ရွက်မွန်စာမျက်နှာ

Tuesday, July 15, 2008

သတင်းစာ အရသာနှင့် လွတ်လပ်မှု

သူ
များနိုင်ငံက သတင်းစာတွေများ ဖတ်လိုက်ရရင် ဖတ်ရတဲ့သူအဖို့ အရသာ အတော်စုံစုံ ခံစား တွေ့ထိနိုင်တာကို တွေ့ရတယ်။ သူများနိုင်ငံက သတင်းစာတွေဆိုလို့ နိုင်ငံတိုင်းကထုတ်တဲ့ သတင်းစာတွေ အားလုံးကို ရည်ရွယ်ပြော တာတော့ မဟုတ်ပါဖူး။ လွတ်လပ်ပြီး ဒီမိုကရေစီရှိတဲ့ တိုင်းနိုင်ငံတွေက သတင်းစာမျိုးတွေကို ပြောတာပါ။

မြန်မာပြည်က သတင်းစာများကတော့ စစ်အစိုးရ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့အတွက် ဘာအရသာကိုမှ စာဖတ်သူတွေ မပေးစွမ်းနိုင်သလို တန်ဖိုးရှိတဲ့ ဗဟုသုတများကိုလဲ ဝေငှနိုင်စွမ်းမရှိပါ။ စစ်အစိုးရ နောက်မြီးဆွဲ ဆောင်းပါးရှင်တွေရဲ့ ငါ့စကား နွားရရေးထားတဲ့ ဆောင်းပါးမျိုးတွေကိုသာ တွေ့ရပါတယ်။ သတင်းတွေကြပြန်တော့လည်း တတိုင်းပြည်လုံး အကုန်ကောင်းပါ ၏၊ စစ်ဗိုလ်များလည်း တိုင်းပြည်အတွက် နဖူးကချွေး ခြေမကျသည်အထိ အလုပ်လုပ်နေကြ၏ ဆိုတဲ့ ဟာမျိုးတွေသာ ဖတ်ရ သည်။ လိပ်များလိုဘဲ ကိုယ့်ဖက်ကို ယှက်ထားတဲ့ သတင်းနဲ့ဆောင်းပါးတွေသာ နေ့တဓူဝ မြင်တွေ့ဖတ်ရှု့နေရသည်။

ကျနော်တို့နဲ့ အနီးဆုံး အိမ်နီးချင်းတိုင်းပြည်တွေက သတင်းစာတွေဖတ်ကြည့်တော့ အရသာအစုံအလင် ဗဟုသုတ ပေါင်းစုံ ပေးနိုင်ရုံသာမက ထိုသတင်းစာများ ထွက်ရှိတဲ့ တိုင်းပြည်ဟာ ဘယ်လောက်အတိုင်းအတာ လွတ်လပ်နေတယ် ဆိုတာကို လည်း သတိထားမိပါတယ်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံက ထုတ်တဲ့သတင်းစာများ၊ အိန္ဒိယနိုင်ငံက သတင်းစာများ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံထုတ် သတင်းစာ တစောင်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နှုတ်ထွက်ပေးလိုက်ရတယ် ဆိုတာကို ဖတ်လိုက်ရ ပါတယ်။ အဲသည်တော့ ဖတ်ရင်းကနေ သိချင်စိတ်ကလေး ပေါ်လာပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဘာဖြစ်လို့ နှုတ်ထွက်ရ သလဲပေါ့။ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့သူပိုင်တယ် ငါပိုင်တယ်လို့ ငြင်းခုံနေတဲ့ (၁၁) ရာစုရှေးဟောင်း ဘုရားကိစ္စနဲ့ ပတ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ပါလီမန်မှာ အတည်ပြုဆွေးနွေးခြင်း မပြုဘဲ သူ့သဘောနဲ့သူ ဆုံးဖြတ်ချက် တခုကို ပေးခဲ့လို့ နှုတ်ထွက်ခဲ့ရတယ်လို့ သိရပါတယ်။ ကိုယ်မှားမှန်းသိရင်ကို တာဝန်ခံရတယ် ဆိုတဲ့သဘောကို သတင်းစာကနေ တဆင့် တွေ့လိုက်ရပါတယ်။ သို့သော် ထိုင်းနိုင်ငံမှာ ချွင်းချက်တခုတော့ ရှိနေပါတယ်။ အဲတာက ဘာလဲဆိုတော့ သတင်းစာထဲမှာ ထိုင်းဘုရင်နဲ့ မိသားစုကို ဝေဖန်တဲ့ အရေးအသားမျိုးတွေတွေ့ အခုအထိ မတွေ့နိုင်သေးပါဖူး။

အိန္ဒိယနိုင်ငံက သတင်းစာတွေကြတော့ ပိုပြီးဖတ်လို့ ကောင်းတယ်လို့ ဆိုရပါလိမ့်မယ်။ ဒီမိုကရစီသက်က အတော်လေး ရင့်လာ ပြီဆိုတော့ သတင်းစာတွေရဲ့ လွတ်လပ်ခွင့်ကလည်း သတင်းစာတွေရဲ့ အရည်အသွေးကို ပိုလို့တောက်ပြောင် လာအောင် ဖန်တီးနိုင်ပါတယ်။ အခုလတ်တလော သတင်းတခုမှာတော့ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းရဲ့ လက်ရှိ အာဏာရ အစိုးရအဖွဲ့ကနေ ကွန်မြူနစ်ပါတီက နှုတ်ထွက်မယ်လို့ ဆိုလာတာကို ဖတ်လိုက်ရပါတယ်။ အကြောင်း ကတော့ လက်ရှိ အာဏာရအစိုးရဟာ အမေရိကန်တွေနဲ့ နျူကလီးယားစွမ်းအင် ကိစ္စနဲ့ပတ်သက်လို့ လက်ကြိတ်ထိုး လုပ်တာတွေ ရှိလာလို့ ကွန်မြူနစ် ကိုယ်စားလှယ် အမတ်တွေက လက်ရှိ အာဏာရအစိုးရကနေ ထွက်ကြမှာ ဖြစ်ပါတယ်။

ကွန်မြူနစ်ပါတီက အမတ်တွေဝင်ပူးပေါင်း လာတာကြောင့် လက်ရှိအစိုးရဟာ ရွေးကောက်ပွဲအပြီးတုံးက အစိုးရဖွဲ့ နိုင်ခဲ့တာ လည်း ဖြစ်ပါတယ်။ တကယ်သာ ကွန်မြူနစ်ပါတီက အမတ်တွေ လက်ရှိအစိုးရ အဖွဲ့ထဲကနေ ထွက်သွားကြ မယ်ဆိုရင် လက်ရှိ အစိုးရဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးဖြစ်ခြင်းကနေ ပျက်ပြယ်သွားတော့မှာလည်း ဖြစ်ပါတယ်။ လက်ရှိအာဏာရ ပါတီ မှာ မန်မိုဟန်ဆင်းရဲ့ ကွန်ဂရက်ပါတီက အမတ်အများစု ဆိုပေမဲ့ ကွန်မြူနစ်ပါတီက အမတ်များ နှုတ်ထွက်မယ်ဆိုရင် အစိုးရတခု ဖွဲ့ဖို့ လိုအပ်တဲ့ အမတ်ဦးရေ လျော့သွားပါလိမ်မယ်။ အဲသလိုသာ ဖြစ်ခဲ့ရင် လက်ရှိ အာဏာရအစိုးဟာ အစိုးရဘ၀ကနေ လျှော ကျသွားတော့မှာပါ။ ဒီမိုကရေစီရဲ့ အရသာကို သတင်းစာကနေ တဆင့် သိရှိရပြန်ပါတယ်။

တိုးတက်လို့ ပိုက်ဆံချမ်းသာနေတဲ့ အခြား အိမ်နီးချင်းနိုင်ငံတွေက သတင်းစာတွေကို ပြန်ကြည့်လိုက်တော့ အထက်မှာ ပြောခဲ့ တဲ့ သတင်းစာများလို လွတ်လပ်တဲ့ သတင်းစာမျိုးတွေ ရှိမနေတာကို တွေ့ရပြန်ပါတယ်။ ဥပမာ အားဖြင့် ပြောရရင် မလေးရှား နိုင်ငံက သတင်းစာတွေဖြစ်ပါတယ်။ မလေးရှားနိုင်ငံဟာ ထိုင်းနိုင်ငံထက် ချမ်းသာပါတယ်။ မြန်မာတွေ အများ အပြား တရား ၀င်ရော၊ တရားမ၀င်ပါ သွားရောက်အလုပ်လုပ်နေတဲ့ တိုင်းပြည်ဖြစ်ပါတယ်။

မလေးရှားနိုင်ငံက သတင်းစာကြီး အများစုဟာ တိုင်ကွန်းလို့ခေါ်တဲ့ အလွန့်အလွန်ချမ်းသာ ကြွယ်ဝတဲ့ သူဌေးကြီးများက တည်ထောင်ထားတဲ့ သတင်းစာတွေက အများစုဖြစ်ပါတယ်။ အဲသည့်သူဌေးကြီးများဟာ အာဏာရအစိုးရ အဖွဲ့က ၀န်ကြီးချုပ် အပါအ၀င် ၀န်ကြီးများနဲ့ ပတ်သက်လို့ ချမ်းသာလာသူများလည်း ဖြစ်ပါတယ်။ မလေးရှား သတင်းစာတွေဟာ အိန္ဒိယသတင်း စာများလို လွတ်လွတ်လပ်လပ်ရေးဖို့ အသာထား ထိုင်းနိုင်ငံကသတင်းစာများ လောက်တောင် လွတ်လပ်ခွင့် မရှိရှာပါဖူး။ ပါလီမန်ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တယ် ဆိုပေမဲ့ တကယ်တော့ ဒီမိုကရေစီကို အသားပေးတဲ့ နိုင်ငံ မဟုတ်ပါ။ အဲတာကြောင့် တိုင်ကွန်းကြီးတွေ တည်ထောင်ထားတဲ့ သတင်းစာများဟာ အစိုးရ မျက်မန်တော်ရှမဲ့ သတင်းများ ဆောင်းပါးများ သူတို့ သတင်းစာတွေမှာ မထည့်သွင်းရဲပါဖူး။ သို့သော် မြန်မာနိုင်ငံက သတင်းစာတွေနဲ့ နိုင်းယှဉ်လိုက်ရင်တော့ အတော်အတန် ရေးသားခွင့်ရသေးတယ်လို့ ဆိုနိုင်ပါတယ်။

တနေ့မြန်မာနိုင်ငံမှာ တေဇတို့လို စစ်တပ်နဲ့ပေါင်းပြီး ချမ်းသာလာတဲ့ လူမျိုးတွေ သတင်းစာတိုက်ထောင်လာမယ်ဆို ရင်တော့ အဲသလိုသတင်းစာမျိုးတွေဟာ မလေးရှားကသတင်းစာ အဆင့်လောက်ပဲ ရှိနေပါလိမ့်မယ်။ မလေးရှားသတင်းစာ အဆင့် ထက်တောင် နိမ့်ကောင်းနိမ့်နိုင်ပါသေးတယ်။ စစ်တပ်ညိုညင်မှာကို ရေးမှာမဟုတ်တဲ့ အတွက်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက သတင်းစာအဆင့်မျိုးရောက်ဖို့ ဆိုတာကတော့ အတော်ဝေးဦးမှာပါ။

စစ်အစိုးရကထုတ်တဲ့ မြန်မာ့အလင်းတို့ ဘာတို့ဆိုတဲ့ သတင်းစာတွေကို အသာထား ပုဂ္ဂလိကပိုင်လို့ ဆိုနိုင်သေးတဲ့ မြန်မာတိုင်း (မ်) လိုသတင်းစာမျိုးတွေတောင် လူထုအတွက် ပညာပေးတဲ့ သတင်းတွေ ဆောင်းပါးတွေ ရေးသားနိုင်မှု မရှိတာကို လက်ငင်း တွေ့နေရပါတယ်။ စစ်အစိုးရအုပ်ချုပ်တဲ့ နိုင်ငံမျိုးက သတင်းစာတွေဟာ ဖတ်လိုက်ရင် အရသာမရှိ ဖူးဆိုတာ လူတိုင်းနိုင်ငံ သားတိုင်း သိကြလို့ သတင်းစာထုတ်ဝေရုံသက်သက်နဲ့ စီးပွါေးရးအရ လောက်လောက်လားလား အောင်မြင်ဖို့ ဆိုတာလည်း မလွယ်ကူပါ။ တဖက်မှာ ပြန်ကြည့်တော့လည်း မြန်မာတိုင်းသတင်းစာဟာ အစောပိုင်း ကာလ ကတည်းက ဗိုလ်ချုပ်များ ခွင့်ပြုချက်နဲ့ ထွက်လာခဲ့တဲ့ သတင်းစာဖြစ်လို့ပါပဲ။ လူတိုင်းအတွက် ရေးသားတဲ့ သတင်းစာမျိုး မဟုတ်ဘဲ လက်တဆုပ်စာ လူတစုမျက်နှာကို ကြည့်ပြီးရေးနေရတဲ့ သတင်းစာဖြစ်နေတော့ စစ်အစိုးရလို အစိုးရမျိုးကို ပါးပါးကလေးနဲ့ သိပ်ထည့်လိုက်တဲ့ အကြောင်းအရာများကိုတောင် မရေးသားနိုင်ဖူး ဖြစ်ရတော့တာပါပဲ။ လူထုကို အမှန် အကျိုးပြုချင်တဲ့ သတင်းစာမျိုး (သိ့) ဂျာနယ်တွေလည်း မြန်မာပြည်မှာ ရှိနေပါတယ်။ သို့သော် စစ်အုပ်ချုပ်ရေး ဖိနှိပ်မှု ယန္တရားအောက်မှာ ထုတ်ဝေရတဲ့အတွက် ပါးပါးလေးပဲ ရေးသားတင်ဆက်နေကြရပါတယ်။

ဒီမိုကရေစီ ဘိုးအေလို့ ဆိုနိုင်တဲ့ အင်္ဂလန်နိုင်ငံက သတင်းစာတွေကြတော့ ရသပေါင်းစုံ သတင်းပေါင်းစုံ အတွေးပေါင်း စုံကို စာဖတ်သူတွေ ဖတ်နိုင်၊ မြင်နိုင်၊ တွေးနိုင်၊ ငြင်းခုံနိုင်အောင် သူ့ထက်ငါအလုအယက် တင်ပြကြပါတယ်။ အဲလီဇဘက် ဘုရင်မ ကြီးကိုလည်း ဝေဖန်နိုင်တယ်။ ၀န်ကြီးချုပ်နဲ့ ၀န်ကြီးများကိုလည်း ဝေဖန်နိုင်တယ်။ ပါလီမန် တခုလုံးကိုလည်း ဝေဖန် လို့ရတယ် ထောက်ပြလို့ရပါတယ်။ ပြည်သူတွေအကြား သြဇာရှိတဲ့ သတင်းစာများ ရှိသလို ဖေတော့မောင်တော့ ရေးတဲ့ သတင်းစာတွေ လည်း ရှိတာပါပဲ။ လူတွေက ရွေးချယ်သွားကြတာပါ။

အဲသည့်နိုင်ငံက သတင်းစာတွေဟာ နိုင်ငံရေးသက်သက်တခုတည်းကို ရေးတာမဟုတ်ပါဖူး။ လူအဖွဲ့အစည်း နေ့တဓူဝ ရင်ဆိုင် နေရတဲ့ ကိစ္စတွေကိုလည်း အသားပေးရေးသား ထောက်ပြကြပါတယ်။ ဥပမာအားဖြင့် ပင်စင်စားတွေ အသက် ကြီးလို့ ဆေးရုံ တက်ရတဲ့အခါမျိုးမှာ ဈေးကြီးတဲ့ ကုထုံးတွေအတွက် အစိုးရကတာဝန်ယူဖို့ဆိုတာမျိုးတွေ။ အခု လောလောဆယ်မှာတော့ ကြည်းရေလေ စစ်တပ်အတွင်းမှာ (၆) နှစ်အနည်းဆုံး တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်ပြန်တွေ အဆင့်မြင့်ပညာရေး ဆက်လက် သင်ယူလိုပါက တက္ကသိုလ်တွေမှာ အခမဲ့ ဆက်လက်ပညာသင်ယူနိုင်တယ်လို့ အစိုးရက ထုတ်ပြန်လိုက်ပါတယ်။ ဒီလိုအခြေ အနေမျိုးအထိ အစိုးရအဆုံးအဖြတ်ပေးလာအောင် သတင်းစာတွေကနေ တဆင့် တိုက်ပွဲဝင်လာခဲ့လို့ အခုလို ရလဒ်ကို ရရှိလာခဲ့တာဖြစ်ပါတယ်။ သတင်းစာများကနေတဆင့် တိုက်ပွဲဝင် တောင်းဆို၊ ထောက်ပြ လာတွေကတော့ အများကြီးပါ။ လွတ်လပ်မှုရှိတဲ့ တိုင်းပြည်များဆိုတော့ သတင်းစာကလည်း လွတ်လပ်နေ တယ်။ အဲသလို လွတ်လပ်နေတဲ့ သတင်းစာများ ကနေတဆင့် တခါပြန်ပြီး အစိုးရက တောင်းဆိုနိုင်တာတွေလည်း ရှိနေ ပါတယ်။ အစိုးရလုပ်နေတာတွေ ပုံမတော်ရင် မတော် သလို ဝေဖန်တယ် ဆိုကတာကတော့ ရိုးလို့တောင် နေပါပြီ။

တိုင်းပြည်တခုမှာ တိုင်းသူပြည်သားတွေရဲ့ လွတ်လပ်မှု အတိုင်းအတာ အနိမ့်အမြင့်ကို သတင်းစာတွေဖတ်ပြီး သိနိုင် ပါတယ်။

ဇော်မင်း (လူ့ဘောင်သစ်)
၁၃၊ ဇူလိုင်လ၊ ၂၀၀၈ ခုနှစ်

2 comments:

Thet Oo said...

မလေးရှားမှာ အင်တာနက်ကို ဆင်ဆာမလုပ်ဘူးလို့ ပြောထားတဲ့ အစိုးရစကားကို နင်းပြီး အွန်လိုင်းမှာ ထုတ်ဝေတဲ့ မလေးရှားကီနိ ဆိုတဲ့ လွတ်လပ်သောသတင်းစာရှိပါတယ်။ သူ့ရဲ့လိပ်စာက www.malaysiakini.com ဖြစ်ပါတယ် ခင်ဗျား။

May Burma said...

မီဒီယာ လွတ်လပ်ရေးဒို့ တိုက်ပေးကြစို့ 

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.