သ
ဘာဝကပ်ဘေးများကို ယခင်က အလွယ်သဘောသာ စဉ်းစားခဲ့ကြသည်။ သို့သော်လည်း နောက်ပိုင်းတွင် လေ့လာသူ များက သဘာဝကပ်ဘေးနှင့် ပဋိပက္ခများ ဆက်စပ်နေပုံ၊ ပဋိပက္ခ ဖြစ်ပေါ်နေသည့် ဒေသများ၌ သဘာဝဘေးဒဏ် ကျရောက်ပါက ဖြစ်လာနိုင်သည့် အခြေအနေများကိုပါ ထည့်သွင်း တွက်ချက်စဉ်းစားလာကြသည်။ ဤသို့သောအခြေ အနေများကို သဘာဝ ကပ်ဘေး (Natural disaster) ထက်၊ ပြဿနာစုံ အရေးပေါ် အခြေအနေ (Complex emergencies) ဟု ခေါ်ဆိုသုံးစွဲလာ ကြသည်။ ယခု မြန်မာနိုင်ငံ၏ နာဂစ်မုန်တိုင်းပြီး အခြေအနေကလည်း ဤသို့ "ပြဿနာစုံ အရေးပေါ် အခြေအနေ" သို့ ဆိုက်ရောက် ဖြစ်ပေါ်လာခဲ့ပြီ။
အကြောင်းက ဤသို့ဖြစ်သည်။ သဘာဝကပ်ဘေးဒုက္ခများ ကျရောက်အပြီးတွင် လူသားနှင့် သဘာဝပတ်ဝန်းကျင် ဆက်ဆံ ရေး၊ သဟဇာတဖြစ်နေမှုများ ပျက်စီးသွားသည်။ ပြန်လည်ထူထောင်ရေးဟု ပြောသည့် လုပ်ငန်းများတွင်ပင် ယခင်ကလို ရိုးရိုးစဉ်းစား၍ မရတော့ပါ။ လူများတွင် အရင်းအမြစ်များ ဆုံးရှုံးကုန်ကြသည်။ လူသားအင်အား၊ လယ်ယာမြေ၊ ကျွဲ/နွား၊ ရေ၊ ပိုင်ဆိုင်မှု၊ သက်မွေးဝမ်းကျောင်းလုပ်ငန်း စသဖြင့် ပျက်စီးလာသည်။ ဤအခြေအနေတွင် "ရေကနည်းလာပြီး ဆင်လည်း သောက်မည်၊ ခြင်္သေ့လည်းသောက်မည်" ဖြစ်လာသောအခါ အရင်းအမြစ်ခွဲခြမ်းရေးဆိုင်ရာ ပဋိပက္ခများ ဖြစ်လာ သည်။ အရင်းအမြစ်များ နည်းလာသည်နှင့်အမျှ ထိန်းချုပ်လိုသူက ထိန်းချုပ်လိုလာသည်။ ထိုမျှမကပါ။ အခြားနောက်ခံ အကြောင်း များကလည်း ပတ်သက်နေသေးသည်။ ဥပမာ- မြန်မာနိုင်ငံဆိုလျှင် မက္ကရို စီးပွားရေး အခြေခံကိုက ချိနဲ့အား နည်းနေသည်။ ကပ်ဘေးဒုက္ခများသင့်ခံရသည့်အခါ ဆင်းရဲသူများက ပို၍ ဆတိုးဒဏ်ခံကြရသည်။ အသက်အရွယ် ကြီးရင့် သူ၊ ကလေးများ၊ အမျိုးသမီးများက ကပ်ဘေးဒဏ်ကို ပို၍ မမျှမတ ခံစားနစ်နာကြရသည်။ မြန်မာနိုင်ငံတွင်က နိုင်ငံရေး နောက်ခံ ပြဿနာပါ ရှိနေသေးသည်။ အရပ်ဖက် လူမှုအဖွဲ့အစည်းများကို မူလကတည်းက နှိပ်ကွပ်ထားသည်။ အစိုးရ ဖိနှိပ်မှုများက ကျေးလက်တွင် ပို၍ ပြင်းထန်ဆိုးရွားသည်။ ထို့အပြင် ယခင်က နိုင်ငံတကာ ဖိအားပေး ပိတ်ဆို့မှုဒဏ်ခံနေရ ပြီး၊ ယခုအခါ နိုင်ငံတကာ အကူ အညီကို စစ်အစိုးရက တဖန် ပြန်၍ ပိတ်ဆို့နေသည်။ ဤသို့ လူမှုရေးအကူအညီများကို စစ်အစိုးရက ကြန့်ကြာစေရန် ပိတ်ဆို့ နေမှုအပေါ် နိုင်ငံတကာ ဖိအားများက တိုး၍ သက်ရောက်လာပြန်သည်။ မြန်မာနိုင်ငံ တွင်း ၀န်ဆောင်မှုပေးနေသော၊ ယန္တယား၊ ဗျူရိုကရေစီ၊ အဖွဲ့အစည်း၊ အင်စတီကျူးရှင်းများက အားနည်းချက်အပြည့်။ ဤသို့ ခြစားနေသည့် အဖွဲ့အစည်းများကို "ငွေသာပေးလိုက်၊ ကယ်ဆယ်ရေးအကူအညီများကို သူတို့သာ ခန့်ခွဲမည်" ဟူ၍ ကတော့ မည်သူကမှ လက်ခံလိမ့်မည် မဟုတ် ပါ။ ဤသည်က တစုံလုံ ခြုံငုံကြည့်သည့်အခါ ဖြစ်လာသည့် ပြဿနာစုံ အရေးပေါ် အခြေအနေ (comples emergencies) ဖြစ်နေသည်။
နောက်ပိုင်းတွင် ပညာရှင်များ၏ လေ့လာချက်အရ သဘာဝကပ်ဘေးများ သင့်ပြီးနောက်ပိုင်းတွင် နိုင်ငံရေးအခြေအနေ၊ ပဋိပက္ခများက ပြေလည် တိုးတက်လာသည် ရှိသကဲ့သို့၊ တိုး၍ ဆိုးရွားသွားရသည့် အခြေအနေများလည်း ရှိခဲ့သည်။ အကြောင်း ကတော့ သက်ဆိုင်ရာ နိုင်ငံနှင့် လူမှုအဖွဲ့အစည်း၏ တုံ့ပြန်ပုံနှင့် သက်ဆိုင်နေသည်။ အထူးသဖြင့် ဤသို့ လေ့လာမှု များကို ဆူနာမီလှိုင်းဒဏ် သင့်ရပြီးနောက်ပိုင်းတွင် ပို၍ အာရုံထား ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
၂၀၀၄ ခုနှစ်တွင် ဆူနာမီလှိုင်းက အင်ဒိုနီးရှားနိုင်ငံမှ အာချေးကျွန်းကို ဖျက်ဆီးလိုက်သည်။ သို့သော် အဆိုးထဲမှ အကောင်း အဖြစ် ဒေသအတွင်း ငြိမ်းချမ်းရေး ရလာခဲ့သည်။ ဆူနာမီလှိုင်း၏ ကြီးမားသော ဖျက်ဆီးမှုကြောင့် လူများ ထိတ်လန့်ခဲ့ကြရ သည်။ ဤလှိုင်းကပင် နိုင်ငံရေးမြေအနေအထားကိုလည်း ရွှေ့စေခဲ့ပြီး၊ အင်ဒိုနီးရှားအစိုးရနှင့် အာချေးသူပုန်များအကြား ငြိမ်းချမ်းရေး သဘောတူညီချက်နှင့် ကယ်ဆယ်ရေး/ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ပူးတွဲ လုပ်ကိုင်ရေး ဖြစ်လာစေခဲ့ ရသည်။ လူထုများကလည်း ဤအခြေအနေတွင် ငြိမ်းချမ်းရေးကို တောင်းဆိုလာကြသည်။ သို့ဖြင့် နှစ် ၃၀ ကျော် လက်နက်ကိုင် ပဋိပက္ခကို တခန်းရပ်နိုင်ခဲ့သည်။ အစိုးရဖက်ကရော၊ သူပုန်ဖက်ကပါ ရှေ့တိုးခြေလှမ်းများ အပြုသဘော ဆောင်ရွက်ခဲ့ကြ သည်။ နိုင်ငံတကာ အာရုံစိုက်မှုနှင့် ကြားဝင်ဆောင်ရွက်ပေးမှုများကြောင့်လည်း ဆွေးနွေးပွဲများ အဆင်ပြေ စေရေးကို ပို၍ တွန်းပို့ပေးခဲ့သည်။ အင်ဒိုနီးရှား အစိုးရကလည်း အာချေးကျွန်းသာမက၊ အင်ဒိုနီးရှားတနိုင်ငံလုံးတွင်ပါ ဒီမို ကရေစီ ပြုပြင် ပြောင်းလဲမှုများ တိုး၍ လုပ်ဆောင်ပါမည်ဟု ကတိထားလာခဲ့ရသည်။
သို့သော်လည်း ၂၀၀၄ ဆူနာမီက သီရိလင်္ကာနိုင်ငံ ကံကြမ္မာကိုမူ တမျိုးဖန်ခဲ့သည်။ သီရိလင်္ကာသည်လည်း ဆူနာမီသင့်၍ ဖျက်ဆီးခံခဲ့ရသည်။ လူအများစု၏ သဘောထားစစ်တမ်းကောက်ချက်များက ငြိမ်းချမ်းရေးကို လိုလားနေကြသည်ဟု ထိုအချိန် က ပြဆိုခဲ့ကြသော်လည်း သူပုန်များကရော၊ အစိုးရ ခေါင်းဆောင်များက နားမထောင်ခဲ့ကြ။ အကူအညီများ ထိန်းချုပ်နိုင်ရေး အတွက်သာ မဲနေခဲ့ကြသည်။ သီရီလင်္ကာတွင်တော့ အကူအညီများက ပို၍ သဘောထားတင်းမာစရာ ဖြစ်စေခဲ့သည်။ ပူးပေါင်း ဆောင်ရွက်မှု မဖြစ်စေခဲ့။ ဆူနာမီ မတိုင်မီ တွေ့ဆုံဆွေးနွေးမှုများ ရှိနေ၍ ပြည်တွင်းစစ်ကြောင့် လူအသေအပျောက်နှုန်း ကျဆင်းခဲ့သော်လည်း၊ ဆူနာမီ ပြီးခါမှ တိုက်ပွဲများက ပိုပြင်းထန်လာခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် စစ်ပွဲကြောင့် လူအသေ အပျောက်မှာ မဆိုစလောက်သာ ရှိခဲ့သည်။ သို့သော်လည်း ဆူနာမီပြီးခါမှ ၂၀၀၄ ခုနှစ်တွင် လူသေနှုန်း ၃၀၀ မှ ၂၀၀၆ ခုနှစ် တွင် လူအသေအပျောက် ၄,၀၀၀ အထိ တိုးတက်လာခဲ့သည်။
အချင်းချင်း အပြန်အလှန် မယုံကြည်မှုများကလည်း ဒုက္ခပေးပါသည်။ ၂၀၀၅ အောက်တိုဘာလတွင် ပါကစ္စတန်နိုင်ငံ၊ ကက်ရှမီးယားဒေသ၌ ငလျှင်ကြီးလှုပ်ခဲ့သည်။ မူလက နိုင်ငံရေးအရ တင်းမာခဲ့ကြသည့် အိန္ဒိယ-ပါကစ္စတန်ကြား ဆက်ဆံ ရေးက တိုးတက်ပြောင်းလဲဖို့ ဖန်လာခဲ့သည်။ အိန္ဒိယနိုင်ငံက အစားအသောက်၊ ဆေးဝါး၊ ယာယီတဲများ ကူညီခဲ့သည်။ ပျောက်ဆုံးနေသော လူများကို ရှာဖွေရန် အိန္ဒိယက ရဟတ်ယာဉ်များကူ၍ ပူးတွဲ ဆောင်ရွက်ကြရန် အဆိုပြုသော်လည်း၊ အခြေအနေက ဤအထိ မဖြစ်ခဲ့ပါ။ ပါကစ္စတန်က အိန္ဒိယလေယာဉ်များ သူ့နိုင်ငံထဲ မပျံဝဲစေလိုသလို၊ အိန္ဒိယကလည်း သူ့ရဟတ်ယာဉ်များချည်း လွှတ်၍ ပါကစ္စတန်လေယာဉ်မှူးများဖြင့် မောင်းနှင်စေရမည့် အရေးအထိ သဘောထား မပျော့ ပြောင်းနိုင်ခဲ့ပါ။ မည်သို့ဖြစ်စေ နှစ်နိုင်ငံ ဆက်ဆံရေးက တိုးတက်လာပြီး နှစ်နိုင်ငံကြားကူးသန်းရောင်းဝယ်ရေး ပမာဏ ၆-ဆအထိ တိုးတက်လာခဲ့သည်။
ဆိုက်ကလုန်းနာဂစ်ကရော မြန်မာနိုင်ငံကို မည်သို့ ပြောင်းလဲစေနိုင်မည်နည်း။
ပညာရှင်များက သဘာဝကပ်ဘေးများနောက်ပိုင်းတွင် မျှော်လင့်ချက်သက်တန့်ရောင်ခြည်ကို မြင်နိုင်သည်ဟု ဆိုခဲ့ကြပါ သည်။ ဤအခြေအနေကို စစ်အစိုးရက ကောင်းမွန်စွာ အသုံးချနိုင်လျှင် သူတို့အတွက်ရော၊ ပြည်သူအတွက်ပါ၊ နိုင်ငံတခုလုံး အတွက်ပါ အကျိုးရှိမည် ဖြစ်သည်။ ယခင်က အနောက်ဒီမိုကရေစီ နိုင်ငံများက မြန်မာစစ်အစိုးရကို အဖက်မလုပ် ဖိအားပေး ပိတ်ဆို့ဒဏ်ခတ်ထားကြသည်။ ယခုတော့ ဤနိုင်ငံများက လူမှုရေးကပ်ဘေးကြောင့် ကူညီဖို့အရေး၊ ပူးပေါင်း ဆောင်ရွက်ဖို့ အရေး ကမ်းလှမ်းနေကြသည်။ မြန်မာနိုင်ငံအတွက် နိုင်ငံတကာ ဆက်ဆံရေး မျက်နှာစာသစ် ဖွင့်နိုင်လိမ့် မည်ဖြစ်သည်။ ထို့အပြင် တည်ရှိနေသည့် ပဋိပက္ခများ ပြေလည်စေရေးအတွက် အတိုက်အခံအင်အားစုများနှင့်လည်း ပူးတွဲ ဆောင်ရွက်နိုင် လျှင် ရေရှည် သင့်မြတ်ပြေလည်ရေးအထိ ဖြစ်နိုင်ပါသည်။ အရပ်ဖက် လူမှုအဖွဲ့အစည်းများကို အားကောင်း မောင်းသန်ဖြစ် လာစေရန်လည်း လှုံ့ဆော်ဆောင်ရွက်နိုင်ပါသေးသည်။ အင်ဒိုနီးရှားနိုင်ငံကဲ့သို့ ပို၍ ကျယ်ပြန့်သော ဒီမို ကရေစီ အပြောင်း အလဲများအထိပါ တက်လှမ်းနိုင်ပါသေးသည်။ အဆိုးထဲမှ အကောင်း ဖြစ်လာနိုင်ပါသည်။
သို့သော်လည်း မြန်မာနိုင်ငံ၏ အခြေအနေက ဆန့်ကျင်ဖက် အနေအထားသို့ သွားနေသည့် သဘောဖြစ်နေသည်။ နိုင်ငံ တကာ မှ ပညာရှင်များ၏ တွေ့ရှိချက်အရ သဘာဝကပ်ဘေးဆိုက်ရောက်ချိန်များတွင် မူလကတိမ်မြုပ်နေသည့် လက်အောက်ခံ ပဋိပက္ခများက ထကြွနေရာယူလာကြသည့် အခြေအနေမျိုးလည်း ဖြစ်နိုင်ပါသည်။ ရှားပါးလာသည့် အရင်း အမြစ်များကို လုကြ မည်။ ရရှိလာသည့် အကူအညီကို ထိန်းချုပ်ရေး ကြိုးပမ်းကြမည်။ စသဖြင့် လူ့အဖွဲ့အစည်းက လက်မခံ နိုင်လောက်အောင် ကသောင်းကနင်း ဖြစ်လာနိုင်သည်။ တည်ဆဲစနစ် ပျက်သွားနိုင်သည်။ ပဋိပက္ခများက ပိုခေါင်းထောင် ထကြွလာမည်... စသဖြင့် အရေးပေါ်အခြေအနေက တာရှည်မျော၍ ပျက်ကိန်းဆိုက်နိုင်သည့် အခြေအနေလည်း ရှိနေပါ သေးသည်။ အထူးသဖြင့် စစ်အစိုးရက နိုင်ငံရေး ရည်ရွယ်ချက်ကိုသာ ရှေ့ဆက်တွန်းနေသည်။ ကပ်ဘေးဒုက္ခ၏ အတိမ် အနက်ကို လျှော့ ပေါ့တွက်ထားသည်။ နိုင်ငံတကာနှင့် အတိုက်အခံ နိုင်ငံရေးအင်အားစုများက ဆန္ဒခံယူပွဲကို ရွှေ့ဆိုင်းထား ပါရန် ၀ိုင်းဝန်း တိုက်တွန်းကြသည့်တိုင် ခေါင်းမာမာနှင့် ဆက်လုပ်ခဲ့သည်။ မဲလိမ်ညာမှုများရှိသည်။ ဆန္ဒခံယူပွဲတွင် အကျပ် ကိုင်မှုများ ရှိနေသည်ဟူသော သတင်းများကလည်း တက်လာနေသည်။ ဤအခြေအနေက မကောင်းလှပါ။ အစိုးရအပေါ် ပို၍ ယုံကြည်မှု ကျဆင်းစေနိုင်ပြီး၊ ကပ်ဘေးဒုက္ခ ပြေလည်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများအပေါ် ဆိုးကျိုးရှိလာစေ နိုင်သည်။ အတိုက်အခံများကလည်း ဤသို့ မဲခိုးညစ်ပတ်နေသည်ကို ရေငုံနှုတ်ပိတ်နေ၍ ရမည် မဟုတ်သောကြောင့် ပဋိပက္ခ၊ တင်းမာ မှုများက ပို၍ တိုးလာနိုင်သည်။ ပိုဆိုသည်က စစ်တပ်က အကူအညီပေးမှုများကို နာမည်ကောင်း မင်္ဂလာ ၀င်ယူနေကြရာ အပျက်သဘောအထိ ဆောင်လာစေခဲ့သည်။
ဤအခြေအနေတွင် ပေးလာသည့် အခွင့်ကောင်းကို အမိအရယူ၍ မြန်မာနိုင်ငံကို လမ်းကြောင်းမှန်ပေါ် ပြန်လှမ်းရန်မှာ တပ်မတော်အတွင်းရှိ သဘောထားမှန်သည့် စစ်ခေါင်းဆောင်များပေါ်တွင် များစွာ တာဝန်ရှိနေသည်။ အတိုက်အခံ အင်အား စုများဖက်မှလည်း ဤကပ်ဘေး ကယ်ဆယ်ရေးနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ပါမည်ဟု ကမ်းလှမ်းထားကြ ပြီး ဖြစ် သည်။ သို့သော်လည်း အသိဉာဏ်တထွာတမိုက်သာရှိသည့် စစ်ခေါင်းဆောင်တစု၊ လူနည်းစုက ဖီလာဆန့်ကျင်ပြု နေကြ သေးသည်။ လက်ရှိအခြေအနေကို မိမိတို့ ဒီမိုကရေစီအင်အားစုများ၊ မြန်မာ့ လူ့အဖွဲ့အစည်း၊ စစ်အစိုးရတို့က မည်သို့ မည်ပုံ တုံ့ပြန်ကြပါမည်နည်း။ မြန်မာနိုင်ငံ၏ အနာဂတ်အလားအလာသည် ဤတုံပြန်မှုများအပေါ် မူတည်၍ နေပါတော့ သည်။
အောင်သူငြိမ်း
မေလ ၁၁ ရက်၊ ၂၀၀၈ ခုနှစ်။
အကိုးအကား
1. Report from Seminar "Beyond Disasters: Creating Opportunities for Peace", Wilson Center Event, Environmental Change and Security Program, June 28, 2007.
Monday, May 12, 2008
သဘာဝကပ်ဘေးဒုက္ခများနှင့် ပဋိပက္ခ အတက်အကျ
Posted by ရွက်မွန် at 4:44 PM
Labels: အောင်သူငြိမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment