏ်သို့ ကိုယ်တိုင်သွားကြရသည်။ မြန်မာနိုင်ငံတွင်းရှိ ဘဏ်အချင်းချင်း ငွေပေးယူ ရှင်းနိုင်သည့် စနစ် (Bank clearance system) မရှိ။ ငွေရှင်းနိုင်သည့် အကြွေးကပ်ပြား ကရက်ဒစ် ကဒ်ဆိုသည်မှာ ဝေလာဝေး။ မိမိ အပင်ပန်း မခံလိုဘဲ လုပ်မည်ဆိုလျှင်တော့ ၀န်ဆောင်မှုလုပ်ပေးမည့် ပိုင်သူ၊ ဆိုင်သူ ပွဲစားများ ရှိကြသည်။ သူတို့နှင့် သေချာသည်လည်း ရှိမည်။ အလိမ်ခံရသည်လည်း ရှိမည်။
တခါ အခြားမိတ်ဆွေက သူ၏သမီး ဆယ်တန်းအောင်စာရင်း အမှတ်အတွက် သက်သေခံလက်မှတ် ထုတ်ရသည့် အကြောင်း ပြောပြပြန်သည်။ သူတို့က အဆင့်မြင့်ပညာဦးစီးဌာနရုံးသို့ ၀င်သွားရသည်။ တော်တော်လျှောက်ဝင်ရသည် ပြောသည်။ ကြားထဲတွင် ဆိုက်ကား၊ ယာဉ်မရှိ။ သည့်အပြင် စာရွက်စာတမ်း မိတ္တူတခုခုလိုလျှင် ထိုရုံးထဲတွင် အဆင်သင့် စက် ရှိမနေပါ။ ပြင်ပ ပုဂ္ဂလိကဆိုင်များသို့ ကိုယ်တိုင် ပြန်လာ၍ မိတ္တူကူးရသည်။ နောက်တော့ အောင်စာရင်း စာရွက် အတွက် ငွေသွင်းဖို့ လိုလာပြန်သည်။ ထိုချလံအတွက် ဆူးလေဘုရားလမ်း ဘဏ် ၃/ ၄ ကို သွားကြရပြန်သည်။ ထိုဘဏ်မှ ငွေရှင်းပြီး ကြောင်း ချလံရတော့မှ ပြန်လာရသည်။ ချက်ချင်း ထုတ်ပေးနိုင်ပါလျှက်နှင့် မရ၊ နောက်လ ပြန်လာဟု ဆိုပြန် သည်။ နောက်လ ပြန်လာလျှင်လည်း ရချင်မှ ရမည်။ ထပ်ချိန်းနိုင်သေးသည်။ စာတိုက်မှ ပို့ပေးပါဟု ပြောလျှင်လည်း မရ။ မြန်မာ နိုင်ငံရုံး များတွင်က ဤသို့ စာတိုက်မှပို့သည့် ၀န်ဆောင်မှုမျိုး မရှိသလို၊ စာတိုက်များကလည်း ရောက်မည်ဟု သေချာ စိတ် မချကြရ။ အချိန်ကုန် လူပန်း စိတ်ညစ်ကြရသည်။ အစိုးရရုံးများတွင် မိမိ ဖောက်သည် (customer) များအတွက် ဖော်ရွေ ပြူငှာမှု ဆိုသည်မှာ သေဆုံးသွားခဲ့သည်မှာ ကြာပါပြီ။ လိုအပ်သလို ထိုင်စောင့်နိုင်ဖို့ လူနေခုံများ ချမထား။ တခုခုဆိုလျှင် ညစ်ကပ် လိုက်ရမှ နေသာသည့် ၀န်ထမ်းဆိုး များကလည်း မရှား။
ကျနော်က လွယ်အောင် စဉ်းစားကြည့်သည်၊ စုပေါင်းရုံး (တခါတည်းနှင့် ၀န်ဆောင်မှု အကုန်ရနိုင်မည့်နေရာ) One-stop service ထားလျှင် မကောင်းပါသလော။ အခက်အခဲ ရှိပြန်သေးသည်။ ၀န်ကြီးဌာန တခုတည်းအောက်မှာ မဟုတ်နေပြန်။ ၀န်ကြီး တဦးတည်း သြဇာဖြင့် မပြီးနိုင်။ ကားမှတ်ပုံတင် သက်တမ်းတိုးသည့် ကိစ္စကလေးတွင်ပင် သယ်ယူပို့ ဆောင်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ အကောက်ခွန်နှင့် ဘဏ္ဍာ ၀န်ကြီးဌာန စသဖြင့် ၀န်ကြီးဌာန ၃-၄ ခု ပတ်သက်နေ သည်။ သူတို့ကလည်း သူတို့ စားခွက်နှင့် သူတို့။ မည်သူက ပြင်ပါ့မည်နည်း။ ဤသို့ဆိုလျှင် အားကိုးစရာဟူ၍ ၀န်ကြီးများ အားလုံးကို ချုပ်ကိုင်နိုင်သည့် ၀န်ကြီးချုပ်သာ ရှိတော့သည်။ သူကလည်း ဤကိစ္စများကို ပြဿနာဟု ထင်မထား။ ဗျူရို ကရေစီယန္တယားကို စနစ်တကျ ချောမွေ့ဆောင် လုပ်ဆောင်ရမည့် ကိစ္စများ အရေးမထားနိုင်၊ အမျိုးသားညီလာခံ တက်နေ ရသည်။ အစည်းဝေးပေါင်းစုံ တက်နေရသည်။ ကြက်ဆူပင်များကို လိုက်ကြည့်နေရသည်။ တံတားဖွင့်ပေးနေရ သည်။ ယခု ၀န်ကြီးရုံးများကို နေပြည်တော်ရွှေ့၍ အဝေးထိန်းစနစ်ဖြင့် ကွပ်ကဲရတော့ ပို၍သာ ခက်တော့မည်။ မြန်မာ စစ်အစိုးရက လွယ်သည့်ကိစ္စကို ခက်အောင်လုပ်သည့်နေရာမှာ ဧတဒက်ရ ဟု မိမိမိတ်ဆွေတဦးက ပြောဖူးသည်။
ဤသို့ ယိုယွင်းပြိုလဲနေသော စနစ်များဖြင့် ခေတ်မီနိုင်ငံတော်ကြီးကို မည်သို့ တည်ဆောက်ကြပါမည်နည်း။ ယိုယွင်းမှုက ဘက်ပေါင်းစုံတွင် ဖြစ်နေသည်။ ရန်ကုန်တွင် မီးမလာ။ လာတချက်၊ မလာတချက်။ ရန်ကုန်တွင် ရေကြီးသည်။ ကယ်ဆယ် ရေး အရေးပေါ် အကူအညီ မရှိ။ မြို့လည်တွင် ၈-ထပ် တိုက်ခန်းများ ဆောက်ထားသည်။ ဓါတ်လှေခါးမရှိ။ မီးလောင်လျှင် အရေးပေါ် ဆင်းရမည့် လှေခါးများကလည်း သံပန်းအလှဆင်ရုံ သက်သက်မျှ။ ဤကိစ္စများကို ကြပ်မတ်မည့် ဥပဒေ စည်းမျဉ်း များလည်း မရှိ။ ဆေးရုံတွင် ဆေး မရှိ။ ပြင်ပဆေးဆိုငများရှိ တရုတ်မှ ၀င်လာသည့် ဆေးများက မည်သူမျှ အရည် အသွေး စစ်ဆေး အာမခံထားခြင်း မရှိ။ အမှိုက်ကျုံးစနစ်က မမှန်၊ အမှိုက်များ နောက်ဖေးလမ်းကြားတွင် ပိတ်ဆို့နေသည်။ မိုးရွာလျှင် မြင်မကောင်းလောက်အောင် လမ်းပေါ်စီးဆင်းလာတတ်သေးသည်။ လမ်းများက ပြင်လိုက်၊ ပျက်လိုက်။ တခါက ကတ္တရာစေး ကို လူအားဖြင့် လောင်း၍ ရန်ကုန်မြို့ လမ်းများ ပြင်နေကြပုံကို ရုပ်မြင်သံကြားတွင် ကျနော့်မိန်းမက မြင်တော့ “ကြည့်ပါဦး၊ လူတွေနဲ့ အခုထက်ထိ လုပ်နေကြရတာ” ဟူ၍ ကဲ့ရဲ့သံ လွှမ်းသည့် စကားသံဆိုသည်။ ကျနော်က “ပေါ့ သေးသေး မထင် နဲ့နော်၊ အဲသည်ဘေးက ရပ်ကြည့်ပြီး ညွှန်ကြားနေတာ ရန်ကုန်မြို့တော်ဝန်” ဟု ကိုယ့်နိုင်ငံ သိက္ခာမကျ အောင် ပြန်ဂုဏ် တင်ရသည်။
ယခုတော့ ရန်ကုန်ကို စွန့်ထားခဲ့ပြီး၊ ယခု နေပြည်တော်ကို လေထုညစ်ညမ်းမှု ကင်းသည့်၊ ရာဇ၀တ်မှု ကင်းသည့်၊ သန်းရှင်း သည့် မြို့တော်အဖြစ် တည်ဆောက်မည် ဆိုသည်။ နေပြည်တော်တွင် လမ်းများ၊ အဆောက်အဦးများကို ထီးနန်းဆန်ဆန် နာမည်ပေးပြီး စိတ်ကျေနပ်နေသည်။ မြန်မာနိုင်ငံတွင် ထုတ်ဝေသည့် စီးပွားရေး မဂ္ဂဇင်းတခု၏ ဖော်ပြချက်တွင် ယခု ပျဉ်းမနား နေပြည်တော် တည်ဆောက်ရေး အတွက် လုပ်သား တနေ့လျှင် ပျမ်းမျှ (၈၀, ၀၀၀) ခန့် သုံးနေပြီး၊ လုပ်အားခ ကုန်ကျ စရိတ် တစ်လလျှင် ကျပ်သန်း (၄,၀၀၀) ခန့် ကုန်ကျမည်ဟု ခန့်မှန်း တွက်ချက် ထားပါသည်။ ထို့အပြင် စုစုပေါင်း နေပြည်တော် တည်ဆောက်ရေး စရိတ်သည် တိုင်းပြည်၏ စုစုပေါင်း ထုတ်ကုန်တန်ဖိုး ဂျီဒီပီ၏ (၁-၂%) ခန့် ရှိမည်ဟု ပညာရှင်များ တွက်ချက်ကြပါသည်။ သို့သော်လည်း ကန်ထရိုက်မိတ်ဆွေတဦး အပြောအရ အလျင်စလို ဆောက်ကြသော ကြောင့် သူ ကန်ထရိုက်ယူထားသည့် အုတ်များ မိုးမိ၍ အရည်ပျော် ရှုံးရသည် ဆိုသည်။ ယခုတော့ အချို့ဝန်ထမ်း အိမ်ယာ များ က အက်ကြောင်းထင်နေပြီ။ တံခါးများက လေတိုးရုံဖြင့် ဗုံးကနဲ လဲကျသည်။ အဆောက်အဦးရှိ မှန်ချပ်များကလည်း လေတိုးလျှင် အလွန်ကွဲသည် ဟု ဆိုနေကြပြန်ပြီ။ ရှေ့ကဆောက်-နောက်ကပျက် ဖြစ်နေပြီ။
အချို့သောပညာရှင်များ က မြန်မာနိုင်ငံ၏ စစ်အသုံးစရိတ်သည် ဘဏ္ဍာရေး ဘတ်ဂျက်၏ (၆၀%) မျှ ရှိမည်ဟု တွက်ချက် နေကြပါသည်။ အဏုမြူ ဓါတ်ပေါင်းဖို ဆောက်ရန်၊ မစ် တိုက်လေယာဉ်များ ၀ယ်ရန်လည်း စိတ်ကူးယဉ် နေပါသည်။ သို့ သော ဆင်ကြီးခြေမခိုင်သကဲ့သို့ တပ်မတော်က အောက်ခြေက ပြိုနေပြီ ဖြစ်သည်။ တပ်တွင်း ဖိနှိပ်မှု၊ အခွင့်အရေး တန်းတူ ညီမျှ မရှိမှုများ၊ စားဝတ်နေရေး ပြဿနာများကြောင့်လည်း ရဲဘော်များ တပ်ပြေးနေကြပြီ။ ဂျိန်း ကာကွယ်ရေးဆိုင်ရာ မဂ္ဂဇင်း (၂၀၀၆ ဧပြီထုတ်) အဆိုအရ ၎င်းတို့ရရှိခဲ့သည့် မြန်မာ့တပ်မတော်၏ လျှို့ဝှက်မှတ်တမ်းတခုအရ (အတိအကျ မသိ နိုင်သော ကာလအတွင်း) တပ်ပြေးပေါင်း ၈,၇၆၀ ဦး ရှိခဲ့သည် ဆိုသည်။ ၎င်းတို့အထဲတွင် ၄,၇၀၁ ဦးမှာ ခွင့်မဲ့ ပျက် ကွက် ဖြစ်ပြီး၊ စစ်သား ၂,၀၀၀ ကျော်မှာ မည်သည့်အကြောင်းကြောင့် မသိရဘဲ ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။
၎င်း မှတ်တမ်းအရပင် ဖော်ပြထားရာ၌ မြန်မာ့တပ်မတော် တပ်ရင်းတခုတွင် စစ်သား ၇၅၀ ဦး ပုံမှန်ရှိသော်လည်း၊ တပ်ရင်း စုစုပေါင်း ၅၀၄ ခုရှိသည့်အနက်မှ တပ်ရင်း ၂၂၀ မှာ စစ်သား ၂၀၀ နှင့် ၃၀၀ ကြားသာ ရှိနေပြီး၊ တပ်ရင်း ၂၈၄ ခုတွင် စစ်သား ၂၀၀ အောက်လျှော့နည်း၍သာ ရှိနေသည်ဟု ဆိုထားသည်။ သူတို့ ခိုင်းစားနေရသည့် တပ်မတော်ကလည်း ဟန်သာ ကျန်တော့သည်။
လူမှုရေးကဏ္ဍတွင်လည်း ကပ်ဆိုက်နေရပြီ။ မြန်မာ အစိုးရက ကောက်ယူထားသည့် အိမ်ထောင်စု အသုံးစားရိတ်လေ့လာ ချက် (Household Survey) ၁၉၉၇ နှင့် ၂၀၀၁ ကို အခြေခံ လေ့လာချက်အရ ဆင်းရဲသူဦးရေမှာ ၂၃% မှ ၃၂ % သို့ တိုးတက်လာခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ဆောင်ရွက်သည့် ကုလသမဂ္ဂလေ့လာချက် တခုအရ တနိုင်ငံလုံးတွင် ဆင်းရဲမှု သတ်မှတ်ချက်လိုင်း အောက်ရောက်နေသူမှာ ၃၀% ရှိနေသည်။ ချင်းပြည်နယ်တွင် ဆင်းရဲသူ ပိုများသည် (၇၀%)၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ဆင်းရဲသူ (၅၂%) ရှိနေသည်။ အကယ်၍ ကုန်ဈေးနှုန်း နောက်ထပ် ၁၅% မှ ၂၀% သာ တက်လိုက်ပါက လူဆင်းရဲ ရာခိုင်နှုန်း (၅၀) အထိ ရောက်သွားနိုင်သည်ဟု တွက်ဆထားသည်။
အပြည်ပြည်ဆိုင်ရာ အကျပ်အတည်း ပဋိပက္ခများ လေ့လာရေးအဖွဲ့ (ICG) ၏ လေ့လာချက် တခုအရ၊ နိုင်ငံ၏ ၃၀% သော ကလေးငယ်များမှာ အဟာရချို့တဲ့ နေကြသည်။ (ရခိုင်ပြည်နယ်တွင် ဤကိန်းဂဏန်းက နှစ်ဆတိုးနေသည်။) ၂၀၀၅ ခုနှစ် စာရင်းအရပင် ကိုယ်ခံအားကျရောဂါ (အိပ်ခ်ျအိုင်ဗွီ) စွဲသူ အရေအတွက်က ၃၇,၀၀၀ ရှိနေသည်။ (အရွယ် ရောက်ပြီးသူ လူဦးရေ၏ ၁.၃ % ပိုးကပ်နေကြသည်။) ငှက်ဖျား၊ အဆုပ်ရောဂါ (တီဘီ) ဖြင့် သေနှုန်းက တက်လာနေသည်။ ပညာရေး ကဏ္ဍတွင်လည်း ကျောင်းနေသည့်အရွယ် ကလေးများ၏ တ၀က်ခန့်မှာ ကျောင်းသို့ လုံးဝ မရောက်ဖူးပါ။ ကျောင်းနေခွင့် ရသူ ကလေးများတွင်လည်း ၃၀% သာ မူလတန်းပြီးမြောက်ပါသည်။ ဘယ်လို လုပ်ကြပါမည်နည်း။
သာသနာရေးတွင်လည်း ကြည့်ပါ။ မဆီမဆိုင် ဘုန်းကြီးအိုကြီး သတင်းသုံးနေသည့် မဂ္ဂကျောင်းကို ပိတ်သည်။ တရားပွဲ များ ကို ပိတ်နေသည်။ မြန်မာနိုင်ငံတွင် ရှေးရိုးအတီတေ တည်မြဲခဲ့သည့် လူမှုအဖွဲ့အစည်း ဆို၍ ဗုဒ္ဓသာသနာသာ ရှိသည်။ စစ်တပ် အာဏာသိမ်းချိန်မှစ၍ ရှိသမျှ နိုင်ငံရေး၊ လူမှုရေး အဖွဲ့အစည်းများကို ချေမှုန်းလာခဲ့သည်မှာ မကျန်တော့ သလောက်။ နောက်ဆုံး သာသနာနှင့် စစ်တပ်သာ ကျန်ရှိတော့သည် ဂျပန်နိုင်ငံရှိ မြန်မာသမိုင်းပညာရှင် ဒေါက်တာ အေးချမ်းက ရေဒီယို အင်တာဗျူးတခုတွင် ပြောခဲ့သည်။ ယခုတော့ ဗုဒ္ဓဘာသာ အဖွဲ့အစည်းများကိုပါ ချုပ်ချယ်ကန့်သတ် လာခဲ့ပြီ။ ဤသို့ ဆက်သွားလျှင် သာသနာ ကွယ်ပ တော့မည်ဟု ပြည်ပတွင် ဖွဲ့စည်းခဲ့သည့် သာသနာ့ဦးသျှောင်အဖွဲ့ ဆရာတော်ကြီးများက ဆိုနေပြီ။ လူများစု ကိုးကွယ်သည့် ဗုဒ္ဓဘာသာတောင် ဤမျှ ဖြစ်နေလျှင်၊ အခြား ကိုးကွယ်ယုံကြည် ရာ ဘာသာများကို မည်မျှဖိနှိပ်မည်မှာ တွေးကြည့်စရာ မလိုတော့။
ဤပုံအတိုင်းဆိုလျှင် မြန်မာနိုင်ငံအတွက် ရင်လေးဖွယ်ရာ ရှိနေတော့သည်။
၂၀၀၅ ခုနှစ်တွင် ကမ္ဘာပေါ်ရှိ ပညာရှင်များ ဆွေးနွေးငြင်းခုန်ကြ၍ “နိုင်ငံတခု ပြိုကွဲကျရှုံးစေမည့် ညွှန်းကိန်း” (failed states index) ၁၂ ခုကို ဖော်ထုတ်ကြည့်ခဲ့ကြသည်။ ထွက်ခဲ့သမျှသော စာတမ်း၊ ဆောင်းပါးများကို စုဆောင်း၍ ထောင်နှင့်ချီသော စာစောင် စာတန်းများ၊ သတင်းအချက်အလက်များပေါ်မှ အခြေခံ၍ ဤလက္ခဏာများကို သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်။ နိုင်ငံအသီးသီးကို ဒီပေတံများနှင့် တိုင်းတာ ကြည့်ခဲ့ကြသည်ဟု ဆိုသည်။ ဤညွှန်းကိန်းများကို ကြည့်ကြပါစို့။
နိုင်ငံတခု ပြိုကျပျက်စီးနိုင်သည့် အောက်ပါ အချက်အလက် (၁၂) ခု ရှိနေသည်ဟု ဆိုပါသည်။
• လူဦးရေ တိုးပွားမှုကြီး၍ ဖိစီးမှု အကြောင်း ဖြစ်လာစေခြင်း။
• ဒုက္ခသည်များနှင့် ပြည်တွင်း၌ ရွှေ့ပြောင်းထွက်ပြေးနေကြရသည့် ဒုက္ခသည် (IDPs) အစုလိုက် အပြုံလိုက် ထွက် ပြေး ရွှေ့ပြောင်းရမှုများ ကြီးမားကျယ်ပြန့်စွာရှိခြင်း။
• လက်စားချေရန်အတွက် လုံလောက်သော သမိုင်းဆိုင်ရာအကြောင်းများ ရှိနေခြင်း (အုပ်စုလိုက် လက်စားချေရန် ကြိုးပမ်း ကြခြင်း)။
• လူများ ရွှေ့ပြောင်းထွက်ပြေးနေမှု ကာလကြာရှည် နာတာရှည်သဖွယ် ဖြစ်နေခြင်း။
• လူအုပ်စုများအကြား မညီမျှသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရှိနေခြင်း။
• ရုတ်ချည်း၊ ပြင်းထန်ဆိုးရွားသည့် စီးပွားရေးကျဆင်းမှု ဖြစ်ပေါ်လာခြင်း။
• နိုင်ငံတော် အစိုးရအာဏာကို ရာဇ၀တ်သားဆန်ဆန် ရမ်းကားအုပ်ချုပ်နေခြင်း၊ နိုင်ငံတော်၏ ဥပဒေများကို ကျိုး ပျက်စီး စေခြင်း။
• နိုင်ငံတော်အစိုးရ၏ ၀န်ဆောင်မှုများ ဆက်တိုက်ဆုတ်ယုတ်လာနေခြင်း။
• လူ့အခွင့်အရေးချိုးဖောက်မှုများ အကျယ်အပြန့် ရှိနေခြင်း။
• လုံခြုံရေးတပ်ဖွဲ့ အဖွဲ့အစည်းဌာနများက “နိုင်ငံအတွင်းမှ နိုင်ငံငယ်တခုသဖွယ်” ပြုမူနေခြင်း။
• အုပ်စုများ၏ ထိပ်သီး ဦးဆောင်သူများကြား၌ ဂိုဏ်းဂဏ ကြီးထွား ကွဲလွဲလာခြင်း။
• အခြားနိုင်ငံများ၊ ပြင်ပမှ အင်အားစုများက ၀င်ရောက်စွက်ဖက်လာခြင်း။ စသည့် အကြောင်းများ ဟု ဆိုကြသည်။
စာဖတ်သူများသာ ကိုယ့်နိုင်ငံ အခြေအနေကို တွက်ကြည့်ကြစေ လိုတော့သည်။ သေချာသည်ကတော့ ဤအတိုင်းသာ ဆက် သွားပါက စစ်အစိုးရ မုချ ကျဆုံးရမည်သာ ဖြစ်သည်။ စစ်အစိုးရနှင့်အတူ မြန်မာနိုင်ငံတခုလုံး ပြိုလဲကျမဆုံး သွားစေ ရန်သာ ရင်တမမ ဆုတောင်းနေရပါတော့သည်။
အောင်သူငြိမ်း
ဇန် ၁၂၊ ၂၀၀၈
အကိုးအကား
1. Failed state criteria, US Foreign Policy magazine, (BBC - May 2, 2006)
2. Samuel Blythe, Army Conditions Leave Myanmar Under Strength, Jane's Defense Weekly, April 5, 2006.
3. International Crisis Group, Myanmar: New Threats to Humanitarian Aid, Asia Briefing No. 58, Yangon/ Brussels, 8 December 2006.
Tuesday, January 15, 2008
နိုင်ငံတော် ကျဆုံးခန်း
Posted by ရွက်မွန် at 5:23 AM
Labels: အောင်သူငြိမ်း
Subscribe to:
Post Comments (Atom)
2 comments:
တော်တော်စေ့စေ့စပ်စပ်ရေးနိုင်၍ချီးကျူးပါသည်။
သိပ်ကောင်းတဲ့ ပြုစုရေးသားချက်တစ်ခုပဲ ကိုအောင်သူငြိမ်းရေ...
နောက်လည်း ဒီလိုမျိုး ပြည့်စုံကောင်းမွန်တဲ့ စာတမ်းပေါင်းများစွာ ဆက်လက်ရေးသားနိုင်ပါစေခင်ဗျာ.
ခင်မင်လေးစားလျက်
ရန်အောင်
Post a Comment