ကဲ
..... အခုတော့ ဘယ်လိုလုပ်မလဲဆိုတဲ့ သီချင်းကိုသာ ဆောင့်ချည်းအောင့်ချည်းဆိုရတော့မလို ဖြစ်ကုန်ပါပြီး။ ကျွန်တော်တို့ အိမ်မှ ဟုတ်ပါလေစလို့တောင် ပြန်မေးရမလိုပါ။ ငုတ်တိုင်တောင် မကျန်တော့အောင် ရက်စက်လေတဲ့ နာဂစ်ရယ်။
ကိုယ်တင်ပဲလား ဆိုတော့လည်း မဟုတ်ပြန်ဘူး။ အားလုံးသောလူတွေက ကိုယ့်ဒုက္ခနဲ့ကိုယ်ဆိုတော့ အကူအညီပေးဖို့ နေနေ သာသာ အကူအညီပြန်တောင်းရမလိုတောင် ဖြစ်နေပြီ။
ကျွန်တော် သွားရောက်သတင်းယူခဲ့တာကတော့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ထဲက ရပ်ကွက်တွေပေါ့။ တစ်ရပ်ကွက်လုံးရေမြုပ်လို့ လမ်ဘေးမှာ တာလပတ်အမိုးတွေနဲ့ ဒုက္ခသည်စခန်းဆိုတာကို ရောက်နေခဲ့ရသူတွေ ဆီကိုပါ။ သူတို့တွေရဲ့  အိုမင်းမစွမ်းတဲ့ မျက်နှာလေးတွေနဲ့ ကယ်ပါယူပါမပြောရုံတမယ် အသွင်သဏ္ဍာန်တွေက မြင်ရသူရင်ကို မချမ်းမြေ့ စေတာအမှန်ပါပ။ အိုးမဲ့အိမ်မဲ့ဖြစ်လို့နေတဲ့အပြင် သောက်စရာရေမရှိ၊ စားစရာ အစာမရှိ နဲ့ ဟိုလူကယ်မှ ဒီလူကယ်မှ စား သောက်ရမယ့်ဘ၀တွေကို မလိုချင်ဘဲ ရယူလိုက်ရတဲ့ သူတွေဆီက အသံတွေကတော့ ဒီအတိုင်းပါပဲ။
" ကျွန်တာ် မုန်တိုင်းလာမယ်ဆိုတဲ့သတင်းကို မြို့ထဲကနေကြားလာတယ်။ ကျွန်တော်တို့နားက မြို့ထဲ မှာလုပ်နေတဲ့သူတွေလည်း အစောကြီးပြန်လာလို့ မေးကြည့်တော့လဲ မုန်တိုင်းတိုက်မယ်ဆိုလို့ ပြန်လွှတ်လိုက် တာလို့ ပြောတော့ ဟုတ်တော့ဟုတ်နေပါပြီး လို့တော့ ထင်ထားတယ်ဗျာ။ တကယ်လည်း မုန်တိုင်းတိုက်လာတော့ ဘယ်နားနေလို့နေရမှန်းကို မသိတော့တာအမှန်ပဲ။ ကျွန်တော့်ကလေးတွေကို ဘာရှာကျွေးလို့ ကျွေးရမှန်းတောင် မသိဘူး။ ကလေးတွေကတော့ ဘာမှန်းမသိ ညာမှန်းမသိနဲ့ ပျော်နေကြတယ်။ လူတွေကအများကြီးလေ။ တွေ့ဖူးတဲ့လူလည်းပါသလို မတွေ့ဖူးတဲ့လူလည်းပါတယ်။ အားလုံးကတော့ စားစရာမရှိတာအမှန်ပဲ"
"ကျွန်မဘ၀မှာ ဒါမျိုးကို စိတ်ကူးထဲတောင် မထင်ခဲ့မိဘူး။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင်ကိုပဲ။ အရင်တုန်းက မုန်တိုင်း ဆိုတာကြားဖူးတယ်။ နောက်ပြီး မာလာမုန်တိုင်းတိုက်တယ်ဆိုတုန်းကလည်း ဘာမှမဖြစ် လိုက်တော့ အေးအေးဆေးဆေးပဲ လေ။ အခုတော့ ဘာဆိုဘာတစ်ခုမှ မရတော့တဲ့အပြင် စားစရာဆိုတာတောင် သူများပေးမှ စားရတဲ့ဘ၀ ဖြစ်ကုန်တော့တာပဲ"
"သားတို့ကတော့ ဘာမှန်းမသိဘူး။ မိဘတွေမျက်နှာကိုပဲ ကြည့်နေရတယ်။ သားတိုကတော့ လူကြီးတွေ မျက်နှာ မကောင်းတာ ပဲ သိတယ်။ မုန်တိုင်းတိုက်တဲ့အချိန်တုန်းကတော့ အိမ်တွေပြိုကုန်တာကိုတော့ မြင် လိုက်ရတယ်။ ရုပ်ရှင်ကြည့်ရသလိုပဲ။ တအိအိနဲ့ပြိုကျနေတာ။ ခဏနေတော့ အဖေက အပြင်ကိုခေါ်သွား တယ်။ ဘာမှန်းမသိဘူး။ နောက်မှ ကျွန်တော်တို့အိမ်လည်း အရင်အိမ်တွေလိုပဲ တအိအိနဲ့ပြိုကျသွားတယ်။ ညီမလေးနဲ့ အမေကတော့ ငိုနေတာပဲသိတယ်။ အခု သားတို့ ဒုက္ခသည် စခန်း ဆိုတာမှာ နေနေရတယ်။ ဒါပေမဲ့ စားစရာက နည်းနည်းပဲရတယ်။ ဒါတောင်မှ ကံကောင်းလို့” ဟု အသက် ၆ နှစ်အရွယ် မောင်ရဲလင်း ဇော်က ရင်ဖွင့်လိုက်ပြန်သတဲ့။
ဆရာဝန်တစ်ယောက်ရဲ့ ရင်ဖွင့်သံလေးကတော့.......
"ကျွန်တော်ဆီကိုလာတာ ကလေးတွေများတယ်။ ကလေးတော်တော်များများက အစာအဟာရပြတ် လပ်တဲ့အပြင် မသန့်ရှင်း တဲ့ရေတွေကို သောက်နေရတော့ ၀မ်းရောဂါတွေဖြစ်ကုန်တယ်။ တချို့ ကလေး တွေဆိုရင် အခြေအနေတော်တော်ဆိုးတယ်။ အစာပြတ်ပြီးအားနည်းရတဲ့ကြားထဲ အခုလိုဖြစ်တော့ တော်တော်များများ ကလေးတွေက မခံနိုင်ကြတော့ဘူး။ ဆေးကလည်း မလုံလောက်တော့ သူတို့ကလေး တွေအတွက် စိတ်မကောင်း ဖြစ်ရတယ်။ တစ်ကိုယ်ရေကျန်းမာရေးဆိုတာကို အခုလို ဒုက္ခ ရောက်နေ တဲ့အချိန်မှာ ဘယ်လိုလုပ်ပြီး ပညာရေး တရားသွားဟောလို့ ရမှာလဲဗျာ"
ထောက်ပံ့ရေးပစ္စည်း သွားတောင်းမိသူတစ်ဦးကတော့ 
"ကျွန်မတို့ရပ်ကွက်ကို ထောက်ပံ့ရေးပစ္စည်းတွေ ပေးတယ်ဆိုတာကြားတော့ ကျွန်မရပ်ကွက်ရုံးကို သွားတယ်။ ရပ်ကွက်ရုံးရောက်တော့ ပေးတော့ပေးတယ်။ ဒါပေမဲ့ တကယ်တမ်း ဒုက္ခရောက်တဲ့သူတွေ အတွက် ပေးထားတယ်ဆိုတဲ့ အရေ အတွက်ထက်ကို အများကြီးနည်းပြီးရတယ်။ ကျွန်မတို့မိသားစုက ၆ ယောက်တောင် ရှိတယ်။ တစ်အိမ်ထောင်ကို ညမနက် ဆန် ၄ လုံးပဲပေးတော့ ဘယ်လိုလုပ်ရမှန်းတောင် မသိဖြစ်ရတယ်။ အကျိုးအကြောင်းရှင်းပြရင်လည်း အော်ငေါက်ခံရသေးတယ်။ ဒါပေမဲ့ အဲဒီမှာရှိတဲ့ ရပ်ကွက်လူကြီးတွေကတော့ ၀လို့ဖီး လို့ပါဘဲ"
"ကျွန်မတို့ရပ်ကွက်က အိမ်တော်တော်များများပါသွားပေမဲ့ အခြားရပ်ကွက်တွေလောက်တော့ မဆိုး ဘူးလို့ ဆိုရမယ့် အနေ အထားပါ။ ဒါပေမဲ့ ကျွန်မတို့ဆီက ရေလုံးဝကိုသောက်စရာမရှိတော့တာ။ အခုတောင် ငမိုးရိပ်ပိုက်လိုင်းပေါက်သွားတဲ့နေရာက ထွက်နေတဲ့ရေတွေကိုပဲ သွားသွားခပ်ပြီး သောက်နေရတယ်။ သောက် ရေဆိုတာရှိကို မရှိဘူး။ မုန်တိုင်းတိုက်တုန်းက ကျန်ခဲ့တဲ့ရေတွေက စီးစရာနေရာမရှိတော့ အကုန်လုံးအိမ်ထဲဝင်ပြီး နေစရာမရှိတော့တဲ့အပြင် အခု ရေတွေကပုပ်ကုန်ပြီး နံစော်နေတော့ ကိုယ်မှာတောင် အဖုအပိမ့်တွေထွက်လာ ပြီ။ အခုခပ်နေတဲ့ရေကလည်း အဲဒီအပုပ်ရေတွေနဲ့ရောတဲ့နေရာရော၊ မရောတဲ့ နေရာကျပြန်တော့လဲ အားလုံးဝိုင်း ခပ်နေတော့ နောက်ကျိနေတာပဲ"
အစားအသောက်ပြတ်လပ်သူများကတော့ 
"ကျွန်တော်တို့ဆီမှာ စားစရာပြတ်နေတာတော့ အမှန်ပဲ။ ပိုက်ဆံရှိလို့ သွားဝယ်ရင်တောင် အပုတ် တွေပဲရတယ်။ ၇ - ၅ - ၂၀၀၈ နေ့က မြောက်ဥက္ကလာပဈေးမှာ သွားဝယ်တုန်းက ငါးတွေ တွေ့တာနဲ့ဝယ်လာ တယ်။ ဒါပေမဲ့ အိမ်ရောက်တော့ အပုပ်နံ့ တွေ ထွက်လာပြီး စားလို့မရတော့လို့ လွှတ်ပစ်လိုက်ရတယ်။ အစိုးရက ထောက်ပံ့တယ်ဆိုပေမယ့် ကျွန်မတို့ရပ်ကွက်က တခြား ရပ်ကွက်လောက်မဆိုးဘူးဆိုပြီး ဘာမှလာမပေးဘူး။ ရေ ကလည်း လက်နှစ်လုံးလောက်ပဲ ကျန်တော့တယ်။ ဒါကုန်ရင် ဘာ ဆက်လုပ်လို့ လုပ်ရမှန်းမသိတော့ဘူး"
စားသောက်ကုန်ရောင်းချပေးလျက်ရှိသော ဆိုင်ရှင်တစ်ဦးကတော့ 
" ကျွန်တော်တို့ဆီမှာက ရှိတာလေးတွေကို အတတ်နိုင်ဆုံးရောင်းပေးပါတယ်။ ဈေးတော့ နည်းနည်း တင်ထားရတယ်။ ဆိုင်ကို လုံးလုံးမပိတ်ရဲဘူးဖြစ်နေတယ်။ ဆိုင်ပိတ်လိုက်ရင် အားလုံးကို ၀ိုင်းဖောက်ကြမယ့် အနေအထားမျိုးဖြစ်နေတယ်လေ။ ဆိုင် မပိတ်ပဲ ရောင်းပေးနေတော့ သူတို့(ဒုက္ခသည်)တွေက သူတို့နိုင်သ လောက်လေး လာဝယ်နိုင်ကြတာပေါ့။ ဒါပေမဲ့ လူ ၁၀၀ မှာ ၁၀ ယောက်လောက်ပဲ လာဝယ်နိုင်ကြတာပါ။ ကျန် တဲ့လူတွေက စားစရာဝယ်ဖို့မပြောနဲ့ သောက်စရာ ရေ၀ယ်လို့ ရတယ် ဆိုရင်တောင် ၀ယ်စရာပိုက်ဆံမရှိတော့ အောင်ကို ဖြစ်နေကြတယ်"
ရပ်ကွက်များအတွင်း ဒုက္ခသည်များအား တတ်နိုင်သလောက် ကူညီနေကြသူများကတော့ 
" ကျွန်တော်တို့သူငယ်ချင်းတွေက အဖွဲ့ကလေးတစ်ခုဖွဲ့ပြီး အိုးမဲ့အိမ်မဲ့တွေကို တတ်နိုင်သလောက်ပေါ့။ လိုက်ပြီးကူညီပေးတယ်။ ပိုက်ဆံများများ အလှူခံလို့ရတဲ့ရက်ဆိုရင် မနက်ပိုင်းဖြစ်ဖြစ်၊ ညနေပိုင်းဖြစ်ဖြစ် စုရပ် တစ်ခုထားပြီး ထမင်းကျွေးတယ်။ ဒါပေမဲ့ ထင်သလောက် မကူညီနိုင်တာကိုတော့ ၀မ်းနည်းမိတယ်။ ကျွန်တော် တို့လည်း အိမ်ကအမိုးတွေ လန်ပြီး အပင်ပိသွားတာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ထက် အခြေအနေဆိုးတဲ့လူတွေ က ရိုက်သတ်လို့မကုန်ဘူး။ ရပ်ကွက် လူကြီးတွေက ကူညီတယ်ဆိုတာလည်း မျက်နှာလိုက်တာတွေရှိတော့ အားလုံးအတွက် အကူအညီဆိုတာက ဝေလာဝေးဆိုတဲ့ အနေအထားပါ"
ဖြေကြားတဲ့သူအားလုံးရဲ့  မျက်နှာတွေကတော့ သောကတွေ ဖြာဖြာဝေလို့ ည‡ိုးနွမ်းပြီး အသက်မဲ့တဲ့ မျက်လုံးတွေနဲ့။ သူတို့ကို ဘယ်သူတွေက စာနာပေးမှာတဲ့လဲ။ ဘယ်မှာလဲ ထောက်ပံ့ရေးပစ္စည်း။ ထောက်ပံ့ရေး ပစ္စည်းဝေးလို့ သောက်စရာရေတောင် လောက်လောက်ငငမရှိတဲ့ဘ၀ကို ဘယ်သူက ကယ်တင်ပေးမှာလဲ။
ပြည်တွင်းမှ မိတ်ဆွေတဦးက ပေးပို့ပါသည်။
Thursday, May 15, 2008
မုန်တိုင်းကြားက နွမ်းလျသူများ
Posted by ရွက်မွန် at 8:31 PM
Labels: မုန်တိုင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment