ရွက်မွန်စာမျက်နှာ

Thursday, February 14, 2008

လာမဲ့ဘေးပြေးတွေ့

သံ
ဃာတော်တွေရဲ့ ဦးဆောင်မှုနဲ့ ပြည်သူတွေရဲ့ ဆန္ဒကိုငြိမ်းချမ်းစွာ ပြသခဲ့ကြတဲ့ လှုပ်ရှားမှုဟာ အခုဆိုရင် လေးလကျော် ကာလ ထဲ ရောက်လာခဲ့ပါပြီ။ ငြိမ်းချမ်းစွာ ဖော်ဆောင်ခဲ့ကြပေမဲ့ စစ်အာဏာရှင်တွေက လှုပ်ရှားသူတွေကို သွေး မြေကျသည် အထိ လည်း နှိမ်နင်းခဲ့ပါတယ်။ တတိုင်းပြည်လုံး အံတကြိတ်ကြိတ် တောက်တခေါက်ခေါက် ဖြစ်နေဆဲပါ။

ဆက်တိုက်ဖြစ် ပေါ်လာတဲ့ အကျိုးဆက်အနေနဲ့ နိုင်ငံတကာဖိအားများကို စစ်အာဏာရှင်တို့ ရင်ဆိုင်နေရပါတယ်။ ပြည်သူ လူထု တရပ်လုံးရဲ့ ခါးသီးရွံရှာမှုကိုလည်း သူတို့ရင်ဆိုင်ရပါတယ်။

ဒီလိုအခြေအနေမျိုးတွေကို ပြေပြေလည်လည် ဖြေရှင်းမလားဆိုပြီး အားလုံးက ၀ိုင်းဝန်းစောင့်ကြည့် နေဆဲကာလမှာ ဘာ မပြော ညာမပြောနဲ့ လူထုဆန္ဒခံယူပွဲကို မေလမှာလုပ်မယ်။ ပြီးတော့ ၂၀၁၀ မှာ ရွေးကောက်ပွဲ အသစ်လုပ်မယ် ဆိုပြီး ကြေညာခဲ့ပါတယ်။

စစ်အာဏာရှင်တို့ရဲ့ ပြဆိုချက်ကတော့ ဒေါ်စုနဲ့ ဆက်စကားပြောဖို့ လမ်းဆုံးပြီလို့ ဆိုလိုက်တာပါပဲ။ ဒါတင် မကသေးပါဖူး။ အုပ်ချုပ်သူ အဆက်ဆက်နဲ့ တိုင်းရင်းသားလူမျိုးများ အကြား ရှိနေတဲ့ မပြေလည်မှုတွေကိုလည်း သေသေချာချာ ပြောဆို ဆွေးနွေး ညှိနှိုင်းဖို့မလိုတော့ဖူး ဆိုတဲ့ အဓိပ္ပါယ်လည်း သက်ရောက်ပါတယ်။ ငါတို့စစ်တပ် ပြောတဲ့အ တိုင်းသာလုပ် မင်းတို့ အရေးအရာတွေကို ငါတို့စိတ်မ၀င်စားဖူး။ နိုင်ငံရေးမှာပါချင်ရင် ဒို့ဆွဲထားတဲ့ အခြေခံဥပဒေ ကို ထောက်ခံ ဒို့လုပ်ပေးတဲ့ ရွေးကောက်ပွဲကိုဝင် ဆိုတဲ့ ဗိုလ်ကျတဲ့ ဦးဆောင်မှုကို လမ်းစဉ်ချပေးတာပါပဲ။

ဒါကို အာဆီယံနိုင်ငံအချို့နဲ့ အာစီယံ အထွေထွေ အတွင်းရေးမှူးချုပ်တို့က တိုးတက်သော ခြေလှမ်းတရပ်အဖြစ် မြင်ပါ တယ်လို့ ပြောကြပါတယ်။ ဂျပန်နိုင်ငံလည်း အဲသည့်အထဲမယ် ပါပါတယ်။ သူတို့ကတော့ ကာယကံရှင်နိုင်ငံသားတွေ မဟုတ်တော့ စစ်အာဏာရှင်တွေက ရွေးကောက်ပွဲလုပ်ပေးမယ် ဆိုတာကို ဘာမှမဖြစ်တာနဲ့စာရင် ဒါလေးက ပို ကောင်းသားပဲလို့ ရှုမြင်ကြ လို့ဖြစ်ပါတယ်။

ကိုယ်လုပ်ချင်တဲ့ ဖြစ်စဉ်တွေအတိုင်း လုပ်ပြီး အဲတာကို တိုင်းပြည်အတွက် ဒီမိုကရေစီရေး လမ်း ခင်းပေးတယ်ဆိုတဲ့ အပြော မျိုးက ဆင်ခြေမျိုးက လွယ်လွန်းလှပါတယ်။

ရွေးကောက်ပွဲလုပ်ပေးလိုက်တာနဲ့ မြန်မာပြည်ဟာ တည်ငြိမ်ကောင်းစားမလား ဆိုတာကိုတော့ သေသေချာချာတွက်ချက် ကြည့်ဖို လိုပါတယ်။ ပထမ ၁၉၉၀ ရွေးကောက်ပွဲလည်း သူတို့ဖြစ်ချင်တဲ့ လမ်းအတိုင်းဖြစ်မလာတော့ ညစ်ထားတာ (၁၈) နှစ်တောင် ပြည့်ခါနီးပါပြီ။ အဲသည်တော့ နောက်လုပ်ပေးဦးမယ်ဆိုတဲ့ ၂၀၁၀ ရွေးကောက်ပွဲရဲ့ ရလဒ်ကို ရော စစ်တပ်က တကယ် အသိအမှတ်ပြု အကောင်အထည် ဖေါ်မှာလား။ အကယ်၍ နောက်လုပ်မဲ့ ရွေးကောက်ပွဲ ဟာ တရားမျှတမယ်ဆိုရင် လူထုကကြိုက်တဲ့ ပါတီတွေပဲ အနိုင်ရမှာ သေချာပါတယ်။ သို့သော် အဲတာကိုလည်း စစ် တပ်က သိထားပြီးသားဆိုတော့ ဒီတခါရွေးကောက်ပွဲဟာ ညစ်ပတ်မှာ အသေအချာပါပဲ။

ဆိုတော့ကာ ညစ်ပတ်မဲ့ ရွေးကောက်ပွဲကြီး မတိုင်မှီ ရွေးကောက်ပွဲအကြို လုပ်လာမဲ့ လူထုဆန္ဒခံယူပွဲ အတုကြီးကို အားလုံး ပြည်တွင်းပြည်ပကနေ ၀ိုင်းတိုက်ဖို့လိုပါတယ်။ တတိုင်းတပြည်လုံးက ပြည်သူတွေအားလုံး ၀ိုင်းတိုက်ရမှာ ဖြစ်ပါတယ်။ ရန်ကုန်နဲ့ မြို့ကြီးတချို့ လောက်မှာသာ ဆန္ဒပြရုံနဲ့ မလုံလောက်ပါဖူး။ ရှစ်လေးလုံး လှုပ်ရှားမှုကြီးလို လှည်းနေလှေအောင်း မြင်းစောင်းမကျန် တိုက်ပွဲဝင်ရမယ်လို့ မြင်ပါတယ်။ တောင်ပေါ်မြေပြန့် အားလုံးဆက်စပ်ပြီး တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ အရေးကြီးတာ တခုကို တင်ပြလိုပါတယ်။ အထူးသဖြင့် အပစ်အခတ်ရပ်စဲထားတဲ့ လက်နက်ကိုင်အဖွဲ့ များအနေနဲ့ ကိုယ့်နယ်မြေ၊ ကိုယ့်လူမျိုးဒေသတွေကို အခြေပြုပြီး လုပ်နိုင်တဲ့နည်းလမ်း တွေရှိပါသေးတယ်။ စစ်အာဏာရှင် တွေကို လက်နက်ကိုင်ပြန်တိုက် ရမယ်လို့ မဆိုလိုပါ။ သို့သော် လူထုလှုပ်ရှားမှုကို ပိုမိုကြွတက်လာအောင် ပံ့ပိုးပေးဖို့ပါပဲ။

ကိုယ့်လည်ပင်းကို ရေရှည်ကြိုးကွင်းစွပ်မဲ့ ဥပဒေများကို အခုကမှ ၀ိုင်းမတွန်းလှန်နိုင် လို့ကတော့ သွားပေဦးတော့ နောက်ထပ် အနှစ်လေးဆယ် ဆိုတာမျိုးကို ရင်ဆိုင်ရပါလိမ့်မယ်။

စစ်အာဏာရှင်များ အခုလို ကမန်းကတမ်း သူတို့အစီအစဉ်ကို ကြေငြာရတာ သူတို့မှာလည်း အခက်အခဲ အကျပ်အတည်း ရှိလို့ဖြစ်ပါတယ်။ နို့မဟုတ်ရင် ဇိမ်ဆွဲပြီးနေဦးမှာပါ။ သူတို့အကျပ်အတည်း ရှိနေတုန်း မိမိဖက်က ပြင်းပြင်းလေး တချက် လောက် ဆောင့်တွန်းလိုက်ဖို့ လိုပါတယ်။ ကျနော်တို့ပြည်သူအများစု အနေနဲ့ကတော့ သည့်ထက်ပိုပြီး ငတ်စရာ၊ မွဲစရာ အကြောင်းမရှိတော့ပါဖူး။ ပြည်သူတွေမှာ တွယ်တာစရာ ဓနဥစ္စာ ဆိုတာလည်း နတ္ထိပါ။ စစ်အာ ဏာရှင်တွေ အနေနဲ့ ပြည်သူ အရေအတွက် ဘယ်လောက်ကို ထောင်ထဲ့ထည့် ထားနိုင်မလဲ။ တသန်းလား၊ နှစ်သန်း လား၊ သုံးသန်းလား။ ထောင်ထဲထည့်လည်း ထောင်ထဲမှာ အားလုံးသွားစားနေရုံပေါ့။

နောက်တချက်အနေနဲ့ ပြောရရင်တော့ အဲန်အယ်ဒီ ဘာလုပ်မလဲ ဆိုတာကို စောင့်ကြည့်ပြီး အချိန်ကုန် မခံကြပါနဲ့။ လူထု လူတန်းစား အသီးသီး၊ အဖွဲ့အစည်း အသီးသီး အနေနဲ့ ကိုယ်ဘာလုပ်ရမလဲဆိုတာ အတွက် အတွေ့အကြုံတွေ ရှိနေပြီလို့ သဘောပေါက်ပါတယ်။ အာဏာရှင်ဆန့်ကျင်ရေး၊ အတုအယောင် အခြေခံဥပဒေ ဆန့်ကျင်ရေးကို မိမိလိုအပ်တဲ့ ပန်းတိုင် မရောက်မခြင်း ရပ်တန့်မှုမရှိဘဲ ဆက်တိုက် တိုက်ပွဲဝင်သွားဖို့လိုပါတယ်။

စိုးရိမ်စိတ်၊ ကြောက်စိတ် ဆိုတာ လူတိုင်းမှာရှိပါတယ်။ သို့သော် ထိုင်ပြီးကြောက်နေရမဲ့အစား ခြေလှမ်းတွေလှမ်း ပြီး ကြောက် ရတာက ပိုပြီးအသက်ဝင် အကျိုးရှိပါတယ်။ ထိုင်ပြီးငတ်နေရမဲ့အစား ရုန်းကန်ရင်း တိုက်ခိုက်ရင်း ငတ်ရတာ က ပိုလို့အဓိပ္ပါယ် ရှိပါတယ်။ တခါက မစုစုနွေး ပြောခဲ့တဲ့စကားရှိပါတယ်။ “အာဏာပိုင်တွေကို ဆန့်ကျင်ရင် အဖမ်းခံ ရမယ်ဆိုတဲ့ ကြောက်စိတ် ကျမမှာရှိပါတယ်။ သို့သော် ကိုယ့်အခွင့်အရေးအတွက် ကိုယ်ပဲတိုက်ယူရမှာဆိုတော့ ကြောက်ကြောက်နဲ့ ကျမတိုက်ပွဲဝင်ခဲ့ ခြင်းပါ။ ဒါပေမဲ့ ကျမ မျက်လုံးတွေကို ဖွင့်ပြီးကြောက်ခဲ့တာပါ။ မျက်စေ့မှိတ်ပြီး ကြောက်ခဲ့တာ မဟုတ်ပါ။ အားလုံးကိုလဲ မျက်စေ့ဖွင့်ပြီး ကြောက်ကြပါလို့ ပြောကြားပါရစေ။ ”

နွှဲရမဲ့ တိုက်ပွဲများကတော့ ရှေ့မှာတန်းစီလို့ နေပါတယ်။ ဒေါ်စုကလည်း အဆိုးဆုံးအတွက် ပြင်ဆင်ထားပါ ဆိုပြီး ပြောကြားခဲ့ ပါတယ်။ ငုံ့ခံနေရမဲ့အစား လာမဲ့ဘေးပြေးတွေ့ ဆိုတဲ့မူကို ကိုင်စွဲ၍ တိုက်ပွဲဝင်ကြပါစို့ဟု နှိုးဆော်ရင်းဖြင့်။

ဇော်မင်း (လူ့ဘောင်သစ်)
၁၄၊ ၀၂၊ ၂၀၀၈

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.