ရွက်မွန်စာမျက်နှာ

Saturday, August 16, 2008

ပေါ်လူးရှင်းများ


လုပ်ကအပြန် လိုင်းကားပေါ်မှာ ကံကောင်းသောကြောင့် ထိုင်စရာ တနေရာ ရလိုက်သည်။ ကိုရေအေး တယောက် ဖူးကနဲ လေပူများကို မှုတ်ထုတ်လိုက်ခါ “တခါတလေလည်း ဒီလိုတော့ရှိဦးမှပေါ့ ” ဟုစိတ်ထဲက ကိုယ့်ဟာကိုယ် ပြောရင်း ဝမ်းသာ အားရ ထိုင်ချလိုက်သည်။ လမ်းတလျှောက် ကားစပယ်ယာ အော်ဟစ်၍ ခရီးသည်များကို ကားခ တောင်းနေတာ၊ ဒရိုင်ဘာအား ကားထွက်ရန်၊ ရပ်ရန် အော်ဟစ်အချက်ပြ ပြောနေသည်များကို နားထောင်ရင်း မေ့ကနဲ အိပ်ပျော်သွားသည်။

နေ့ခင်းတုံးက ကိုရေအေးနှင့် ရုံးသားတစု အလုပ်ပါး၍ အားအားရှိကြသည်နှင့် (တကယ်လည်း လုပ်စရာသိပ်မရှိ တာက တကြောင်း) စခရေဘယ်ဟုခေါ်သည့် အင်္ဂလိပ်စကားလုံးများကို ဆက်သည့် ကစားနည်း ကစားနေရင်းက အင်္ဂလိပ် စာလုံး ပေါင်း တခုအတွက် အငြင်းပွားခဲ့ရသေးသည်။ စာလုံးက ပေါ်လူးရှင်းတဲ့။ စာလုံးပေါင်းတွင် အင်္ဂလိပ် အက္ခရာ “အယ်လ်” က တလုံးထဲဟု ငြင်းသူကငြင်း၊ “အယ်လ်” နှစ်လုံးဟု ဆိုသူကလည်းဆိုသည်။ ရုံးတွင် အင်္ဂလိပ် အဘိဓာန် စာအုပ်ကလည်း မရှိ သောကြောင့် ဘယ်သူမှန်သည် မှားသည် မဆုံးဖြတ်နိုင်ပဲရှိနေခဲ့၏။ နောက်တနေ့တွင် ကိုရေအေးက သူ့အိမ်မှာရှိသည့် အိုမင်း ဟောင်းနွမ်းနေသော အင်္ဂလိပ်အဘိဓာန်ကို ယူလာမည်ဟု ဆိုကာ ကစားပွဲ ကို အားလုံး သဘောတူ ရပ်ဆိုင်းလိုက်ကြသည်။

ဖြစ်ပုံကသည်လို။ ကစားပွဲ ပြီးခါနီးလောက်တွင် ကိုရေအေးက သစ်သားကုဗတုံး လေးတုံးကိုတန်းစီ၍ “Poll” ဆိုသည့် စာလုံးကို ထည့်လိုက်သည်။ သည်စာလုံးကိုတော့ အားလုံးကသိနေပြီးသားမို့ ဘယ်သူကမှမငြင်း။ စစ်တမ်း ကောက်ယူခြင်း ဟု အဓိပ္ပါယ်ရ သည်။ ရွေးကောက်ပွဲတွင် မဲဆန္ဒပေးသည်ဟုလည်း ဆိုနိုင်သည်။ ကိုရေအေး အလှည့်အပြီး ကိုချမ်းသာက “Poll” စာလုံး နောက်တွင် ကပ်၍ “ution” ဟုသစ်သား ကုဗတုံးငါးတုံးကို တန်းစီ၍ ထည့်လိုက်သည်။ ကစားသူ လေးယောက်စလုံးကတော့ ပေါ်လူးရှင်း ဆိုသည့်စကားလုံးကို သိနေသော်လည်း စာလုံးပေါင်း မှန်မမှန် ဘယ်သူမှ မသေချာသောကြောင့် တယောက် တပြန် ငြင်းခုံရင်း တရုံးလုံးရှိ လူများပါ ငြင်းပွဲကြီးတွင် ပါလာတော့သည်။

ရုံးတွင်အရစ်ရှည်သူဟု နာမည်ရထားသော ကိုအာနီက “ကဲပါလေ့  စာလုံးပေါင်းသတ်ပုံကို အသာထား။ မင်းတို့ ပေါ်လူးရှင်း ဆိုတာက ဘာအဓိပ္ပါယ်လဲ ဆိုတာ အားလုံးသိအောင် ပြောစမ်းပါဦး ” ဟုငြင်းပွဲကြီး ပိုရှည်အောင် တွန်း ပို့လိုက်၏။

“အဟမ်း ... အဟမ်း”၊ ကစားသူလေးဦးထဲမှ တဦးဖြစ်သူ ကိုဘိုကြီးက ချောင်းဟမ့်ရင်းဖြင့် “ သည်လိုဗျ။ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းစေတာကို ပေါ်လူးရှင်းလို့ခေါ်တာ။ ” “အဲသည့်အဓိပ္ပါယ်က မမှားပေမဲ့ ယေဘူယျ သိပ်ဆန် လွန်းတယ်” ဟု ကိုရေအေးက ဝင်ထောက်လိုက်သည်။ ကိုဘိုကြီးက ဆတ်ကနဲ ကိုရေအေးဖက် လှည့်ကာ ခနဲ့ တဲ့တဲ့ လေသံဖြင့် “ဒါဖြင့်လည်း ဘာတွေများ ရှိသေးသတုံး ဘိလပ်ပြန်ကြီးရဲ့။ အားလုံးသိအောင် လင်းစမ်းပါဦး” ဟုမေးငေါ့၍ ပြန်ပက် လိုက်သည်။

ကိုရေအေးက စကားဝိုင်းအတွင်းရှိ ရုံးသူရုံးသားများကို ပါမောက္ခတဦး၏ ဟန်ပန်ဖြင့် တချက်ဝေ့ကြည့်လိုက်ပြီး ကိုယ့် လက်ထဲ မိုက်ခွက်ရထားတုံး များများပြောမှ ဆိုသည့်မူကိုဆုပ်ကိုင်၍ ပေါ်လူးရှင်း အဓိပ္ပါယ် ဖွင့်ဆိုပုံကို ရှည်လျှားစွာ စတင်လေတော့ သည်။

“ ဒီလိုဗျာ ... ကိုဘိုကြီးပြောသလို သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေတာ ဆိုတဲ့အဓိပ္ပါယ်က မှန်ပေမဲ့ နောက် ဆက်တွဲ တွေရှိနေသေးတယ်။ ဥပမာ တခုလောက် ပြောရမယ်ဆိုရင့့်  တရုတ်ပြည်မှာ စက်ရုံတွေ များသထက်များလာတာ၊ ကား တွေများလာတွေကြောင့် မီးခိုးတွေ လေထုထဲမှာ ပိုပိုများလာတယ်။ မီးခိုတွေ လေထဲမှာ များလာတာဟာ အခုကမ္ဘာမှာ အတို ကောက် တင်စားပြောနေတဲ့ စီအိုတူး CO2 ဆိုတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ် များလာတာပဲ။ အဲတာကြောင့် သန့်ရှင်းတဲ့ လေထုလျှော့သွားတယ်။ အဲသလို အခြေအနေမျိုး ရင်ဆိုင်နေရတာကို လေထုညစ်ညမ်းတယ်လို့ ဆိုနိုင်ပါ တယ်။ ဘိုလိုပြောရ ရင်တော့ အဲယားပေါ်လူးရှင်းပေါ့။ ”

“ဒါ့ကြောင့် ငါပြောတယ်မို့လား။ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းစေတာပါဆို။ ဒါပေမဲ့ တို့နိုင်ငံမှာ တရုတ်ပြည်လို စီအိုတူး ပြဿနာ မရှိသေးပါဖူးကွာ” ဟု ကိုဘိုကြီးက ဝင်ထောက်လိုက်သည်။ သို့သော် ကိုရေအေးက လက်ကာပြ လိုက်ရင်းဖြင့် “မဟုတ်ဖူး ကိုဘိုကြီးရဲ့ ကျန်သေးတယ်ဗျ။”

“ နောက်တခုက နယူးရောက်တို့ တိုကျိုတို့ စတဲ့မြို့ကြီးတွေ ဆိုပါတော့။ ညညဆိုရင် မိုးပျံတိုက်ကြီးတွေ၊ ကြော်ငြာ ဆိုင်းဘုတ် တွေမှာ သုံးနေတဲ့ မီးတွေနဲ့မီးရောင်စုံတွေဟာ လိုတာထက် ပိုကဲလွန်းနေလို့ လူတွေအတွက် အလင်း ရောင်အရ ညစ်ညမ်းမှု ဖြစ်နေရတယ်။ အဲတာမျိုးကို ဘိုလိုပြောရရင်တော့ လိုက်ပေါ်လူးရှင်းပေါ့ဗျာ။ ”

“ဟယ် တို့ဆီများနဲ့တော့ ကွာလိုက်တာ ” ဟု ရုံးတွင် အဝဖြိုးဆုံး ဖြစ်သော စာရေးမ မဘုတ်က ဝင်ပြောလိုက်သည်။ “ဒီတချက် တော့ တို့နိုင်ငံကသာသွားပြီ။ မြန်မာနိုင်ငံမှာ အလင်းရောင်ပေါ်လူးရှင်းမှ မရှိတာ”။ မဘုတ် အပြောကြောင့် ရုံးသူရုံးသားများ တအုံးအုံး ရယ်လိုက်ကြသည်မှာ ကမ္ဘာပျက်ခမန်း။

လက်တဖက်ကို ဟန်ပါပါဝှေ့ရမ်းရင်း ကိုရေအေးက “ကျန်သေးတယ် ကျန်သေးတယ်။ ဒါတင်မကသေးဖူး။ အခုတိုးတက် ချမ်းသာနေတဲ့ နိုင်ငံတွေမှာဆိုရင် အဝေးပြေး ကားလမ်းကြီးတွေ၊ လေယဉ်ကွင်းတွေကြောင့် ဆူညံလွန်းတဲ့ အသံတွေဟာ အနီးအနားရပ်ကွက်က လူတွေအတွက် နေ့တဓူဝ မခံနိုင်ဖြစ်ရတယ်။ အဲသလို ဆူညံလွန်းတဲ့ အသံ တွေကြားမှာ နှစ်ရှည် လများ နေသွားရရင် နှလုံးရောဂါဖြစ်နိုင်တယ်လို့ ဆေးသိပ္ပံပညာရှင်တွေက ပြောထားတယ်ဗျ။ အဲတာမျိုးကိုတော့ အသံ အရ ညစ်ညမ်းမှု၊ ဘိုလိုဆိုရင်တော့ နွိုက်စ်ပေါ်လူးရှင်းလို့ ဆိုနိုင်သပေါ့။ ဒါကြောင့် သူတို့နိုင်ငံတွေမှာ လေယာဉ်ကွင်းနားမှာ နေတဲ့ သူတွေကို လျှော်ကြေးပေးရတယ်။”

ငွေသံကြားလိုက်ရသည်နှင့် မဘုတ်က “အမလေး လျှော်ကြေးသာ ရနေလို့ကတော့ ဘယ်လောက်ဆူဆူပါတော်။”

ကိုအာနီ ကတော့ “ အင်း ဒီကိစ္စမှာတော့ ပူစရာမလိုပါဖူးလို့ ငါထင်ပါတယ်။ တို့ဆီမှာ အဝေးပြေးလမ်းမကြီးတွေနဲ့ လေယာဉ် ကွင်းတွေ မင်းပြောသလောက် မရှိဖူးလေ။ ဒါလည်း တို့မြန်မာပြည်က သာပြန်ရော။ ကျန်သေးရင် လုပ်စမ်းပါဦး ရေအေးရ၊ မင်းကအတော်စုံတဲ့ ကောင်ဆိုတော့။”

ကိုရေအေးကား အရှိန်ရသွားလေပြီ။ “ နောက်တခုက ခင်ဗျားတို့လို လူမျိုးတွေနဲ့ တိုက်ရိုက်ဆိုင်တယ် ကိုအာနီ သိလား။ အဲတာ ဘာလဲဆိုတော့ သတင်းပေါ်လူးရှင်းလို့ ခေါ်တယ်။ သတင်းအချက်လက်များနှင့် ညစ်ညမ်းနေခြင်း (သို့မဟုတ်) သတင်းအချက် အလက်များ ကြားတွင် ပိတ်ဆို့နေခြင်းလို့ တင်စားရင်လည်းရတယ်။ ညနေတိုင်း ရေဒီ ယိုလိုင်းပေါင်းစုံကို နားထောင်၊ တီဗွီ ဆိုလည်း ဘာလာလာကြည့်။ တွေ့သမျှ သတင်းစာ ဂျာနယ်ဆိုလည်းဖတ်၊ ဒါ ကြောင့် လိုအပ်တာထက် ပိုသိနေသလိုလို ကလည်းဖြစ်၊ တကယ်တော့လည်း ခင်ဗျားရဲ့ လက်တွေ့ဘဝမှာ အဲတာတွေက ခင်ဗျားဖတ်ထား သလောက် နားထောင်ထား သလောက် အသုံးမဝင်။ အဲသလို ဖြစ်နေတာမျိုးကို သတင်းအရပေါ်လူးရှင်း ဖြစ်နေတယ်လို့ ဆိုနိုင်တယ်။ ဘိုလိုပြောရင်တော့ အင်ဖေါ်မေးရှင်း ပေါ်လူးရှင်းပေါ့ဗျာ။ ”

ရုံးသူရုံးသားများက ကိုရေအေး အပြောကြောင့် ကိုအာနီကို ကြည့်၍ ဝိုင်းရယ်လိုက်ကြသည်။ ကိုအာနီကား ချက်ခြင်း မတုံ့ပြန် နိုင်။ ခေါင်းကုတ်၍ စပ်ဖြီးဖြီးနှင့်သာ။

ကိုရေအေးကား ပေါ်လူးရှင်းအကြောင်း အာပေါင် အာရင်းသန်သန် ဆက်၍ရှင်းလင်းနေ၏။ “ တကယ်တော့ဗျာ။ ကနေ့ ကမ္ဘာ ပေါ်မှာ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းတာ တခုတည်းကိုသာ ပေါ်လူးရှင်းအနေနဲ့ သုံးတာမဟုတ် တော့ဖူး။ မလိုအပ်ဘဲ များ လာတဲ့ ကိစ္စမျိုး၊ မလိုအပ်ဘဲ နေရာတကာမှာ လာပြီးစုပုံ နေတာမျိုး၊ မလိုအပ်ဘဲ နေရာတကာမှာ ရှိနေတာ မျိုးတွေကိုလည်း ပေါ်လူးရှင်း အနေနဲ့ တင်စားကြတယ်။ ”

“ဥပမာ တခုလောက် ထပ်ပြောရရင်၊ ဟိုလူတွေ နေရာတိုင်းမှာ ဝင်ပါနေတာမျိုးလဲ အကြုံးဝင်တာပဲ။ ဟိုဌာနလဲ သူတို့၊ ဒီဌာန လည်းသူတို့ နေရာကောင်းတွေကို မလုပ်တတ် မကိုင်တတ်ဘဲ ယူထားကြတာ။ မိုးပေါ်ကကျလာတဲ့ ရွှေကိုယ်တွေလိုပဲလေ၊ ဟုတ်တယ်မို့လား။ ဘွဲ့ရပြီး လုပ်သက်ရင့်နေတဲ့ ကျုပ်တို့ခင်ဗျားတို့လို လူတွေရဲ့ ခေါင်းပေါ်မှာ အရှင်မွေး နေ့ချင်းကြီး ဖြစ်နေတာ နေရာတိုင်းမှာပဲလေ။ သူတို့နဲ့ မဆိုင်တဲ့ နေရာတွေမှာလည်း အကုန်ပါတယ်။ ပညာရေး ဆုပေးပွဲလည်းပါ။ ရုပ်ရှင်အကယ်ဒမီ ပေးပွဲတောင် ပါလိုက်သေး။” ကိုအာနီက ကြားဖြတ်၍ “ရေအေးရဲ့ ဟိုလူတွေ ဆိုတာဘယ် သူတွေကို ပြောနေတာလဲကွ။ အားလုံးသိအောင် ရှင်းရှင်းပြောစမ်းပါ ” ဟု အချွန်နှင့်မ လိုက်သည်။

“ ဘယ်သူတွေရှိရမလဲ ... ဘွတ်ဖိနပ်စီးနေတဲ့သူတွေနဲ့ ဘွတ်ဖိနပ်စီးခဲ့ဖူးတဲ့ သူတွေကို ပြောတာဗျို့။ မလိုအပ်ဘဲ နေ ရာတိုင်းမှာ ပါနေတော့ အဲတာကိုလည်း ပေါ်လူရှင်း တမျိုးလို့ ခေါ်နိုင်တာ ... တာ ...။ ”

“ဟေ့ကောင် ရေအေး မင်းဘာစကား ပြောတာလဲကွ” ဆိုသည့် ဟိန်းသံကြီး နောက်ကွယ်မှ ထွက်လာသည့် အတွက် ကိုရေအေး စကားဆုံးအောင် မပြောလိုက်ရပါ။ လားလားလား ... သူတို့ရုံးရဲ့ ဒါရိုက်တာ ဦးအောင်ဟိန်း၊ ဘယ်အချိန် ကတည်းက သူတို့ စကားဝိုင်းနောက်ကွယ်မှာ ရောက်နေသလဲမသိ။ ဦးအောင်ဟိန်းကိုတော့ တရုံးလုံးကြောက်ရ သည့်အပြင် စစ်တပ်ထဲမှာတုံးက သူက ဗိုလ်မှူးအဆင့်အထိ ရာထူးရှိခဲ့သူ။ ကိုရေအေး၏ ဆံပင်များ မိုးကြိုးပစ်ခံရသလို ထောင်ကုန်တော့သည်။

သို့သော် ကိုရေအေး ကံကောင်းပါသည်။ တခြားမဟုတ် ဦးအောင်ဟိန်း၏ ကျားဟိန်းသံကို ကြားကြားခြင်း အိပ်ငိုက် နေရာမှ လန့်နိုးသွားခြင်းပင်။ အိပ်မက်မက်နေခြင်း ပါတကား။ တဆက်တည်း ကားစပယ်ရာ၏ ဆောင့်ကြီးအောင့်ကြီး အော်လိုက်သော အသံကိုလည်း ကြားလိုက်ရသည်။ “သရက်ခြံပါလား သရက်ခြံ၊ ပါရင်ပြောထား”။ ပါတယ်ပါတယ် ဟု ကိုရေအေး ကပျာကရာ ပြန်အော်လိုက်ရသည်။

ကိုရေအေး အခုမှစိတ်ပေါ့သွားတော့သည်။ အပြင်မှာသာ တကယ်ဖြစ်လိုက်လို့ကတော့ သူ့အတွက်မလွယ်။ ဒီ ပေါ်လူးရှင်း ဆိုတဲ့အကြောင်း မနက်ဖန်ရုံးမှာ မပြောဖြစ်အောင်ထိမ်းမှဟု ကိုယ့်ကိုယ်ကို သတိပေးလိုက်ရသည်။ သို့သော် ချက်ခြင်း စိတ်ပြန် လေး သွားရပြန်သည်။ အဘယ်ကြောင့်ဆိုသော် အိမ်မှာလည်း လလယ်ရောက်သည်နှင့် ဘာရေးညာရေး စားရေးဝတ်ရေးတို့ အတွက် ဆူညံသည့် ပေါ်လူးရှင်း (သို့မဟုတ်) နွိုက်စ်ပေါ်လူးရှင်းကို ဆက်တိုက် ထုတ်လွှင့်နေသည့် မိန်းမမျက်နှာကို ဒိုင်းကနဲ ပြေးမြင်လိုက်၍ပင် ဖြစ်တော့သည်။ ကိုရေအေးကား ပေါ်လူးရှင်းများ အကြားတွင် မအေးနိုင်ရှာ။

ဇော်မင်း (လူ့ဘောင်သစ်)
၁၅၊ သြဂုတ်လ၊ ၂ဝဝ၈ ခုနှစ်

1 comment:

pandora said...

ကိုဇော်မင်းက ဒါမျိုးလည်း ရေးသားပဲ။ ရယ်ရတယ် .. ဟီး

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.