ရွက်မွန်စာမျက်နှာ

Tuesday, May 6, 2008

မုန်တိုင်းကိုလွန်သော်

နာ
ဂစ်မုန်တိုင်းကြောင့် သေဆုံးသူတွေဟာ တစ်သောင်းကျော်ရှိနေပြီ ဆိုတာကို မြန်မာစစ်အစိုးရက ၀န်ခံ လိုက်တယ်လို့ မနေ့ ညက နိုင်ငံခြားသတင်းဌာနများ ထုတ်လွှင့်ချက်များမှတဆင့် သိရပါတယ်။ ပျောက်ဆုံးနေဆဲ ဖြစ်တဲ့သူများလည်း ထောင် ဂဏန်းနဲ့ချီပြီး ရှိနေတယ်လို့လည်း ထပ်မံကြားသိရပါတယ်။ တချို့ သတင်းများ အဆို အရ ဘိုကလေး တမြို့တည်းမှာပဲ သေဆုံး သူ တသောင်းနီးပါး ရှိတယ်လို့ ဆိုပြန်ပါတယ်။ ၂၀၀၄ ဆူနာမီတုံးက ထိုင်းနိုင်ငံမှာ သေဆုံးခဲ့ရတဲ့ အရေအတွက်အထက် ပိုများ နေတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ ပထ၀ီအနေအထားဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ ယှဉ်ကြည့်လိုက်ရင် အဲသလို မုန်တိုင်းမျိုးတွေရဲ့ တိုက်ခိုက်မှုခံရဖို့ အတော်လေး နည်းပါးတဲ့ အခြေအမျိုးဖြစ်တယ်လို့ သုတေသီများကဆိုထားပါတယ်။ သို့သော်ငြားလည်း အခု ကျနော်တို့နိုင်ငံ ဟာ ဘင်္ဂလားဒက်ရှ် နိုင်ငံမှာ လေဘေးဒဏ်ခံရတဲ့ အခြေအနေမျိုးကို စတင်ရင်ဆိုင်နေရပြီလား ဆိုတာလည်း စောကြောစရာ ဖြစ်လာပါတယ်။ ကမ္ဘာကြီးပူနွေးလာတဲ့ ပြဿနာကြောင့် ရာသီဥတုတွေ ဖေါက်ပြန် ပြောင်းလဲလာလို့လား ဆိုတာလည်း တွေးစရာပါ။ ဒါကြောင့်များ အရင်က မကြုံဘူးခဲ့တဲ့ သဘာဝကပ်ဘေးတွေ ကိုယ့်ဆီကိုများ စတင်ဦးတည် ချည်းကပ်လာနေ ပြီလားလို့ နောင်အတွက်လည်း စိုးရိမ်မိ ပါတယ်။

အမေရိကန်နိုင်ငံက နာဆာ (NASA) အဖွဲ့ရဲ့ တွက်ချက်မှုက သည်လိုပြဆိုထားပါတယ်။ ဧရာဝတီတိုင်းရဲ့ အနောက်တောင်ဖက် ပင်လယ်ထဲမှာ စုဖွဲ့လာခဲ့တဲ့ မုန်တိုင်းဟာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို အရင်ဆုံး စတင်ထိတွေ့ပါတယ်။ မြစ်ဝကျွန်းပေါ် ဒေသဖြစ်တဲ့အတွက် မြစ်လက်တက်တွေ၊ ချောင်းမြောင်းတွေ သဘာဝအရ ပေါများပါတယ်။ ပင်လယ်ထဲကနေ ဦးတည်လာတဲ့ မုန်တိုင်းဟာ အ၀ကျဉ်းတဲ့ ချောင်းမြောင်းတွေဆီ အရောက်မှာ ဖိအားတရပ်ကို ဖြစ်ပေါ်စေပြီး စတင်ထိတွေ့လိုက်တာနဲ့ တပြိုင်နက်တည်း ပင်လယ်ရေမျက်နှာပြင်ဟာ (၇। ၂) မီတာ အမြင့်အထိ မြင့်တက်သွားပြီး မြေပြန့်လွင်ပြင် သက်သက်ဖြစ်တဲ့ မြစ်ဝကျွန်းပေါ်ဒေသကို ရေနဲ့ဖုံးလွှမ်း လိုက်သလို တပြိုင်တည်းမှာလည်း တနာရီကို ကီလိုမီတာ (၁၉၀) နှုန်းတိုက်ခတ်လာတဲ့ လေကြမ်းဒဏ်ကိုလည်း ရင်ဆိုင်လိုက်ရပါတယ်။ သစ်ဝါး အများစုနဲ့ ဆောက်လုပ်ထားတဲ့ အိုးအိမ်တွေဟာ အဲသည့်ဒဏ်တွေကို မခံနိုင် ပါဖူး။ နောက်တချက်ကလည်း မုန်တိုင်းသတိပေးချက် ကြိုပြီး ရှိခဲ့သော်လည်း အဲသလောက် အခြေအနေဆိုးဝါးမဲ့ မုန်တိုင်းမျိုးလာလိမ့်မယ် ဆိုတာကို ကြိုတင်သတိပေးနိုင်တဲ့ နည်းပညာ မရှိတာကြောင့်လည်း အခုလို လူအသေ အပျောက် များရခြင်း ဖြစ်ပါတယ်။

သဘာဝကပ်ဘေးကြောင့် ငလျင်လှုပ်လို့ လူတွေသေ အဆောက်အဦတွေပျက်စီးတာ၊ ရောဂါဘယထူပြောလို့ သေဆုံးကြရတာ၊ မိုးခေါင်လို့ လူတွေငတ်မွတ် ခေါင်းပါးတာ၊ မီးလောင်လို့ သေကြေပျက်စီးတာ၊ စစ်ကြောင့် လူတွေထွက် ပြေးရတာ သေဆုံးရ တာ၊ ဒုက္ခသည်အဖြစ် သူများနိုင်ငံမှာ ခိုလှုံရတာ၊ အအေးဒဏ်လွန်ကဲလို့ မုန်တိုင်းများ ပြင်းထန်လို့ လူတွေသေရတာ၊ အိုးမဲ့ အိမ်မဲ့ ဖြစ်ရတာ အစရှိတာတွေနဲ့ အဲသည့်နောက်ဆက်တွဲ ကြောင့် ရင်ဆိုင်ရတဲ့ ကျန်းမာ ရေး၊ လူမှုရေးပြဿနာ အ၀၀တို့ ပေါင်းစုနေတဲ့ အခြေအနေမျိုးကို နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများက Complex emergency situation လို့သမုတ်ပါတယ်။ မြန်မာလိုတော့ "ခက်ခဲရှုတ်ထွေးသော အရေးပေါ် အခြေအနေ" လို့ ယေဘုယျအားဖြင့် ဆိုနိုင်ပါတယ်၊

အဲသလို ခက်ခဲရှုတ်ထွေးနေတဲ့ အရေးပေါ်အခြေနေမှာ အလိုအပ်ဆုံး အရာကတော့ ဘေးဒုက္ခတွေ့နေတဲ့ လူများရဲ့ နေရေး၊ စားရေးသောက်ရေး၊ ကျန်းမာရေးနဲ့ လုံခြုံရေးကို အရင်ဆုံးကူညီဖို့လိုလာပါတယ်။ စားရေးသောက်ရေးနဲ့ နေရေးကတော့ အားလုံးသိထားတဲ့ အတိုင်း အရင်ဆုံးလိုအပ်တဲ့ ကိစ္စများ ဖြစ်ပါတယ်။ လုံခြုံရေးကတော့ ဒုက္ခရောက်နေတဲ့ သူများ အနိုင်ကျင့် မခံရဖို့၊ လူ့အခွင့်အရေး ချိုးဖေါက် မခံရဖို့၊ လူ့ဂုဏ်သိက္ခာနဲ့ အညီနေနိုင်ဖို့ ဖြစ်ပါတယ်။ အဲသလို လိုအပ်တဲ့ အကူအညီများကို နိုင်ငံတကာစံနဲ့ပြောရရင် လူသားချင်းစာနာ သည့် အကူအညီ အထောက်အပံ့များ Humanitarian assistance (သို့မဟုတ်) Humanitarian Aid လို့ ဆိုပါ တယ်။

သို့သော်လည်း လေယာဉ်ကွင်း ဖောက်တာမျိုး၊ ဆည်တွေတည် ဆောက်တာမျိုး၊ မြေရိုင်းတွေကို စိုက်ပျိုး လယ်မြေအဖြစ် ဖေါ်ထုတ်တာတွေမျိုးတွေ အပါအ၀င် အလားတူတဲ့ ကိစ္စမျိုးတွေ အတွက် ငွေအပါအ၀င် အခြား အကူအညီများကို နိုင်ငံခြား တိုင်းပြည်များကနေ တောင်းခံရင် လူသားချင်း စာနာတဲ့ အကူအညီ အထောက်အပံ့ များ အနေနဲ့ ခေါင်းစဉ်တပ်ပြီး တောင်းလို့ မရပါဖူး။ ဒါမျိုးက နိုင်ငံခြားရင်းနှီးမြှုတ်နှံမှု ခေါင်းစဉ် အောက်မှာပဲ အကျုံး ၀င်ပါတယ်။

လူသားချင်းစာနာတဲ့ အကူအညီအထောက်အပံ့များ ကိုပေးတော့မယ်ဆိုရင် (သို့) ကိုယ်က တောင်းတော့မယ် ဆိုရင် နိုင်ငံ တကာ အဆင့်အတန်းအရ သတ်မှတ်ထားတဲ့ ကျင့်ဝတ်တွေကို လိုက်နာစောင့်စည်းရပါတယ်။ အဲသလို ကျင့်ဝတ် တွေထဲမှာ အဓိကလိုက်နာရတဲ့ အချက်ကတော့ Principles of Impartiality ပဲ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ အကူအညီလိုအပ်နေတဲ့ နေရာမှာ အကူအညီလိုအပ်နေသူများကို လိုအပ်သလို ကူညီ ထောက်ပံ့ဖို့ ဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ နိုင်ငံရေးကြောင့်၊ လူမျိုးရေးကြောင့် ဘယ်သူ့ကိုတော့ မပေးဖူး၊ ဘယ်သူကိုတော့ ပိုပေးတယ်၊ ဘယ်သူကတော့ ဒီလုပ်ငန်းဖြစ်စဉ်တွေထဲမှာ မပါရဖူး၊ ဘယ်သူတွေတော့ဖြင့် ပါဝင်ဆောင်ရွက်နိုင်တယ် အစရှိသဖြင့် ကန့်သတ်မထားဖို့ အရေးကြီးပါတယ်။

တကယ်လိုအပ်နေတဲ့ ပြည်သူ တွေဆီကို ရောက်အောင်ဆောင်ရွက် ပေးဖို့တာ ၀န်ရှိပါတယ်။ ဘယ်ဒေသကရွာတွေကတော့ သူပုန်နဲ့ အဆက်အဆံရှိလို့၊ ဘယ်ရွာတွေကတော့ အတိုက်ခံဖက်သား တွေမို့ အကူအညီကို လျှော့ပေးတာမျိုး မလုပ်ရပါ။ ဒုက္ခ ရောက်နေသူတွေကို ဘာအကြောင်းကြောင့်မှ ခွဲခြား ဆက်ဆံတာမျိုး၊ တားမြစ်တာမျိုး မလုပ်ရပါဖူး။

အခုမုန်တိုင်းလွန် အခြေအနေမှာ စစ်အစိုးရဟာ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီတွေကို လွတ်လွတ် လပ်လပ် ဆောင်ရွက် နိုင်ဖို့ အကူအညီ ပေးရပါလိမ့်မယ်။ ဟိုဝင်စွက်ဖက် သည်ဝင်စွက်ဖက်တာမျိုး မလုပ်သင့်ပါဖူး။ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေဟာ သည်လို သဘာဝဘေးအန္တရာယ်တွေနဲ့ ပတ်သက်တဲ့ ကယ်ဆယ် ရေးလုပ်ငန်းတွေမှာ အတွေ့အကြုံများတဲ့ သူတွေဖြစ်ပါတယ်။ နိုင်ငံခြား အဖွဲ့အစည်း ဆိုရင် သံသယနဲ့ ကြည့်တတ်တဲ့ အမြင်ကို သည်နေရာမှာ ခ၀ါချဖို့ လိုပါတယ်။ ပြည်သူတွေ ကိုယ်တိုင်လည်း သည်အရေးမှာ လိုအပ်သလို ပါဝင်ဆောင်ရွက်ဖို့ အားပေးရပါလိမ့်မယ်။ မင်းတို့ကိုမယုံဖူး ဒို့ကြံ့ဖွံ့နဲ့ စွမ်းအားရှင် တွေနဲ့ပဲ လုပ်မယ်ဆိုပြီး သဘောထား တင်းမာ တာမျိုးကိုလည်း ရှောင်ရှားဖို့လိုပါတယ်။

နောက်တချက်ကတော့ တတိုင်းပြည်လုံး ကြိမ်မီးအုံးသလို ဖြစ်နေတဲ့ ကာလမျိုးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် ပြုလုပ်မဲ့ ဆန္ဒခံယူပွဲကို ခေတ္တဆိုင်းထားသင့်ပါတယ်။ တပ်မတော်ဟာ သဘောထား ကြီးတယ်ဆိုတာကို သည်နေရာမှာ ပြသဖို့ အခွင့် ကောင်းပါပဲ။

ပျက်စီးသေကြေ ဆုံးရှုံးရတဲ့ ဒေသများအတွင်း ကယ်တင်ရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာလည်း နိုင်ငံတကာ အဖွဲ့ အစည်းများ သာမက၊ တပ်မတော်သားများ၊ ရဟန်းသံဃာတော်များ၊ အဖွဲ့ချုပ်မှအဖွဲ့ဝင်များဟာ လူထုနဲ့အတူ လက်တွဲ ဆောင်ရွက်နိုင်မယ်ဆိုရင် ဆောင်ရွက်ခွင့်ရခဲ့ရင် အလွန်မင်္ဂလာရှိတဲ့ အချက်လို့ဆိုရမှာပါပဲ။ ဒါ့အပြင် တပ်မတော်က ခေါင်းဆောင်များ အနေနဲ့ မုန်တိုင်းဒဏ်ခံရတဲ့ ဒေသများမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတကွ လှည့်လှည်ပြီး အားပေး မယ်ဆိုရင် လူထုအတွက်လည်းအားရှိ၊ နိုင်ငံတကာ မျက်နှာစာမှာလည်း အပြုသဘောဆောင်တဲ့ တိုးတက်မှုတရပ် အဖြစ် မြင်ကြမှာ ဖြစ်ပါတယ်။ အဲတာရဲ့ နောက်ဆက်တွဲ အဖြစ် အခြေခံလူတန်းစားတွေ ဖြစ်တဲ့ မုန်တိုင်းဒဏ်ခံ လယ်သမားများ အတွက်လည်း သူတို့ရဲ့ဘ၀များ ပြန်လည် ထူထောင်ရေးအတွက် နိုင်ငံတကာ အကူအညီများ အထောက်အပံ့ များ ထိထိ ရောက်ရောက် ရရှိလာနိုင်မှာလည်း ဖြစ်ပါတယ်။

သည်မုန်တိုင်းရဲ့ နောက်ဆက်တွဲ ဖြစ်စဉ်တွေ လုပ်ရပ်တွေကို ကြည့်ပြီး ဘယ်ခေါင်းဆောင်တွေဟာ တိုင်းပြည် အပေါ်မှာ အမှန်တကယ် စေတနာရှိမရှိဆိုတာ ကွက်ကွက်ကွင်းကွင်း သိလာရတော့မှာပါ။ စေတနာလည်းမရှိ၊ ငါမှငါဘဲ ဆိုတဲ့ ခေါင်းဆောင်များ ရှိနေသေးရင် စေတနာအရင်းခံတဲ့ ခေါင်းဆောင်များက စေတနာမဲ့တဲ့ ခေါင်းဆောင်များကို အငြိမ်းစား ယူကြဖို့၊ ရာထူးတွေကနေ နုတ်ထွက်ဖို့ ဖိအားပေးသင့်ပါပြီ။

သည်နေ့ကမ္ဘာရွာခေတ်ကြီးမှာ ကိုယ်တယောက်တည်း အခန်းအောင်းပြီး တံခါးပိတ်နေလို့မရတော့ပါ။ တိုင်းပြည် ဖွံ့ဖြိုး တိုး တက်ဖို့ တခုတည်းသာ မဟုတ်ပါ အခုလို သဘာဝ ဘေးအန္တရာယ်များကို ရင်ဆိုင်ရတဲ့ အခါမှာလည်း နိုင်ငံတကာနဲ့ လက်တွဲ လုပ်ကိုင်ရသလို မိမိတို့ပြည်သူ ပြည်သားချင်းလည်း လက်တွဲလုပ် ကြရပါတယ်။ ငုတ်တုတ် ကြီးထိုင်ပြီး စိတ်ကောက်နေလို့ ကတော့ ဘာတိုးတက်မှုမှ ဖြစ်ထွန်းမည်မဟုတ်။

စေတနာကို အရင်းခံပြီး လုပ်ချင်တဲ့စိတ်ဆန္ဒကို ရှေ့တန်းတင်ဖို့သာ လိုပါတယ်။

ဇော်မင်း (လူ့ဘောင်သစ်)
၆၊ ၀၅၊ ၂၀၀၈

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.