ရွက်မွန်စာမျက်နှာ

Monday, March 10, 2008

ကန့်ကွက်မဲသာ ဖြစ်ပါစေ၊ ပယ်မဲ မဖြစ်စေရပါ


၉၆၂ ခုနှစ်မှာ အရပ်သားအစိုးရကို နိုင်ငံရေးဇာတ်ခုံပေါ်က ဖယ်ရှားခဲ့တဲ့ ဗိုလ်နေ၀င်းဟာ ၁၉၇၄ ခုနှစ်မှာ စစ်တပ်ကို စစ်တန်း လျား ပြန်ပို့ခဲ့ဖူးပါတယ်။ ခုလည်း ဒီနည်းနဲ့ နအဖဗိုလ်ချုပ်ကြီးတွေက စစ်တပ်ကို စစ်တန်းလျားပြန်ပို့ဖို့ ကြိုးစားနေ ကြပါတယ်။ ပိတ်ချည်တခါ၊ ဖွင့်ချည်တလှည့် အမျိုးသားညီလာခံကြီးနဲ့ စိမ်ပြေနပြေဆွဲနေတဲ့ “ခေတ်သစ်ကျေးကျွန်ဥပဒေ” ဆိုတာကြီး အတည်ပြုနိုင်/မပြုနိုင်တော့ မပြောနိုင်ပါဘူး။ စစ်ဘက်ကပုဂ္ဂိုလ်တွေနဲ့ချည်း အုတ်မြစ်ချထားတဲ့ အုပ်ချုပ်ရေး ယန္တရားကြီး တိုင်းပြည်မှာ အခြေတကျလည်ပတ်နေခဲ့တာ ပင်နယံတွေတောင် သွေးရည် တော်တော်ဝနေ ကြပါပြီ။ ခု အဲဒီ ယန္တရားကြီးကို ခေါင်းပေါင်းဆောင်းပြီး မောင်းနှင်ဖို့ စိုင်းပြင်းနေကြပြန်ပါပြီ။ ကျေးလက်အုပ်ချုပ်ရေးပါမကျန် စစ်ဗိုလ်တွေကို ယူနီဖောင်း ချွတ်တဲ့နည်းနဲ့ အဆင့်ဆင့် အစားထိုးပြီးတဲ့အခါ အမြင့်ဆုံးဖြစ်တဲ့ အစိုးရနေရာကို ထိပ်တန်းဗိုလ်ချုပ်ကြီးတွေ ကိုယ်တိုင် ယူနီ ဖောင်းချွတ်တဲ့နည်းနဲ့ အစားထိုးဖို့ စိုင်းပြင်းနေကြပြန်ပါပြီ။

ပြည်တွင်းက မိတ်ဆွေတဦးက “တကယ်လို့ မေဆန္ဒခံယူပွဲသာ သူတို့မျှော်လင့်ထားသလို အသာရခဲ့ရင် စစ်ဗိုလ်ချုပ်တွေ ယူနီ ဖောင်းချွတ်ပြီး ရွေးကောက်ပွဲဝင်ကြလိမ့်မယ်ထင်တယ်”လို့ သူ့အမြင်ကို ပြောပါတယ်။ ဆိုလိုတာက ၁၉၇၄ ပုံစံမျိုး (မဆလ+ စစ်တပ်) နဲ့ ဦးနေ၀င်း၊ ဦးစန်းယု စသဖြင့်က သမတလုပ်တာမျိုး။ ခုလည်း (တစည+စစ်တပ်)နဲ့ ဦးသန်းရွှေ၊ ဦးမောင်အေး စသဖြင့်က သမတလုပ်တာမျိုး စခန်းသွားကြမယ့်ပုံလို့ ယူဆနိုင်ဘွယ်ရာရှိနေပါတယ်။

ဒီအချက် ဖြစ်နိုင်ချေရှိသလားဆိုတော့ အချက် (၄) ချက်နဲ့ သွားပြီး အံဝင်နေတာ တွေ့ရပါတယ်။ (၁) ဗိုလ်ချုပ်အောင်ဆန်း ပြောဖူးတဲ့ နိုင်ငံရေးလုပ်မယ်ဆိုရင် ယူနီဖောင်းချွတ်ရမယ် (စစ်တပ်ကို နိုင်ငံရေးမှာ ကင်းရှင်းစေချင်တဲ့စေတနာနဲ့ ဗိုလ်ချုပ် က ပြောခဲ့တာဖြစ်ပေမယ့် လက်ရှိစစ်အစိုးရအနေနဲ့ဆိုရင်တော့ ဘီလူးမျက်နှာဖုံးကို ခွာချတာမျိုးပါ) ဆိုတဲ့အချက်။ (၂) အာဏာသိမ်းထားတဲ့ စစ်အစိုးရအဖြစ်ကနေ အရပ်သား အစိုးရအဖြစ် (မင်းသား မျက်နှာဖုံးစွပ်ပြီး) အသွင်ပြောင်းနိုင်တဲ့ အချက်။ (၃) အနှစ်(၂၀)လုံးလုံး အာသာငမ်းငမ်းဖြစ်နေတဲ့ “တရားဝင်မှု” (Legitimacy) ရရှိနိုင်လိမ့်မယ်ဆိုတဲ့အချက်။ (၄) အတိုက်အခံပါတီတွေကိုဖယ်ရှားပြီး (တစည) တပါတီ အာဏာရှင်စနစ်ကို ခိုင်ခိုင်မာမာ ထူထောင်နိုင်လိုက်တဲ့အချက်။

သူတို့လုပ်နေတဲ့ အမျိုးသားညီလာခံကြီး ဂျာအေး သူ့အမေရိုက်ဖြစ်နေတယ်လို့ ကျနော်တို့က ထင်ခဲ့ကြပါတယ်။ တကယ်က အဲဒီလိုထင်အောင် လုပ်ထားတာကိုက ထောင်ချောက်တခု ဖြစ်နေပါတယ်။ ကျနော်တို့ကို အဲဒီ ထောင်ချောက်ထဲထည့်ပြီး စစ်တပ်က အလုပ်(၂)ခုကို မပျက်မကွက် လုပ်နေခဲ့ပါတယ်။ တခုက နိုင်ငံရေးဖြစ်စဉ်ကို ရှေ့မတိုး နောက်မဆုတ်စေတဲ့ နည်းနဲ့ တန့်နေအောင် ထိန်းချုပ်ထားတာပါ။ ဆိုကြပါစို့။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ပြောတော့ လွှတ်ပေးပါတယ်။ ဒါနဲ့ ကျနော်တို့က နောက်တဆင့်တိုးပြီး တွေ့ဆုံဆွေးနွေးရေးကိုပြောတော့ ဟန်ပြ တွေ့ဆုံဆွေးနွေးပေးပါတယ်။ တခါ ကျနော် တို့က အာဏာလွှဲပေးဖို့ပြောတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ဖမ်းလိုက် ပါတယ်။ ဒီတော့ ကျနော်တို့က စောစောက ပြော ခဲ့တဲ့ အာဏာလွှဲပေးရေးတို့၊ တွေ့ဆုံဆွေးနွေးရေး တို့ဆိုတာတွေကို ဘေးချိတ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးဖို့ အစ ကနေပြန်ပြောကြရပါတယ်။ အနီးစပ်ဆုံး ဥပမာကတော့ ကုန်ဈေးနှုန်းကျဆင်းရေးနဲ့ သံဃာလှုပ်ရှားမှု တုန်းက တောင်းဆိုခဲ့ တဲ့ တောင်းဆိုချက်တွေကိုဘေးချိတ်ပြီး မင်းကိုနိုင်တို့ကို ပြန်လွှတ်ပေးဖို့ ပြောနေရတာမျိုးပါ။ ဒီနည်းနဲ့ အရေးကိစ္စသစ် (New Issue) တခုကို မူလအရေးကိစ္စ (Former Issue) တခုနဲ့ ပြန်ထပ်ပစ်၊ ပြန်ဖုံးပစ်နေခဲ့တာပါ။ ဒီနည်းနဲ့ ကျနော်တို့ကို ဂျာအေး သူ့အမေရိုက်ဖြစ်နေအောင်၊ ဒုံရင်းကိန်း ပြန်ပြန်ဆိုက်နေအောင် ကျုံးသွင်းထားခဲ့တာပါ။

နောက်တခုက သူ့ဘက်က ပြင်ဆင်စရာရှိတာတွေကို တတ်နိုင်သမျှမလစ်ဟင်းရလေအောင် စိတ်ကြိုက်အချိန်ယူ ပြင်ဆင် နေခဲ့တာပါ။ ဆိုကြပါစို့။ ရပ်/ကျေး/မြို့/ပြည်နယ်/တိုင်း စသဖြင့် အုပ်ချုပ်ရေးနယ်ပယ်တွေအားလုံးမှာ အရပ်ဘက်က သြဇာ တက္ကိမ ရှိကြသူတွေကို ဖယ်ရှားပြီး စစ်ဘက်က ပုဂ္ဂိုလ်တွေနဲ့ချည်း အစားထိုးအုပ်ချုပ်လာခဲ့တာ ဆယ်စုနှစ်တစု မကတော့ ပါဘူး။ (တိုင်းပြည်ကြီး စစ်အုပ်ချုပ်ရေးအောက် ရောက်နေခဲ့တာပါ)။ ဆိုကြပါစို့။ ၀န်ကြီးဌာနတွေနဲ့ အခြားသော ဌာနဆိုင်ရာ တွေမှာလည်း သက်ဆိုင်ရာ ပညာရှင်တွေကို ဖယ်ရှားပြီး စစ်ဘက်က ပုဂ္ဂိုလ်တွေနဲ့ချည်း အစားထိုး စီမံခန့်ခွဲ လာခဲ့တာ ဆယ်စု နှစ်တစုမကတော့ပါဘူး။ (တိုင်းပြည်ကြီး တစတစ အရည်အသွေးကျဆင်းလာပြီး တနေ့ထက်တနေ့ ချွတ်ခြုံကျရတော့တာပါ)။ စစ်တပ်ဟာ အမျိုးသားညီလာခံဆိုတဲ့ ဇာတ်ကားကြီးကိုထိုးထားပြီးတော့ အဲဒီပိတ်ကား နောက်ကွယ်မှာ အုတ်မြစ်တွေ အခိုင် အမာ ချနေခဲ့တာပါ။ ရှိရှိသမျှ ဌာနနေရာ မှန်သမျှကို စစ်ဘက်က ပုဂ္ဂိုလ်တွေနဲ့ချည်း အုပ်စီးထားနှင့်ပြီလို့တောင် ဆိုနိုင်ပါ တယ်။ (နောင်ဆို စစ်ဗိုလ်တွေ ကျောင်းထိုင်ဘုန်းကြီးတောင် ၀င်လုပ်နိုင်ပါတယ်)

မေ၊ ဆန္ဒခံယူပွဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲလုပ်မယ်လို့ ဆိုင်းမဆင့်ဗုံမဆင့် ကြေညာလိုက်တာဟာ အဆက်အစပ်မရှိဘူးလို့ ထင် စရာပါပဲ။ တဘက်မှာလည်း (၁) ဖိအားမျိုးစုံနဲ့ အကျပ်အတည်းမျိုးစုံက တကဲ့ကိုပဲ လမ်းဆုံးရောက်အောင် တာသွား ခဲ့ပြီလား ဆိုတဲ့အချက်နဲ့ (၂) စစ်အစိုးရအဖို့ သူ့အတွက် လုံလောက်တဲ့ ပြင်ဆင်ချိန်ကို လုံလုံလောက်လောက်ပဲ ရရှိသွားခဲ့ ပြီလားဆိုတဲ့ အချက်နှစ်ချက်မှာ ဘယ်အချက်က ပိုအားသာသလဲ (ဒါမှမဟုတ်) ဘယ်အချက်က ပိုဖြစ်နိုင်ချေများသလဲ ဆိုတာ အလေးထား စဉ်းစားစရာပါ။ ဆိုလိုတဲ့သဘောက စစ်အစိုးရဟာ ဘက်ပေါင်းစုံက ဖိအားတွေကို မခံနိုင်တော့လို့ ထွက်ပေါက်ပေးတဲ့အနေနဲ့ ပြီးပြီးရောဆိုပြီး ကြံရာမရ ကောက်လုပ်တာလား။ ဒါမှမဟုတ် သူ့ဘက်က ရာနှုန်းတော်တော် များများ သေခြာလို့ အပိုင် တွက် ပြီး လုပ်တာလား ဆိုတာကို ဝေဖန်ဆန်းစစ်ကြဖို့ပါ။

တဘက်မှာလည်း ကြံ့/ဖွံ့အင်အား သန်း(၂၀) နီးပါးရှိတယ်လို့ သိရပါတယ်။ အဲဒီအထဲက တကဲ့အမာခံတွေဟာ “မဲပေးပုံ မဲပေး နည်း”နဲ့ ပတ်သက်လို့ လေ့ကျင့်ပေးထားပြီးနှင့်သူတွေလည်း ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ သို့သော်လည်း အဲဒီ ကြံ့/ဖွံ့ အကုန်လုံး သူ့တို့ကို ထောက်ခံမဲပေးကြမှာမဟုတ်ဘူးဆိုတာကို သူတို့ (အတွေ့အကြုံအရ) ကောင်းကောင်းကြီး သဘော ပေါက်ထားကြပါတယ်။ စစ်အစိုးရဟာ (၁) ဆန္ဒခံယူပွဲ မဖြစ်မြောက်မှာလည်း စိုးရိမ်ပါတယ်။ (၂) အဲဒီဆန္ဒခံယူပွဲမှာ တကဲ့ဆန္ဒ အမှန်တွေချည်းပဲ ပေါ်ထွက်လာမှာကိုလည်း စိုးရိမ်ပါတယ်။ ဒါကြောင့် လူတွေကို မဲပေးရခက်အောင် (မဲမပေး တတ်လို့ ပယ်မဲ များအောင် ကြိုတင်စီစဉ်ထားတာမျိုး) လုပ်နိုင်ပါတယ်။ သင်တန်းပေးထားတဲ့ လက်ကိုင်ဒုတ်တွေရဲ့မဲနဲ့ချည်း အတည်ပြု နိုင်အောင် ကြိုးစားဖို့ များပါတယ်။ လူထုအနေနဲ့ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ မဲပေးခဲ့ဖူးတဲ့ အတွေ့အကြုံရှိကြ ပေမယ့် လာမယ့် ဆန္ဒခံယူပွဲမှာ မဲပေးပုံစနစ်ကို ပယ်မဲများအောင် လုပ်ထားနိုင်တာမို့ လျှော့မတွက်ကြစေလိုပါ။

မြန်မာပြည်သူတွေမှာ ၁၉၉၀ ပြည့် ရွေးကောက်ပွဲတုန်းက တခါနိုင်ထားဖူးတဲ့ အတွေ့အကြုံရှိသလို၊ အဲဒီပြည်သူတွေကို ကျွန် ဇာတ်သွင်းဖို့ကြိုးစားနေတဲ့ စစ်အစိုးရမှာလည်း (အဲဒီ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာပဲ) တခါ ရှုံးထားဖူးတဲ့ အတွေ့ အကြုံရှိနေ ပါတယ်။ စစ်အစိုးရဟာ အဲဒီ“အတွေ့အကြုံ”ကို “သင်ခန်းစာမယူဘဲ မနေဘူး”ဆိုတဲ့အချက်နဲ့ အဲဒီ “အရှုံး”ကို “လက်စား မချေ ဘဲ မနေဘူး”ဆိုတဲ့ အချက်တချက်ကို ပြည်သူတွေ အထူးအလေးထားကြစေလိုပါတယ်။ ခုတကြိမ်လည်း သူတို့ကို ကန့်ကွက် ကြလိမ့်ဦးမယ်ဆိုတာ သူတို့သိပါတယ်။ ဒါကြောင့် “ပယ်မဲများများရရှိရေး”အတွက် ညစ်ပတ်ကြပါလိမ့် မယ်။ ပြည်သူတွေ အနေနဲ့ မတတ်သာလို့ မဲထည့်ကြရတဲ့အခါ ပယ်မဲမဖြစ်ရလေအောင် အထူးဂရုစိုက်ကြစေလိုပါတယ်။

မေဆန္ဒခံယူပွဲကို တင်းနစ်စကားနဲ့ပြောရရင် “စပေးဘော”ကို သူတို့အရင်ယူထားပြီး တဘက်လူ ပြန်မဆယ်နိုင်အောင် Ace Ball “လျှပ်တပြက်ဘော”နဲ့ လှစ်ကနဲ အရှိန်ပြင်းပြင်း ရိုက်ထည့်လိုက်တာမျိုးပါ။ ဒါဟာ စစ်အစိုးရက လက်ဦးမှုရှိရှိ ဖန်တီးရ ယူ လိုက်တဲ့“အသွင်ကူးပြောင်းရေးကာလတခု” ဒါမှမဟုတ် သူတို့လိုချင်တဲ့ “နိုင်ငံရေး အချိုးအကွေ့တခု” ကို သူတို့စိတ်ကြိုက် ချိုးကွေ့ချလိုက်တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူအားလုံး သူတို့ရဲ့ တကဲ့ဆန္ဒအမှန်တွေကို ထုတ်ဖော် ပြသနိုင်ရေးအတွက် သက်ဆိုင်ရာ သတင်းမီဒီယာများအနေနဲ့ ၀ါရင့်နိုင်ငံရေးသမားကြီးများ ကြီးကြပ်တဲ့ ကြီးကြပ်ရေးအဖွဲ့ ထားရှိပေးရေးနဲ့ မဲပေးပုံ မဲပေးနည်းအကြောင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်လွှင့်ပေးကြစေလိုပါတယ်။

အောင်မော်ဦး
ဖေဖော်ဝါရီ၊ ၂၉၊ ၂၀၀၈။

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.