ရွက်မွန်စာမျက်နှာ

Tuesday, February 19, 2008

သင်ပုန်းချေရေး လမ်းစဉ်ကို လိုက်မည်လော၊ အလုံးစုံကြေပြုန်းရေး လမ်းစဉ်ကို လိုက်မည်လော

ဒေါ်
အောင်ဆန်းစုကြည်ကဲ့သို့ နိုင်ငံ၏ အရေးပါသည့် ခေါင်းဆောင်တဦးက နိုင်ငံသူ နိုင်ငံသား များအား “အဆိုးဆုံးကို ပြင်ဆင် ထား ကြ”ဟု အမှာစကားပါးလိုက်သည်။ ဤစကားအပေါ် တနိုင်ငံလုံး၊ တကမ္ဘာလုံး နိုင်ငံ့အရေး အလေးထားသူ တိုင်း (နေ့စဉ် နှင့်အမျှ) နားလည်နိုင်သမျှ နားလည်နိုင်ရန် ကြိုးစားနေကြသည်။ “ဒါ … ဘာကို ရည်ညွှန်းတာလဲ”ဟူ၍။

မိမိဘက်မှ လုံးလုံးအသာစီးရသည့်အချိန် (၁၉၉၀ ရွေးကောက်ပွဲအနိုင်ရချိန်) တွင်တောင်မှ “တက်မ မထောင်ခဲ့”ဘဲ အရေးနိမ့် ရရှာသည့် ပြိုင်ဘက်အား “တွေ့ဆုံဆွေးနွေးရန် တံခါးဖွင့်ထားပါသည်” ဟု ကမ်းလှမ်းခဲ့သည့် အမြော်အမြင် ကြီးမှုကို မြန်မာ ပြည်သူများသာမက၊ ကမ္ဘာ့ပြည်သူများနှင့် ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင်များပါ အံ့သြမင်သက်ခဲ့ကြ ရဖူးသည်။ (ဤကမ်းလှမ်း မှုဖြင့် စစ်တပ်ကို အကာအကွယ်ပေးခဲ့သည်ကို စစ်ဗိုလ်စစ်သားများပင် သတိမထားမိလိုက်ကြ)

နေအိမ်အကျယ်ချုပ် သက်တမ်းတိုးမြှင့်ခံရချိန်၊ ပါတီ၏ အမာခံ ရပ်/ကျေး/မြို့/ပြည်နယ်/တိုင်းစည်းများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ထောင်သွင်းအကျဉ်းချခံရချိန်၊ အဓမ္မဖိအားပေး၍ နုတ်ထွက်ခိုင်းခံရချိန်၊ နယ်စပ်သို့ တိမ်းရှောင်ကြရချိန်၊ ပါတီငယ်များနှင့် တိုင်းရင်းသား ပါတီများ တစတစ ချေမှုန်းဖျက်သိမ်းခံရချိန် စသည့်အချိန်များ၌ အတိုက်အခံပါတီများ ညီညွတ်ရေးအတွက် “ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ”ကိုဖွဲ့စည်း၍၊ “အမျိုးသား ရင်ကြားစေ့ရေးတည်ဆောက် ရန်” ကမ်းလှမ်းခဲ့သည်။ (ဤကမ်းလှမ်းမှုဖြင့် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအပါအ၀င် တိုင်းရင်းသားများနှင့် စစ်တပ်အကြား နားလည်မှုတည်ဆောက်နိုင်ရန် ကြိုးပမ်းခဲ့သည်ကို တချို့ တိုင်းရင်းသားများပင် သတိမထားမိလိုက်ကြ)

လူထုစည်းရုံးရေးခရီးစဉ်ကာလ ဒီပဲယင်းအရောက်၌ ၀ါးရင်းတုတ်နှင့်ရိုက်၊ ကားနှင့်တိုက်၍ ရက်ရက်စက်စက် လုပ်ကြံ သတ် ဖြတ် ခံခဲ့ရချိန်တွင်တောင်မှ လက်စားချေသည့် ယဉ်ကျေးမှုမျိုး မထွန်းကားစေရန်အတွက် “အာဃာတ ကင်းစင် ရေးနှင့် သင်ပုန်းချေရေးမူ” ကို မလွတ်တမ်း ကိုင်စွဲခဲ့သည်။ (လုပ်မည်ဆိုက ရနိုင်သည့် အခွင့်အလမ်း ပေါ်ပေါက်လာသော် လည်း ရိုးဖြောင့်စွာပင် စစ်တပ်ကို လူထုနှင့် “ရန်တိုက်”မပေးခဲ့)

သို့သော် သံဃာတော်များအား ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အရေးတွင်မတော့ အနှစ် နှစ်ဆယ်လုံးလုံးကိုင်စွဲလာခဲ့သည့် တွေ့ဆုံ ဆွေးနွေးအဖြေရှာရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ အာဃာတကင်းစင်ရေးနှင့် သင်ပုန်းချေရေး အစရှိသည့် မူများအား ကျော် ၍ မူသစ်တခုကို တိုး၍ တင်သွင်းခဲ့သည့်။ “ပူးပေါင်းဆောင်ရွက်မည်”ဟူ၍။ (ဤနည်းဖြင့် သာသနာ ကွယ်ပျောက်မည့် အရေး ကို ကာကွယ်ခဲ့သကဲ့သို့ စစ်တပ်ကိုလည်း မိစ္ဆာဒိဌိများ ဖြစ်မည့်အရေးမှ ကာကွယ်ပေးခဲ့သည်)

တလွဲဆံပင်ကောင်းနေသည့်၊ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်မူဖြင့် ထင်ရာဆိုင်းနေသည့် စစ်အစိုးရ အဆက်ဆက်အား ဒေါ်အောင်ဆန်းစုကြည်က သဘောထားပျော့ပြောင်းစွာဖြင့်၊ စိတ်ရှည်သီးခံစွာဖြင့် ရိုးရိုးသားသား ကမ်းလှမ်းမှုများ ပြုလုပ်နေ သည်ကို ကြည့်ရသည်မှာ ဒေ၀ဒတ်အား တရားပြနေသည်နှင့်ပင် တူသေးတော့သည်။ အင်္ဂုလိမာလအား တရားပြ နေသည် နှင့်ပင် တူသေးတော့သည်။ နာလာဂီရိ ဆင်ပြောင်ကြီးအား တရားပြနေသည်နှင့်ပင် တူသေးတော့သည်။ သို့သော်ငြား တရား လက်လွတ်၍ ပါရမီအခံနည်းပါးကြသူတို့ခမျာ တော်ရုံနှင့် ကျွတ်တမ်းဝင် ကြဦး မည့်ပုံမပေါ်။

ကျနော်တို့အနေဖြင့် “အဆိုးဆုံး”အတွက် မည်မျှ (လူ၊ စိတ်ဓာတ်၊ တွေးခေါ်စဉ်းစားပုံ၊ လုပ်ငန်းစဉ်၊ တိုက်ပွဲသဏ္ဌာန်၊ စုဖွဲ့မှု၊ ရန်ပုံငွေ … စသည်ဖြင့်) အထိ ပြင်ဆင်ထားပြီးကြပါပြီလဲ။
“ဪ … ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က အဆိုးဆုံးအတွက် ပြင်ဆင်ထားကြပါလို့ ပြောခဲ့တာကိုး”ဟူ၍ ကောက်ချက် လည်း ချနိုင်ကြရော (ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တော့) ကျနော်တို့တတွေ “နောက်ကောက်”များ ကျနေကြလေမည်လား မပြောတတ်။ သို့နှင့် ဆိုးနိုင်သမျှ အဆိုးဆုံးများကို ရှာကြံ၍ တွေးကြည့်မိသည်။

အကယ်၍
ရွေးကောက်ပွဲ ရလဒ်ကို စွန့်လွှတ်ပေးရမည် (သို့မဟုတ်) အလိုအလျောက် ပျက်ပြယ်သွားမည်ဟုဆိုလျှင်
အကယ်၍
CRPP ကို ဖျက်သိမ်းပေးရမည် (သို့မဟုတ်) အလိုအလျောက် ပျက်ပြယ်သွားမည်ဟုဆိုလျှင်
အကယ်၍
အမျိုးသား ညွန့်ပေါင်းအစိုးရကို ဖျက်သိမ်းပေးရမည် (သို့မဟုတ်) အလိုအလျောက် ပျက်ပြယ်သွားမည်ဟုဆိုလျှင်
အကယ်၍
MPU အဖွဲ့ကို ဖျက်သိမ်းပေးရမည် (သို့မဟုတ်) အလိုအလျောက် ပျက်ပြယ်သွားမည်ဟုဆိုလျှင်
အကယ်၍
ဤဒေါက်ကြီးများဖြင့် ထောက်ကူထားသည့် နိုင်ငံရေးတပ်ပေါင်းစုကြီး ပြိုလဲသွားမည်ဆိုလျှင်
အကယ်၍
တိုင်းပြည်၏ပြဿနာများအား တွေ့ဆုံဆွေးနွေးသည့်နည်းလမ်းဖြင့် အဖြေမရှာနိုင်ကြတော့လျှင်
အကယ်၍
တိုင်းပြည်၏ပြဿနာများအား လက်နက်ကိုင်ဖြေရှင်းသည့်နည်းလမ်းတခုတည်းဖြင့် အဖြေရှာကြရတော့မည်ဆိုလျှင်

အကယ်၍
“အကောင်းဆုံး”သည် “သင်ပုန်းချေရေး လမ်းစဉ်” ဖြစ်မည်ဆိုပါက၊ “အဆိုးဆုံး”သည် “အလုံးစုံကြေပြုန်းရေး လမ်းစဉ်”ပင် ဖြစ်ရပေတော့မည်လား မပြောတတ်။ သို့ဆိုလျှင် …..

နိုင်ငံအစိုးရ ကိုယ်၌က “အလုံးစုံကြေပြုန်းရေး လမ်းစဉ်ကို လိုက်မည်”ဆိုလျှင် နိုင်ငံသူနိုင်ငံသားများအနေဖြင့်လည်း ဆူပူ အုံကြွ အကြမ်းဖက်မှုကို ရွေးချယ်ရန် လက်နှေးကြမည်မဟုတ်ချေ။ လူထုသည် “အလှည့်ကျ လျှင် မနွဲ့ကြ”သည်ကို နယ်ချဲ့ ဆန့်ကျင်ရေးနှင့် ဖက်ဆစ် ဆန့်ကျင်ရေး တိုက်ပွဲများက သက်သေထူခဲ့ပြီးဖြစ်သည်။

တဘက်က ဤမျှသီးခံ၍၊ ဤမျှစိတ်ရှည်၍ အမြော်အမြင်ရှိစွာဖြင့် ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာသည့် နည်းလမ်းများ ကို တစိုက်မတ်မတ် ရွေးချယ်နေပါလျက် အတိုင်းထက်လွန်လာမည်ဆိုပါက၊ စစ်သား (ငါးသိန်း) အတွက် အရပ်သား ငါးသန်း မျှဖြင့်ပင် လုံလောက်ပေပြီ။ သန်းပေါင်း (ငါးဆယ်) ကျော်ရှိသည့် “လူထုသည် စိန်ခေါ်အပ်သည့် အင်အားစု တရပ် မဟုတ်” သည်ကို အာဏာရှင်များအနေဖြင့် သတိချပ်သင့်သည်။

သို့သော် မည်သူမျှ မမေ့လျော့အပ်သည်မှာ “သင်ပုန်းချေရေးလမ်းစဉ်ကိုလိုက်မည်လော၊ အလုံစုံကြေပြုန်းရေး လမ်းစဉ်ကို လိုက်မည်လော”ဟု (တိုင်းပြည်ကို) မေးခွန်းထုတ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က “အဆိုးဆုံးအတွက် ပြင်ဆင် ထားကြ”ဟု ထုတ်ပြောလိုက်ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နှစ်ခုအနက် တခုကို မလွဲမသွေ ရွေးချယ်ရမည့် နယ်နိမိတ်မျဉ်းပေါ်သို့များ ရောက်ရှိနေပြီလော မဆိုနိုင်။ သို့ဆိုလျှင် လူထုအနေဖြင့်လည်း …………။

အောင်မော်ဦး
ဖေဖော်ဝါရီ၊ ၁၇၊ ၂၀၀၈။

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.