ရွက်မွန်စာမျက်နှာ

Saturday, November 22, 2008

ဂုရုသို့

သူ့
ကိုစတွေ့တော့ မျက်မှန်တပ်ထားသူမို့ ဒီလူကတော့ စာဂျပိုးဖြစ်မှာပဲလို့ ထင်မိပါတယ်။ နောက်တော့ ထင်တဲ့ အတိုင်းပါပဲ သူက ကဗျာဆရာဆိုတာ သိရပါတယ်။ ၁၉၉၁ နှစ်ဆန်းပိုင်းမှာ မာနယ်ပလောမှာ စတွေ့ခဲ့ကြပါတယ်။ သူတို့တဖွဲ့လုံးက ဘုရားသုံးဆူ ဖက်ကနေ ပြောင်းလာကြတာ။ ABSDF လို့ခေါ်တဲ့ ကျောင်းသားတပ်မတော် တပ်ရင်း (၁ဝ၁) တပ်ခွဲ (၂) က။ အားလုံးက သူ့ကို ဂုရုလို့ ခေါ်ကြတော့ အစမှာ နာမည်အရင်းက ဘယ်သင်းမှန်း အမှတ်မထား နိုင်ခဲ့ပါဖူး။ ပွင့်သစ် (ကရိန်ကန်) ဆိုတဲ့ ကလောင် အမည်နဲ့ ကဗျာတွေ စာတွေရေးမှန်း သိလာခဲ့ပါတယ်။

၁၉၉၁ တနှစ်လုံးနီးပါး ကျနော်တို့အားလုံး ညောင်လေးပင်ခရိုင်မှာ ဒေသခံ ကေအန်ယူတပ်များ၊ ရွာခံပျောက်ကျားများနဲ့ အတူ လှုပ်ရှားခဲ့ကြပါတယ်။ သူနဲ့ကျနော် တူတာတခု ရှိပါတယ်။ ကဗျာနဲ့စာနဲ့ ပတ်သက်လို့မဟုတ်ပါ။ ဘာလဲဆိုတော့ ချွေးထွက် သန် တာ တူလွန်းလို့ ဘေးလူတွေက စစ်ကြောင်းသွားရင် ရေနှစ်ဗူး ဆောင်ထားပါ့လားလို့ စကြပါတယ်။

နောက်တော့ တပ်ရင်းဖွဲ့စည်းပုံ အသစ်အရ ကျနော်တို့အားလုံး ကျောင်းသားတပ်မတော် တပ်ရင်း (၂၁၂) ရဲ့ အဖွဲ့ဝင် ရဲဘော် များ ဖြစ်လာခဲ့ကြပါတယ်။ ကျနော်တို့တပ်ရင်းမှာ ဂုရုလိုပဲ ကဗျာဆရာ စာရေးဆရာတွေ အတော်လေး ရှိပါတယ်။ ကဗျာဆရာ ယောဟန်အောင်တို့၊ မောင်လွမ်းဏီတို့၊ အောင်နိုင်ဦး (ရုပ်ကြမ်း) ခေါ် အောင်မော်ဦးတို့၊ ထွန်းခင် (သို့) မွှေးကြိုင်တို့၊ ကိုဌေး အောင်တို့ စသဖြင့် ရှိကြပါတယ်။ နောက် အခြားရဲဘော်များလည်း သူတို့ သန်ရာ သန်ရာ ရေးသား ကြတာ တွေလည်း ရှိပါ သေးတယ်။

နောက်ပိုင်း နှစ်များမှာတော့ တာဝန်ကြတဲ့ နေရာတွေက ကွဲပြားသွားတဲ့ အတွက် ဂုရုနဲ့ နှစ်အတန်ကြာ မတွေ့ဆုံ ဖြစ်ခဲ့ပါ။ နောက်ထပ် ဖွဲစည်းပုံအသစ်အရ ဂုရုဟာ ကျောင်းသားတပ်မတော် တပ်ရင်း (၈) မှာ ကွယ်လွန် သည်အထိ တာဝန်ထမ်း ဆောင်ခဲ့ပါတယ်။ လူခြင်းမတွေ့ဖြစ်ပေမဲ့ သူရေးတဲ့ ကဗျာတွေ စာတွေကိုတော့ ဖတ်နေရတုံး ပါပဲ။ သူနဲ့ လူချင်းနောက်ဆုံး တွေ့ခဲ့ရတဲ့ အချိန်က ၂ဝဝ၆ နိုဝင်ဘာလ မှာဖြစ်ပါတယ်။

ဘလော့တွေ ရေးကြသားကြတဲ့ ဒီဖက်နှစ်များမှာတော့ ဂုရုကလည်း ဖိုးဇေဆိုတဲ့ ဘလော့ကို ဖန်တီးထားတဲ့အတွက် သူ့လက်ရာ ကဗျာများကို မကြာမကြာ ဖတ်ရပါတယ်။

သူဆုံးပြီလို့ ကြားရတော့ စိတ်ထဲမှာ နှမြောမိသလို ဘဝသံသရာ ရထားကြီးလို တယောက်ဆင်း တယောက်တက် ပါလားလို့ ဝမ်းနည်းစိတ်လည်း ဝင်မိပါတယ်။ ဒါ့အပြင် ကျောင်းသားတပ်မတော် တည်ထောင်တာ အနှစ်နှစ်ဆယ် မြောက်တဲ့နှစ်မှာ ဆုံးပါးတာဖြစ်လို့ မှတ်မှတ်ရရ ဖြစ်လေခြင်းလို့ ခံစားချက်ပေါ်မိပါတယ်။ တချိန်တည်းမှာလည်း သည်ခရီးရှည်ကြီးအတွင်း ကျနော်တို့ တပ်ရင်း (၂၁၂) က ကျဆုံးခဲ့တဲ့ လက်တွဲဖေါ် ရဲဘော်များရဲ့ မျက်နှာတွေလည်း အစီအရီ ပြန်မြင်မိပါသေးတယ်။

လွန်ခဲ့တဲ့ လအနည်းငယ်ကမှ ဘဝလက်တွဲဖေါ် အဖြစ်ရွေးချယ်ထားတဲ့ ဂုရုရဲ့ အိမ်သူနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။

ကျောင်းသားတပ်မတော် တည်ထောင်တာ အနှစ်နှစ်ဆယ် ပြည့်တဲ့နှစ်မှာ ဂုရုနဲ့တကွ ကျဆုံးသွားခဲ့ကြတဲ့ ကျောင်းသား တပ် မတော်က ရဲဘော်များ အတွက် ကျနော်တို့ သူတို့ကို အမြဲသတိရအောက်မေ့နေမယ် ဆိုတာပြောလိုပါတယ်။ ဂုရု အပါအဝင် ကျဆုံးလေပြီးသော ကျောင်းသားတပ်မတော်က ရဲဘော်အာဇာနည်များကို အလေးပြုပါတယ်။

We Will Always Remember You.

ဇော်မင်း (လူ့ဘောင်သစ်)
၂၁ရက် နိုဝင်ဘာလ ၂ဝဝ၈ ခုနှစ်

1 comment:

Unknown said...

the best one for our comrade.
Nyo 102

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.