ရ
ပ်ကွက်ထဲက ငွေဇင်ယော် လက်ဖက်ရည်ဆိုင်က လူကြီး၊ လူလတ်၊ လူငယ်ပေါင်းစုံတို့ဖြင့် အမြဲစည်ကားနေလေ့ရှိသည်။ ဖိုးရွှေတို့အုပ်စုသည်လည်း ငွေဇင်ယော်၏ အမြဲတမ်း ဖောက်သည်များ ဖြစ်သည်။ ဆယ်တန်းကျောင်းသား ကတည်းက သည်ဆိုင်မှာ ဖိုးရွှေတို့အုပ်စု စားကျက်ကြခဲ့တာ ဖြစ်သည်။ ကောင်တာထိုင်လေ့ ရှိသော ဆိုင်ပိုင်ရှင် ဦးစိန်၏ သမီးချော ကလေးကို မျက်စေ့စားပွဲ ထိုင်လိုတာက လက်ဖက်ရည် သောက်ချင်တာထက် ရာခိုင်နှုန်း ပိုများနေသည်ဟု ဆိုလျှင်လည်း မမှား။
သည်ဆိုင်မှာပဲ ဖိုးရွှေတို့အုပ်စုနှင့် ဦးရွှေယံ စတင်အဖွဲ့ကျ ခဲ့ခြင်းဖြစ်သည်။ ရွှေနှစ်ရွှေ ဆုံရင်တော့ နားငြီးဦးမှာပဲဟု အခြား ထိုင်နေကျ ဖောက်သည်များက နောက်လေ့ရှိသည်။ ဦးရွှေယံနှင့် ခင်မင်ရသည့် အကြောင်းကလည်း သည်လိုရှိသည်။ ဦးရွှေယံက လိုင်းစုံသည်။ မတူကွဲပြားသော အတွေ့အကြုံ များကိုပြောပြလေ့ရှိသည်။ ဖိုးရွှေတို့အုပ်စု ကလည်း သူတို့ မမှီ လိုက်သည့် ရှေးတုံးက ကိစ္စများအပါအ၀င် ဖိုထိုးတာ၊ တရားထိုင်တာက အစ သိလိုသည်များကို မေးသလို ဦးရွှေယံကို ကပ်တီး ကပ်ဖဲ့ များမေး၍ နောက်တောက်တောက် လုပ်လေ့ရှိသည်။ နောက်အရေးကြီးဆုံး အချက်ကတော့ ဦးရွှေယံ စိတ်ကောင်းဝင်သည့် အခါများတွင် ဖိုးရွှေတို့ တအုပ်လုံးအတွက် လက်ဖက်ရည်ဖိုး ရှင်းပေးခြင်းပင် ဖြစ်သည်။
ဦးရွှေယံက အလုပ်က ၀င်ငွေမဆိုးဟု ပြောလို့ရသည်။ သူက မြို့မြောက်ပိုင်း တပိုင်းလုံး၏ သဘာရင့် ရွှေချည်ထိုး ဆရာကြီး ဖြစ် သောကြောင့်ပင်။ အိမ်ထောင်လေးဆက် ကျခဲ့သူလည်းဖြစ်သည်။ အခုလက်ရှိ ဇနီးသည်က စတုထ္ထမြောက် ဇနီး။ ဦးရွှေယံထက် အသက်နှစ်ဆယ် နီးပါးလောက် ငယ်သည်။ အဲသည်တုန်းကပင် ဦးရွှေယံအသက်က ခြောက်ဆယ် စွန်းစ။
အရှိန်ကောင်းပါက ဦးရွှေယံသည် စကားပြောမရပ်တော့။ သူမသိတာကလည်း လောကကြီးမှာ မရှိသလောက်။ လက် ဖက်ရည်ဆိုင် ထိုင်တိုင်း ဦးရွှေယံက လူငယ်အုပ်များနှင့်သာ ထိုင်လေ့ရှိသည်။ သူ့အရွယ် လူကြီးများနှင့်ထိုင် လေ့မရှိ။ အာဝဇ္ဇန်းရွှင်သော သူ့ကို လူငယ်များကလည်း ခင်မင်ကြသည်။
သို့သော် ဦးရွှေယံနှင့်ပတ်သက်၍ ဖိုးရွှေမကြိုက်တာ တခုတော့ရှိသည်။ အကြောင်းဆုံ၍ နိုင်ငံရေးနှင့် ပတ်သက်တာ တွေ ပြောတိုင်း ဦးရွှေယံက သူ့ကိုယ်သူ အရေးပါသော ခေါင်းဆောင်တန်း နေရာထားထားပြီး ပြောလေ့ ရှိသောကြောင့်ပင်။ သို့သော် ဦးရွှေယံသည် သခင်ရွှေယံ တခါမှမဖြစ်ခဲ့ဖူး။ တဖက်မှာလည်း ဖိုးရွှေတို့ကိုယ်တိုင်က ငိုချင်ရက်လက် တို့ လုပ်သည်။ အမှန်တော့ ဂျိုကုပ် ဂျိုကုပ်ခြင်းမို့ ချိတ်မိတာပဲဖြစ်သည်။ ဦးရွှေယံ၏ ကိုယ်ပိုင် နိုင်ငံရေး ကာလကတော့ ဂျပန်ခေတ်ပင် ဖြစ် သည်။
“အဘ...... ဂျပန်ခေတ်တုံးက ဂျပန်ငွေစက္ကူတွေဟာ ထောင်မလဲသဲကော် ဆိုတာဟုတ်သလား။” ဦးရွှေယံ ဂွင်ထဲသို့ ဖိုးရွှေ တမင် တိုးဝင်လိုက်ခြင်းဖြစ်သည်။ “အေးသည်လိုကွ” .... ဟု အစချီ၍ သူ၏ဂျပန်ခေတ် အတွေ့အကြုံများကို မရပ်မနား ပြော တော့သည်။ ထို့နောက် ဆက်တိုက်လိုက်ပါ လာလေ့ရှိသော ဇတ်လမ်းကတော့ သူ၏ပျောက်ကျား သင်တန်း အကြောင်းပင်။
ဆေးလိပ်ခိုးများကို မှုတ်ထုတ်လိုက်ရင်း လက်ဖက်ရည်ဆိုင် အမိုးကိုမော့ကြည့်ကာ “အခု သမဆိုင်နေရာကနေ ဟိုးသံလမ်း ဖက်ထိ တလျှောက်လုံး အဲသည့်တုန်းက နှံစားပြောင်းခင်းတွေကွ။ အခုလို လူနေအိမ်တွေ မရှိသေးဖူး။ အဲသည့် ပြောင်းခင်း တွေထဲမှာ ငါတို့လက်နက်သင်တန်း တက်ရတာပေါ့။” ဖိုးရွှေက အတော်စိတ်ဝင်စားဟန်ဖြင့် “ဘယ်လို သေနတ်မျိုး တွေ ကိုင်ရတာလဲ အဘရဲ့။ ပြောစမ်းပါဦး”။ အမှန်တော့ ဖိုးရွှေမမေးလည်း သည်အခန်းက အော်တိုမက်တစ် ရောက်လာနေကျ။
“အစုံပါပဲကွာ။ လိုင်ဖယ်တို့၊ စတင်းတို့ ဘဒင်းတို့။ ခြောက်လုံးပူးလည်း ပါသေးတယ်။ အဲတာတွေက အမေရိကန်တွေ က လေထီးနဲ့ ချပေးတာကွ။ သေနတ်အဖြုတ် အတတ်ကစလို့ ဘယ်လိုသုံးရတယ်ဆိုတာကို သင်ရတာ။” သည်လောက်အထိ မဆိုးသေး ဖိုးရွှေတို့အတွက် အပျင်းပြေပုံပြင် နားထောင်ရသလို ဖြစ်သေးသည်။
သို့သော်အရှိန် ကောင်းလာတော့ တခြားနိုင်ငံရေးနဲ့ ပတ်သက်တာတွေကိုလည်း ဆက်ပြောတော့သည်။ ပြောပြန် တော့ လည်း သူ့အခန်းကဏ္ဍက မခေကြောင်း ဖိုးရွှေတို့ကို သိစေမှတ်စေချင် ပြန်သေးသည်။ “အဲသည့်တုန်းက အောင်ဆန်းတို့က ... ။ တကယ်တမ်းကျတော့ကွာ ကျော်ငြိမ်းတို့ ဗဆွေတို့ ဆိုတာကလည်း.....။ ...... အဲတာ မျိုးတွေကြောင့် သခင်နုကို ငါမကြိုက်တာ။”
အဲသည့်လေက ဦးရွှေယံ၏ ကိုယ်ပိုင်လေ။ ထိုခေါင်းဆောင်များနဲ့ သူက ခေတ်ပြိုင်ခေါင်းဆောင်များ သဖွယ်ပြောလေ့ရှိသည်။ တခြားသူတွေကို ပြောနေတာကို ဖိုးရွှေအနေနဲ့ ဘယ်လိုမှသဘောမထားမိ။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းကို ဗိုလ်ချုပ် ဆိုတဲ့ ၀ိသေသမတတ်ပဲ “အောင်ဆန်း၊ အောင်ဆန်း” လို့ပြောတာကိုတော့ ဖိုးရွှေအတော်လေး ဘ၀င်မကျ။ ကိုယ့်အဖိုး အရွယ် ဖြစ် နေတာက တကြောင်း၊ ဂျပန်ခေတ်ပြီးရင် ဦးရွှေယံ လက်ဖက်ရည်ဖိုး ရှင်းပေးမယ်ဆိုတာကို လည်း သိနေတာက တကြောင်း ကြောင့် ဘာမှစောဒက တက်မနေတော့။
ဦးရွှေယံနှင့်ရွယ်တူ အရပ်ထဲက အဖိုးကြီးများကို ကြုံလို့ နောက်ပိုင်းမှာ မေးကြည့်တော့ ပြောင်းခင်းထဲမှာ လက်နက်သင်တန်း တက်ရတယ်ဆိုတာကတော့ ဟုတ်တယ်ဟု ပြန်ပြောကြသည်။ သူတို့လည်း အဲသည့်အချိန်က ဦးရွှေယံနှင့် အတူတူ သင်တန်း တက်ခဲ့ရသည်။ ဂျပန်ကို ပြန်ဆော်ဖို့အတွက် ပြင်ကြ ဆင်ကြရတာဟုလည်း သိရသည်။ သင်တန်း ကာလက နှစ်ပတ်တဲ့။ တဆယ့်လေးရက်ပေါ့။ သို့သော် ထိုအဖိုးကြီးများက ပြောသည်ကတော့ ဆုတ်လာတဲ့ ဂျပန် တပ်တွေ သူတို့ဖက်ကို ရောက် မလာတဲ့ အတွက် အင်္ဂလိပ်သာ ပြန်ဝင်လာတယ် တပွဲမှ မတိုက်လိုက်ရဖူး ဟုလည်း ဆိုသည်။
သည်ဇာတ်လမ်းကို သိလိုက်တော့ ဖိုးရွှေတို့အုပ်စု ဦးရွှေယံကွယ်ရာမှာ သည်လိုပြောကြသည်။ “အင်း..... ဂျပန်ခေတ်မှာ ပြောင်းခင်းထဲ သင်တန်းနှစ်ပတ် တက်လိုက်ရလို့သာပေါ့။ အနှစ်နှစ်ဆယ် လောက်များ နိုင်ငံရေးထဲမှာ ပါခဲ့လို့ သခင်ရွှေယံ များ ဖြစ်ခဲ့ရင် ဘိုးရွှေယံဟာ မိုးထိတက် ဒူးနဲ့ထိုးမလားမသိဖူး။” ဒါတွေကိုသိလာပေမဲ့ ဦးရွှေယံနဲ့ ဖိုးရွှေတို့ အုပ်စု အခင် အမင် မပျက်ပါဖူး။ တွေ့တိုင်းလည်း အဘ၊ အဘနဲ့ ညာစားကြတာချည်းပဲ။
ဖိုးရွှေတို့ နောက်ဆုံးနှစ် တက္ကသိုလ်ကျောင်းသားဘ၀မှာ ရှစ်လေးလုံး ဒီမိုကရေစီတောင်းဆိုပွဲကြီးကို နဖူးတွေ့ဒူးတွေ့ ကြုံကြရ သည်။ ဖိုးရွှေတို့အုပ်စုက နဂိုကတည်းက ဟိုစပ်စပ် သည်စပ်စပ် အာခေါင်နီအဖွဲ့ဆိုတော့ ထိုပွဲကြီးကို တခြား ကျောင်းသား များ နည်းတူ ၀င်နွှဲခဲ့ကြသည်။ ဟိုဟိုသည်သည် နှံ့စပ်သော၊ အာကောင်းသော ဖိုးရွှေက မြောက်ပိုင်းတပိုင်း လုံး၏ သပိတ် စစ်ကြောင်း ခေါင်းဆောင်အဖြစ် တင်မြှောက်ခံရသည်။ သြဂုတ်၊ စက်တင်ဘာ တလခွဲ၊ နှစ်လနီးပါး ကြာရှည်သော သပိတ် တိုက်ပွဲအတွင်း သူတို့အရပ်တွင် ဖိုးရွှေသည် ထင်ရှားသောလူငယ် ခေါင်းဆောင် ဖြစ်လာခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးလှုပ်ရှားမှုများမှာ ဖိုးရွှေအနေနဲ့ ခပ်ကြဲကြဲသာ ပါဖြစ်တော့သည်။ အိမ်စီးပွားရေးကို ပြန်ငဲ့နေရလို့ဟုလည်း ဆိုသည်။ ၁၉၉၀ ရွေးကောက်ပွဲ ကာလမှာတုံးတော့ သူငယ်ချင်းများ လာလာခေါ်၍ ဟို ရွာ သည်ရွာ များကို စည်းရုံးရေးဆင်းတာ ပါခဲ့ဖူးသည်။ ရွေးကောက်ပွဲပြီးသည့် နောက်ပိုင်းများမှာတော့ အိမ်စီးပွားရေး တကြောင်း အိမ် ထောင်ကျသွားကလည်း နောက်တကြောင်းမို့ နိုင်ငံရေးလှုပ်ရှားမှုနယ်ပယ်များတွင် ဖိုးရွှေမပါဖြစ် တော့။
သည့်နောက်ပိုင်း ထူးခြားတာလေး တခုတော့ရှိသည်။ ဦးရွှေယံနှင့် ဖိုးရွှေတို့ကို မြေးအဖိုး အရင်းသဖွယ် တပူးတွဲတွဲ တွေ့လာ ရသည်။ မနက်တိုင်း ဦးစိန်လက်ဖက်ရည်ဆိုင်တွင် သူတို့နှစ်ယောက် မပျက်မကွက်လာ ထိုင်ကြသည်။ အ ခြားသူများနှင့် ခါတိုင်းလို ပြောကြမြဲ ဆိုကြမြဲ။ ငြင်းကြမြဲ ခုံကြမြဲ။
လွန်ခဲ့သည့်လေးနှစ်ခန့်က ဦးရွှေယံကွယ်လွန်သွားခဲ့သည်။ ဆယ်တန်းကျောင်းသား ဘ၀ကတည်းက ခင်မင်ခဲ့ရသော ဦးရွှေယံတယောက် ဖိုးရွှေကိုထားရစ်ခါ ခွဲခွာသွားခဲ့လေပြီ။ လက်ဖက်ရည်ဆိုင် ပိုင်ရှင်ဦးစိန်လည်း မရှေးမနှောင်းဆို သလို ကွယ်လွန်ခဲ့သည်။ ဦးစိန် သားသမီးများက ဆိုင်ကို ဆက်လက်ဦးစီးနေကြသည်။
ဖိုးရွှေလည်း အသက်လေးဆယ်ကျော်၍ ရပ်ကွက်ထဲက လူငယ်များအကြား ကိုရွှေဘ၀သို့ရောက်လာခဲ့ပြီ။ လက်ဖက် ရည် ဆိုင်ကတော့ ထိုင်မြဲ။ ကိုရွှေ့အနားတွင် ဆယ်ကျော်သက်လူငယ်များ ၀ိုင်းနေတတ်သည်။ ကိုရွှေကလည်း အပြော ကောင်း သည့်သူပေကိုး။ “ရန်ကုန်ဆင်းသွားတိုင်း မင်းကိုနိုင်တို့နဲ့တွေ့တယ်ကွ။ သူအဖမ်းမခံရခင် ကာလတွေကပေါ့ကွာ။ မင်းကိုနိုင်က ဗကသ ဥက္ကဋ္ဌ။ ငါသူတို့ကို အမြဲပြောပါတယ် ဟေ့ကောင် ပေါ်ဦး ..... မင်းတို့ တချို့ဟာတွေ အဲလို မလုပ်နဲ့လို့။ သြော် ....... ပေါ်ဦးဆိုတာ မင်းကိုနိုင် နာမည်အရင်းလေ။ အင်း ..... ကိုကိုကြီးကြတော့ သူ့လိုင်းကတမျိုး။ ငါ ရောက်တိုင်း တော့ သူတို့ကို အကြံပေးပါတယ်။ ဒီကောင်တွေကလည်း မလွယ်ဖူးကွ အနားမှာ အမြဲ အကြံကောင်း ဉာဏ်ကောင်း ပေး တဲ့လူရှိမှ။ ဒေါ်စုကိုလည်း ငါအကြံပေးဖို့ ရှိတယ်။ စာတန်းတောင် ရေးထားတာ။ ဒါပေမဲ့ ဒေါ်စုအ ကျယ်ချုပ် ကျသွားတဲ့ နောက်ပိုင်း တွေ့ဖို့မလွယ် တော့လို့ကွ။”
ဖိုးရွှေ (သို့မဟုတ်) ကိုရွှေသည် မျိုးဆက်ပြတ်တောက် မသွားစေဖို့အတွက် ဦးရွှေယံ၏ အမွေကို ဆက်ခံလိုက်ပြီကော။
ဇော်မင်း (လူ့ဘောင်သစ်)
၁၆ ရက်၊ ဇန်န၀ါရီလ၊ ၂၀၀၈ ခုနှစ်
Wednesday, January 16, 2008
ဦးရွှေယံနှင့် သူ့လိုလူ
Posted by ရွက်မွန် at 9:44 PM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
2 comments:
မန္တလေး ငွေဇင်ယော်ကို သတိရမိပါသည်။ မန္တလေးမှာ ရှိစဉ်က သူငယ်ချင်းတွေနဲ့ ထိုင်ဖြစ်နေကျဆိုင်လေးပါ။
it is a good story?
Post a Comment