ရွက်မွန်စာမျက်နှာ

Thursday, November 13, 2008

ဟင်္သာ

မွန်း
လွဲတော့မည်။ သို့သော် မှောင်ဖို့က အဝေးကြီးလိုသေးသည်။ သို့သော် အိမ်တိုင်းရှိ အိမ်ရှင်မများ အားလုံးလိုလို သူတို့ ကလေး များအား အော်ဒါအောက်၍ ညအတွက် ခိုင်းနေလေပြီ။ သန်းပု၊ ပေစိ၊ ကုလား၊ ငညို၊ ပေါက်စီ၊ ဖြူမ စသည့် အမည် နာမများအား မိခင်အသီးသီးက ဆူညံစွာ အော်ဟစ်ခေါ်ငင်၍ "ဟဲ့ အခုကတည်းက သွားယူထားကြ၊ အသစ်လဲဖို့ အိမ်က အဟောင်းကိုလည်း ယူသွားကြဦး"။ ကလေးတွေကို ဘာတွေများ ခိုင်းနေပါလိမ့်။ တခြားမဟုတ် ညအတွက် အိမ်မှာ မီးထွန်းဖို့ ဘက်ထရီ အားသွင်း ဆိုင်သို့ အိမ်သုံး ဘက်ထရီအိုးငယ်များ အလဲအပြောင်း လုပ်ရန် စေခိုင်းနေခြင်း ဖြစ်သည်။

သည်ရွာမှာ လျှပ်စစ်မီးမရှိ။ သို့သော် ဘယ်ခေတ်တုံးက စိုက်ထားမှန်းမသိသော သစ်လုံး ဓာတ်တိုင်များကတော့ အခု အထိ ရှိနေကြသေးသည်။ ကြိုးမဲ့ဓာတ်တိုင်များကား ယိုင်သည့်တိုင်ကယိုင် ခြစားနေသည့် တိုင်များကလည်း အပုံအပင်။

အိမ်မှာ ညမီးထွန်းဖို့ ဘက်ထရီအိုး သုံးကြသည်ဆိုတော့ မဟုတ်မှလွဲရော ကျောင်းသားများ စာကျက်ဖို့အတွက် ဖြစ်လိမ့်မည်။ ဤသို့တွေးလိုက်ပါက တက်တက်စင်အောင် လွဲပေအံ့။ သည်ရွာမှာ ကလေးတိုင်းလိုလို နေဖူးလှ ငါးတန်း ခြောက်တန်း အထိ သာ။ ရှစ်တန်းနှင့် ဆယ်တန်းအထိ စာသင်နေဆဲ ကျောင်းသားက လက်ချိုးရေလို့မှ ငါးယောက်မပြည့်။ တက္ကသိုလ်အထိ ရောက်ဖို့ဆိုတာ သူတို့အရေးအရာမဟုတ်။ လက်နှိပ်ဓာတ်မီးက မီးလုံးလေးများကို ဝါယာကြိုးမှတဆင့် ဘက်ထရီအိုးနှင့်သွယ်၍ ရရှိလာသော အလင်းရောင်ကား နေ့ခင်းက မပြီးပြတ်ခဲ့သော အလုပ်များ ဆက်လုပ်ရန် အတွက်သာ ဖြစ်သည်။

မြေပဲအခွံချွတ်ရန်၊ ဆန်မှုန့်ထောင်းရန်၊ နှမ်းလှော်ရန်နှင့် ကျန်သည့် ထွေလီကာလီ အလုပ်များလုပ်ဖို့ မီးအလင်းရောင် လိုသည် ကိုး။ သည့်အပြင် ယက္ကန်းလည်း ရက်ကြသေးသည်။ ယက္ကန်းကလည်း နေ့တွင်သာမက ညပါရက်နိုင်မှ တန်ကာ ကျသည်။ လုပ်ငန်းအရ အပြိုင်အဆိုင်တွေက သည်ခေတ်မှာ များလာတာလည်း တကြောင်းဖြစ်သည်။ သို့သော် ရွာသား အများစုကား ဆင်းရဲသည်။ နေ့ရောညပါ ဇယ်ဆက်သလို လုပ်ပါမှ တဝမ်းတခါးအတွက် လောက်ရုံသာ ရှိ သည်။

"မယ်သီရေ ... ကလေးတွေ စားပီးပလားဟ" ခြေတံရှည် အိမ်တိုင်တွင် စက်ဘီးကို မှီထောင်၍ တခါတည်း သံကြိုး ဖြင့်ပတ်ခါ သော့ခတ်လိုက်ရင်း အပြင်ကပြန်လာသော ဖူးမောင်တယာက် သူ့ဇနီးကို လှမ်းမေးလိုက်သည်။ "ကြာလှ ရှိပေါ့ အခု စာကျက် ခိုင်း ထားတယ်"ဟု မိန်းမလုပ်သူက မော့မကြည့်အားပဲ မြေပဲအခွံချွတ်နေရာမှ ပြန်ဖြေလိုက်သည်။ ရှားရှားပါးပါး သည်အိမ်မှာ ဆယ်တန်းကျောင်းသူ တယောက်နှင့် ရှစ်တန်း ကျောင်းသားတယောက်ရှိသည်။ အငယ်နှစ်ယောက် ကတော့ အတန်း ငယ် သေးသည်။ မယ်သီတို့ လင်မယား နှစ်ယောက်စလုံးက ပညာရေးကို အားပေးသည်။ ကလေးများကို သူတို့လို ယာသမား ကိုင်းသမား ဘဝဖြင့် လမ်းမဆုံးစေခြင်။ ဟုတ်သည်လေ သူများတွေ ကုမ္ပဏီထောင်သည့် ခေတ်ကြီးမှာ ကိုယ်လည်းပြတ် မကျန်ရစ်အောင် ပညာကောင်းကောင်း တတ်ဖို့တော့ လိုသည် မဟုတ်လား။ ဖူးမောင်လည်း တချိန်တုံးက ကိုင်းသမားဘဝမှ ရုန်းထွက်ရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် လမ်းခုလပ်တွင် တပ်လန်၍ အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်။ ထို့ကြောင့် ရွာကိုတပ်ခေါက်၍ ပြန်ခဲ့ရသည်မှာ အခုအထိ။

သူတို့ရွာနှင့် မြို့အကြား ကားလမ်းမပေါက်။ ထို့ကြောင့် ရွာသားများသည် သယ်ယူပို့ဆောင်ရေးအတွက် လှည်းနှင့် စက်ဘီးကို ယခုအထိ အားကိုးနေရဆဲ။ မိုးတွင်းရောက်လျှင် ရေတက်သောကြောင့်လည်း အိမ်တိုင်းက ခြေတံရှည် အိမ်တွေ။ ရာသီကို လိုက်၍ စိုက်ပင်ပျိုးပင်ကလည်း စုံလှသည်။ ဆောင်းတွင် နှမ်း၊ မြေပဲ၊ ပြောင်းဖူး၊ ဆေးရွက်ကြီးနှင့် ဟင်းသီးဟင်းရွက်များ။ နွေတွင် ဖရဲသီး၊ သခွားမွှေးသီးနှင့် အခြားနွေရာသီစာ အသီးအရွက်များ စသဖြင့်။ စပါးစိုက် သူ နည်းလှသည်။ မိုးတွင်း ရေ တက်လာပြန်တော့ ငါးဖမ်းကြသည်။ ဒါတွေကို ပတ်လည်ရိုက်၍ လုပ်ကိုင် လာခဲ့သည် မှာ ဆွေစဉ်မျိုးဆက်။ သူတို့ရွာရဲ့ နောက်ထပ် သက်မွေးဝမ်းကျောင်း အလုပ်ဟု ပြောလို့ရသည့် တခုကတော့ ရိုးရာ နတ်ကတော်များ ဖြစ်သည်။ သို့သော် သူတို့သည်လည်း ရာသီနှင့်သာ အလုပ်လုပ်သည်။ နတ်ရာသီကုန်လျှင် ကိုင်း ထဲကျွန်းထဲ ပြန်ဆင်းရသည်။ ရေဝင်မြေ ဖြစ် သောကြောင့် မြေသြဇာကောင်းသည် သစ်ဝါးအပေါက် ကောင်းသည်။ ထို့အတွက် သရက်၊ အုန်း၊ မာလကာ၊ မရမ်း၊ သံပုရာ၊ ရှောက်ပင်များကို ခြံစိုက်၍ လုပ်ကိုင်သူများ ရှိသလို နှင်းဆီ၊ စပယ်၊ ဇွန်စသည့် ပန်းများစိုက်၍ အသက်မွေးသူများလည်း ရှိသည်။

အမှန်တော့ မယ်သီက သည်ရွာသူမဟုတ်။ ရောင်နောက် ဆံထုံးပါလာခြင်းသာ ဖြစ်သည်။ ဖူးမောင်ကလည်း သည် ရွာသား ဆိုပေမဲ့ မယ်သီနှင့် အိမ်ထောင်မကျခင် ကတည်းက မြို့မှာတက်၍ တရုတ်ရွှေပန်းထိမ်ဖို တခုမှာ ပန်းထိမ် ဆရာ လုပ်ခဲ့သူ ဖြစ်သည်။ သို့သော် ပန်းထိမ်လုပ်ငန်း တစတစပြိုကြလာတော့ နောက်ဆုံးမှာ မိသားတစုလုံး ရွာကို ပြန်လာပြီး မိဘလက်ငုတ် တောင်သူအလုပ်ကို ပြန်လုပ်ရ ခြင်းဖြစ်သည်။ လူတွေ လက်ဝတ်လက်စား ဝယ်ဝတ်သည့် ခေတ် ကုန်သွားပြီ။ ရှိပြီးသား အထုပ်အထည်ကိုတောင် ပြန်ရောင်းစားနေကြရသည့် ခေတ်ကြီးပေကိုး။ ရှေးလူများ ဆိုထားခဲ့သည့် မဟုတ်လား မရှိဝမ်းစာ ရှိတော့တန်ဆာတဲ့။ ပန်းထိမ်ဖိုပိုင်ရှင်က အလုပ်သမား လျှော့တော့ ဖူးမောင် လည်း ပါသွားသည်။ လက်ခစား ပန်းထိမ်ဆရာ များ ကျောကော့တော့သည်မှာ ဘာမှမဆန်း။

"မိန်းမရေ အကြီးမ ဒီနှစ်ဆယ်တန်းအောင်ရင် ဘယ်လိုလုပ်မလဲ။ တက္ကသိုလ်ပို့ဖို့ ငါတို့တတ်နိုင်ပါ့မလား " ကလေးများ ကြား သွားမည်ကိုစိုး၍ ဖူးမောင်တယောက် လေသံကိုနှိမ့်၍ ဇနီးဖြစ်သူအား မေးလိုက်သည်။ "ကျမတော့ မထင်ဘူး။ သူများတွေ ပြောတဲ့ အဝေးသင်ဆိုလား ဘာလား အဲဒါပဲ တက်ခိုင်းရမှာပေါ့"။ ဖူးမောင်တယောက် လေပူကြီးမှုတ် ထုတ်လိုက်ရင်း ခုံတန်းရှည်ပေါ်မှာ ပျော့ဖတ်တခုသဖွယ် ထိုင်ခြလိုက်သည်။ ဆုံးသွားပြီဖြစ်သည့် သူ့မိဘတွေကို ပြန် ၍သတိရမိသည်။

ဖူးမောင်ရှစ်တန်း စာမေးပွဲကျတော့ သူ့မိဘတွေက ပညာရေးမှာ မထူးချွန်လည်း ကိစ္စမရှိ အသက်မွေးဝမ်းကျောင်း ပညာတခုခု တတ်ထားရင်လည်း လူ့အောက် မကျဖူးဆိုပြီး သူ့ကို မြို့မှာရှိတဲ့ တရုတ်ရွှေပန်းထိမ်ဖို တခုမှာ အလုပ် သင်ဖို့ အပ်ခဲ့သည်။ သူတို့လို ကိုင်းကျွန်းအလုပ်တွေ မလုပ်စေလို။ အဲသလိုနဲ့ နှစ်အတန်ကြာတော့ ကျွမ်းကျင်ပန်း ထိမ်ဆရာ ဖြစ်လာသည်။ မြို့မှာနေနိုင်လာသည်။ ဆိုင်ကယ်လေး တဖုံးဖုံး စီးနိုင်လာသည်။ သည့်နောက် အိမ်ထောင်ကျသည်။ သည်တသက် ကိုင်းသမား ကျွန်းသမားဘဝကို ပြန်မသွားရတော့ဟု အောက်မေ့မိသည်။ သို့သော် လောကကြီးသည် ကိုယ်ထင်တိုင်း မဖြစ်။ ဒုံရင်းကို ပြန်ရောက်သည်။ သည်လို ပြဿနာတွေကြားမှာ မဖြစ်မနေ ပေးရသည့် ဟိုကြေး သည်ကြေးများ၊ မထည့်မနေရ ဖြစ်သည့် ဟိုအတွက် သည်အတွက် အလှူငွေများ၊ တရိပ်ရိပ် တက်လာသည့် ကုန်ဈေးနှုန်းများနှင့် တန်ဖိုးမဲ့လာသော ငွေများက လယ် ယာကိုင်းကျွန်း သမားတွေကိုမှ ပို၍ ဖိထောင်းနေသ လားဟု အောက်မေ့ရသည်။

"ဒီနှစ်ရေတက်စောမဲ့ လက္ခဏာရှိတယ် စောစောရေတက်လာရင်တော့ ဒုက္ခပဲဟေ့"ရွာထဲက ရှေ့မှီနောက်မှီ လူကြီးများ ဤသို့ ဆိုလာတော့ ဖူးမောင်ပူပန်မိသည်။ ထို့ကြောင့် ရှိသမျှ မြေပဲ၊ နှမ်း၊ ပြောင်းဖူး၊ ကြက်သွန်များကို စင်တင်၍ လှောင်ထားသည်။

ထင်သည့်အတိုင်းပင်။ ဧရာဝတီမြစ်ရေက အချိန်မဟုတ်ပဲ အစောကြီး တက်လာသည်။ ကိုင်းထဲ ကျွန်းထဲက စိုက်ထား သည့် ရာသီပင်များကတော့ ဆုံးပြီ။ "မိန်းမရေ ရှိထားသလောက်လေး စင်တင်လှောင် ထားမိ လို့ ဘာပဲပြောပြော တော်သေးတယ်" ဟု ဖူးမောင် ပြောလို့မဆုံးခင် နောက်ရက်တွေမှာ ရေဟာ ခါတိုင်းနှစ်တွေလို မဟုတ်ပဲ အတက် ကြမ်းလာခဲ့သည်။ ဗဟုသုတ ရှိသူ အချို့က အထက်ဖက်တွင် တောများပြုန်းကုန်၍ သည်လောက် ရေကြီးတာ ဟုဆို သည်။ နောက်ဆုံး ဖူးမောင်တို့ တရွာ လုံးသာမက ဘေးနားကရွာများပါ ဘုရားကုန်းပေါ်သို့ တက်နေရသည့်အထိ ဖြစ်သွားခဲ့သည်။ ခြေတံရှည်အိမ်များပင် အိမ် ခေါင်အထိ ရေမြုပ်တာ သူတို့တသက်မှာ ဒါဟာ ပထမဆုံးပဲလို့ ရွာထဲက လူကြီးများက ဆိုသည်။ သွားပြီ။ စင်တင်လှောင်ထား တာလေးတွေလည်း ရေမြုတ်၍ပျက်စီး ကုန်တော့သည်။

ရေဘေးဒုက္ခသည်များကား ဘုရားကုန်းပေါ်တွင် ဖွေးဖွေးလှုပ်။ ပွဲတော်ကျင်းပ နေသလားတောင် ထင်ရသည်။ ဘုရား ကုန်း ပေါ်တွင် ရေဘေးဒုက္ခသည်များ သုံးပတ်လောက် နေလိုက်ရသည်။ ထိုအတောအတွင်း ဘုရားကုန်းပေါ်တွင် လူများလွန်း သောကြောင့် သောက်ရေနှင့် ဆီးဝမ်းကိစ္စများကို သန့်သန့်ရှင်းရှင်းဖြစ်အောင် မစီမံနိုင်သောကြောင့် သက်ကြီးရွယ်အို တချို့နှင့် ကလေး ဆယ်ယောက်ထက်မနည်း ဝမ်းလျှော၍ သေဆုံးရသည်။ အစိုးရဆီက ဘာအကူ အညီမှမရ။ ရေကြီးတုန်းကလည်း မရ ရေကျသွားပြန်တော့လည်း ဘာမှမရ။ ခံပေဦးတော့ ကိုင်းသမားတွေ။ လက်ထဲတွင် ပိုင်ဆိုင်မှုဆိုတာ ဗလာနတ္ထိ၊ ဘဝတွေကို တစ်ကနေ ပြန်စကြရသည်။

ဆယ်တန်းအောင်စာရင်းများ ထွက်သည့်နေ့။ "ညည်းသမီး ဘယ့်နှဲ့လဲတဲ့ မယ်သီ" ဟု ဖူးမောင်က မေးသည်။ "မအောင်ဖူးတော့" ဟုဆိုသည့် မယ်သီ့အသံသည် ဘာမှမထူးတော့သည့် လောကကြီးအတွက် ဘာခံစားချက်မှ မထားတော့ သည့်နှယ်။ သမီးကြီးကတော့ ဝမ်းနည်းနေပုံပေါက်သည်။ နောက်တနှစ် ကျောင်းပြန်တက်ဖို့အတွက် မိဘ တွေကိုလည်း အားနာနေဟန်ရှိသည်။ တရွာလုံး စီးပွါးပျက်သည့်နှစ်မှာ ကလေးတယောက်ကို တက္ကသိုလ်ပိုဖို့ အသာ ထား အောက်တန်းက ကလေးတွေပင် ကျောင်းထွက်၍ မိဘတွေကို ကူနေရသည်။ သားသမီးတွေလည်း နောက်ဆုံး တော့ မိဘတွေလို ဆင်းဆင်းရဲရဲ ကိုင်းသမားဘဝနှင့် အရိုးထုတ်ရတော့မယ် ထင်ပါရဲ့လို့ ဖူးမောင်တွေးမိတော့ စိတ်ထဲမှာ မကောင်းလှ။

ဟိုရှေးတုန်းက ဖူးမောင်တို့ရွာသည် လူချမ်းသာ မပေါများသော်လည်း တဝမ်းတခါးအတွက် ပူစရာမလိုသည့် အပြင် နွေရောက် တိုင်း အလှူအတန်းများ ခြိမ့်ခြိမ့်သည်း။ အခုတော့ တဝမ်းတခါးအတွက် ပူရသည့်အပြင် ကလေး တွေကို တောင် ကျောင်း မထားနိုင်တော့။ ရေကြပြီးကတဲက ရွာမှကျောင်းဆရာ ဆရာမများကိုယ်တိုင်လည်း ကိုင်းထဲဆင်းနေ ကြရသည်။

သူတို့ရွာသည့် သည်နားတဝှိုက်က အလှဆုံး ရွာတွေထဲမှာ စာရင်းပေါက်ခဲ့သည်။ သစ်ရိပ်ဝါးရိပ် ကောင်းတာက တကြောင်း စိုက်တိုင်းပျိုးတိုင်း အောင်သည်ကတကြောင်း စသည်တို့ကြောင့် တချိန်က ဂုဏ်ရှိခဲ့သည်။ ရှေးဗမာဘုရင် တွေ လက်ထက်က ဆိုလျှင် ပို၍ပင် ဂုဏ်သိမ်ကြီးသော ရွာလည်းဖြစ်ခဲ့သည်။

ရွာနာမည်ကိုက လှတာ၊ ဟင်္သာတဲ့။

အင်းဝခေတ်၊ အမရပူရခေတ်နှင့် မန္တလေးရတနာပုံ ခေတ်တို့တွင် သူတို့ ရွာသားများသည် အခုလို အချိန်ပြည့် ကိုင်း သမားများ မဟုတ်သေး။ ဘုရင်နှင့် မင်းညီမင်းသားများ စီးသည့် ဟင်္သာခြေနင်းနှင့် အခြားနန်းတွင်းသုံး ဖိနပ်များကို ထုတ်လုပ်ခဲ့ရသော ရွာဖြစ်သည်။ ဘုရင့်အသည်သား လက်မှုအတတ် ပညာသည်များ နေထိုင်ရာ ရွာဟုလည်း ဆိုနိုင် သည်။ ဟင်္သာခြေနင်းဆိုတာ ပြောရရင် ရှေးခေတ်က နန်းတော်တွင်းနေ လူတန်းစားများစီးသည့် ရှုးဖိနပ် တမျိုးဟု ပြောလို့ရသည်။ ဖိနပ်ထိပ်တွင် ဟင်္သာရုပ် သေးသေး ကော့ကော့လေး ပါလေ့ရှိ၍ ဖိနပ်ကို ရွှေချည်ငွေချည်၊ ဘော် ကြယ်များဖြင့်လည်း မွန်းမံတန်ဆာဆင်ရသည်။ အဲသည့် ဟင်္သာဖိနပ် ထုတ်လုပ်တာကို အစွဲပြု၍ ဟင်္သာဆိုသော အမည် တွင်လာခဲ့ခြင်း ဖြစ်သည်။ ဗမာဘုရင်တွေ ခေတ် ကုန်တော့ ဟင်္သာဖိနပ် စီးမည့် လူတန်းစားမရှိတော့။ ထို့ကြောင့် ဖိနပ်ချုပ်လုပ်ခြင်းဖြင့် အသက်မွေးရာမှ အချိန်ပြည့် ကိုင်း သမား ကျွန်းသမားများ ဖြစ်လာခဲ့သည်။

သည့်နောက်တော့ ခေတ်အဆက်ဆက် ဖွတ်ကျောပြာစု ကိုင်းသမားဘဝများက မတက်တော့။

ဆိုရပါလျှင် ဟင်္သသာသည် မန္တလေးမှ ရှစ်မိုင်၊ ကိုးမိုင်ခန့်သာ ဝေးသည်။ အခုထိကားလမ်း မပေါက်သေး။ လျှပ်စစ်မီး လည်း မရှိ။ ကလေးများလည်း အတန်းကုန်အောင်ပင် ကျောင်းမနေနိုင်။ မန္တလေးသည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့တော်ကြီး ဖြစ်သည်။ မန္တလေးနှင့် သည်မျှလောက်သာ ဝေးသော ဟင်္သာသည်ပင် အခုလို ဆုတ်ယုတ်လာမှတော့ နယ်စွန်နယ်ဖျားနှင့် တောင်တန်းဒေသများ ဆိုလျှင် သာ၍ဆိုးဦးမည်။ ထို့ကြောင့် မြန်ပြည်ကြီး တိုးတက်နေသည်ဟု တစုံတယောက်က ပြောလာ ပါက ထိုသူသည် လူလိမ် သို့မဟုတ် သူရူးယောက်သာ ဖြစ်ရမည်။

ဟင်္သာ။ အမည်လှသော်လည်း ရွာသူရွာသားများ ဘဝသည်ကား အလှနှင့်ဝေးတုန်းပင်။

ဇော်မင်း (လူ့ဘောင်သစ်)
၂၄ ရက် အောက်တိုဘာလ ၂ဝဝ၈ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.