ရွက်မွန်စာမျက်နှာ

Wednesday, May 14, 2008

မုန်တိုင်းကြားအတွင်း သိန်း ၇၀ ကျော်ဖိုးနီးပါး ဖောက်ထွင်းခံရ

အင်
အားပြင်းထန်သော နာဂစ်မုန်တိုင်းတိုက်ခိုက်ချိန် (၃- ၅ - ၂၀၀၈) ရက်နေ့  နံနက် ၆ နာရီအချိန်လောက်တွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ အမှတ် (၂) ဈေးတွင် သိန်း (၇၀) ကျော်ဖိုးနီးပါရှိ စားသောက်ကုန်ပစ္စည်း များ ဖောက်ထွင်းမှု ဖြစ်ပွားခဲ့သည်။

ဖောက်ထွင်းခံရသည့်ဆိုင်ရှင်နာမည်မှာ ဒေါ်ရင်နုဖြစ်ပြီး ကော်ဖီမစ်၊ ဆပ်ပြာ၊ ခေါက်ဆွဲခြောက်၊ ဆေးနှင့် မုန့်မျိုးစုံ၊ ကုန်မျိုးစုံ နှင့် အခြားစားသောက်ကုန်ပစ္စည်းများ၊ ရောင်းချသည့်ဆိုင်ဖြစ်သည်။ နံနက် ၆ နာရီ ၀န်းကျင် လောက်တွင် ဖောက်ထွင်းသူများ က ဆိုင်အမိုးအားဖောက်၍ ဆာလာအိတ်များဖြင့် ၀င်ရောက် သယ်ဆောင်ကြခြင်းဖြစ်ပြီး အဓိကအားဖြင့် စားသောက်ကုန် ပစ္စည်းများကို ဖောက်ထွင်းသွားခြင်းဖြစ်သည်။

ထိုနေ့နံနက်က ဈေးအတွင်း စည်ပင်သာယာဝန်ထမ်းတစ်ဦးအား ဈေးအားစောင့်ရှောက်ရန် ၀ာာဝန် ပေးထား သော်လည်း ဖောက်ထွင်းသူများ လာရောက်ချိန်တွင် တွေ့မြင်ခဲ့ကြောင်း၊ သို့သော် ဆိုင်ပိုင်ရှင်မှလွှတ် လိုက် သောလူများဟု ထင်ရသော ကြောင့် ထိုသူများအား တားမြစ်ခဲ့ခြင်းမရှိကြောင်း၊ ထိုသူများသည် ဆာလာအိတ် များအပြင် ဆိုင်အမိုးဖွင့်ရန်အတွက် လက်သမားပစ္စည်းများအပြင် ဓား၊ ဓားမြေ‡ာင်၊ ပုဆိန်စသည့်လက်နက် များလည်း ယူဆောင်လာကြကြောင်း၊ ဖောက်ထွင်းခဲ့ သည်ပစ္စည်းများအားတင်ဆောင်ရန် လှည်းတစ်စီးပင် ပါဝင်ကြောင်း ဈေးကောက်ဖြစ်သူ ဦးအောင်ကျော်သိန်းက ပြောကြား သည်။

ထိုကဲ့သို့ ဖောက်ထွင်းခံရမှုနှင့်ပတ်သက်၍ လိုက်လံမေးမြန်းကြည့်ရာတွင် ထိုဈေးဂိတ်တွင် ဆိုက်ကား နင်းသော ကိုရဲဝင်းက "ဒီကိစ္စကတော့ဗျာ။ ဈေးတာဝန်ခံတွေနဲ့ပဲဆိုင်တယ်။ အခု သူတို့က ဆိုင်ပိုင်ရှင် လာယူခိုင်း တယ်ထင်လို့ မတားဘူးဆိုတဲ့ စကားနဲ့ ဘာမှတာဝန်မယူချင်တဲ့သဘောပဲ။ သူတို့ဈေးကောက် တွေယူ၊ အခွန်တွေ ယူထားတာပဲ။ နောက်ပြီး အဲဒီမနက်က ဈေးပိတ်ထားတာပဲ။ ဘယ်သူလာလာ မေးမြန်း ရမှာပဲ။ ဒါမှမဟုတ်ရင် သူတို့အလုပ်က ဘာလဲ။ ပိုက်ဆံကောက်ဖို့လောက်ပဲ နားလည်တယ်" ဟု ပြောကြား ခဲ့သည်။

ထိုဆိုင်တွင် နေ့စဉ်ဝယ်ယူနေသည့် မုန့်ဆိုင်ငယ်ပိုင်ရှင်တစ်ဦးအား ယင်ကိစ္စနှင့်ပတ်သက်၍ မေးမြန်း ကြည့်ခဲ့ ရာတွင် "သူတို့ (ဒေါ်ရင်နု) တို့ကတော့ တော်တော်လေး စိတ်ဆင်းရဲနေတယ်။ အခုဈေးတာဝန်ခံတွေက လည်း တာဝန်မယူဘူး။ ဘယ်ကိုသွား ပြီး အမှုဖွင့်ရမှန်းတောင် မသိဘူး။ ရဲတွေကလည်း သူတို့အလုပ်နဲ့ သူတို့ ရှုပ်နေကြတယ်။ ဓါတ်မီးတိုင်တွေထောင်ပြီး စားပေါက် ရှာဖို့ပဲ စဉ်းစားနေတယ်။ သူတို့က တကယ်ပြဿနာ တက်လာရင် လက်ရှောင်နေကြတယ်။ နောက်ပြီး အခုဖေါက်ခံရတာက စားစရာတွေဆိုတော့ ပြန်ရဖို့လမ်း ကလည်း မမြင်ဘူး။ ဒီမှာက အခုဖြစ်သွားတဲ့ကိစ္စပဲရှိတာ။ တောင်ဒဂုံဆိုရင် ရိုက်လုတာ တောင် ရှိတယ် ဆိုတော့ သူတို့လည်း ငုတ်တုတ်ထိုင်နေရတယ်။ အခုတော့ ဆိုင်ပြန်ဖွင့်နေပြီလေ။ ဒါပေမဲ့ ရှိတဲ့ဟာတွေကိုပဲ ရောင်းနေရတယ်" ဟု ပြောကြားခဲ့သည်။


ပြည်တွင်းရှိ မိတ်ဆွေတဦးက ပေးပို့သောသတင်းဖြစ်သည်။

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.