မြ
န်မာပြည်ရဲ့ နိုင်ငံရေးအပြောင်းအလဲများနဲ့ ပတ်သက်လို့ ဆန်းစစ်ကြ၊ ဝေဖန်ကြ၊ သုံးသပ်ကြ၊ ထောက်ပြကြတာတွေ ဒီရက်ပိုင်း အတွင်းမှာ တွေ့ရ ဖတ်ရပါတယ်။ မိမိရဲ့ အမြင်တွေကို မိမိရှု့ထောင့်ကနေ အဲသလိုတင်ပြကြတာ တင်ပြခွင့် ရှိပါတယ်။ ဒါဟာ လူတိုင်းမှာ ရှိတဲ့အခွင့်အရေးပါ။ မိမိအတွေးအမြင်ကို လွတ်လပ်စွာတင် ပြထုတ်ဖေါ် ပြောဆိုခြင်း ဆိုတာ ဒီမိုကရေစီမှာ အရေးကြီးပါတယ်။
ဒီနေရာမှာ အကြံပြုလိုတာ တခုရှိပါတယ်။ ဒါကဘာလဲ ဆိုတော့ နိုင်ငံတခုရဲ့ အခြေအနေအရပ်ရပ်ကို တင်ပြတယ် ဆိုတော့ သက်ဆိုင်တဲ့ အခြေအနေအရပ်ရပ် အားလုံးကို ထည့်သွင်း တွက်ချက် တင်ပြနိုင်ဖို့လည်း လိုပါတယ်။ ကိုယ်လိုတဲ့ အချက်လေး တွေကိုပဲ ထည့်သွင်းထောက်ပြတင်ပြခြင်းဟာ မပြည့်စုံတဲ့ ခွဲခြမ်းစိတ်ဖြာ လေ့လာတာမျိုး ဖြစ်နေ တတ်ပါတယ်။ ဒီကြားထဲမှာ ဘက်လိုက်ပြီး ဝေဖန်တင်ပြတာမျိုး တွေလည်းရှိပါတယ်။ ဘက်မလိုက်တဲ့ ဝေဖန်ဆန်းစစ်မှု တွေတောင် အထက်က တင်ပြ သလို တစုံလုံးကို ခြုံငုံပြီးမှ မတင်ပြရင် ထွက်လာတဲ့ လေ့လာဆန်းစစ်မှုဟာ တဖက်ဖက်ကို ဘက်လိုက် သလို ဖြစ်နေတတ်ပါ တယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကထွက်လာတဲ့ စာရေးသူ (ဦး) ကျော်ဝင်းရဲ့ စာတမ်းကို ဘလော့တွေကနေတဆင့် ဖတ်ရပါတယ်။ ဦးကျော် ၀င်း ဟာ မြန်မာနိုင်ငံမှာ နာမည်ကြီးတဲ့ စာရေးသူတဦးဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် စာရေးသူဟာ သူ့စာများကြောင့် ၀ိတ်ရှိသူ၊ ၀ိတ်ကြီးသူတဦး ဖြစ်ပါတယ်။ သို့သော်လည်း သူ့ရဲ့စာတမ်းကို လေ့လာကြည့်တော့ စာရေးသူဟာ သူလိုတဲ့ အချက်အလက်တွေကိုသာ အဓိကထားဖေါ်ပြထားပြီး ထည့်သွင်းစဉ်းစားတွက်ချက်ရမဲ့ အခြားအချက်တွေကို လှစ်လျူရှု့ ထားခဲ့တာကို တွေ့ရပါတယ်။
စာတန်းရှင် ကျော်ဝင်းရဲ့ ကောက်ချက်တွေကို ပြန်ကြည့်လိုက်ရင် မြန်မာပြည်မှာ ဒီမိုကရေစီအပြောင်းအလဲ တစ်ဆို့ နှောင့်နှေး နေတာ အတိုက်ခံများကြောင့်လို့ စွပ်စွဲထားသလို ဖြစ်နေပါတယ်။ အတိုက်ခံတွေ ညံ့ဖျင်းတယ်လို့ တိုက် ရိုက်ပြောထားတဲ့ စာတမ်းတခုဖြစ်နေပါတယ်။ အတိုက်ခံအုပ်စုတွေ ပါတီတွေမှာ အားနည်းချက် ရှိနေတယ်။ အားနည်းနေတဲ့ အချက်တွေက ဘာတွေဘာတွေဖြစ်တယ် ဆိုတာကို စနစ်တကျ ထောက်ပြဖို့သင့်ပါတယ်။ အခုတော့ အဲသလို မဟုတ်ဘဲ ၀ါးလုံးရှည်နဲ့ သိမ်းရမ်းသလို တင်ပြထားကို တွေ့ရပါတယ်။ စစ်တပ်က တသက်လုံးလုပ်လာခဲ့တဲ့ အချင်းအရာ တွေကိုတော့ သဘော လောက်သာ ပြောထားပြီး ပိုအရေးကြီးတဲ့ တင်ပြရမဲ့ အချက်တွေကိုတော့ မတင်ပြဘဲ ချန်လှပ်ထားခဲ့ပါတယ်။ စစ်တပ်က ကမ်းလှမ်းလာရဲ့သားနဲ့ အတိုက်ခံတွေက တလျောက်လုံး ငြင်းဆန် ပုတ်ချခဲ့တယ် လို့ သူရဲ့စာတမ်းက အဓိပ္ပါယ် သက်ရောက် နေပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီ အပြောင်းအလဲနဲ့ ဝေးနေသေးတယ် ဆိုတာ အတိုက်ခံများ စစ်တပ်နဲ့ အပေးအယူ မလုပ်တတ်လို့ ဖြစ်ရတာမဟုတ်ပါ။ ဒီတချက်တည်းနဲ့ ကောက်ချက်ခြတဲ့ အတွက် သူရဲ့စာတမ်းဟာ မပြည့်စုံတဲ့အပြင် တန်ဖိုးလည်း နည်းသွား ရပါတယ်။
ထည့်သွင်းစဉ်းစားရမဲ့ အချက်တွေထဲမှာ အတိုက်ခံတွေ စစ်တပ်နဲ့ အပေးအယူမလုပ်တတ်လို့ ဆိုပြီးတင်ပြတာ တချက်တည်း မဟုတ်ဘဲ တလျောက်လုံးဖြစ်တည်လာခဲ့တဲ့ တခြားအခြေအနေတွေကိုလည်း ထည့်သွင်းစဉ်းစားပြော ဆိုဖို့ အထူးလိုပါတယ်။
ပြန်ကြည်လိုက်ရင် တွေ့လာခဲ့ရတဲ့ ထည့်သွင်းတွက်ချက်ရမဲ့ အခြေအနေအဖုံဖုံက
၁။ စစ်တပ်ဟာ မြေပေါ်အတိုက်ခံတွေ အားနည်းချိနဲ့သွားအောင်လုပ်လာခဲ့တာ ၁၉၆၂ စစ်အာဏာသိမ်းပြီး ကတည်းက ဖြစ်ပါ တယ်။ အာဏာဟာ သေနတ်ပြောင်းဝကလာတယ် ဆိုတဲ့ မူကိုဆုတ်ကိုင်ထားနိုင်ဖို့ အခွင့်အလမ်းရှိ ထားပါတယ်။ အတိုက်ခံ တွေ ဘာမှလုပ်မရအောင် ဖန်တီးထားကိုလည်း ထည့်တွက်ဖို့ လိုပါလိမ့်မယ်။ သေးသေးမွှားမွှား လုပ်နေတာ ကိုတောင် ဖမ်း နေတဲ့ အခြေအနေမျိုးကို အတိုက်ခံတွေ ပြည်တွင်းမှာ ရင်ဆိုင်နေရတာ အားလုံးသိပါတယ်။
၂။ ၁၉၆၂ ကတည်း ပညာရေးစနစ် ပျက်စီးယိုယွင်းလာခြင်း။ ဒီမိုကရေစီ လူ့အဖွဲ့အစည်း အတွက်လိုအပ်တဲ့ အတွေးအမြင် အယူအဆများကို ပညာရေးစနစ်အတွင်းမှာ မျိုးဆက်သစ်များအတွက် ပြဌာန်းလေ့လာခွင့် မပေးထားခြင်း။ အခုဆို (၄၆) နှစ် တိုင်လာပါပြီ။
၃။ စာပေ၊ အနုပညာနဲ့ သတင်းမီဒီယာ လောကမှတဆင့် လူထုဆီကို ဒီမိုကရေစီ အတွေးအမြင်များ သွယ်ဝိုက်၍ တောင် မဖြန့်ဖြူးပေးနိုင်ခြင်း။ ရက်ရက်စက်စက် ဖိနှိပ်ခံထားရလို့ ဖြစ်ပါတယ်။ စာတန်းရှင် ကျော်ဝင်းဟာ သူကိုယ်တိုင် စာရေးဆရာ တဦးဖြစ်လို့ လူတွေရဲ့ မျက်စေ့တွေ နားတွေကို ပိတ်ဆို့ထားတဲ့ အတွက်ပေါ်ပေါက်လာတဲ့ ဒီဆိုး ကျိုးတွေကို ပိုနားလည်သူ ဖြစ်ပါလိမ့်မယ်။
၎။ ၁၉၆၂ ကတည်း မြန်မာပြည်ဟာ စီးပွားရေးတစတစနဲ့ ပျက်လာခဲ့တာကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ စီးပွားရေး ကျဆင်းလာတဲ့ ပြည်သူတွေ၊ ထမင်းငတ်နေတဲ့ ပြည်သူ၊ ပညာတပိုင်းတစ ဖြစ်ခဲ့ရတဲ့ ပြည်သူတွေဟာ ဒီမိုကရေစီ အပြောင်း အလဲရဲ့ သဘောသဘာဝ တွေကို ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှု မပါပဲ ဘယ်လိုအပြည့်အ၀ ဆောင်ရွက်နိုင်ပါ့မလဲ။ ဒါကို သိလို့ စစ်တပ်က အရေးကြီးတဲ့ ခေါင်းဆောင်တွေကို အခုအထိ ချုပ်နှောင်ထားခြင်း ဖြစ်ပါတယ်။ အတိုက်ခံတွေကို အားနည်း အောင် လုပ်ထားခြင်းဆိုတဲ့ နံပါတ် (၁) အချက်နဲ့ အပြန်အလှန် ဆက်စပ်နေပါတယ်။
၅။ ဆင်းရဲမွဲတေမှုကြောင့် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီလို့ တင်စားခံရတဲ့ အိန္ဒိယနိုင်ငံမှာတောင် ဆင်းရဲသား အများစုဟာ သူတို့ အခွင့်အရေးတွေ အတွက် နိုင်ငံရေးခေါင်းဆောင်တွေ၊ ဥပဒေအကျိုးဆောင်အဖွဲ့တွေ၊ လူ့အခွင့်အရေး အဖွဲ့ တွေကို အားကိုးနေရတုံး ဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှုနဲ့ ခွဲခြားခံရခြင်းတို့ဟာ ဆက်စပ်နေလို့ဖြစ်ပါတယ်။ မြန်မာ့ လူ့အဖွဲ့အစည်းမှာ လူထုအားကိုးတဲ့ ခေါင်းဆောင်များ ထောင်ထဲရောက်နေတာ သတိပြုဖို့လိုပါတယ်။
၆။ မြန်မာပြည်ဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်တဲ့ တိုင်းပြည်ဖြစ်ပါတယ်။ လွတ်လပ်ရေး ရကတည်းက ဖြစ်လာခဲ့တဲ့ အမျိုးသားရေးပြိုကွဲမှုဟာ အခုအထိ အဆုံးမသတ်နိုင်သေးပါ။ အဲဒီတော့ အမျိုးသားချင်း ပြန်လည် သင့်မြတ်ရေးကို ချန်လှပ် ထားခဲ့ပြီး ဒို့စစ်တပ်က စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ ဖေါ်ဆောင်ပေးနေတယ်။ စကားမများနဲ့ ဒို့ပြောသလိုလုပ်ဆိုပြီး ဗိုလ်ကျ တဲ့အပြုအမူကြောင့် ၂၀၁၀ ရွေးကောက်ပွဲလုပ်ပြီးလည်း မတည်ငြိမ်မှုတွေကို မြေပေါ် မြေအောက် နယ်ပယ်တွေမှာ ဆက် လက်ရင်ဆိုင် ရမှာပါ။ တိုင်းရင်းသား လက်နက်ကိုင် (အပစ်ရပ်နှင့် အပစ်မရပ် သေးသည့်) အဖွဲ့အစည်းများအတွင်း ကိုင်စွဲ ထားသည့် လက်နက်အရေအတွက်ဟာ ရှစ်သောင်းနှင့် တသိန်းအကြားမှာ ရှိနေတယ်လို့ တချို့ကခန့်မှန်းပါတယ်။
၇။ ပထ၀ီနိုင်ငံရေးအရ မြန်မာပြည် ပတ်ပတ်လည်က နိုင်ငံတွေက အစိုးရတွေဟာ လူထုကဒီမိုကရေစီနည်းအရ ရွေးကောက် ထားတဲ့ အစိုးရများမဟုတ်ပါ။ တရုတ်၊ လာအို၊ ဗီယက်နမ်၊ မလေးရှား၊ စင်္ကာပူ၊ ဘရူနိုင်း။ အရင်ကဆိုရင် ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ်ဘောဒီးယား တို့လည်းပါခဲ့ပါတယ်။ မြန်မာပြည်ဟာ အဲသလို အ၀န်းအ၀ိုင်းမှာ နေလာခဲ့ရတာ နှစ်ငါးဆယ် နီးနေပါပြီ။ အဲဒီတော့ နှစ်ဆယ်ရာစု နှောင်းပိုင်းကာလများမှာ အရှေ့ဥရောပက တိုင်း ပြည်တွေမှာ ဖြစ်တည်ခဲ့တဲ့ ကတ္တီပါ တော်လှန်ရေးမျိုး မြန်မာပြည်အတွက် ရှိမလာခြင်းက ဆန်းတယ်လို့ မဆိုနိုင်ပါ။ သင်ခန်းစာယူနိုင်သည့် အချက်များမှ လွဲ၍ ထိုနိုင်ငံများနှင့် မြန်မာပြည်အခြေအနေဟာ ထပ်တူမကျနိုင်ပါ။
၈။ လွတ်လပ်ခွင့်နှင့် ပတ်သက်၍ပြောရပါ မြန်မာပြည်တွင် ဘာလွတ်လပ်ခွင့်မှ မရှိပါ။ ပြောရေးဆိုခွင့်၊ ဝေဖန်ခွင့်၊ မိမိ ဆန္ဒကို ငြိမ်းချမ်းစွာထုတ်ဖေါ်ခွင့်။ ထို့ထက်ဆိုရပါက မြေယာပိုင်ဆိုင်ခွင့်၊ ပုဂ္ဂလိကပိုင်ဆိုင်မှု အခွင့်အရေး၊ မိမိနှစ်သက်ရာ ဒေသတွင် အခြေခြနေထိုင်ခွင့်၊ မိမိနှစ်သက်ရာ အသက်မွေးဝမ်းကျောင်းခွင့်၊ လွတ်လပ်စွာ ခရီးသွားလာခွင့်၊ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေ ခွင့် ဘာဆိုဘာမှ မရှိပါ။ နည်းနည်းလေး ဟပေးထားသည့် အခြေအနေတောင် မရှိပါ။ ထိုအခြေအနေများကို အနည်းငယ်မျှ တောင် ဖွင့်မပေးဘဲ ဘယ်လိုလုပ်၍ ဒီမိုကရေစီအသွင် ကူးပြောင်းမှုကို လုပ်မည်နည်း။
၉။ ထိုင်းနိုင်ငံတွင် ယခင်က စစ်အာဏာရှင်များ အကြိမ်ကြိမ် အုပ်စိုးခဲ့သည်။ ထိုသို့အုပ်စိုးနေသည့် ကာလများ အတွင်း၌ပင် ၁၉၅၇ ကတည်းက စီးပွားရေး စတင်ကောင်းလာခဲ့သည်။ ဂျီဒီပီ တနှစ်လျင် ၇% မှန်မှန်တိုးတက် လာနေသည်မှာ အဲသည့် နှစ်များကတည်းက။ သတင်းမီဒီယာများ အဲသည့်ခေတ်ကတည်းက အတော်လေး စတင်လွတ် လပ်လာခဲ့သည်။ လူတွေ ပြောရေး ဆိုခွင့်ရှိလာခဲ့သည်။ မြန်မာစစ်အစိုးရများကတော့ စီးပွားရေးကောင်းအောင်လည်း ဦးမဆောင်နိုင်၊ လွတ်လပ်မှု ကိုလည်း ဖွံ့ဖြိုးခြင်း၏ အုတ်မြစ်ဆိုသည်ကို မသိ။ သူတို့အိပ်ပျော်နေသည်မှာ နှစ်တွေမ နည်းတော့။
ပြန်ကောက်ရပါက မြန်မာပြည်တွင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု တစ်ဆို့နေခြင်းသည် အတိုက်ခံအဖွဲ့အစည်းများ ကြောင့် ဖြစ်ရသည်ဟု စွပ်စွဲပါက လုံးလုံးမှားသည့် ချဉ်းကပ်မှုဖြစ်ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရန် အတွက် အထက်တွင် တင်ပြထားသည့် လိုအပ်သည့် လက္ခဏာများ တိုင်းပြည်အတွင်း တိုးတက်ဖွံ့ဖြိုးမလာခဲ့ ခြင်းကသာ အဓိက ပြဿနာဖြစ်သည်။ ထိုလိုအပ်သော အရင်းအမြစ်ကျသော လက္ခဏာများ တိုးတက်မလာခြင်းသည် (၄၆) နှစ် ကျော် အုပ်ချုပ်နေဆဲ ဖြစ်သော စစ်တပ်အစိုးရ၏ တာဝန်သာ ဖြစ်သည်။ ဘာမှ လွတ်လပ်မှုမရှိသည့် စစ်ဖိနပ်သံခွါ အောက်တွင် တိုးတက်ဖွံ့ဖြိုး၍ ဒီမိုကရေစီ အသွင်ကူးပြောင်းသွားသော တိုင်းနိုင်ငံဟူ၍ တနိုင်ငံမှ မရှိသေးပါ။
ပါမောက္ခ အမာတရာဆန်၏ ချဉ်းကပ်မှုအရ ပြန်လည်တင်ပြရပါက တိုင်းပြည်တပြည် တိုးတက် ဖွံ့ဖြိုးဖို့အတွက် မလွတ်လပ် သည်များ (Unfreedom) ကို တချပ်ခြင်း တလွှာခြင်း အရင်ဖွင့်လှစ်သွားဖို့ လိုသည်ဟု ဆိုထားပါတယ်။ ဘာတခုမှ မလွတ် သည့် အခြေအနေအောက်တွင် ဒီမိုကရေစီလည်းဖြစ်မလာပါ။ ဆင်းရဲတွင်းကလည်း လွတ်အောင် မရုန်းနိုင်ပါ။ အုပ်ချုပ်သည့် လူတန်းစားက ဒီသဘောကို နားလည်သည့် လူမျိုးတွေ ဖြစ်ဖို့လိုပါတယ်။ မြန်မာပြည်တွင် လွတ်လပ်ခြင်းတံခါးများကို အုပ်ချုပ်သူများက တချပ်ခြင်းတလွှာခြင်း စတင်ဖွင့်လှစ်နေပလား ဆိုတာကို ပြန်ကြည့်တော့လည်း တံခါးများအားလုံး ပိတ် ထားဆဲ။ မြန်မာပြည်ရှိ ဗိုလ်ချုပ်များ၌ တိုးတက်ဖို့အတွက် လွတ်လပ်မှု လိုတယ်ဆိုတာကို လက်မခံသော သူတွေကအများစု ဖြစ်နေပါတယ်။ ဒါကြောင့် စစ်အစိုးရ၏ စီးပွားရေးစနစ်ကို ဝေဖန် ထောက်ပြခဲ့သော ဗိုလ်ချုပ်ဇော်ထွန်းသည်ပင် ပြုတ်သွား ခဲ့တာ မှတ်မိကြဦးမှာပါ။
တံခါးများကို ပိတ်ထားသ၍ တိုက်ပွဲများကတော့ ရှိနေဦးမှာ မလွဲပါ။ တိုက်ပွဲဝင်သူများမှာ အပြစ်ရှိသည်၊ မပါးနပ်၊ နည်းနာ မကျွမ်းကျင်ဟု စာတန်းရှင်ကျော်ဝင်းလို စွပ်စွဲမည့်သူများ ပေါ်လာတာကိုလည်း တွေ့ရဦးမှာပါ။ ဖြစ်နိုင်ပါက မြန်မာပြည်သူ တွေလည်း အရှေ့ဥရောက နိုင်ငံတွေလို ချောမွေ့စွာ အသွင်ကူးပြောင်းခြင်းကို လိုလားမှာ အမှန်ဖြစ် ပါတယ်။ သို့သော် အုပ်စိုးသူ တွေကိုယ်တိုင်က စကားပြောလိုစိတ် မရှိသရွေ့ တိုက်ပွဲတွေက နေရာအနှံ့မှ ပုံစံမျိုး စုံဖြင့် ၀ီခေါ်၍ လာနေဦးမှာပင်။
ဇော်မင်း (လူ့ဘောင်သစ်)
၁၈၊ ၀၃၊ ၂၀၀၈
Tuesday, March 18, 2008
ဘယ်သူ့ကြောင့်လဲ
Posted by ရွက်မွန် at 7:30 PM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
2 comments:
ဒီစာတမ်းရေးသူဟာ စာရေးဆရာ ကျော်ဝင်း အမှန်တကယ် ဟုတ်ပါသလား။ ကျနော့်အထင်တော့ မဟုတ်ဘူး ထင်တာပဲ။ ဒီမိုသမားတွေကြားမှာ ၀ိဝါဒတွေများအောင် ထင်ယောင်ထင်များဖြစ်အောင် နာမည်ဆင်တူနဲ့ ကိုကျော်ဝင်း ဆိုပြီး လုပ်လိုက်တယ် ထင်ပါတယ်။ ခုတလော ကောလာဟလတွေ စနစ်တကျ ပြန့်နှံ့နေတာကို ကြည့်ရင် အုပ်စုတခုက ရည်ရွယ်ချက်ရှိရှိ လုပ်နေတာ ထင်ရှားပါတယ်။
ဝင်းပေါ်မောင်
Hello. This post is likeable, and your blog is very interesting, congratulations :-). I will add in my blogroll =). If possible gives a last there on my blog, it is about the SBTVD, I hope you enjoy. The address is http://sbtvd.blogspot.com. A hug.http://sbtvd.blogspot.com/
Post a Comment