ရွက်မွန်စာမျက်နှာ

Monday, February 4, 2008

တော်လှန်သူများ


ချမ်းမြေ့ဟာ အသက် (၁၇)နှစ်မှာ အိမ်ထောင်ကြပါတယ်။ ယေဘူယျအားဖြင့်တော့ အိမ်ထောင်ပြုဖို့ ငယ်လွန်း သေးတယ်လို့ ဆိုရမှာပါပဲ။ သို့သော် နယ်တွေမှာက အဲသည့်အရွယ်တွေ အိမ်ထောင်ကျတာဟာ ဆန်းတယ်လို့တော့ မဆိုနိုင်ပါဖူး။ အိမ် ထောင်သက် (၂၅) နှစ်အတွင်းမှာ မချမ်းမြေ့တို့ ဇနီးမောင်နှံဟာ သားသမီးသုံးဦး ထွန်းကား ခဲ့ပါတယ်။

မချမ်းမြေ့ မိဘတွေက မချမ်းသာပါဖူး။ အဲသည့်ခေတ်တုံးက မရှိမရှား လူတန်းစားထဲမှာ ပါတယ်လို့ ဆိုနိုင်ပါတယ်။ မချမ်းမြေ့ မှာ အကိုနှစ်ယောက်ရှိတယ်။ အဲသည့် အကိုနှစ်ယောက်ထဲက အကိုငယ်ဖြစ်သူက နိုင်ငံရေးလေး ဘာလေး စိတ်ဝင်စားတယ်။ ကောလိပ်ကျောင်းသားဘ၀မှာ ဇူလိုင် (၇) ရက်ရောက်တိုင်း ကျောင်းနံရံတွေမှာ အစိုးရဆန့်ကျင်ရေး ပိုစတာတွေ ညည လိုက် ကပ်တဲ့ အုပ်စုထဲမှာ ပါလေ့ရှိတယ်။ ကျောင်းဝင်းထဲက လက်ဖက်ရည်ဆိုင်တွေမှာ အာခေါင်နီ မြင်ရလောက်အောင် နိုင်ငံရေး ဆွေးနွေးလေ့ရှိတဲ့ အုပ်စုတွေထဲမှာလည်း တဦးအပါအ၀င်ပေါ့။

မချမ်းမြေ့ အမေက ထက်တယ်၊ စိတ်ပြတ်တယ်လို့ ပြောလို့ရတယ်။ သူတို့အဖေ အစိုးရအရာရှိ ဘ၀က ပြုတ်လာ ကတည်းက အိမ်ရဲ့စီးပွားရေးကို ဦးဆောင်လာတဲ့ မိန်းမပဲ ဆိုတော့ မထက်လို့လည်း မရဖူးလေ။ မချမ်းမြေ့ အဖေကတော့ နိုင်ငံရေးနဲ့ ပတ်သက်လို့ အစိုးရနဲ့ပတ်သက်လို့ ကောင်းတယ်ဆိုးတယ် တခွန်းမှ ပြောတဲ့သူမဟုတ်ဖူး။ မပြောဝံ့တာ လည်းပါမှာပေါ့။

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးဖြစ်တော့ အကိုငယ်က သပိတ်မှောက်ကျောင်းသား ဖြစ်လာခဲ့တယ်။ မချမ်းမြေ့တို့ ကတော့ ကလေးတွေ တန်းလန်းနဲ့မို့လို့ ကိုယ်တိုင်ကိုယ်ကျ မပါဝင်နိုင်ပါဖူး။ သိုပေမဲ့ သူ့အကို သပိတ်မှောက်တာ ကိုတော့ အားပေးတယ်။ မချမ်းမြေ့ အမေကဆိုရင် သူ့သားငယ်တို့ သပိတ်စခန်းက နေ့စဉ်ထုတ် တော်လှန်ရေး စာစောင်ကို နေ့တိုင်း ၀ယ်ဖတ်တယ်။ တစောင်ကို တကျပ်နဲ့ရောင်းတာ။ ဒါ့အပြင် သူ့သားငယ် တခါတခါ အိမ်ပြန် လာတိုင်း သုံးဖို့ စွဲဖို့ အိတ်ထဲကို ပိုက်ဆံထည့် ပေးပြန်သေးတယ်။ ဒါ့အပြင် သည်လိုကလည်း ပြောလိုက်သေးတယ်။ “ဟေ့ ..... ဒီကောင်တွေကို တိုက်ဖို့ လူ လာစုရင် ငါ့မှာအားကောင်းမောင်းသန် သားတယောက်ရှိတယ်။ မင့်နာမည်ကို ငါစာရင်းထည့် လိုက်မယ်။ ”

စစ်အာဏာသိမ်းပြီးတော့ မချမ်းမြေ့ အကိုငယ်တယောက် ခဏပျောက်သွားတယ်။ ရက်များမကြာခင် သူငယ်ချင်း တသိုက်နဲ့ အိမ်ကိုပြန်ရောက်လာတော့ သူ့အမေက သူ့သားကို “ဟဲ့ ....နင်တို့အုပ်စုတော့ တောခိုသွားပြီလို့ ငါကထင် နေတာ” ဆိုပြီး မျက်မှောင်ကြုတ်ပြီး မေးတယ်။ သူတို့အုပ်စုက အရေးကြီးတဲ့ မြေအောက်လုပ်ငန်းတွေ လုပ်နေရလို့ သူတို့ တောမခိုသေးဖူး ဆိုပြီးပြန်ရှင်း ပြရတယ်။ သူ့အမေကိုယ်တိုင်က သူအပါအ၀င် သူ့သူငယ်ချင်းတွေကို အထင် သေးသွားမှာကို စိုးရိမ်ဟန်ရှိတယ် ထင်ပါရဲ့။

အဲသည့်ကာလကနေ ရွေးကောက်ပွဲကာလ ၁၉၉၀ အထိ မချမ်းမြေ့ရဲ့ အကိုငယ်တယောက် မြေပေါ်လှုပ်ရှားမှုတွေမှာ တနယ် ၀င် တနယ်ထွက် သူ့သူငယ်ချင်းတွေနဲ့ လုပ်နေခဲ့တယ်။ အဲသလို အကိုငယ်အပါအ၀င် သူ့သူငယ်ချင်းတွေရဲ့ လို အပ်တဲ့ စား ရိတ် စားခတွေကို မချမ်းမြေ့ အမေက မငြီးမညူထောက်ပံ့တယ်။ အိမ်မှာရောက်လာသမျ သူ့သားရဲ့ မိတ်ဆွေ သူငယ်ချင်း အားလုံးကို ချက်ပြုတ်ကြွေးမွေးတယ်။ နင်တို့လို အရွယ်ကောင်းတွေကမှ မလုပ်ရင် ဒီတိုင်းပြည်မှာ ဘယ်သူ လုပ်မှာလဲ ဆိုပြီး ပြောလေ့ရှိတယ်။ သည်လိုနဲ့ ရက်ကွက်ထဲမှာ မချမ်းမြေ့တို့အိမ်ကို နိုင်ငံရေးအိမ်ဆိုပြီး လူ တွေက ပြောစမှတ် ပြုလာတော့ တယ်။

၁၉၉၀ နှစ်ကုန်ခါနီး လောက်မှာတော့ မချမ်းမြေ့ အကိုငယ်လည်း အခြေနေမကောင်းတာနဲ့ သူ့သူငယ်ချင်းတသိုက်နဲ့ နယ်စပ် ကို ထွက်သွားခဲ့တယ်။ တနေ့သည်လိုဖြစ်လာမယ် ဆိုတာကို မချမ်းမြေ့အမေက သိထားပြီးသားဆိုတော့ သူ့ သားထွက်သွားတဲ့ အတွက် ကျန်တဲ့အိမ်သားတွေရှေ့မှာ ၀မ်းနည်းစကားတောင် မဆိုဖူး။ အဲ့သည်နှစ်များ နောက်ပိုင်း မှာတော့ မချမ်းမြေ့ အမေနဲ့ အဖေလည်း ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားကြတယ်။

နှစ်တွေကြာလာတာနဲ့အမျ မချမ်းမြေ့တို့ အိမ်လည်း တခြားမိသားစုတွေလိုပဲ စီးပွားရေးကျဆင်းလာတာကို ရင်ဆိုင်ကြရတယ်။ ဟိုတုံးကတည်းက မချမ်းမြေ့ အမေတည်ဆောက်လာခဲ့ရတဲ့ အိမ်နဲ့မြေကို ထိုးရောင်းလိုက်ရတဲ့ အထိအခြေ အနေက ဆိုးသွား တယ်။ မချမ်းမြေ့ ယောက်ကျားရဲ့ အလုပ်ကလည်း အရင်လိုမကောင်းတော့တဲ့ အတွက် အဲဒါက လည်း တပိုင်းလို့ ဆိုနိုင်ပါ တယ်။ သူတို့အမေလက်နဲ့ တည်ဆောက်ယူခဲ့တဲ့ အိမ်တလုံး ဆုံးရှုံးရတာတင် မကဘဲ နိုင်ငံရေး အိမ်တလုံး ကွယ်ပျောက်ခဲ့ရ တယ်လို့ ဆိုရင်လည်း မှားမယ်မထင်ဖူး။

နောက်ဆုံးတော့ သာမန်လူတိုင်းရဲ့ ဘ၀တွေဟာ ကျပ်တည်းသထက် ကျပ်တည်းလာခဲ့ကြတယ်။ မချမ်းမြေ့ အမေရှိစဉ် က မရှိမရှား လူလတ်တန်းစားဘ၀ ကနေ ထိုးဆင်းသွားပြီး မြို့စွန် အခေါင်အဖျားမှာ အိမ်သေးသေးကလေးနဲ့ ပြောင်းနေရတဲ့ အခြေအနေကို ဆိုက်သွားခဲ့တယ်။ ကလေးသုံးယောက်စလုံးကို ကျောင်းတောင်မထားနိုင်တော့တဲ့ အတွက် တခြား မိသားစု များလိုပဲ ကျောင်းကနုတ် ရရာအလုပ်လုပ်ဆိုတဲ့ လမ်းစဉ်ကို မချမ်းမြေ့ကျင့်သုံးရတော့တယ်။ သူ့အမေ လက်ထက် ကလို နိုင်ငံရေးထဲလှုပ်ရှားနေသူတွေကို တနိုင်တပိုင်တောင် မထောက်ပံ့နိုင်တော့ဖူး။ သို့သော် သူ့အကိုငယ်နဲ့ လုပ်ဖေါ် ကိုင်ဖက် အချို့ကိုမြို့ထဲမှာ သွားရင်းလာရင်းနဲ့ တွေ့ရင် အခြေအနေတွေမေး၊ သူတို့ကိုနုတ်နဲ့အားပေး။ သူ့အကိုငယ်ရဲ့ သူငယ်ချင်းတွေ ကလည်း အပြန်အလှန်အားပေး စသဖြင့် တဦးနဲ့တဦးစိတ်ပိုင်းအရ ကြားကန်ပေးတာ မျိုးတွေ လောက်ပဲ တတ်နိုင်တော့တယ်။

မချမ်းမြေ့ဟာ ဆင်းရဲသွားပေမဲ့ သူ့အမေလိုပဲ မခံခြင်စိတ်ရှိတယ်။ သူတပါးဆီမှာ ဦးကျိုးတဲ့စိတ်မရှိဖူး။ အထူးသဖြင့် ရပ်ကွက် ထဲက အာဏာပိုင်တွေကို ခပ်တင်းတင်းပဲ ဆက်ဆံတယ်။ အာဏာပိုင်တွေကို မဖားဖူး။ မျက်နှာလိုအားရ မလုပ်ဖူး။ လုပ်ငန်း ကိုင်ငန်း အခွင့်အလန်းလေး တခုခု ရလို့ရငြားဆိုပြီး အာဏာပိုင်တွေကို အောက်ကြို့ဆက်ဆံတာ မျိုးမရှိဖူး။ အာဏာပိုင် တွေ ကို ကိုယ်ထိလက်ရောက် မတော်လှန်နိုင်ပေမဲ့ မတရားတဲ့ အစိုးရကိုတော့ မကြိုက်ဖူး အားမပေးဖူးဆိုတဲ့ အာခံတဲ့ မျက်နှာပေး ကို မချမ်းမြေ့ဆီမှာ အမြဲတွေ့နိုင်တယ်။

တခါတလေတော့လည်း ထွက်သွားတဲ့ သူ့အကိုငယ်တယောက် ဘယ်ဆီဘယ်ဝယ် ရောက်နေသလဲ ဆိုတာမျိုးတော့ မချမ်းမြေ့ အတွေးထဲမှာ ၀င်လာလေ့ရှိတယ်။ သူလည်း သူလုပ်စရာရှိတာ လုပ်နေမှာပဲဆိုပြီး စဉ်းစားမိတာမျိုးကလွဲလို့ တခြားအပို တွေ လည်း မစဉ်းစားမိပါဖူး။

မချမ်းမြေ့နဲ့ သူ့အမေလို လူစားမျိုးတွေ မြို့ထဲရွာထဲမှာ အများကြီးရှိနေပါတယ်။ သူတို့မချစ်မနှစ်သက် တဲ့ အစိုးရကို တော်လှန် နေတဲ့ သူများကို သူတို့အားပေးကြပါတယ်။ သူတို့တတ်နိုင်တဲ့ ဖက်ကနေ ရုပ်အားစိတ်အား နဲ့ ကူညီပံ့ပိုး နေကြဆဲပါ။ အချိန် အခါကောင်း တခု ဆိုက်ရောက်လာရင် ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိနေတဲ့ အင်အားစုကြီးလို့ တင်စားရင်လည်း မမှားပါဖူး။

အကိုငယ်လို လူမျိုးတွေသာ တော်လှန်သူတွေ မဟုတ်ပါဖူး။ တကယ်တော့ မချမ်းမြေ့နဲ့ သူ့အမေလို လူမျိုးတွေလည်း တော်လှန် သူတွေပါပဲ။

ဇော်မင်း (လူ့ဘောင်သစ်)
၎ရက်၊ ဖေဖေါ်ဝါရီလ၊ ၂၀၀၈ ခုနှစ်

1 comment:

Mahorgani said...

it's simply touched and reflecting the reality in Burma. Love it.

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.