၂
၀၀၁ ခုနှစ်၊ မေလ (၂၁) ရက်၊ တနင်္လာနေ့၊ ထိုနေ့က (၃)နှစ်အရွယ်သမီးလေးကို ကျောင်းသွားအပ်ကြသည်။ ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေ (၂) ရက်က ကျောင်းဝတ်စုံသစ်ကလေးများကို အိမ်တွင်ဝတ်ဆင်၍ ကျောင်းသွားမည် တပြင်ပြင်နှင့် ပျော်ရွှင်မြူးတူး နေခဲ့သော သမီးလေးသည် ကျောင်းရောက်တော့ ငိုပါလေသည်။
ကျောင်းရုံးခန်းမှ ထွက်၍ သူနေရမည့်အတန်းဝသို့အရောက်တွင် တိကနဲအငိုရပ်သွား၏။ ကြည့်လိုက်တော့ အတန်းထဲတွင် ရောက်နှင့်နေကြသည့် သမီးနှင့်သက်တူရွယ်တူခန့် သားငယ်သမီးငယ်လေးများသည် ဟိုမှာသည်မှာ ပြေးလွှားဆော့ကစား နေကြသည်ကို တွေ့ရသည်။ အောက်ခံအနီပေါ်တွင် အဖြူဆင်ထားကြသည့် ပြာလဲ့လဲ့မျက်လုံးလက်လက်ကလေးများက သူတို့ ၏ သူငယ်ချင်းသစ်ကို စိတ်ဝင်တစား ၀ိုင်းကြည့်နေကြလေသည်။ တချို့က သူတို့၏လက်ကလေးများကို မြှောက်ကာ မြှောက် ကာနှင့် လက်ယပ်ခေါ်နေကြသည်။ သူတို့ထဲမှ ခပ်သွက်သွက် ကလေးသုံးလေးဦးက ပြေးလာပြီး သမီးကို လက်ဆွဲ ၍ ခေါ် ဆောင်သွားကြသည်။
ထိုခဏ၌ ကျနော်တို့သည် စိတ်လိုလက်ရနှင့် အစွမ်းကုန် ဖူးနေပွင့်နေကြသည့် ပန်းခင်းကြီးတခင်း၏ရှေ့သို့ ရောက်နေခဲ့ကြ သလို ခံစားနေမိသည်။ ဇနီးသည်က လက်တို့တော့မှ နေရောင်ရှိရာ သူ့ထက်ငါ လုယက်တိုးထွက်နေကြသည့် အရောင်တူ အသွေးတူ ပန်းပွင့်ကလေးများအကြားတွင် သမီးလေးကို မနည်းရှာယူရသည်။
ဆရာမကိုနှုတ်ဆက်၍ ပြန်မည်အပြုတွင် ကလေးလေးတယောက် ငိုယို၍ရောက်လာသည်။ မနေ့ကမှ ကျောင်းစတက်သည့် ကလေးမို့ ခုလိုငိုနေတာပါဟု သမီးတို့ဆရာမက ရှင်းပြနေသည်။ သည်ကနေ့မှ ကျောင်းစတက်ရသည့် သမီးရော ဘယ်လိုများ နေမည်လဲဟု အတွေးပင်မဆုံးသေး စောစောက သင်းသင်းပျံ့ပျံ့နှင့် လှချင်တိုင်း လှနေသည့် ပန်းခင်းနီနီထဲတွင် ရိုးတံဝင့်ဝင့် ချီနေခဲ့သည့် သမီးလေးသည် ထိုအချိန်ကျကာမှ ငိုဖော်လောင်ဖက် ရသွား၍ထင်၏ ၀ါးကနဲ ငိုချပါတော့သည်။
ကျနော်တို့ စိတ်မကောင်း။ ဇနီးသည်ကတော့ သမီးကို ချော့မော့ရှင်းပြရှာသည်။ သို့သော် သမီးက မိဘနှစ်ပါးကို မျက်ဝန်း လဲ့လဲ့များဖြင့် အားကိုးတကြီး ကြည့်လျက် ငိုမြဲငိုနေသည်။ မတတ်နိုင်။ သမီးကို ကျောင်းတွင် ထားရစ်ခဲ့ရပေမည်။ မူကြို ကျောင်း သည် အိမ်တွင် မိဘတို့မပေးနိုင်သည့် ကလေးဘ၀ သုခချမ်းသာကို သမီးအတွက် ဖန်တီပေးပေလိမ့်မည်။ ကျောင်း၌ နေသားကျလာလျှင် သမီးလေး ပျော်ရွှင်လာလိမ့်မည်။
အိမ်အပြန်လမ်းတွင် ကျနော်တို့နှစ်ဦးစလုံး နှုတ်ဆိတ်နေသည်။ တခုခုပြောချင်သလိုလို ရှိမည်ဖြစ်သော်လည်း ဘယ်က စပြော ရမှန်း မသိသဖြင့် မင်သက်နေကြခြင်းပင် ဖြစ်မည်။ အိမ်ရောက်တော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ ထိုင်လိုက် ထလိုက်နှင့် နှစ်ဦးသား ယောင်နန ဖြစ်နေကြသည်။ တအောင့်လောက်ကြာတော့ ဇနီးသည်က “သမီး မရှိတာ ပျင်းစရာ ကောင်းသလို ပဲ” ဟု စပြောသည်။ ဟုတ်သည်။ ကျနော့် စိတ်တွင်လည်း တခုခုလိုနေသလို ခံစားနေရသည်။
အရင်ကဆိုလျှင် မိုးလင်းကမိုးချုပ် သမီးနှင့်အတူ တခုမဟုတ်တခု လုပ်နေဖြစ်ကြသည်။ ပုံမှန်အားဖြင့် သမီးအိပ်ရာထချိန်မှ နေ့လည်ခင်း တရေးတမော အိပ်ခါနီးအထိ သမီး၏ ဝေယျာဝစ္စများကို ဇယ်ဆက်သလို လုပ်ကြရသည်။ သမီးကို သွားတိုက်၊ မျက်နှာသစ် ပေးရသည်။ အပေါ့အလေး တည်ပေးရသည်။ အဆာပြေ တခုခုကျွေးရသည်။ လျှော်ရဖွပ်ရသည်။
ဤသည်တို့ ပြီးစီးချိန်တွင် သမီးသည် တခုခုလုပ်ရန် အဆင်သင့်ဖြစ်နေပြီ။ အခြားမဟုတ်။ ကစားရန် အဆင်သင့် ဖြစ်နေခြင်း ပင်။ ကျနော်တို့၏ မိတ်ဆွေများက သမီးအတွက် ကစားစရာများ ၀ယ်ပေးကြသည်။ သမီး၏ ကစားစရာများ ကလည်း စုံလင် လှသည်။ ကျနော်တို့ ငယ်ငယ်ကဆိုလျှင် မြင်တောင်မမြင်ဘူးခဲ့သည်များနှင့် သမီးလေး ကစားခွင့် ရရှာသည်။ သို့သော် သမီးသည် တဦးတည်းသော သမီးဖြစ်၍ထင်သည်။ သူ့တယောက်တည်း ဘယ်တော့မျှ မကစား။ အမေ သို့မဟုတ် အဖေ နှင့်သာ အမြဲလို ကစားလေ့ရှိသည်။
နေ့လည်ခင်း ထမင်းစားပြီး၍ ခဏတဖြုတ်ကစားပြီးလျှင်တော့ သမီးလေး တရေးအိပ်မည်။ အိပ်ရာနိုးလာလျှင် မနက်ပိုင်း ကလို သူ၏ နိစ္စဓူဝ ယန္တရားကို ပြန်လည်လည်ပတ်ရန် အစဉ်သင့် ဖြစ်နေလေတော့သည်။ ထိုမှ ည (၉) နာရီခန့်တွင် အိပ်ရာ ၀င် ပုံပြင်များကို နားထောင်၍ သမီးလေးအိပ်မည်။ ဒါတင်မက ကလေးကဗျာလေးများကို ရွတ်ဆိုပြသည့် အခါများ၌ သမီး သည် မပီကလာပီကလာနှင့် ချစ်စဖွယ် လိုက်ရွတ်တတ်သေးသည်။
ဤသို့ အိပ်စက်ချိန်မှအပ ကျန်အချိန်များတွင် သမီးနှင့် အချိန်ပြည့်နေနေကြရာမှ ခုလိုခွဲရတော့ ကျနော်တို့စိတ်တွင် ဟာလာ ဟင်းလင်းကြီးကို ဖြစ်နေတော့သည်။ ညနေကျတော့ ဇနီးမောင်နှံနှစ်ဦး တယောက်နှင့်တယောက် မတိုင်ပင် မိပါဘဲ လျှက် အစောကြီး ကျောင်းသွားကြိုဖြစ်ကြသည်။ သမီးကလည်း လွမ်းနေရှာသည်ထင့်။ ဆံပင်ကို ကြက်တောင်စည်းလေး စည်းထား ပြီး အကျီဖြူဖြူ၊ စကတ်နီနီလေးနှင့် ပုခုံးတွင် ကျောပိုးအိတ်ဝါ၀ါလေးလွယ်ထားသည့် သမီးလေးသည် တွေ့လျှင် တွေ့ချင်း ငိုကြီး ချက်မနှင့် သူ့အမေကို ပြေးဖက်ပါတော့သည်။
စောစောက သတိမထားလိုက်မိ။ ဇနီးသည် ဘာ့ကြောင့် ကျနော့်ရှေ့က ခပ်သုတ်သုတ်လျှောက်သွားသည်ကို ခုမှ နားလည် မိသည်။ သြော် … သူ့ခမျာ ရင်ခွင်ဗလာနှင့် တနေ့လုံး တ,သ နေခဲ့ရရှာသည်ပဲ။ သည်လောက်တော့ ခံစားရ ပေလိမ့်မည်။ ကျောင်းကားနှင့် ကြိုပို့သောအခါတွင်တော့ ညနေ ကျောင်းဆင်းချိန်များတွင် ဇနီးသည်တယောက် ခြံဝ၌ ဟန်တပြင်ပြင် စောင့်မျှော်နေတတ်သည်မှာ ခုထိပင်။
တနင်္လာနေ့မှ သောကြာနေ့အထိဖြစ်သော ပထမရက်သတ္တ၏ ဟာလာဟင်းလင်းနေ့ရက်များတွင် သမီးကို သတိရလို့ချည်း နေမိသည်။ သမီး၏ ကစားစရာများထည့်ထားသည့် အိတ်ကလေးကို ဖွင့်ဖွင့်ကြည့်ဖြစ်သည်။ သမီးဆော့နေလျင် အသက် ၀င်နေသလိုရှိသော အရုပ်လေးများသည်ပင် ပန်သူမဲ့၍ ကြွေကျနေရရှာသော ပန်းပွင့်လေးများနှင့် တူနေသယောင်ယောင်။
“သမီးလေးရေ … သမီးလေးကို ကျောင်းထားတာဟာ အသိပညာကြွယ်ဝစေဖို့နဲ့ လောကအလယ် ၀င်ဆန့်စေဖို့ပါကွယ်”ဟု စိတ်ထဲက ပြောနေမိသည်။ သည်လိုနှင့် သမီးလည်း ကျောင်း၌နေသားကျသလိုရှိလာတော့ ကျနော်တို့လည်း သမီးနှင့်ခွဲရ သည်ကို နေသားကျသလို ရှိလာခဲ့သည်။ သည်တော့မှ အရင်က မဖတ်ဖြစ်ခဲ့သောစာအုပ်များ၊ မလုပ်ဖြစ်ခဲ့သော အလုပ် များ၊ လုပ်နေလျက် အချိန်မပေးနိုင်၍ ဖယ်ထားရသော အလုပ်များကို ဖြစ်နိုင်သမျှ အချိန်ပိုင်းခြား၍ တစတစ လုပ်ဖြစ်လာ သည်။ သို့သော် လုပ်ရသည့်အလုပ်တွေက များသောအားဖြင့် အချိန်သတ်မှတ်ချက်မရှိ၊ ကြုံလျှင်ကြုံသလိုလုပ်နေရသည် ဟု ပြော၍ရ သည်။ တခါတရံ ညဥ့်နက်သန်းကောင်၊ တခါတရံ မိုးစင်စင်လင်းသည်အထိ၊ ရံခါ သုံးလေးငါးရက် ဆက်တိုက် စသဖြင့် မပြီး မချင်း လုပ်ရတတ်သည်။
သမီးမွေးပြီးစကလည်း ထိုသို့လုပ်ခဲ့ရသည်ပင်။ တတ်နိုင်သမျှတော့ ကျနော် ရှောင်ဖို့ကြိုးစားခဲ့သေးသည်။ သို့သော် ဘ၀က ခွင့်မပြု။ ထို့ကြောင့် အလုပ်ပိ၍ လူပမ်းစိတ်ပမ်းဖြစ်ခဲ့ရသည်။ တခါတရံ ခြေပစ်လက်ပစ်နားမည်ဟု ကြံထားသည့် အချိန် မျိုးတွင် သမီးသည် သူနှင့် ကစားရန်၊ သူ့ကို ပုံပြောပြရန်၊ သူ့ကို ကလေးကဗျာလေးများရွတ်ဆိုပြရန် ကျနော့်ကို ပူဆာတတ် သည်။ ထိုအခါမျိုးတွင် ကျနော့်စိတ်ကို မည်သို့မျှ ထိန်းမရ။ သမီးကို ဆူပူမာန်မဲမိသည်။
ထိုတနေ့ကိုတော့ မည်သို့မျှ ကျနော် မေ့နိုင်လိမ့်မည်မဟုတ်ပါ။ ကွန်ပြူတာထဲတွင် ကျနော်ရိုက်ထားသည့် စာမူများကို ရိုက်လက် စ ဖြစ်နေသဖြင့် မသိမ်းဆည်းရသေး။ သမီးက သူ့လက်ကလေးနှင့် ထိမှီသည့်ခလုတ်များကို စုံနှိပ်လိုက်၍ ထင်သည်၊ ကျနော် အိမ်သာဝင်ရာမှ ပြန်လာတော့ ကွန်ပြူတာက ပိတ်နေပြီ။ စာမျက်နှာနှစ်ဆယ်ကျော်မျှ အလဟသ ဖြစ်သွား သည်။ စိတ်ဆိုးဆိုးနှင့် သမီးကို ရိုက်လိုက်မိသည်။
ခေါင်းအေးသွားတော့ ဆုံးရှုံးသွားသည့် စာမျက်နှာနှစ်ဆယ်ကျော်ထက် ကျနော်သိပ်ချစ်သည့် (၂) နှစ်ကျော် သမီးလေးကို ရိုက်လိုက်မိသည့်အဖြစ်ကို ယူကြုံးမရ။ သွားပြီ။ သမီးမမွေးခင်ကတည်းက ကိုယ့်ကိုယ်ကိုယ် ပေးထားသည့် ကတိကို ကိုယ်တိုင် ဖောက်ဖျက်မိပြီ။ ကျနော့်ကိုယ်ကျနော် ခွင့်မလွှတ်နိုင်အောင်ဖြစ်ရသည်။ ထိုရက်များသည် ကျနော့်ကို ကြိမ်မီးအုံး သလို တမြေ့မြေ့လောင်ကျွမ်းနေတော့သည်။
ကျနော့် မျက်စိထဲတွင် ပန်းချီကားသုံးခုကို ပြေးမြင်သည်။ ထိုပန်းချီကားများသည် ကျနော့်ဘာသာကျနော် စိတ်ကူးနှင့် သရုပ်ဖော်ထားသည့် ပန်းချီကားများဖြစ်သည်။ တခုက ကလေးတယောက်ကို ဖခင်ဖြစ်သူက ရိုက်နေသည့်ပုံဖြစ်သည်။ ယင်းပန်းချီကားတွင် “ချစ်လို့ရိုက်တာပါ”ဟူသော စာတန်းရေးထိုးထားသည်။ နောက်တခုက ထိုကလေးကိုပင် သူစိမ်း တယောက်က ရိုက်နေသည့်ပုံဖြစ်သည်။ ယင်း ပန်းချီကားတွင်တော့ “မုန်းလို့ရိုက်တာပါ”ဟူသည့် စာတန်းရေးထိုးထား သည်။ နောက်ဆုံးတခုက ယင်းပန်းချီကားနှစ်ခုစလုံးကို လူငယ်လေးတယောက်က စေ့စေ့ကြည့်၍ လက်ညှိုးထိုးနေသည့် ပုံဖြစ်သည်။ ယင်းပန်းချီကားတွင် “ဒါ မတရားဘူး”ဟူသည့် စာတန်းရေးထိုးထားသည်။ (ကျေးဇူးပြု၍ ကျနော့်သမီးလေး ဤပန်းချီကား များကို ကြည့်ခွင့်မကြုံဘဲနှင့် လူလားမြောက်ခွင့်ရပါစေလား)
ကျနော်သိပ်ချစ်သည့်သမီးလေးကို ကျနော်ကိုယ်တိုင် ဘာ့ကြောင့် ရိုက်မိသနည်း။ ကျနော့်မှာ ရိုက်တာထက်ကောင်းသည့် နည်းလမ်းမျိုးမရှိတော့၍လား၊ သို့တည်းမဟုတ် ရိုက်တာကလွဲပြီး တခြားဘာမှမလုပ်တတ်၍လား။ သို့တည်းမဟုတ် ရိုက်တာ သာလျှင် အကောင်းဆုံးနည်းလမ်းဟု ယူဆထား၍လား။
ထိုခဏ၌ ကျနော်ငယ်ငယ်တုန်းက ကြောက်ကြောက်လန့်လန့်နှင့် အဖေ့ကိုမော့်ကြည့်ခဲ့ဖူးသည့်မျက်လုံးမျိုး သမီးထံ တွင်များ တွေ့ရလေမည်လားဟု စိုးရိမ်စိတ်ဖြင့် အထိတ်တလန့် ရှာဖွေကြည့်လိုက်မိသည်။ သို့သော် ထိုနေ့က ကျနော်ရော၊ သမီးပါ နှစ်ဦးစလုံး ကံကောင်းခဲ့ကြပါသည်။ သမီး၏သူငယ်အိမ်လေး ကောင်းကင်တခုလို ကြည်လင်ပြာလဲ့နေသည့် ထိုတဒင်္ဂသည် ကျနော့်၏ တဘ၀စာမျှ ရတက်အေးခဲ့ရမည် ထင်ပါသည်။
အကယ်၍ ရုတ်ချည်းထွက်ပေါ်လာသည့်ဒေါသစိတ်ကို ထိန်းချုပ်လိုက်နိုင်မည်ဆိုလျင် သမီးကို ကျနော် မရိုက်ဖြစ်။ ဒါ သေချာ သည်။ နောင် ဤသို့ကြုံရသောအခါများ၌ ကျနော့်စိတ်ကို ထိန်းချုပ်နိုင်သည့် အလေ့အကျင့်မျိုးရလာခဲ့သည်။ သို့သော် စိတ်ထိန်း နိုင်လျှင် မရိုက်ဖြစ်တော့ဟူသည့် ကျနော့်၏စဉ်းစားမှုသည် မပြည့်စုံမှန်း နောက်ပိုင်းတွင်မှ စိတ်မကောင်းခြင်း ကြီးစွာ နှင့် သိလာခဲ့ရသည်။ အကြောင်းမှာ အရိုက်မခံရတော့သော်လည်း ဟိန်းဟောက်မာန်မဲမှုများ အောက်တွင် သမီးလေးခမျာ မသက်မသာနှင့် ကြီးပြင်းနေရရှာသည်ကို တွေ့မြင်လာရ၍ ဖြစ်ပါသည်။
ဘယ်အချိန်တွေမှာ သမီးကို ဆူပူအော်ဟစ်မိတတ်သနည်းဟု စဉ်စားကြည့်တော့ ကျနော် အလုပ်လုပ်နေချိန်များတွင် ဤကဲ့ သို့ ပြုမူမိတတ်သည်ကို တွေ့ရှိရသည်။ တဖက်ကကြည့်ပြန်တော့လည်း သမီးလေး ကစားချင်သည့် အချိန်များတွင် သမီးနှင့် အတူတူမကစားနိုင်၍ ဆူပူအော်ဟစ်မိတတ်သည်ကို တွေ့ရှိရပြန်ပါသည်။
အကယ်၍ ကလေးတယောက် ကစားနေခြင်းကို အလုပ်လုပ်နေခြင်းဟု ခံစားနားလည်နိုင်မည်ဆိုလျင်၊ သို့တည်းမဟုတ် ကလေးတယောက်နှင့် အတူတူကစားနေခြင်းကို သူနှင့်အတူတူ အလုပ်တွဲလုပ်နေခြင်းဟု ခံစားနားလည်နိုင်မည်ဆိုလျှင် ကျနော့်တွင် မည်သည့် အခက်အခဲများ ရှိနိုင်ပါမည်နည်း။
ကလေးများကစားနေခြင်းသည် သူတို့ဘာသာ လေ့လာသင်ယူနေကြခြင်းပင်ဖြစ်သည်ဟု ပညာရှင်များကဆိုကြသည်။ သမီး သည် အရောင်လေးများကို စတင်ခွဲခြားသည်။ ထို့နောက် အကောင်ကလေးများကို ခွဲခြားသည်။ ထို့နောက် အရုပ် ကလေး များကို ခွဲခြားသည်။ တခါတရံ သူမှတ်မိသမျှတို့ကို ပြန်လည်ပြောပြနေချိန်များ၌ ကျနော်တို့က မှန်တယ်ဟုပြော၍ လက်ခုပ် တီးကြလျှင် ပြုံးနေသည့် သမီး၏ မျက်နှာဝိုင်းဝိုင်းကလေး ၀င်း၍လက်၍သွားသည်မှာ ရှုမငြီးဖွယ်ပင်။
အသက် (၃) နှစ်ဝန်းကျင်သည် ကလေး၏ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုကိစ္စတို့အတွက် အရေးကြီးဆုံး အချိန်အပိုင်းအခြားဖြစ်သည်ဟူ၍ ယူနီဆက်၏ အစီရင်ခံစာတစောင်တွင် ဖော်ပြထားကြောင်း မိတ်ဆွေတယောက်က ပြောပြဖူးသည်။ ကျနော်တို့အတွက် အရေးအကြီးဆုံးမှာ ဤသမီးလေးသာလျှင် ဖြစ်သည်မှန်သော်လည်း၊ သမီးအတွက် အရေးအကြီးဆုံးမှာ အဘယ်အရာများ ဖြစ်မည်နည်းဟူသည် အမှတ်တမဲ့နေ၍ ရကောင်းသောကိစ္စမဟုတ်ဟု ထင်သည်။ ကျနော်တို့က သမီးလေး ကျန်းမာဖွံ့ဖြိုးဖို့၊ လိမ္မာရေးခြားရှိဖို့၊ ထူးချွန်ထက်မြက်ဖို့၊ ယဉ်ကျေးသိမ်မွေ့ဖို့ စသည်တို့ကို အရေးတကြီး ကိစ္စများဟု ယူဆကောင်းယူဆကြပေမည်။ သမီးလေးအတွက်တော့ သူ့ကိုချစ်ဖို့၊ သူ့ကိုဂရုစိုက်ဖို့၊ သူ့ကို အသိအမှတ် ပြုဖို့ စသည်တို့သည် အရေးတကြီးကိစ္စများ ဖြစ်နေမည်လား မပြောတတ်။
သို့သော် တတ်နိုင်သမျှအင်အားဖြင့် ချက်ပြုတ်ကျွေးမွေးရုံမက၊ အချိန်ပေး၍ ဂရုတစိုက်ပြုစုစောင့်ရှောက်ရန် အရေးတကြီး လိုအပ်နေသော အသက်အရွယ်တွင် ဤသမီးလေးကို မည်ကဲ့သို့သော ဆင်ခြေဆင်လက်များ ပေးမိခဲ့ကြပါပြီနည်း။ “အဖေ့မှာ ပိုက်ဆံမရှိသေးလို့”၊ “အဖေအလုပ်မအားသေးလို့”ဟူ၍ ပြီးစလွယ်ပြောဖြစ်ခဲ့သည့် အကြောင်းပြချက်များကိုမူ ကျနော်ကိုယ်တိုင်ပင်လျှင် နာကျင်ရွံမုန်းနေခဲ့မိပါပြီ။
ကျနော်က ကျနော်လုပ်နေသည့်အလုပ်ကိုမှ အလုပ်ဟုထင်၍ သမီးလေးကစားနေခြင်းကို သူ့အလုပ် သူလုပ်နေခြင်းဟု မမြင်မိခြင်း ဖြစ်မည်ထင်သည်။ သို့နှင့် ကျနော့်အလုပ်များကို ခဏထား၍ သူနှင့်အတူတူ အလုပ်သွားလုပ် (သွားကစား) ကြည့်သည်။ ဤနေရာတွင် စိတ်ဝင်စားဖွယ် ကိစ္စတချို့ကို တွေ့ရတော့သည်။
ကျနော်တို့လူကြီးများ အလုပ်လုပ်ကြသည်မှာ အစမှအဆုံး ပြီးစီးရန်တင်မက ရလဒ်ကိုပါ ထောက်ရှု၍ လုပ်ကိုင်ကြခြင်းမျိုး ဖြစ်မည် ထင်သည်။ သို့သော် သမီးတို့ အလုပ်လုပ်ကြ (ကစားကြ) သည်မှာ အစအဆုံးဟူ၍ မရှိရုံမက ရလဒ်ဟူသည်ကိုပါ မျှော်လင့်မထားခြင်းမျိုး ဖြစ်သည်။
ဥပမာ.... ကျနော်တို့ စာတပုဒ်ဖတ်သည်ဆိုပါစို့။ အစမှအဆုံးအထိ မပြီးပြီးအောင် ဇွဲရှိရှိနှင့် ဒီနေ့မပြီး နောက်နေ့ဟူသော စိတ်မျိုးဖြင့် ဖတ်ကြခြင်းမျိုးဖြစ်သည်။ ဖတ်ပြီးသွားလျင်လည်း စာရေးသူတင်ပြထားသည့် အကြောင်းအရာနှင့် အမြင် အယူ အဆတို့ကို သုံးသပ်ခြင်းပြုလေ့ရှိကြသည်။ ထို့နောက် အတွေးထဲတွင် တစိမ့်စိမ့်ကွန့်မြူး၍ အမျှဉ်တန်း ခံစားကြတော့ သည်။ ယင်းကို ရလဒ်မျှော်ကိုးသည့် အလုပ်တမျိုးဟု ကျနော်က ဆိုချင်သည်။
သို့သော် သမီးတို့ကလေးများ အလုပ်လုပ်ကြသည်မှာ ထိုသို့မဟုတ်။ မူလကတည်းက ဘာနှင့် စကစားမည်ဟု မစဉ်းစား ထားသလို၊ ဘာနှင့် ကစားပြီးလျှင်တော့ တော်ပြီ ဟူ၍လည်း မစဉ်းစားထားကြ။ ပထမဆုံး ကစားစရာ အိတ်ကိုဖွင့်မည်။ လက်သင့်ရာ တခုခုကို ဆွဲထုတ်၍ ထိုအရာနှင့်ကစားမည်။ ထို့နောက် နောက်တခုထပ်ထုတ်၍ တမျိုးကစားမည်။ ခဏကြာ လျှင် တအိတ်လုံးသွန်ချ၍ တခုပြီးတခု ကစားမည်။ အသံမြည်သည့် ကစားစရာများဆိုလျင် အသံမြည်နေစေ၍၊ လှုပ်ယမ်းနေ တတ်သည့် ကစားစရာများဆိုပါကလည်း လှုပ်ယမ်းနေစေမည်။ တခုနှင့်တခုချိတ်ဆက်၍ ပုံဖော်ရသည့် ကစားစရာများ ဆိုလျင် သူတို့ဘာသာသူတို့ ချိတ်ဆက်ကြမည်။ လူကြီးက ၀င်ဆက်ပေးလျှင် လက်မခံ။ ချိတ်ဆက်၍ မပြီးမီ မှာလည်း အခြားတခုပြောင်း၍ ကစားကြမည်။ ကစားနေရင်းနှင့် မုန့်တောင်းစား၍ သူ့အစား ကျနော့်ကို ကစားခိုင်းပြီး သူက ခုံမှ ထိုင်ကြည့်နေမည်။ ကျနော်က ဒါနှင့်ကစားနေစဉ် သူက ဟိုဟာနှင့် ပြောင်းကစားခိုင်းမည်။ ဘယ်လိုလုပ်၊ ဘယ်လိုကိုင် ဆိုပြီး ဆရာလုပ်မည်။ ပျင်းလာလျှင် ဟိုသွားချင်သည်၊ သည်သွားချင်သည်ဟု ပြောမည်။ တခါတရံ ကစားပြီးပြီဟု ထင်သဖြင့် ပြန့်ကျဲနေသည့် ကစားစရာများကို အိတ်ထဲပြန်ထည့်မိသည်။ သို့သော် ထိုအချိန်ကျကာမှ တခါမျှ မကစားရ သေးသလို စိတ်ပါလက်ပါနှင့် ကစားပါလေတော့သည်။
ဤသို့ သားအဖနှစ်ယောက် အတူကစားနေဖြစ်ကြသော်လည်း သမီးနှင့် ကျနော့်ကြားတွင် ခပ်ပါးပါးနံရံတခုခြားနေသလို ခံစားနေမိသည်။ ကျနော့်လို လူကြီးတယောက်အဖို့ ကလေးကစားစရာပစ္စည်းများနှင့် ကလေးတယောက်ကဲ့သို့ စိတ်ပါ လက်ပါ မကစားနိုင်သည်မှာ သေချာသည်။ ထိုသို့ သူ့ကစားဖော်ကျနော်က စိတ်မပါ့တပါဖြစ်နေသည့်အခါမျိုးတွင် တကယ် ကစားမည့် သမီးလေးခမျာ စိတ်ပျက်ရှာပေလိမ့်မည်။
သို့နှင့် သူ့လို စိတ်ပါလက်ပါကစားနိုင်ဖို့ ကြိုးစားကြည့်သည်။ မရ။ တယောက်နှင့်တယောက် တက်ညီလက်ညီ ကစားဖော် မဟုတ်မှန်း နှစ်ယောက်စလုံး သိနေကြမည်ထင်သည်။ သမီးက မပြောတတ်၍ သူ့ခံစားချက်ကို ဖော်ပြနိုင်စွမ်းမည်မဟုတ်။ ထို့ကြောင့် လူကြီးဖြစ်သည့် ကျနော်က စဉ်းစားရပေမည်။
တနေ့ သားအဖနှစ်ယောက်ကစားနေကြစဉ် မိတ်ဆွေမိသားစုတစု အလည်ရောက်လာသည်။ သမီးနှင့် သက်တူရွယ်တူခန့် ရှိမည့် ကလေးတယောက်လည်းပါလာသည်။ ထိုအခါ ကျနော်တို့သုံးယောက် အတူတူကစားကြသည်။ သုံးယောက်သား ကစားနေကြစဉ် သမီးသည် ပို၍သွက်လက်လာသည်။ ခဏကြာတော့ ကျနော့်ကို ရှိသည်ဟုပင် မထင်တော့။ သူ့အဖော်နှင့် သူ အဖွဲ့ကျသည်ထက် ကျနေသည်။
ကျနော်က ဘေးထွက်၍ ကလေးချင်းကစားနေကြသည်ကို ထိုင်ကြည့်နေမိသည်။ တယောက်က ဒီတခုကိုင်လျှင် နောက် တယောက်က ဟိုတခုကိုင်မည်။ တအောင့်လောက်ကြာလျှင် လုကြမည်။ နောက် တယောက်တခု ပြန်ကိုင်ကြမည်။ သူတို့ချင်း စကားမပြော၊ အမူအယာနှင့် ဖော်ပြကြသည်။ တကယ်လည်း သူတို့ချင်းဆက်သွယ်မှုတွင် မည်သည့် ဘာသာ စကားမျှမလို။ မည်သည့် ပကာသနမျှမလို။ မည်သူမျှ မိတ်ဆက်ပေးစရာမလိုဘဲနှင့် သူတို့ချင်း ချစ်ကြည်ရင်းနှီးမှုကို သူတို့ဘာသာ လွယ်လင့် တကူ တည်ဆောက်နိုင်ကြသည်။
ရိုးဂုဏ်၊ အပြစ်ကင်းစင်မှုနှင့် ဖြူစင်သည့်ကလေးတို့ဘာဝသည် ကျနော်တို့ပြန်မရနိုင်တော့သည့် သမီးတို့၏ ကမ္ဘာလောက ကြီးပင် ဖြစ်မည်ထင်သည်။ ဟန်ဆောင်မှုကင်းပ၍ အတ္တမာနကင်းမဲ့သည့် သူတို့၏ ကိုယ်ပိုင်ကမ္ဘာထဲတွင် သူတို့လေးတွေ ကစားနေကြသည်ကို ကြည့်နေရသည်မှာ တန်ဖိုးတခုကို မြတ်မြတ်နိုးနိုး ထိန်းသိမ်းစောင့်ရှောက်နေကြသည်နှင့်ပင် တူနေ သေးတော့သည်။
ဧည့်သည်တွေ ပြန်ခါနီးတော့ သူလည်း လိုက်သွားမည်ဟု ပြော၍ ငိုသည်။ ကျနော် နားလည်လိုက်သည်မှာ ကလေးများ အတွက် အကောင်းဆုံးကစားဖော်သည် မိဘလည်းမဟုတ်၊ ကောင်းပေ့ဆိုသည့် ကစားစရာများလည်းမဟုတ်။ သူတို့နှင့် သက်တူရွယ်တူရှိသည့် ကလေးများ သာလျှင် ဖြစ်မည်ထင်သည်။ သို့နှင့် ကျနော့်မိတ်ဆွေ၏ သားလေးထံ မကြာခဏ အလည် အပတ်သွား၍ ကလေးချင်း ကစားခွင့်ရရန် ဖန်တီးပေးဖြစ်ခဲ့သည်။
ဤ ကလေးနှစ်ယောက်၏ သံယောဇဉ်ကလည်း သိပ်သည်းလွန်းလှသည်။ မတွေ့လျှင် တယောက်နှင့်တယောက် တသသ ဖြစ်နေကြမည်။ တွေ့လျှင် မျောက်ရှုံးအောင် ဆော့ကြမည်။ တွေ့စကတော့ တယောက်နှင့်တယောက် ကိုက်လိုက် ကြသည်မှာ အကွင်းလိုက် အကွင်းလိုက်ပင် ထင်ကျန်ရစ်ခဲ့တတ်သည်။ နောက်တော့လည်း သူတို့လောက် ချစ်ကြတာမရှိ။ တယောက်ကိုတယောက်ကလွဲပြီး မည်သူ့ကိုမျှ မမက်။
တခုခုဝယ်ကျွေးလျှင်ဖြစ်စေ၊ တခုခုဝယ်ပေးလျှင်ဖြစ်စေ “နောင်းမေအတွက် အောင်ကျော်သိမ်းထားမယ်”ဟု သားက ဆိုတတ် သည်။ သမီးကလည်း “အောင်ကျော့်အတွက် နောင်းမေသိမ်းထားမယ်”ဟု ဆိုတတ်သည်။ ပြီးလျှင် မရောက်ရောက်အောင် သွား၍ပေးရသည်။ သကြားလုံးကလေးများဆိုလျှင်တော့ သမီးက “အောင်ကျော်နဲ့ မတည့်ဘူး” ဟုဆို၍ (အမှန်က သူစားချင် နေ၍) စားပစ်တတ်သည်။
“ဒီကလေးတွေအတွက် အချိန်တော်တော်ကုန်တာပဲ”ဆိုသည့်အတွေးမျိုး၊ သို့တည်းမဟုတ် “ဒီကလေးတွေနဲ့တော့ ဒုက္ခပါပဲ” ဆိုသည့်အတွေးမျိုး ကျနော်တို့ မကြာခဏတွေးမိကြမည်ထင်သည်။ တခါတရံ၌ သူတို့နှင့်ကစားနေရသော်လည်း သည်လို ကစားနေရခြင်းကိုပင် ဒုက္ခတခုဟု မြင်နေမိတတ်သည်။ တခါတရံ၌လည်း အလုပ်အဆင်မပြေမှုများကြောင့် စိတ်ရှုပ်နေခဲ့ သည်များလည်း ရှိခဲ့ဖူးသည်။
သို့သော် အံ့သြဖွယ်ကောင်းသည်မှာ ဤကဲ့သို့ ကသိကအောက်စိတ်မျိုးနှင့်ပင်ဖြစ်စေ၊ စိတ်မပါ့တပါနှင့်ပင်ဖြစ်စေ၊ မလုပ် မဖြစ်၍ လုပ်နေရလျှင်ပင်ဖြစ်စေ စကစား၍မကြာမီမှာပင် ကျနော်၏လောင်မြိုက်နေမှုများကို သားနှင့်သမီးက ငြိမ်းသတ်ပေး နိုင်စွမ်းသည်။ သို့ငြိမ်းအေးစေရုံမျှမကသေး ကျနော်၏ စိတ်အလျဉ်ကိုပါ အသစ်တဖန် ကြည်လင်လန်းဆန်းသွားစေအောင် ပင် ဖန်တီးနိုင်စွမ်းပေသည်။ ထိုခဏ၌ သူတို့၏ သန့်စင်ကြည်လင်မှုများ ကျနော့်ထံစီးဝင်လာနေကြသည်ကို လက်လွှတ် ဆုံးရှုံး မခံနိုင်လောက်အောင်ပင် စိုးရိမ်စိတ်မျိုး ၀င်နေမိတတ်သည်။
တခါတော့ ဘာရယ်မဟုတ်၊ စဉ်းစားမိသည်။ သမီးသည် ဂရင်းနစ်စံတော်ချိန်နှင့် သေသေချာချာ ချိန်ကိုက်ထားသည့် ကျနော့် လက်ပတ်နာရီကိုဖြုတ်၍ သူကိုယ်တိုင်လုပ်ထားသော နာရီတလုံးကို ကျနော့်ကို ပတ်ခိုင်းခဲ့ပါပြီကော။ သမီး၏ နာရီတွင် နံနက်အိပ်ရာနိုးချိန်၊ နေ့လည်တရေးအိပ်ချိန်နှင့် ညအိပ်ရာဝင်ချိန်ဟူသည့် စံတော်ချိန် (၃) ခုသာပါသည်။ ကျနော်သည် ထိုနာရီ ကိုပတ်၍ ထိုစံတော်ချိန်များအတိုင်း မဖြစ်မနေလှုပ်ရှားရတော့မည်။
ကျနော်ကကော အချိန်ပေးနိုင်ပါမည်လား။ တကယ်တော့ ကျနော်က သမီးနှင့်ပတ်သက်၍ အချိန်ပိုင်းသာ ပေးနိုင်သူဖြစ်၍ အချိန်ပြည့်နီးပါး သမီးနှင့်နေနေသည့် ဇနီးသည်၏ အချိန်ပေးပုံပေးနည်းကို လေ့လာကြည့်မိသည်။ ဘယ်အချိန်မှာ သမီးကို ထမင်းကျွေးမည်၊ ရေချိုးပေးမည်၊ ကစားစေမည်ဟူ၍ ကြိုတင်ဆုံးဖြတ်ထားပုံရသည်။ သူချက်ပြုတ်နေချိန်တွင် သူ့အနီး၌ သမီးကို ကစားစရာတခုခုနှင့် ကစားနေစေမည်။ ပြီးလျှင် သမီးနှင့်အတူတူ ၀င်ကစားမည်။ နေ့လည်ခင်း သမီးအိပ်ချိန်တွင် လျှော်ဖွပ်စရာ ရှိသည်များနှင့် ညနေစာ ချက်ပြုတ်စရာရှိသည်များကို ပြီးစီးအောင် တက်သုတ်ရိုက်လုပ်ဆောင်မည်။ ညပိုင်း သမီးအိပ်ချိန်တွင် မီးပူတိုက်စရာရှိသည်များနှင့် မနက် သမီးကျောင်းသွားရန် ပြင်ဆင်စရာရှိသည်များကို လုပ်ဆောင်မည်။ သူ အလုပ်အားသောနေ့များတွင် သမီးလက်ကိုဆွဲ၍ ဟိုနားသည်နား လမ်းလျှောက်မည်။ ကျနော် အားသည့်နေ့များတွင် အပြင် ထွက်လည်ပတ်ပေးဖို့ ပြောမည်။
“သူတို့ အိပ်တဲ့အချိန်တချိန်ပဲ အလုပ်ကောင်းကောင်းလုပ်လို့ရတယ်၊ နားမယ်ဆိုရင်လည်း ဒီအချိန်မှပဲ နားလို့ရတယ်”ဟု ဇနီး သည်က မကြာခဏ ပြောလေ့ရှိသည်။ သို့သော် စိတ်ချလက်ချလုပ်၍၊ စိတ်ချလက်ချနား၍ မရသေး။ တခုခုလုပ်နေရင်း နှင့်ပင် အိပ်ပျော်နေသည့် သမီးလေး လက်များခေါက်နေမည်လား၊ ခြုံစောင်က နှာခေါင်းကိုဖိမိနေ၍ အသက်ရှူများ ကျပ်နေ မည် လား ဆိုသည်ကို ပူပန်စိတ်နှင့် သွားသွားကြည့်ရသေးသည်ဟု ဆိုတတ်သည်။
ကလေးတယောက် အတွက် မိဘနှစ်ပါးစလုံးတွင် တာဝန်ရှိကြဆိုသည့်အချက်ကို ကျနော်တို့ နားလည်ထားကြသည်သာ။ တကယ့်တကယ်တွင်မူ ကျနော်တို့နှစ်ယောက် မတိုင်ပင်ဖြစ်ကြ။ တိုင်ပင်ဖြစ်သမျှတိုင်းသည်လည်း သမီးနေကောင်းလား၊ ထမင်းမှန်မှန်စားရဲ့လား ဆိုသည်တို့နှင့် များသောအားဖြင့် ကျနော်တို့၏ အလုပ်ကိစ္စများကိုပင် အဓိကထား ပြောဆိုဖြစ်ခဲ့ ကြမည် ထင်သည်။
သို့သော် ဇနီးသည်ကိုယ်တိုင် အများနှင့်ဆိုင်သည့်လုပ်ငန်းများကို အပြင်ထွက်၍ လုပ်ကိုင်ဆောင်ရွက်လာသောအခါတွင် အရင်ကလောက် သမီးအတွက် အချိန်မပေးနိုင်ကြတော့။ အရင်ကဆိုလျင် သမီးလေးကျောင်းပြန်ချိန်များ၌ အမေလုပ်သူ က အမြဲတမ်းနီးပါးရှိနေတတ်သော်လည်း ခုနောက်ပိုင်းတွင်တော့ အမေရော အဖေပါ မရှိသည့်အချိန်က ပိုများလာသည်။
ထို့ကြောင့် သမီးလေးသည် ကျောင်းမှပြန်ရောက်လျှင် သူ့ဒေါ်လေးများနှင့် နေခဲ့ရရှာသည်။ ပြဿနာတခုဟု ပြောဖို့ ခက်မည် ဖြစ်သော်လည်း ကျနော်တို့၏အဖြစ်သည် မိဘဖြစ်သည့် ကျနော်တို့ကိုယ်တိုင်က သမီးလေးအတွက် အချိန်မပေး နိုင်ကြသည့် အပြင် သူတပါး၏ ကိုယ်ပိုင်အချိန်များကိုပင် အားမနာပါးမနာ လုယူနေခဲ့ကြသည်နှင့် တူနေတော့သည်။
ထိုအခါ သမီးလေးကိစ္စကို အဓိကမထား၍ မဖြစ်တော့မှန်း ကျနော်တို့နှစ်ဦးစလုံး ကောင်းကောင်းနားလည်လာခဲ့ကြသည်။ သည့်နောက်တွင်တော့ သမီးကျောင်းပြန်ချိန်များတွင် ကျနော်တို့၏ အလုပ်များကိုလက်စသပ်၍ သမီးအတွက် အချိန်ပေးဖို့ အသင့်ပြင်နိုင်လာခဲ့ကြသည်။ စနေ၊ တနင်္ဂနွေကျောင်းပိတ်ရက်များတွင်လည်း အချိန်ပြည့်အချိန်ပေးနိုင်ရန် တတ်နိုင်သမျှ ကြိုးစားလာခဲ့ကြသည်။ သို့သော် လုံလုံလောက်လောက်တော့ ခုထိမပေးနိုင်ကြသေး။ အထူးသဖြင့် ဇနီးသည်၏ အလုပ် များက စနေ၊ တနင်္ဂနွေနေ့များတွင်မှ အစည်းအဝေးလုပ်လေ့ ရှိတတ်သဖြင့် ထိုရက်များတွင် ကျနော်က သမီးနှင့်နေနိုင်ဖို့ ကြိုးစားရတော့သည်။ သို့သော်လည်း ပျက်ကွက်သည်ကများသဖြင့် သမီးသည် သူ့ဒေါ်လေးများနှင့်သာ နေမြဲနေရဆဲပင်။ (တခါတရံ၌ လူကြီးများ၏ စနေ၊ တနင်္ဂနွေရက်များသည် ကလေးများအတွက်ဖြစ်လျှင် မကောင်းပေဘူးလားဟု စဉ်းစားမိသည်)
စောစောပိုင်းကတော့ သမီးကို အဖေကဆူလျင် အမေကမကြိုက်၍ လင်မယားနှစ်ယောက် ကတောက်ကဆဖြစ်ကြရ သည်။ တယောက်မအားသည့်အခါ အားသည့်တယောက်က သမီးကို ထိန်းကျောင်းမနေမိလျှင် လင်မယားနှစ်ယောက် သူတင် ကိုယ်တင် ဖြစ်ကြရသည်။ သမီးကို ဘယ်သို့ လိုက်ပို့ပေးမည်ဟုပြောထားပြီး ပျက်ကွက်ခဲ့လျှင် လင်မယား နှစ်ယောက် ခွန်းကြီး ခွန်းငယ် ဖြစ်ကြရသည်။ ဤသို့ သော အခါများတွင်တော့ တရက်နှစ်ရက်တန်သည်လောက်တွင်မှ ပျောက်ရှသွားခဲ့သည့် အိမ်ထောင်မှု သုခဟူသည်ကို နှစ်ဦးသား ပြန်လည်ရှာဖွေကြရတတ်သည်။
ထိုအခါများတွင် သမီးလေး၏ စိတ်တွင် မည်သို့ရှိမည်နည်း။ ကျနော်တို့ မတွေးဝံ့လောက်အောင် ဖြစ်ရသည်။ ကျနော်တို့ ဇနီးမောင်နှံနှစ်ဦး သမီးကိုမရိုက်မိဖို့၊ မဟိန်းဟောက်မိဖို့နှင့် သင်ကြားပြသပေးနိုင်ဖို့အတွက် အချိန်ပေးသည်ထက်ပေးနိုင်ဖို့ တိုင်ပင်နေကြချိန်တွင်မတော့ သမီးလေးသည် နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်မောကျနေရှာသည်။
ကြည့်ပါဦး။ သည်မျှ အပြစ်ကင်းစင်သည့် ပီဘိလူသားကလေးငယ်လေး … ၊ လောကအလယ်မှာ စိုးရွံ့မှုမဲ့ ကြီးပြင်းခွင့် ရပါစေ တော့လား။ သူတပါးအပေါ် မတရားလုပ်ရမှာကိုနှင့် မရိုးမသားပြုမူရမှာတို့ကိုသာ ရှက်ကြောက်ရွံရှာရကောင်းမှန်း သိတတ်ပြီး၊ အဟောင်းကိုလည်း ထိန်းသိမ်းနိုင်စွမ်းရှိရုံမက အသစ်ကိုလည်း လက်ခံဖို့ အဆင်သင့် ဖြစ်နေတတ်သည့် အနာဂတ်၏ သမီး ငယ်လေးမျိုး ဖြစ်ပါစေတော့လား …။
အောင်မော်ဦး
(၂၀၀၁ ခုနှစ်၌ မိုးကြိုးသတင်းစဉ်တွင် အပိုင်း(၃)ပိုင်းခွဲ၍ ဖော်ပြခဲ့ဖူးပါသည်)
(တခုက ခင်ဗျားတို့ ပိုစ့်တွေကိုလည်း ဖတ်ရတယ်။ နောက်တခုက လာမယ့်မတ်လဆို နောင်းမေ ၁၀ နှစ်ပြည့်ပြီ။ မွေးနေ့လက်ဆောင်အဖြစ် တခုခုရေးပေးဖို့ ရည်ရွယ်ထားတာတွေ “ရမ်ဘိုလုပ်လိုက်လို့” ပျက်ကုန်ပြီ။ ဒါနဲ့ ဖိုင်ဟောင်းတွေ ပြန်ဖွင့်တော့ ဒါလေးသွားတွေ့တယ်။ ပြန်ဖတ်ကြည့်တော့ တော်တော်လေး calm down ဖြစ်ရတယ်။ ကြည်နူးပီတိ ဖြစ်ရတယ်။ ပြီးတခါ အလုပ်များတဲ့မိဘတွေ အထောက်အကူဖြစ်ပါစေဆိုတဲ့ ဆန္ဒပြုရင်းနဲ့ပေါ့ဗျာ)
Monday, February 4, 2008
သမီးတို့အတွက် အမှတ်တရ
Posted by ရွက်မွန် at 12:55 PM
Labels: အောင်မော်ဦး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment