ရွက်မွန်စာမျက်နှာ

Monday, March 10, 2008

သံချပ်အသံလော၊ ဆန္ဒအမှန်လော (အက်ဆေး)

ဆောင်း
နှောင်း၍ နွေဦးရက်များကား လာချေပြီ။ xxx နွေအကူး xxx လေရူးတွေလည်း မြူးပြီလေ xxx ကံ့ကော်တွေလည်း ဖူးနေ xxx သစ်ရွက်ကြွေမြေမှာလူးကာ xxx ဥသြငှက်တွေတွေ့တော့ xxx ချစ်ရက်တွေရှည် xxx ဟူသည့် တေးတစကို လွမ်းညည်း ညည်းမိသည်။ နွေရာသီပွဲတော်များထဲမှ အထင်ကရပွဲတော်တခုဖြစ်သည့် သင်္ကြန်ပွဲတော်ကို စိတ်ကူးဖြင့် ပုံဖော် ကြည့်မိ သည်။ အနှစ် (၂၀) စာမျှ ငဲ့စောင်းကြည့်ရသည့် ခရီးသည် ဝေးလွန်းလှ၍ထင်သည်။ မြင်ကွင်းသည် သဲသဲကွဲကွဲ မရှိ လှ။ သို့သော်ငြား ရေးရေးမျှ မြင်ရသည်ဆိုရုံ ထင်ရသည့် မှုန်မှုန်မွဲမွဲ မြင်ကွင်းထဲ၌ ရင်ခုန်သံက စည်းချက်လိုက်ပေးနေ၍ ထင် သည်။ မြင်ကွင်းသည် ဝေးရာမှ နီးလာသည်။ မှုန်မွဲရာမှ သဲကွဲလာသည်။ သင်္ကြန်သည် ရင်ဘတ်ထဲ၌ ဒုန်းဒုန်းခုန်နေ၍ ၀င်းဝင်း ၀ါသည့် ပိတောက်သည် အာရုံထဲ၌ မြမြမွှေးနေတော့သည်။

နွေဦးရောက်တိုင်း သင်္ကြန်ရနံ့ရ၍ သံချပ်သံများ ကြားနေမိတတ်သည်။ တချို့စော၍၊ တချို့နောက်ကျ နေနိုင်သော်ငြား သင်္ကြန် မိုးတဖြိုက်ကြောင့် ပင်လုံးမျှသော ပိတောက်များကား ဖူးကြပွင့်ကြ၍ မွှေးကြမြကြပေဦးတော့မည်။ ဤအချိန်ဆိုလျှင် သင်္ကြန်ယိမ်းအဖွဲ့များ ယိမ်းတိုက်၍ သံချပ်အဖွဲ့များ သံချပ်တိုက်ကြပေမည်။ အနေတော် အိမ်ကလေးတလုံးထဲ၌ အနုပညာ ရှင်များ ယိမ်းတိုက်နေ၊ သံချပ်တိုက်နေကြသည်ကို မမြင်ကြရသော်ငြား အသံများကိုမူ တရပ်ကွက်လုံး ကြားကြရပေမည်။ ကောင်မလေးများက အမတော်ကြီးများ ယိမ်းတိုက်သည်ကို ပြတင်းပေါက်မှ ချောင်းကြည့်၍ တုပကာ ကကြမည်။ ကောင် ကလေးများက နောင်တော်ကြီးများ သံချပ်တိုက်နေသည်ကို အိမ်နံဘေးမှနားစွင့်၍ မပီကလာဖြင့် သံချပ်လိုက်ထိုးကြမည်။ လူကြီးများက ဒီအတိုင်၊ ဒီအဖောက်မျိုးကတော့ ဆုရမယ့်အကွက်ပဲဟု တစ်ပေးကြ၍ ဒီအတိုင်၊ ဒီအဖောက်မျိုးကတော့ ဆင်ဆာမိမယ့်အကွက်ပဲဟု မှန်းဆကြမည်။ ပြိုင်ပွဲဝင်ကြမည့် သံချပ်ကားကြီးများ ပြင်ဆင်နေပုံကိုလည်း ကလေးများက အပြေး အလွှားသွားကြည့်ကြ၍ လူကြီးများအား ဖောက်သည်ချကြမည်။ ထိုအခါ “ဒီအပြင်အဆင်မျိုးနဲ့သာ ဆိုလို့ကတော့ စွယ်စုံတောင် ၀င်မယ့်ပုံပဲဟေ့”ဟု မှတ်ချက်ပေးကြမည်။ သေချာသည်မှာ သံချပ်သံများကို လူတိုင်း၏ နှုတ်ဖျားဆီမှ တိုးတိုး တဖုံ၊ ကျယ်ကျယ်တသွယ် ကြားကြရလေ့ ရှိတတ်ခြင်းပင်ဖြစ်သည်။

တနေ့သားမတော့ ကျနော်သည် အလွမ်းဓာတ်ခံနှင့် နိုးကြွလာသည့် ရှေးဟောင်းနှောင်းဖြစ်များကို ဆွေးဆွေးမြေ့မြေ့ ရှိလှ သည်နှင့် ဘေးစားပွဲမှ လုပ်ဖော်ကိုင်ဖက်တဦးနှင့် စကားစမြည်ပြော၍ ဖြေဖျောက်ရန် ကြိုးစားကြည့်ဖူးသည်။ သို့နှင့် ကျနော့် ဘေးစားပွဲ၌ အလုပ်လုပ်နေသည့် လူငယ်လေးတဦးကို စကားစလိုက်မိသည်။ သူသည် ကွန်ပြူတာတက္ကသိုလ်မှ ကျောင်းပြီး၍ ငွေစာရင်းဌာနတွင် အလုပ်လုပ်နေသူဖြစ်သည်။ ၁၉၈၈ ခုနှစ်တုန်းက သူငယ်တန်းကျောင်းသားအရွယ်လေး ဖြစ်သဖြင့် ကျနော် တို့၏ နောက်မျိုးဆက်ဟု ဆိုလျှင်ရမည်ထင်သည်။ ငယ်ဂုဏ်နှင့်အညီ လျင်မြန်သွက်လက်၍ ထူးချွန် ထက်မြက်မှု အပြည့်နှင့် သူ့ကိုတွေ့ရသည်မှာ ပြန်မရနိုင်တော့သည့် အရာတခုကို ကြည့်နေရသည်နှင့်ပင် တူလှတော့သည်။

ကျနော်က လွမ်းလွမ်းဆွေးဆွေးနှင့် ကျနော်တို့ ငယ်ဘ၀ သင်္ကြန်တွေအကြောင်း ပြောဖြစ်သည်။ ကျနော်က အားတက်သရော ပြောနေသော်လည်း ထိုလူငယ်လေးသည် မကြားဘူးသည့်အကြောင်းအရာတခုကို နားထောင်နေရသဖြင့် တအံ့တသြ ဖြစ်နေ ရုံထက်မပို။ ကျနော်မျှော်လင့်ထားသည်က သူ့ဆီမှ ကျနော့်နည်းတူ အလွမ်း၊ ကျနော့်နည်းတူ အဆွေး။ သို့သော် ဖြစ်မလာ။ ကျနော်ကသာ ရင်ခုန်ခြင်းကြီးစွာဖြင့် တသသပြောနေသော သင်္ကြန်သည် သူ့အတွက် ဒဏ္ဍာရီဆန် နေပုံရသည်။ စကား ပြောရပ်ပြီး တအံ့တသြ ပြန်ကြည့်နေမိသည့် ကျနော့်အကြည့်ကို နားလည်ပုံရသည့် လူငယ်လေးသည် ကျနော့်ကို သူတို့၏ ငယ်ဘ၀အကြောင်းများ ပြောပြပါသည်။

သူ သိတတ်စအရွယ်ကတည်းက (ကျနော်ပြောသလို) ခြိမ့်ခြိမ့်သဲ ကျင်းပသည့် ပွဲလမ်းကြီးငယ်များ မရှိတော့ဟု သိရသည်။ ကျနော်တို့တုန်းကလို ရပ်ကွက်လိုက် အပျော်တမ်းတီးဝိုင်းများ၊ ပလေးဘွိုင်းကဲ့သို့သော ဒိတ်ဒိတ်ကျဲ တီးဝိုင်းကြီးများ၏ တီးခတ်ဖျော်ဖြေမှုများ မရှိတော့ဟု သိရသည်။ ရပ်ကွက်၊ မြို့နယ် အားကစားကွင်းကြီးငယ်များထဲတွင် ထိုင်ခုံများခင်း၍ တီး ခတ်ဖျော်ဖြေမှုများကို စစ်အစိုးရက ပိတ်ပင်လိုက်သဖြင့် ဟိုတယ်ကြီးများ၌ တန်ရုံသင့်ရုံခမ်းမတခုငှား၍ တီးခတ် ဖျော်ဖြေ ကြရသည်ဟု သိရသည်။ ကျနော်တို့တုန်းက ကွင်းပြင်ကျယ်ကြီးများတွင် အဆိုတော်သုံးလေးဆယ် ပါဝင်သည့် တီးဝိုင်းကြီး များသည် လူအများလည်းကြည့်ရှုနိုင်သလို၊ ဂီတပညာရှင်များအနေဖြင့်လည်း ပရိတ်သတ် (လူထု) နှင့် ထိတွေ့ ခွင့် ရရှိ နိုင်ကြသည်။ သို့သော် သူတို့ခေတ်တွင်မူ ထိုင်ခုံ (၁၀၀) ကျော်မျှသာဝင်ဆံ့သည့် ဟိုတယ်ခမ်းမတခုထဲ၌ ရုံဝင်ခများ ဈေးနှုန်း မြှင့်၍ ရောင်းချရသဖြင့် လူအများဝင်မကြည့်နိုင်ကြတော့။ ပရိတ်သတ်အရေအတွက်လည်း သုံးလေးရာထက် မပိုသလို အဆိုတော်အရေအတွက်လည်း လေးငါးဆယ်ဦးထက်မပိုတော့သည့် တေးဂီတဖျော်ဖြေမှုများသည် လူတန်းစား တရပ်သာ ခံစားနိုင်တော့သည့် ဇိမ်ခံပစ္စည်းတခုနှယ်ဖြစ်သွားရတော့သည်။ ကျနော်တို့တုန်းကဆိုလျှင် လက်မှတ်မ၀ယ်နိုင် လျှင် ထိုင်ခုံမှ ကြည့်ခွင့်မရသည်မှလွဲ၍ စင်နံဘေးမှ ရပ်ကြည့်နိုင်သည်။ ကိုယ့်အိမ်မှ ခုံ၊ ဖျာ စသဖြင့်ယူလာ၍ ဘေး၌ခင်း၍ ကြည့်နိုင်သည်။ အိမ်ဝရန်တာပေါ်မှ ကြည့်နိုင်သည်။ ယုတ်ဆွအဆုံး အိပ်ယာထဲမှပင် နားထောင်နိုင်သေးသည်။

ကျနော်ပြောသည့် သင်္ကြန်မဏ္ဍပ်ကြီးများ၊ စတုဒီသာမဏ္ဍပ်ကြီးများ၊ ရေပက်ခံမဏ္ဍပ်ကြီးများသည်လည်း ရှိသည်ဆိုရုံမျှလွဲ၍ မြို့လုံးပါတ်လည် မရှိကြတော့။ အထူးသဖြင့် သင်္ကြန်ဆုပေးမဏ္ဍပ်များနှင့် သင်္ကြန်သံချပ်ကားများ လုံးလုံးမရှိကြတော့ခြင်း ပင်။ ကျနော်တို့တုန်းကဆိုလျှင် နေ့ဘက်၌ ရေပက်ခံထွက်၍ ညဘက်၌ ဆုပေးမဏ္ဍပ်များသို့လှည့်၍ သံချပ်ထိုးကြသည်ကို ကြည့်ကြရသည်မှာ ခုထိအမှတ်ရကောင်းနေဆဲပင်။ ဌာနဆိုင်ရာများ၊ မြို့နယ်/ရပ်ကွက်များအလိုက် ဆုပေးမဏ္ဍပ်ကြီးငယ် များမှာ မြို့လုံးပါတ်လည်မဆုံး။ မြို့တော်ခမ်းမရှေ့မှ ဆုပေးမဏ္ဍပ်ကို ဗဟိုမဏ္ဍပ်ဟု ခေါ်ကြသည်ထင်သည်။ ထိုမဏ္ဍပ်များ တွင် သက်ဆိုင်ရာ မဏ္ဍပ်ရှင်များက သင်္ကြန်ယိမ်း၊ တပင်တိုင်ယိမ်းအကတို့ဖြင့် ဧည့်ခံ၍၊ သံချပ်ကားများက ကိုယ်ပိုင်သံချပ် များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ လူကြိုက်များ၍ ထင်ရှားသည့် သံချပ်ကားများ၊ သံချပ်အဖွဲ့များမှာ “အနန္တစွမ်းအားရှင်”၊ “ပြီးပါပြီ”၊ “ဒိုးဒိုးဒေါက်ဒေါက်” စသဖြင့် အများအပြားရှိကြသည်။ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်သည်ပင်လျှင် သံချပ် အဖွဲ့သားတဦး ဖြစ်ခဲ့ဖူးသည်ဟု ကျနော့်ဇနီးက ပြောပါသည်။

သံချပ်အဖွဲ့များကလည်း တနေ့ထက်တနေ့၊ တနှစ်ထက်တနှစ် မရိုးရလေအောင် ဆန်းသစ်တီထွင်၍ တင်ဆက်ကြသည်။ သံချပ် များသည် ဘုန်းတော်ဘွဲ့များကို မသီကျူးကြ။ စောစောက သင်္ကြန်မဏ္ဍပ်ကြီးသည် လူမှုဇာတ်ခုံကြီး ဖြစ်လာသည်။ နိုင်ငံရေးစနစ်အကြောင်း၊ စီးပွားရေးစနစ်အကြောင်း၊ ပညာရေးစနစ်အကြောင်း၊ ကုန်ဈေးနှုန်းအကြောင်း၊ လူနေမှုစနစ် အကြောင်း၊ အစိုးရဌာနဆိုင်ရာများအကြောင်း အကွက်ကျကျ ထောက်ပြကြသည်။ စောစောက သင်္ကြန်မဏ္ဍပ်ကြီးသည် “ပွဲတော်”တခု၊ “ဖျော်ဖြေတင်ဆက်မှု”တခုထက်ကျော်လွန်၍ ဟစ်တိုင်တခု ဖြစ်သွားသည်။ လူထု၏ ရင်ဘတ်ကို သူတို့၏ အနုပညာအစွမ်းနှင့် ပေါင်းကူး၍ ဟစ်ကြွေးကြသည်။ လူထု၏ လူမှုဒုက္ခအ၀၀ကို မီးမောင်းထိုးပြကြသည်။ လူထုသည် သံချပ်ထိုးနေကြသူများကို သူတို့ကိုယ်စားပြောနေကြသူများ၊ သူတို့၏ ကိုယ်ပွားများဟု မြင်လာကြသည်။ လူထု၏ ဆန္ဒနှင့် လူထု၏ခံစားချက်များကို ထုတ်ဖော်ပြသသည့် သံချပ်များသည် ဌာန်ကရိုင်းအကျဆုံး ဘာသာစကားတခု (သို့) စိတ်၌ စွဲမြဲ ထင်ကျန်ရစ်စေဆုံးသော အနုပညာထုတ်လုပ်မှုတခုဟုပင် ဆိုနိုင်မည်လောမပြောတတ်။

ထို့ကြောင့်ပင်ထင်သည်။ န၀တ/နအဖ စစ်အစိုးရလက်ထက်တွင် လူအများစုဝေးစေမည့် ပွဲလမ်းကြီးငယ်များနှင့် လူထု၏ ဆန္ဒ နှင့် ခံစားချက်တို့ကို ပေါင်းရုံးဖော်ပြနိုင်စွမ်းသည့် သင်္ကြန်သံချပ်များအား ပိတ်ပင်ပစ်ခဲ့ခြင်းဖြစ်ပေမည်။ ဖွင့်ပေးထားလျှင် ရပ်ကွက်တိုင်းရပ်ကွက်တိုင်း၌ သံချပ်တိုက်ကြမည်။ ဤသံချပ်တိုက်သံများက လူအများ၏နှုတ်ဖျား၌၊ လူအများ၏ စိတ်ထဲ၌ စွဲထင်စေလိမ့်မည်။ လူထု၏ရင်ဘတ်နှင့် ပညာရှင်များ၏ အနုပညာစွမ်းအားတို့ ပေါင်းကူးမိသွားခဲ့ပါက လူထု၏ဆန္ဒနှင့် လူထု၏ ခံစားချက်များ မုချပေါ်ထွက် လာပေလိမ့်မည်။ ထုနှင့်ထည်နှင့် ရှိသည့် လှုပ်ရှားမှုတရပ်အနေဖြင့်လည်း ပေါ်ထွက်လာ နိုင်သလို၊ ဆန္ဒခံယူပွဲပြုလုပ်မည့် ယနေ့လိုကာလမျိုး၌ဆိုပါက (သံချပ်ထိုးခွင့်မရှိသဖြင့်) “ကန့်ကွက်မဲပြားများ”အဖြစ်နှင့် လည်း ပေါ်ထွက်လာနိုင်ပေသည်။ သံချပ်သာထိုးခွင့်ရမည်ဆိုပါက သံချပ်သံသည် ဆန္ဒအမှန်ပင် ဖြစ်ရချေရော့မည်ထင်၏။

ရပ်ဝေးရှိ မိတ်ဆွေတဦးဆီမှ “ဒီသင်္ကြန် အိမ်ပြန်လိုက်ဦးမယ်ဗျာ”ဟု ရေးထားသည့် စာလေးတစောင်ဖတ်ရသည်။ အလုပ်မှ ခွင့်ယူ၍ ရင်ခွင်တခုဆီ အပြေးခိုလှုံရသည့် သူ့အဖြစ်ကို စာနာနားလည်မိသည်။ သူလည်း xxx သမုဒယနှင့် ကြိုးမဲ့ချည်တိုင်ကို xxx ဟူသည့် တေးတစကို လွမ်းညည်းညည်း နေမည်လားမပြောတတ်။ ကျနော့်စိတ်တွင်မူ တခုခုကို ကြားနေမိသလိုရှိသည်။ တေးသံတော့ မဟုတ်တာသေချာသည်။ သို့သော် သံချပ်သံလား၊ ဆန္ဒအမှန်လား ဟူသည်ကိုမူ မသဲကွဲ။ ကြားတော့ ကြားနေ ရသည်။ နွေဦးလေပြေသည် မိုးရိပ်မိုးငွေ့တို့ကို သယ်ဆောင်၍ ချမ်းမြေ့အေးမြစေမည်လော၊ နွေဦးလေရူးသည် သင်္ကြန် ရနံ့ တို့ကို သယ်ဆောင်၍ သင်းပျံ့မွှေးမြစေမည်လော မပြောတတ်။ တခုခုတော့ တခုခုပင်။

အောင်မော်ဦး
မတ်၊ ၉၊ ၂၀၀၈။

(စာကြွင်း။ ခေတ်အဆက်ဆက် သင်္ကြန်သံချပ်များဖြင့် လူထု၏ဆန္ဒ၊ လူထု၏ခံစားချက်တို့ကို လူထုကိုယ်စား ထင်ဟပ် ဖော်ပြ ပေးခဲ့ကြ၊ ပေးနေကြသည့် အနယ်နယ်အရပ်ရပ်မှ အနုပညာရှင်များအနေဖြင့် ယနေ့ကာလတွင်လည်း ရှေးနည်းတူပင် “သံချပ်သံဖြင့် ဆန္ဒအမှန်”ကို ထုတ်ဖော်ပြသပေးကြလိမ့်ဦးမည်ဟု ယုံကြည်မျှော်လင့်လျှက်…..)

1 comment:

Unknown said...

Yeah, we really want to get the real will of people.
But.... a lot of barriers in front of voting process.
Today I sent the letter to Ban Kee Mon to go to Myanmar to solve it out.

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.