ရွက်မွန်စာမျက်နှာ

Saturday, May 3, 2008

ဆန်ဈေးအတက် သန်းရွှေအခက် လူထုအချက်


၀၀၈ နှစ်ဆန်းပိုင်းတုံးက ထိုင်းနိုင်ငံရဲ့ ဆန်ပေါက်ဈေးဟာ မက်ထရစ်တတန်ကို ဘတ်ငွေ (၁၁,၀၀၀) ရှိခဲ့ပါတယ်။ ပြောရရင် ဆန်တကီလိုဝယ်ရင် (၁၁) ဘတ်ပေးရပါတယ်။ သို့သော်လည်း မတ်လထဲ ရောက်လာတဲ့ အချိန်မှာ ဆန်ဈေးတွေ နှစ်ဆ ခုန်တက်သွား ခဲ့ပါတယ်။ အခုသင်္ကြန်အပြီးမှာတော့ ဆန်မက်ထရစ်တတန်ဟာ (၂၈,၀၀၀) ဘတ် အ ထိတက်လာ ပြန်ပါတယ်။ အဲသည့် ဆန်အမျိုးအစားတွေက အလယ်အလတ်ဆန် တွေရဲ့ ဈေးနှုန်းဖြစ်ပါတယ်။ ဆန်အ ကောင်းစား တွေဆိုရင် အဲသည် ထက် ပိုလို့ဈေးတက်သွားပါတယ်။ ဆန်အကောင်းစား တကီလိုဆိုရင် အခု (၃၂) ဘတ် အထိဈေး မြောက်သွားပါပြီ။

သားငါးဈေးတွေလည်း ဆန်ဈေးနဲ့အတူ ခုန်တက်လိုက်ပါ လာပါတယ်။ ထိုင်းနိုင်ငံသားတွေရဲ့ ငြီးငြူသံတွေကို စတင် ကြားနေရ ပါတယ်။ လောင်စာဆီ ဈေးနှုန်းကလည်း တရိပ်ရိပ်နဲ့ မြင့်တက်လာနေတာ အရင်တုံးက ရိုးရိုးဘတ်စ်ကား စီးရင် ကားလက်မှတ် တစောင်ကို သုံးဘတ်ခွဲပေးရာကနေ ငါးဘတ်အထိတက် သွားပြီး အခုဆိုရင် ရှစ်ဘတ်ခွဲ အထိ ဖြစ်သွားပါပြီ။

ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ကြီးက တကမ္ဘာလုံးမှာ စားနပ်ရိက္ခာရှားပါး ဈေးမြင့်တက်လာမှုဟာ ရေရှည်ရင်ဆိုင်ရမဲ့ ပြဿနာ တရပ် ဖြစ်တယ်ဆိုပြီး ခန့်မှန်းတွက်ချက် ထားပါတယ်။ ထိုင်းနိုင်ငံက ရှေ့မှာတွေ့ရမဲ့ ဆန်ပြဿနာကို ဘယ်လိုရှင်းမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ရှေ့မှာ ရင်ဆိုင်လာရမဲ့ ဆန်ပြဿနာအတွက် ထိုင်းနိုင်ငံက သူ့ရဲ့ နိုင်ငံခြားဆန် တင်ပို့မှုတွေကို ပြန်လည်သုံးသပ်ပြီး လိုတိုး ပိုလျှော့ လုပ်ဖို့ပြင်ဆင်နေပါတယ်။ ပြည်တွင်းဆန် သုံးစွဲမှုလောက်ငှအောင် စဉ်းစားတွက်ချက် နေကြပါတယ်။ အကယ်၍ လိုအပ်လာတယ် ဆိုရင် အရန်သိုလှောင်ထားတဲ့ ဆန်တွေကို အများပြည်သူတွေကြား လောက်လောက် ငှငှ ဖြန့်ဖြူးပေးမယ် ဆိုပြီးလည်း အစိုးရက ပြည်သူတွေကို သတင်းစာများ အပါအ၀င် မီဒီယာမျိုးစုံကနေ တဆင့် အသိပေး ထားပါတယ်။ တိုင်းသူ ပြည်သားတွေ မသိအောင် ဖုံးဖိထားလို့ မရတဲ့ နိုင်ငံရေးစနစ်မျိုး ကျင့်သုံးတဲ့ နိုင်ငံဖြစ်လို့ပါပဲ။

ကျနော်တို့ ရွှေမြန်မာပြည်ကြီးလည်း သူများနိုင်ငံများနည်းတူ အခြေခံစားသုံးကုန်ဖြစ်တဲ့ ဆန်အပါအ၀င် အခြား စားသောက် ကုန်များ ဈေးတက်လာတာကို စတင်ရင်ဆိုင်နေရပါပြီ။ ၂၀၀၈ ခုနှစ်စပါးပေါ်မဲ့ ရာသီမှာ ဘာတွေဖြစ်ကြဦးမလဲ ဆိုတာ စောင့်ကြည့်ဖို လိုလာပါတယ်။ စစ်အစိုးရက ဆန်ဈေးတက်တဲ့ ပြဿနာကို ဘယ်လိုရင်ဆိုင်ပြီး ဘယ်လိုရှင်းမလဲ။

လယ်သမားတွေဆီက ဆန်တွေကို သေနတ်နဲ့ချိန်ပြီး အစိုးရပေးတဲ့ ပေါက်ဈေးနဲ့ ၀ယ်မယ်ဆိုတာကတော့ အကြမ်း ဖျဉ်းခန့်မှန်း လို့ ရထားပါတယ်။ ဒါမျိုးကလုပ်နေကြမို့လား။ နောက်ဆန်တွေ နယ်ကျော်ပြီး သယ်ယူပို့ဆောင်ခွင့် မရှိဆိုတဲ့ အမိန့်တွေ ထုတ်လာမှာကို ကြိုမြင်နေရပါသေးတယ်။ ၀ိသမလောဘသား ကုန်သယ်တချို့ကြောင့် ဖြစ်ရတာဆိုပြီး ကုန်သည်ပွဲစားတွေကို စွပ်စွပ်စွဲစွဲ လုပ်မှာလည်း သေချာပါတယ်။ ကံမကောင်းတဲ့ ကုန်သည်ကြီးအချို့ ကာရန်မသင့်ရင် ထောင်ထဲရောက်မှာလည်း ထည့်တွက်ဖို့လိုပါသေးတယ်။ ဒါ့အပြင် စပါးအကုန်မရောင်းဘဲ ချန်ထားတယ်လို့ အထင်ခံရတဲ့ လယ်သမားတွေလည်း အစု လိုက်အပြုံလိုက် ထောင်ကြကိန်း ရှိနေပါတယ်။ နောက်လာမဲ့ နှစ်တွေမှာ လည်း လယ်သမားမှန်သမျှ၊ တောင်သူမှန်သမျှ စပါးမစိုက်ရင် ဖမ်းမယ်ဆိုတဲ့ အမိန့်တွေဥပဒေတွေလည်း ပေါ်လာမှာ မလွဲပါဖူး။

ပိုဆိုးလာနိုင်တဲ့ အချက်ကတော့ မြန်မာပြည်မှာ အလုပ်အကိုင်ကရှား၊ ရှိတဲ့အလုပ်ကလည်း ၀င်ငွေနည်း၊ ဆန်ဈေးတွေကလည်း တက်ဆိုတော့ မြန်မာပြည်က ဆင်းရဲသားတွေ အစုလိုက်အပြုံအလိုက် အိမ်နီးချင်းနိုင်ငံတွေကို ထပ်ထွက်လာပြီး အလုပ်ခိုး လုပ်ကြရမှာကတော့ အသေအချာပါပဲ။ ထိုင်းပုလိပ်ဖမ်းတာ မဖမ်းတာက နောက်ကိစ္စ။ ထိုင်းနိုင်ငံမှာ အလုပ်တခု လောက်ရရင် မြန်မာပြည်က အလုပ်ထက်ဝင်ငွေ များတယ်ဆိုတော့ ကျန်နေခဲ့တဲ့ မိသားစုပါးစပ်ပေါက်တွေ အတွက် စွန့်စားကြရပါဦးမယ်။

ဆန်ဈေးတက်လာတဲ့ အကျိုးဆက်အဖြစ် စပါးအထွက်ကောင်းတဲ့ အောက်ပြည်အောက်ရွာမှာတောင် ထမင်းတလုပ် အတွက် ခက်လာတယ်ဆိုရင် ဆန်မထွက်တဲ့ ချင်းပြည်နယ်အပါအ၀င် တောင်ပေါ်ဒေသတွေ၊ မိုးခေါင်ရေရှားအရပ်က ပြည်သူတွေ အတွက်ကတော့ မတွေးဝံ့ စရာပါပဲ။

ဆန်ဈေးတက်လာတဲ့ အပေါ်မှာ မြန်မာစစ်အစိုးရ ဘာတွေများပြင်ဆင်ထားပါသလဲ။ မြန်မာနိုင်ငံမှာ အရေးပေါ်ရင် သုံးဖို့ အတွက် အရန်သိုလှောင်ထားတဲ့ ဆန်ရှိမရှိဆိုတာ ဘယ်သူမှ မသိနိုင်တဲ့အချက်ပါ။ ဆန်ပြဿနာကို အဆိုးဆုံး ရင်ဆိုင်ရတဲ့ ဒေသများအတွက် ဘယ်လိုအစီအစဉ်မျိုး ရှိသလဲ။ ဆန်ကိုဝယ်မစားနိုင်တဲ့ လူဦးရေများသထက်များလာ ရင် ဘယ်လို ဆောင်ရွက်မလဲ။ စပါးစိုက်တဲ့ တောင်သူလယ်သမားများကို ဘယ်လိုအကူအညီမျိုး ပံ့ပိုးပေးဖို့ စစ်အစိုးရ ကစီစဉ်ထားသလဲ။ ဆန်စပါးရောင်းဝယ်နေတဲ့ ကုန်သည်များနဲ့ အစိုးရအကြား အပြုသဘော ဆောင်တဲ့ ကြိုတင်ညှိနှိုင်း ဆွေးနွေးမှုတွေ ရှိသလား။ လိုအပ်လာရင် ဆန်ကို အခမဲ့ ဝေငှပေးဖို့အထိ စဉ်းစားထားသလား။ ဓာတ်ငွေ့အပါအ၀င် သဘာဝအရင်းအမြစ်များကို ရောင်းချ လို့ရတဲ့ ငွေတွေကို အသုံးပြုပြီး လိုအပ်ရင် အခြားနိုင်ငံများမှ ဆန်ကို လူထု အတွက်ဝယ်ယူ တင်သွင်းမှာလား။ သို့မဟုတ် မင်းတို့ငတ်တာ မင်းတို့အလုပ်မလုပ်လို့ ဆိုပြီးသည်အတိုင်း လက်ပိုက် ကြည့်နေမှာလား။

ပြောလို့သာပြောနေရတယ် စစ်အစိုးရကတော့ ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင် အောက်မေ့မှာ မဟုတ်ပါဖူး။ ဘာဖြစ်လို့တုန်း ဆိုတော့ တသက်လုံး လူထုအကျိုးစီးပွါးကို ကြည့်လာခဲ့တာ မဟုတ်တော့ အဲသလိုအစိုးရမျိုးဆီက အကူအညီ ပေးလိမ့်မယ် ဆိုတာကို မျော်လင့်လို့ ရနိုင်မည်မဟုတ်ပါ။ သူတို့က အရာရာကို အာဏာနဲ့လုံခြုံရေး ဆိုတဲ့ရှု့ထောင့်ကကြည့်တဲ့ စစ်သားတွေ ဖြစ်နေလို့ပါပဲ။

သည် ၂၀၀၈ ခုနှစ်မှာ ဆန်ဈေးတက်လို့ နတ်ပြည်ရောက်ရောက် စစ်အစိုးရက စိတ်ဝင်စားလိမ့်မည်မဟုတ်ပါ။ သူတို့ စိတ်ဝင် စားနေတာက မေလမှာ သူတို့ရဲ့ စိတ်ကြိုက်ရေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို တရားမ၀င် နည်းပေါင်းစုံ အသုံးပြုပြီး အတည်ပြုဖို့က ပိုအရေးကြီးနေတယ်မို့လား။ ပြီးရင် ၂၀၁၀ မှာသူတို့လုပ်ခြင်တဲ့ ရွေးကောက်ပွဲအတွက် ကြံ့ဖွတ်ကို နိုင်ငံ ရေးပါတီအဖြစ် အသွင်ပြောင်းဖို့၊ တစည တဖြစ်လဲ အရင်က မဆလပါတီကို သူတို့လိုသလိုခိုင်းဖို့၊ ဘယ်စစ်ဗိုလ်ကို ဘယ်နေရာ မှာထားမယ်၊ ဘယ်စစ်ဗိုလ်ကတော့ ပါတီလိုင်းသွား၊ ဘယ်ဗိုလ်ချုပ်က ဘယ်ပြည်နယ်မှာ ဦးစီး၊ ဘယ်ဗိုလ်ချုပ်ကတော့ ဘယ်ဝန်ကြီးဌာန မှာလုပ်ဆိုတဲ့ အရေးအရာတွေနဲ့ အလုပ်ရှုပ်နေဦးမှာ ဆိုတော့ ဆန် ဈေးတက်တာက သူတို့နဲ့ မဆိုင်သလို နေဦး မှာပါပဲ။ မတော်မတရားနည်းကိုသုံးပြီး အစိုးရတော့ ဖြစ်ချင်တယ်။ သို့ သော် အစိုးရတရပ် လုပ်ရမဲ့ အလုပ်တွေ ယူရမဲ့ တာဝန်တွေကိုတော့ မသိသလို လက်ရှောင်နေတဲ့ လူစားမျိုးတွေပါ။

အားလုံးဝိုင်းလုပ်ရ မှာကတော့ သည် ၂၀၀၈ ဆန်ဈေးတက်တဲ့ နှစ်ကိုအခြေပြုလို့ စပါးစိုက်တဲ့ လယ်သမားတွေနဲ့ ဆန်ငတ် နေတဲ့ လူထုတွေ တပြိုင်တည်း၊ တညီတည်း၊ တသံတည်း အာဏာရှင်ဗိုလ်ချုပ်များကို ဆွဲဖြဲဖို့လိုနေကြောင်းပါ။ ဆန်ဈေး အတက်၊ သန်းရွှေအခက်၊ လူထုအချက်လို့ ဆိုတဲ့သဘောကို ရင်မှာပိုက်ပြီး ၀ိုင်းလိုက်ကြပါစို့။

ဇော်မင်း (လူ့ဘောင်သစ်)
၂၊ ၀၅၊ ၂၀၀၈

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.