ရွက်မွန်စာမျက်နှာ

Thursday, February 14, 2008

ဖဒိုမန်းရှာလာဖန်း လုပ်ကြံခံရမှုနှင့် နောက်ဆက်တွဲ အတွေးများ


ဒိုမန်းရှာလာဖန်းကို လုပ်ကြံခံရသည့် သတင်း ဖတ်လိုက်ရသည်။ အတော်စိတ်မကောင်း ဖြစ်ရသည်။ အမည်မသိ ကရင်လူမျိုး လက်နက်ကိုင် ၂-ဦးက လုပ်ကြံပြီး ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။ ကရင့်တော်လှန်ရေးအတွက်ရော၊ ဒီမိုကရေစီ လှုပ်ရှား မှုကြီး တခုလုံး အတွက်ပါ အစားထိုး မရသည့် ဆုံးရှုံးမှုကြီးဖြစ်သည်။ ထိုင်း-မြန်မာ နယ်စပ်ဒေသနှင့် နီးစပ်သူ သတင်းရင်းမြစ် များကတော့ ကေအဲန်ယူမှ ခွဲထွက်အဖွဲ့ (တပ်မဟာ ၇ မှူး) ဗိုလ်ချုပ်ထိန်မောင်နှင့် အဖွဲ့အပေါ် သင်္ကာမကင်း ရှိကြသည်။ လော လောလတ်လတ် လွန်ခဲ့သည့်လက ခွဲထွက်အဖွဲ့မှ ဗိုလ်ချုပ်ထိန်မောင်၏ သားမက်ဖြစ်သူ ဗိုလ်မှူးကြီး လယ်မူး ဗုံးခွဲ လုပ်ကြံခံရ သည့်အပေါ် ၎င်းတို့က ဖဒိုမန်းရှာကို အမိန့်ပေးသူဟု စွပ်စွဲထားခဲ့သည်။

မည်သို့ပင်ဖြစ်စေ၊ အဖြစ်အပျက်များက တိုက်ဆိုင်နေသည်။ စစ်အစိုးရ၏ လက်ချက်မဟုတ်ဟု ပြောရန် ခက်ပါသည်။ စစ် အစိုးရက မကြာသေးမီက အလစ်အငိုက်ယူ၍ ပြည်သူ့ဆန္ဒခံယူပွဲကို နောက် ၃ လအကြာ (မေလ) တွင် ကျင်းပမည်ဟုကြေငြာ ခဲ့ပြီး ကေအန်ယူအပါအ၀င် အတိုက်အခံအဖွဲ့အစည်းများက ပယ်ချခဲ့ကြသည်။ အတိုက်အခံ အဖွဲ့အစည်းများက ဤ ဆန္ဒခံယူပွဲ ကို ဆန့်ကျင်ကန့်ကွက်ရေးအတွက် လူထုကို စည်းရုံးလှုံ့ဆော်သွားမည်ဟု ပြောဆိုနေသည့် အချိန်တွင် ယခု လုပ်ကြံမှု ဖြစ်လာ ခြင်း ဖြစ်သည်။ ထို့အပြင် ဖဒိုမန်းရှာက ပြည်တွင်းမြေအောက်လုပ်ငန်းများကို ဦးစီးလုပ်ကိုင်နေသည့် နိုင်ငံရေးအံတုမှု ကော် မီတီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ ထို့အပြင် အပစ်အခတ်ရပ်စဲရေး “လူကြီးလူကောင်း သဘောတူညီမှု” ကို စစ်အစိုးရက ဖျက်ခဲ့ ပြီဟု မကြာသေးမီ ကရင့်တော်လှန်ရေးနေ့တွင် ကရင်ခေါင်းဆောင်များက ပြောကြားပြီး မကြာမီ ယခု လုပ်ကြံမှု ဖြစ်လာခြင်း ဖြစ်သည်။ ထိုမျှမက ဖယ်ဒရယ် စင်ပြိုင်ဖွဲ့စည်းပုံဆိုင်ရာ ကိစ္စများ၊ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ကို တိုးချဲ့ဖွဲ့စည်း၍ လှုပ်ရှားမှုအားသစ်စေရန် ကြိုးပမ်းနေသောကာလတွင် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်လာခဲ့ ခြင်း ဖြစ်သည်။

သို့သော်လည်း မိမိလေ့လာချက်အရ ယခင်ကာလများတွင် စစ်အစိုးရဖက်ကရော၊ အတိုက်အခံများဖက်ကပါ လုပ်ကြံရေး မူဝါဒများ ချမှတ်ကျင့်သုံးခြင်း မရှိခဲ့ကြပါ။ စစ်အစိုးရက သခင်သန်းထွန်းတို့ကို လုပ်ကြံခဲ့ဖူးသည့် အစဉ်အလာတော့ ရှိပါ သည်။ သို့သော် ကြာခဲ့ပြီ။ ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း မရှိသလောက်ဟု ယေဘုယျ သုံးသပ်ရပါလိမ့်မည်။ ယခုအချိန် တွင်မှ ဤမူဝါဒကို ချမှတ်ကျင့်သုံးလာခြင်းလော॥ မေးခွန်းထုတ်ဖွယ် ရှိနေပါသည်။ အထူးသဖြင့် သံဃာ့ဆန္ဒပြပွဲများကို အကြမ်းဖက်ချေမှုန်းအပြီး စစ်အစိုးရ ဆက်လှမ်းလာသော ခြေလှမ်းများက ပို၍ စဉ်းစားချင့်ချိန်မှု ကင်းမဲ့လာပြီး၊ စိတ်ထင်ရာ လှမ်းသည့် အရူးခြေလှမ်းမျိုး ပိုဖြစ်လာပါသည်။ ဤအခြေအနေတွင် ကျိုးကြောင်းဆီလျော်မရှိသည့် ဆုံးဖြတ်ချက်များ လည်း ချမှတ်ကျင့်သုံးနိုင်ပါသည်။ လက်ရှိ စစ်အုပ်စုခေါင်းဆောင်များက သူတို့ကိုယ်သူတို့ အာဏာတည်မြဲရေး၊ ရှင်သန်ရေး အတွက် သာ စဉ်းစားကြပါတော့သည်။ သူတို့ကိုယ်သူတို့ နိုင်ငံခေါင်းဆောင်များသဖွယ်ထား၍ ရေရှည်အမြင်ဖြင့် စဉ်းစားကြခြင်း မရှိ တော့ပါ။

နောက်ဆက်တွဲအခြေအနေများက မည်သို့ဖြစ်လာနိုင်သနည်း။
သေချာသည်ကတော့ ထိုင်း-မြန်မာ နယ်စပ်တွင် ဤလုပ်ကြံမှု ဖြစ်ပွားလာသည့်အတွက်ကြောင့် ထိုင်းနိုင်ငံက လုံခြုံရေး ပိုမို တင်းကျပ်နိုင်ပါသည်။ အထူးသဖြင့် ၃-လတာ မလိုတော့သောကာလ॥ ပြည်သူ့ဆန္ဒခံယူပွဲကို တုံ့ပြန်ရန် အပူတပြင်း ကြိုးပမ်း ကြရတော့မည့် ကာလတွင် အတိုက်အခံလှုပ်ရှားမှုများ ခြေချုပ်မိ အကျဉ်းအကျပ်ကျနိုင်ပါသည်။ ထို့အပြင် အခြား ဒီမို ကရေစီ အင်အားစုများ၏ လုံခြုံရေးလည်း ထိခိုက်လာနိုင်ပါသည်။ လုပ်ငန်းများလည်း နှောင့်နှေးဖွယ် ကြုံရနိုင်ပါသည်။ အဆိုးဆုံး အခြေအနေ က စစ်အစိုးရကို ဦးတည်တိုက်ရမည့်အစား ကရင်လူမျိုးအချင်းချင်း အုပ်စုတိုက်ပွဲများ (ဥပမာ- ခွဲထွက် အဖွဲ့၊ ကေအန်ယူနှင့် ဒီကေဘီအေ) ပိုမို ဖြစ်ပွားလာနိုင်ခြင်းပင်။ သို့သော်လည်း ကေအန်ယူအဖွဲ့ အစည်း အနေဖြင့် နောက်ထပ် အစားထိုးမည့် အရည်အချင်းရှိသော ခေါင်းဆောင်မှု ချက်ချင်း ပြန်လည်ဖြည့်စွမ်းနိုင်မည်ဟု ယုံကြည်မိပါသည်။

ထိုမျှမက မိမိစိုးရိမ်ပူပန်နေချက်များလည်း ရှိနေပါသည်။ အကြောင်းက ပါကစ္စတန်နိုင်ငံမှ ဘနာဇီယာဘူတို ဗုံးခွဲလုပ်ကြံ ခံရ ပြီးနောက်ပိုင်းမှစ၍ အတွေးခေါင်မိသော စိုးရိမ်ချက်ဖြစ်ပါသည်။ အကြောင်းမှာ နောက်ပိုင်း စစ်ရေး၊ အကြမ်းဖက်ရေး စဉ်းစား ပုံများ၊ နည်းဗျူဟာများက ပြောင်းလဲလာပါသည်။ ယခင်က စစ်ပွဲများကဲ့သို့ စည်းမျဉ်း ကျင့်ဝတ်လိုက်နာမှုများ လျှော့ နည်းလာ ပါသည်။ အမေရိကန်က ဂွာတာနာမိုစခန်းတွင် ဂျီနီဗာသဘောတူညီချက်ကို ချိုးဖောက်၍ အကြမ်းဖက်သမားများ ကို ဖမ်းဆီး နှိပ်စက်ညှဉ်းပမ်းခြင်း ပြုခဲ့သလို၊ အီရတ်သူပုန်များကလည်း ပွဲစစချင်း အီရတ်ရှိ ကုလသမဂ္ဂရုံးကို ဗုံးခွဲတိုက်ခိုက် ခဲ့ပါသည်။ စစ်ပွဲများတွင် ကုလသမဂ္ဂ၊ ကြက်ခြေနီအဖွဲ့ (ICRC) စသဖြင့် ကြားထားဆက်ဆံမှုများ ပို၍ လျှော့နည်းလာနေပါ သည်။

ဘနာဇီယာ ဘူတိုကို လုပ်ကြံလိုက်ခြင်းအားဖြင့် အမေရိကန်နိုင်ငံက ခေါင်းဆောင်တင်ရန် လျာထားသည့် ခေါင်းဆောင် တဦး ကို ဖြိုချလိုက်သည့်နှယ် ရှိသည်။ ဒီမိုကရေစီ အတိုက်အခံအင်အားစုများအကြား အကြီးအကျယ် အကျပ်ရိုက်စေခဲ့သည်။ တချက်ခုတ် နှစ်ချက်ပြတ် အမေရိကန် နိုင်ငံကိုယ်၌က ကစားကွက်ပျောက်သွား သည်။ အမေရိကန် လိုလားသူ နောက်ထပ် ခေါင်းဆောင်အသစ်များ ရှာဖွေရတော့မည့် ကိန်းဆိုက်လာရသည်။ ဤသို့ အဖြစ်အပျက်များက အခြားနိုင်ငံများ တွင်လည်း ကြုံခဲ့ရဖူးသည်။ ၂၀၀၅ ခုနှစ်က လက်ဘနွန်ဝန်ကြီးချုပ် ရာဖစ် ဟာရီရီ လုပ်ကြံမှုအပါအ၀င် ဗျူဟာမြောက် လုပ်ကြံခဲ့မှုများ ရှိနေသည်။ ကျနော်ကတော့ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအတွက်ပါ တိုး၍ စိုးရိမ်နေမိပါသည်။

အောင်သူငြိမ်း
ဤသုံးသပ်ချက်ကို မဇ္ဈိမအွန်လိုင်း မြန်မာစာမျက်နှာတွင်လည်း ဖော်ပြထားပါသည်။

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.