ရွက်မွန်စာမျက်နှာ

Sunday, June 15, 2008

အရေးတော်ပုံကား မျိုးဆက်တိုင်းအား တပ်လှန့်၍ နေချေပြီ


နိုင်ငံသားတိုင်း၌ မိမိတို့လိုချင်သည့် အစိုးရမျိုးကို မိမိတို့ဘာသာ ရွေးချယ်ပိုင်ခွင့်ရှိကြပေသည်။
ဤအခွင့်အရေးကို ဆုပ်ကိုင်၍ မိမိတို့ဆန္ဒအလျောက် မိမိတို့ဘာသာ မရွေးချယ်ခဲ့ကြပါက မိမိတို့မလိုချင်သည့် အစိုးရမျိုးကိုသာ ရရှိကြပေလိမ့်မည်။ သို့သော် အရာရာနှောင်းသွားပြီဖြစ်သဖြင့် ညံ့ဖျင်းသည့် အစိုးရကိုသာလျှင် မိမိတို့နှင့် တန်သည့်အစိုးရ အဖြစ် သဘောပိုက်၍ လူမဆန်သည့်အစိုးရ၏ အဓမ္မပြုကျင့်မှုကို ပြားပြားဝပ်မျှ ခံကြရပေလိမ့်မည်”

စစ်အုပ်စုက ဆန္ဒခံယူပွဲ၌ (၉၂।၄)ရာခိုင်နှုန်း ထောက်ခံမဲ ရရှိခဲ့သည်ဟု ကြေညာခဲ့သည်။ စကတည်းက လိမ်လည်ညစ်ပတ် လိမ့်မည်ဆိုသည်ကို ကြိုခန့်မှန်းထားနှင့်ကြသည့် လူများအတွက်မူ ဤကြေညာချက်သည် ပြက်လုံးတခုသဖွယ် ဖြစ်ကောင်း ဖြစ်နေပေလိမ့်မည်။ သို့သော် ဤပြက်လုံးသည် ဘ၀နှင့်ရင်း၍ ရယ်ရမည့် ပြက်လုံးမျိုး၊ အနာဂတ်ကို ထိုးကျွေး၍ ရယ်ရမည့် ပြက်လုံးမျိုး၊ သခင်ရှေ့မှောက် ဒူးထောက်၍ ကျွန်ရယ် ရယ်ရမည့် ပြက်လုံးမျိုး ဖြစ်နေသဖြင့် ရယ်ရခက်ကြပေလိမ့်မည်။

လူအတော်များများက ဆန္ဒခံယူပွဲရလဒ်ကို ၆၀% - ၄၀% ခန့် ဖြစ်နိုင်ဘွယ်ရာရှိသည်ဟူ၍ မှန်းဆထားခဲ့ပါသည်။ ပြည်သူ လူထု ကို လျှော့တွက်၍မဟုတ်ဘဲ စစ်အုပ်စု၏ လိမ်လည်ညစ်ပတ်မှုကို ထည့်တွက်၍ ဤသို့ခန့်မှန်းထားခြင်း ဖြစ်ပါသည်။ အကယ်၍ လူအများမှန်းဆထားသလို စစ်အုပ်စုက နှာတဖျားသာရုံလေး ကပ်၍ကြေညာခဲ့မည်ဆိုလျှင် လူတိုင်းလိုလို မျက်စေ့လည်သွား နိုင်ပါသည်။ (၁) စစ်အုပ်စုကို လိမ်လည်ညစ်ပတ်သည်ဟူ၍ တိတိကျကျ ပြောရန်ခက်ခဲနိုင်ပါသည်။ (၂) ပြည်သူလူထုအတွင်း ငါက ကန့်ကွက်တယ်၊ နင်က ထောက်ခံတယ်ဟူ၍ အချင်းချင်း အထင်အမြင်လွဲမှားမှုများ ပေါ်ပေါက် လာနိုင်ပါသည်။ (၃) နိုင်ငံတကာအစိုးရများနှင့် ကမ္ဘာ့ပြည်သူများအားလည်း ရှင်းပြရန် အတော့်ကို ခက်ခဲနိုင်ပါသည်။

သို့သော် စစ်အုပ်စုက (၉၂।၄%)ဟု ကြေညာလိုက်သဖြင့် (၁) စစ်အုပ်စု၏ လိမ်လည်ညစ်ပတ်မှုမှာ ဘွားဘွားကြီး ပေါ်ထွက် လာခဲ့ပါသည်။ (၂) ပြည်သူအားလုံးသည်လည်း မိမိတို့ လိမ်ညာခံရ၊ မတရားပြုခံရသည်ကို မျက်မြင်ဒိဌ သိရှိခွင့် ရရှိသွားခဲ့ ကြပါသည်။ (၃) နိုင်ငံတကာ အစိုးရများနှင့် ကမ္ဘာ့ပြည်သူများအားလည်း ရှင်းပြရန်မလိုတော့လောက်အောင်ပင် စစ်အုပ်စု ၏ ငါတကောကောသည့် လုပ်ရပ်က ဘူးပေါ်သလို ပေါ်နေပါတော့သည်။

တရုတ်ပြည်လွတ်မြောက်ရေးကြိုးပမ်းစဉ်ကာလက ဗုံးမိုးရွာနေသည့် ဂျပန်လေယာဉ်ပျံများအား ခုခံရေးနှင့်ပတ်သက်၍ ဥက္ကဌ မော်ပြောခဲ့သည့် စကားတခွန်းရှိပါသည်။ “ငါတို့က ဂျပန်စစ်တပ်ဟာ မကောင်းဘူး၊ ဒါကြောင့် ဂျပန်စစ်တပ်ကို ခံတိုက်ကြဆိုပြီး ငါတို့ပြည်သူတွေကို တကူးတက ရှင်းပြနေစရာ မလိုတော့ဘူး။ ငါတို့ပြောချင်တဲ့စကားကို ငါတို့ကိုယ်စား ဂျပန်တွေက ဗုံးတွေ ကျဲပြီး ပြောလိုက်ကြပြီ။ ရန်သူက ငါတို့ပြည်သူတွေကို အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲ ဆင်ကြဖို့ လှုံ့ဆော်ပေး လိုက်ပြီ” ဟူ၍ မော်က အဆိုးထဲမှ အကောင်းကို ထုတ်ဖော်တင်ပြခဲ့သည်။ ထို့အပြင် မော်က “ဂျပန် စစ်တပ်ဟာ တရုတ်ပြည်မှာ ဘယ်တုန်းကမှမရှိခဲ့ဘူးတဲ့ အမျိုးသားညီညွတ်ရေးကို ယူဆောင်လာခဲ့တယ်” ဟူ၍ တပ်နီတော် နှင့် ကူမင်တန်တို့အကြား အမျိုးသားညီညွတ်ရေး တည်ဆောက်ရန် လမ်းပွင့်သွားမှုကိုပါ ထုတ်ဖော်တင်ပြခဲ့သည်။

ကျနော်တို့အနေဖြင့်လည်း စစ်အုပ်စုသည်မတရား၊ စစ်အုပ်စုသည် မမျှတ၊ ထို့ကြောင့် စစ်အုပ်စုကို တော်လှန်ကြဟူ၍ ပြော နေရန် လိုပါဦးမည်လား။ စစ်အုပ်စုသည် အများပြောချင်သည့်စကားကို အားလုံးကိုယ်စား ရုပ်မြင်သံကြားမှ ကြေညာပေးခဲ့ သည်။ ရေဒီယိုမှ ထုတ်လွှင့်ပေးခဲ့သည်။ သတင်းစာများမှ ပုံနှိပ်ဖော်ပြပေးခဲ့သည်။ ထိုမျှမက စစ်အုပ်စု၏ လိမ်လည်ညစ်ပတ် မှုသည် “ဒုတိယရှစ်လေးလုံး”ဟုဆိုနိုင်မည့် လူထုအုံကြွမှုကြီးတရပ် ပေါ်ပေါက်လာစေရန်ပင် တပ်လှန့်ပေးလိုက်ပေသည်။

သို့သော် ၁၉၄၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ အနှစ်(၆၀)လုံးလုံး စစ်ကျွန်ဘ၀ရောက်နေခဲ့ကြရသည်မှာ နိုင်ငံသားအခွင့်အရေး အတွက် တောင်းဆိုတိုက်ပွဲဝင်ကြသည့် နိုင်ငံသားအရေအတွက်က စစ်သားအရေအတွက်ထက် နည်းပါးနေခြင်းကြောင့်ပင် ဖြစ်လေမည်လားမပြောတတ်။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလှုပ်ရှားမှုအပါအ၀င် အခြားသော အရေးတော်ပုံကြီးငယ်များတွင် ပွဲတိုင်းလိုလို ဒီလူတွေချည်း လှုပ်ရှားလိုက်၊ ဒီလူတွေချည်း ထောင်ချခံရလိုက်၊ ဒီလူတွေချည်း မြေလျှိုးကြရလိုက်၊ ဒီလူတွေ ချည်း နယ်စပ်သို့ ရှောင်တိမ်းကြရလိုက်၊ ဒီလူတွေချည်း ဘ၀ပျက်ခံကြရလိုက်၊ ဒီလူတွေချည်း မိသားစုနှင့် ကွေကွင်းကြရ လိုက်၊ ဒီလူတွေချည်း အသက်စွန့်လွှတ်ကြရလိုက်နှင့် တကယ်လှုပ်ရှားကြသူ အရေအတွက်မှာ လက်ချိုးရေနိုင်ရုံလောက် မျှသာ ရှိခဲ့သည်ဟူ၍ အရေးတော်ပုံမှတ်တမ်းများက သက်သေထူပြနေသည်ကို ကျနော်တို့ မငြင်းနိုင်ပါ။

လှုပ်ရှားမှုများ၌ ဒီလူတွေချည်းလိုလို ဖြစ်နေရသည့်ကိစ္စနှင့်ပတ်သက်၍ ကျနော့်မိတ်ဆွေ အယ်ဒီတာတဦးက ပြောဖူးပါ သည်။ အခြေခံပြဿနာမှာ လူထုစည်းရုံးမှုအ၀န်းအ၀ိုင်းကို မချဲ့ထွင်နိုင်ခြင်းပင်ဖြစ်သည်ဟု ဆိုပါသည်။ အရေးတော်ပုံ တပ်သားများ (တနည်း) လူထုစည်းရုံးရေးသမားများအနေဖြင့် ကျေးလက်ဒေသများအထိ ကွင်းဆင်း၍ လူထုစည်းရုံးရေး လုပ်ငန်းများကို ဇောက်ချမလုပ်နိုင်ဘဲ မြို့ပြဒေသများ၌သာ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်နေကြခြင်းကို တွေ့နေရသည်ဟု ဆိုပါသည်။ ရှစ်လေးလုံးအရေးတော်ပုံတုန်းက တက္ကသိုလ်ကျောင်းသားများနှင့် အထက/အလက ကျောင်းသားများသည် (ကျောင်းများ ပိတ်ပစ်လိုက်ခြင်းကို အခွင့်ကောင်းယူ၍) ကျေးလက်ဒေသများအထိ ကွင်းဆင်း၍ တောင်သူဦးကြီးများအား လှုပ်ရှားမှုထဲ ဆွဲ ခေါ်နိုင်ခဲ့ကြပါသည်။ စက်ရုံအလုပ်ရုံများမှ ကော်လာပြာလုပ်သားများနှင့် လက်လုပ်လက်စား အလုပ်သမား များအား လှုပ်ရှား မှုထဲ ဆွဲခေါ်နိုင်ခဲ့ကြပါသည်။ သို့နှင့် ပြည်လုံးကျွတ် အထွေထွေလူထုလှုပ်ရှားမှုကြီးတရပ် ပေါ်ပေါက်ခဲ့ရပါ သည်။ ယနေ့ အခြေ အနေ၌ဆိုလျှင် ရဟန်းသံဃာတော်များ၊ အနုပညာရှင်များနှင့် ဆေးဘက်ဆိုင်ရာ၊ လူမှုစောင့်ရှောက်ရေး ဆိုင်ရာ ပညာရှင်များ ပါ ပါဝင်လှုပ်ရှားနေကြသဖြင့် လူထုစည်းရုံးရေးနယ်ပယ်ကို ချဲ့ထွင်ရန် အခွင့်အခါသင့်လှပေသည်။

ဆိုကြပါစို့။ ယနေ့၌ အသက်(၂၀)အရွယ်ရှိသည့်လူငယ်လေးတဦးသည် အာဏာရှင်စနစ်အောက်၌ အနှစ်(၂၀)မျှ ဖြတ်သန်း ကြီးပြင်းခဲ့ရပေလိမ့်မည်။ ထိုလူငယ်၏မိဘနှစ်ပါးသည် အသက်(၄၀) ၀န်းကျင်အရွယ်များဖြစ်နိုင်သဖြင့် တပါတီအာဏာရှင် စနစ်နှင့် စစ်အာဏာရှင်စနစ်နှစ်ခုပေါင်းအောက်၌ နှစ်ပေါင်း(၄၀)မျှ ဖြတ်သန်းကြီးပြင်းခဲ့ကြရပေလိမ့်မည်။ ထိုလူငယ်လေး၏ ဘိုးဘွားတို့သည်လည်း အသက်(၆၀) ၀န်းကျင်အရွယ်များဖြစ်နိုင်သဖြင့် လွတ်လပ်ရေးအရ ပြည်တွင်းစစ်အစဟုဆိုရမည့် ခေတ်ကာလများမှသည် မျက်မှောက်ခေတ်ကာလများအထိ နှစ်ပေါင်း(၆၀)ကျော် ၀ဋ်နာကံနာ ခံစားခဲ့ကြရရှာပေလိမ့်မည်။

မျိုးဆက်(၃)ဆက်မျှ ခေတ်ဆိုးစနစ်ဆိုးများအောက်၌ ဖြတ်သန်းခဲ့ကြရသည့် သမိုင်းသည် ဤတွင် တခန်းရပ်သင့်ပါပြီ။ ထို့အတူ ထိုလူငယ်လေးမှ မွေးဖွားလာမည့် မျိုးဆက်သစ်ရင်သွေးလေးများခမြာ ၎င်းတို့၏ ဘိုးဘွားမိဘများနည်းတူ ခေတ်ဆိုး စနစ်ဆိုး ကြီးများအောက်၌ ထပ်မံဖြတ်သန်းကြရဦးတော့မည့်အရေးကို ကျနော်တို့ လက်ပိုက်ကြည့်နေကြသင့် ပါ၏လော။ အနာဂတ်၏ ရင်သွေးငယ်လေးများ (တနည်း) စတုထ္ထမျိုးဆက်လေးများအား ဤခေတ်၊ ဤစနစ်နှင့် ဤလို ဖက်စစ်အုပ်စု၏ သေနတ်ပြောင်း အောက်၌ ကြီးပြင်းစေသင့်ပါ၏လော။ လူလားမြောက်စေသင့်ပါ၏လော။

ဆန်နှင့် လောင်စာဆီပြဿနာကို ကမ္ဘာနှင့်အ၀န်း ရင်ဆိုင်နေကြရချိန်တွင် မွဲပြာကျ၍ ချွတ်ခြုံကျနေသည့် မြန်မာပြည်အဖို့ ပို၍ အလူးအလဲခံရမည်မှာ မြေကြီးလက်ခတ်မလွဲချေ။ ယနေ့ (သို့) မနက်ဖြန်၌ လူထုသည် သူတို့အသက်ရှင်ရပ်တည်ရေး အတွက် အစားအစာရရှိရေး၊ အမိုးအကာရရှိရေး၊ ထွန်ယက်စိုက်ပျိုးစရာ ရရှိရေး စသဖြင့် အခြေခံအကျဆုံးသော လိုအပ် ချက်များ အတွက် တောင်းဆိုကြပေလိမ့်မည်။ ငတ်၍သေရမည့်အတူတူ တိုက်၍သာ သေတော့မည်ဟူသည့် ပိုင်းဖြတ်မှုများ ကြောင့် လူထုလှုပ်ရှားမှုသည် အားနှင့်အင်နှင့် ပေါ်ပေါက်လာနိုင်ပေသည်။ ထိုသို့ပေါ်ပေါက်လာနိုင်သည့် လူထုအုံကြွမှုအား တနေရာ တည်း၌ကွက်ကျားမဖြစ်စေဘဲ နေရာအနှံ့အပြား၌ အကျယ်အပြန့်ဖြစ်စေရေးနှင့် မြို့ပြရော၊ ကျေးလက်ပါ ပါဝင်စေ ရေး တို့ အတွက် လူထုစည်းရုံးရေးသမားများအနေဖြင့် ပြင်ဆင်ကြရန်လိုပေမည်။ ထိုမျှမက သွေးချောင်းစီးမှု နည်းနိုင်သမျှ နည်းပါးစေ ရေးအတွက် ရနိုင်သမျှသော နည်းလမ်းများအား အသုံးပြုကြရန်လည်း လိုပေလိမ့်မည်။

“ကယ်ဆယ်ရေးအကူအညီများကို ပိတ်ပင်သည့်နည်းဖြင့် ပြည်သူသန်းပေါင်းများစွာကို သေတွင်းပို့ရုံနှင့် အားမရ၊ ဆန္ဒခံယူပွဲ၌ မဲလိမ်သည့်နည်းဖြင့် ပြည်သူသန်းပေါင်းများစွာကို ကျွန်ပြုရန် စီမံကိန်းချအကောင်အထည်ဖော်နေသည့် စစ်အုပ်စုကို သည် အတိုင်း ထင်တိုင်းကျဲခွင့် ပြုထားဦးမည်ဆိုလျှင် နိုင်ငံ့သမိုင်း၌ ရာဇ၀င်ရိုင်းရပေရော့မည်။

သခင်အောင်ဆန်း ဥပမာပေးခဲ့သည့် xxxx နိုင်ငံလိုဘ၀မျိုးသို့ မုချပင် ရောက်ရှိသွားရပေရော့မည်”

အောင်မော်ဦး
ဇွန်၊ ၁၄၊ ၂၀၀၈။

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.