ရွက်မွန်စာမျက်နှာ

Thursday, December 4, 2008

ဘောပင်စီးပွားရေးစနစ်

နိုင်
ငံတခုတိုးတက်လာဖို့ ဆိုတဲ့နေရာမှာ လူသားရင်းမြစ်တိုးတက်လာဖို့ Developement of Human resources အရေးကြီး ပါတယ်။ အားလုံးသိထားပြီးတဲ့ အတိုင်း လူသားရင်းမြစ်တိုးတက်ဖို့ ဆိုတဲ့နေရာမှာ နိုင်ငံသားတွေ ကျန်းမာဖို့၊ ခေတ်နဲ့အညီ ပညာတတ်ဖို့လိုပါ တယ်။ အဲတာကြောင့် နိုင်ငံသားတွေရဲ့ ပညာရေး ကျန်းမာရေး လူမှုရေး ကိစ္စတွေကို အစိုးရက ကူညီဖို့ လိုသလို အစိုးရမဟုတ်တဲ့ အဖွဲ့စည်းများက ကူညီလာတာ တွေကိုလည်း လက်ကမ်းကြိုဆိုရမှာ ဖြစ်ပါတယ်။ သည့်အပြင် နိုင်ငံသား တို့ကိုယ်တိုင် ကိုယ့်ရပ်ကိုယ့်ရွာမှာ စုပေါင်းပြီး ကိုယ်ထူကိုယ်ထ self-sufficiency စနစ်နဲ့ သူတို့ရဲ့ စားဝတ်နေရေး၊ စီးပွားရေးတို့အတွက် အချင်းချင်း ပြန်လည်စောင့်ရှောက်မှု ပြုလုပ်တာကိုလည်း မတားမြစ် မပိတ်ပင်ဘဲ ကူညီအားပေးဖို့ လိုပါတယ်။ နိုင်ငံတကာက တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်ကူညီ လာတာကိုလည်း လက်ခံပြီး အကျိုးရှိရှိအသုံးချဖို့ လိုပါ တယ်။ အဲသလို နိုင်ငံတကာကပေးတဲ့ အကူအညီများကို အမှန်တကယ် လိုအပ်သူ များထံ ရောက်ရှိဖို့လည်း အရေးကြီးပါတယ်။ ဆိုလိုတာက မခိုးမဝှက်ဖို့ ပြောတာပါ။

ကောင်းပါပြီ လူသားရင်းမြစ်လည်း ကိုယ့်နိုင်ငံထဲမှာ တိုးတက်လာပြီ ဆိုပါတော့။ ဘာတွေတိုးတက်ဖို့ လိုသေးသလဲဆို တော့ Economic growth လို့ခေါ်တဲ့ စီးပွားရေးတိုးတက်ဖို့ လိုပါသေးတယ်။ နိုင်ငံတခုစီးပွားရေး တိုးတက်ဖို့ဆိုတဲ့ နေရာမှာ ဆင်းရဲ တဲ့ နိုင်ငံတွေဟာ ကိုယ်တဦးတည်း မစွမ်းဆောင်နိုင်ပါ။ အဲတာကြောင့်မို့ နိုင်ငံတကာ အဖွဲ့အစည်းကြီးများနဲ့ နိုင်ငံ တကာ အစိုးရ များရဲ့ အကူအညီများ၊ နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုများ ကိုယ့်နိုင်ငံထဲ ရောက်လာဖို့ လိုပါသေးတယ်။ အဲသလို ရောက်လာအောင် လည်း ဖိတ်ခေါ်ရပါတယ်။ ကိုယ်ကဖိတ်ခေါ်ရဲ့သားနဲ့ သူတို့ရောက်မလာရင်၊ လာရင်လည်း လိုအပ် သလောက် အတိုင်းအတာ အထိ မရှိသေးရင် တခုခုအားနည်း မှားယွင်းနေပြီလို့ ပြောနိုင်ပါတယ်။ ကိုယ့်နိုင်ငံရဲ့ နိုင်ငံရေး အရှုတ်အထွေးကြောင့် မလာကြ တာလား၊ ကိုယ့်နိုင်ငံမှာရှိတဲ့ အနေအထားက (စွမ်းအင်၊ လမ်းတံတား၊ ဆက်သွယ်ရေး စနစ်၊ ငွေကြေးစနစ်၊ ဥပဒေစနစ်) မကောင်းလို့ မလာကြတာလား၊ စစ်ဖြစ်နေလို့လား၊ ရင်းနှီးမြှုတ်နှံသူများကို ဆွဲဆောင် နိုင်ဖို့ သဘာဝသယံဇာတအရင်းအမြစ် national resources မရှိလို့လား (သို့မဟုတ်) ရှိတာလေးတွ ကုန်ခမ်းသွားလို့လား အစရှိသဖြင့် သုံးသပ်ဖို့လိုပါတယ်။

ကိုယ့်နိုင်ငံမှာ ကိုယ်ဆန္ဒရှိသလောက် ရင်းနှီးမြှုတ်နှံသူတွေ ရောက်မလာတာ ကိုယ့်မှာရှိနေဲ့ ပြဿနာကြောင့် ဖြစ်ပါတယ်။ ဟိုလူ့ကြောင့် သည်လူ့ကြောင့် ဖြစ်ရတာလို့ စွပ်စွဲရင် မမှန်ကန်ပါဘူး။

ကောင်းပါပြီ။ အားလုံးဘာ ပြဿနာမှမရှိဖူး ဆိုပါတော့။ ဒါဆိုရင်တော့ ယေဘုယျအားဖြင့် ယခင်ကထက် စီးပွားရေး တိုးတက် လာဖို့ အခြေအနေက ကောင်းနေပါပြီ။ လမ်းပွင့်နေပါပြီ။ သို့သော် စီးပွားရေးတိုးတက်လာဖို့ တခုတည်းကို ကြည့်ပြီး နိုင်ငံခြား စီးပွားရေး ကုမ္ပဏီများ အပါအဝင် ဒေသခံစီးပွားရေးအုပ်စုများကို သူတို့လုပ်ချင်သလို လုပ်ဖို့ခွင့်ပြု လိုက်မယ်ဆိုရင် ရေတို အတွက်တော့ စီးပွားရေးတိုးတက်လာပြီး ရေရှည်မှာ ဆိုးကျိုးတွေကို ဆက်ပြီးရင်ဆိုင် ရပါလိမ့်မယ်။

တဖက်မှာလည်း စီးပွားရေးတိုးတက်လာမှုဟာ လူနည်းစုအတွက်ပဲ ဖြစ်နေရင်၊ အဲသလို စီးပွားရေးတိုးတက်လာဖို့ မိမိ နိုင်ငံရဲ့ သဘာဝအရင်းအမြစ်တွေကို ကုန်ခမ်းသွားအောင် အသုံးပြုလိုက်ရင် စီးပွားရေးတိုးတက် လာတယ်ဆိုတာ ရေတို အတွက်ပဲ ဖြစ်သွားပါလိမ့်မယ်။ အဲတာကြောင့် ဒို့နိုင်ငံတော့ စီးပွားရေးတက်လာပြီ။ စာရင်းထဲမှာတော့ ကြည့်လိုက်ရင် Gross Doemstic Product (GDP) လို့ခေါ်တဲ့ ပြည်တွင်းထုပ်လုပ်မှု တန်ဖိုးဟာ မြင့်တက်လာနေတာ တွေ့ရပြီဆိုပါစို့။ ကုမ္ပဏီတွေ အတွက် ကတော့ အမြတ်တွေထွက်နေပြီ ဆိုပါစို့။ သို့သော် တဖက်မှာ နိုင်ငံသားအများစုဟာ ဖြစ်သင့်တာ ထက်ပိုပြီး ဆင်းရဲမွဲတေမှု အောက် under poverty line ရောက်နေရင် ဒါဟာ တိုင်းပြည် တခုအတွက် အမှန် တကယ် တိုးတက်လာပြီလို့ မဆိုနိုင်ပါဘူး။

နောက်တခုကလည်း နိုင်ငံတကာစီးပွားရေး ကုမ္ပဏီကြီးတွေက အမြတ်တခုကိုသာကြည့်ပြီးလုပ်မယ်၊ profit oriented အစိုးရကိုယ်တိုင်ကလည်း အဲသည့်အမြတ်များကို ခွဲယူဖို့အတွက်ပဲ စိတ်ဝင်စားမယ်။ အဲသလို လုပ်ချင်တိုင်းလုပ် နေကြတာ ကိုလည်း တဖက်မှာ ပြန်ထိန်းညှိဖို့ နည်းနာတွေ၊ ဥပဒေတွေ မရှိရင် (ရှိလည်းအသုံး မပြုအသက်မဝင်ရင်) အရင်ဦးဆုံး ဆိုးကျိုး ကို ခံစားရမဲ့ သူတွေကတော့ တောနေဆင်းရဲသားတွေနဲ့ မြို့နေ ဆင်းရဲသားတွေပဲ ဖြစ်ပါတယ်။ အဲသည့်အတွက် အဆိုပါ ဆင်းရဲသားများ ဆက်လက်မွဲတေမြဲ မွဲတေနေပါလိမ့်မယ်။ မွဲကြတဲ့အတွက် ပညာရေး ကျန်းမာရေး လူမှုရေးတွေပါ တိုးတက် မလာတော့ဘဲ နိမ့်ကြမြဲ နိမ့်ကြနေပါလိမ့်မယ်။ ဒီတော့ လူသားရင်းမြစ် တိုးတက်လာ ဖို့ မလွယ်တော့ပါ။ မုံ့လုံးစက္ကူကပ် ဇတ်လမ်းကနေရလိုပဲ ဖြစ်ပါလိမ့်မယ်။

ဒါ့ကြောင့် နိုင်ငံစီးပွားရေးတိုးတက်လာဖို့ မက်ခရိုစီးပွားရေး Macro-economy ကျင့်သုံးလုပ်ကိုင်ဖို့ လိုသလို မက်ခရို စီးပွားရေး ကို ကိုယ်စားပြုတဲ့ စီးပွားရေးအဖွဲ့စည်းကြီးများနဲ့ ကုမ္ပဏီကြီးများ အမြတ်တခုတည်းကို ကြည့်ပြီး လုပ်ချင်သလို မလုပ်ရလေ အောင် နည်းတွေ စည်းတွေ စနစ်တွေ ဥပဒေတွေ လိုအပ်ပါတယ်။ တချိန်တည်းမှာလည်း မြန်မာပြည်လို ဆင်းရဲတဲ့နိုင်ငံများမှာ အသေးစားစီပွားရေး Micro economy မိုက်ခရိုစီးပွားရေးကိုလည်း ဦးမော့လာအောင် အားပေးဖို့ လိုပါတယ်။ အဲသည့် စီးပွား ရေး ပုံစံနှစ်ခု အကြားမှာ ထိန်းညှိပေးဖို့ အထူးလိုအပ်ပါတယ်။

အခုမြန်မာပြည်မှာ စီးပွားရေးဟာ မက်ခရိုအဆင့်ရော မိုက်ခရိုအဆင့်ရော ဘယ်လောက်တိုးတက်နေသလဲ ဆိုတာ စောကြော ဖို့ လိုပါတယ်။ တိုးတက်ရင် တိုးတက်တယ် မတိုးတက်ရင် မတိုးတက်ဖူး ဆိုတာကို ရဲရဲပြောရဲဖို့ သုံးသပ်ဖို့ လိုပါတယ်။ လိမ်နေ ကြရင်တော့ ဖွံ့ဖြိုးတိုးတက်မှု ဆိုတာ အဝေးကြီးမှာပဲ နေပါလိမ့်မယ်။

မြင်သလောက် ပြောရရင်တော့ မြန်မာပြည်မှာ အခုကျင့်သုံးနေတဲ့ စီးပွားရေးစနစ်ကို ဘောပင်စီးပွားရေးစနစ်လို့သာ အမည် တတ်ရမှာပါပဲ။ ဘာဖြစ်လို့ ဒီလိုပြောရသလဲ ဆိုတာကို ရှင်းပါ့မယ်။

အာဏာပိုင်တွေက ကိုယ်ရဲ့အုပ်စု ကိုယ်နဲ့အလွမ်းသင့်သူ စီးပွားဖက်များကိုသာ ကြည့်ရှု့ပါတယ်။ မိုဘိုင်းဖုံး အလုံး တရာချ ပေး လိုက်တယ် ဆိုပါစို့။ အဲသည့်အတွက် ဘောပင်နဲ့ လက်မှတ်ထိုးပေးလိုက်တာပဲ။ အဲသည့်အခွင့်အရေး ရသူကတော့ မိုဘိုင်းဖုံး တလုံး ဒေါ်လာတထောင့်ငါးရာနှုံးနဲ့ အတော်လေးကိုက်သွားပြီ။ နောက်တဦးကိုတော့ မော်တော်ကား အစင်း သုံးရာ နိုင်ငံခြား က တင်သွင်းခွင့်ကို ဘောပင်နဲ့ လက်မှတ်ထိုးပေးလိုက်တယ်။ ရမဲ့အမြတ်ကတော့ အောလပုံပါပဲ။ နောက်တဦးကိုတော့ (သို့ မဟုတ်) တဖွဲ့ကိုတော့ (သို့မဟုတ်) တဌာနကိုတော့ တရားမဝင် မော်တော်ဆိုင်ကယ် တွေကို တစင်းကျပ်တသိန်း၊ နှစ်သိန်း နှုန်းနဲ့ မှတ်ပုံတင်ပေးခိုင်းပြီး ဆိုင်ကယ်ပိုင်ရှင်တွေဆီက ငွေကိုယူလိုက်တဲ့ နည်းပါ။ ဒါတွေဟာ ကိုယ်ကကုန်ထုတ်လုပ်လို့ အဲသည့်ထုတ်ကုန်ကို ပြန်လည်ရောင်းချလို့ ရတဲ့ အကျိုးအမြတ် မဟုတ်ပါ။ မိမိပြည်တွင်းမှာ ကိုယ့်အချင်းချင်းထဲမှာ ဘိုင် ပွတ် ပွတ်တဲ့ နည်းသာဖြစ်ပါတယ်။

နောက်တခုကလည်း ဗိုလ်ချုပ်တယောက်က ပြည်တွင်းကုမ္ပဏီပိုင်ရှင် တဦးကို ရဟတ်ယာဉ်ပေါ် တင်ခေါ်လိုက်ပါတယ်။ ပြီးတော့ ဟူးကောင်းတောင်ကြား ဒေသတွင်းမှာရှိတဲ့ သစ်ကွက်တခုကို ရဟတ်ယာဉ်ပေါ်ကနေ လက်ညှိးထိုးပြီး "အဲဒါ မင်း လုပ်ခွင့်ရတဲ့ သစ်ကွက်" ဆိုပြီး အောက်ရောက်တော့ ဘောပင်နဲ့သစ်ခုတ်ခွင့်ကို လက်မှတ်ထိုးပေးလိုက်ပါတယ်။

လတ်တလောမှာလည်း တေဇပိုင် ထူးကုမ္ပဏီကို ရှမ်းပြည်အတွင်းမှာ သစ်ထုတ်လုပ်ခွင့် ပေးတယ်လို့ ကြားရပါတယ်။ ထုံးစံ အတိုင်း ဗိုလ်ချုပ်တွေက လုပ်ပိုင်ခွင့်ကို ဘောပင်နဲ့လက်မှတ် ထိုးရုံပါပဲ။ ကြားရတဲ့ သတင်းကတော့ စိတ်ကုန်စရာပါ။ ဘာလဲ ဆိုတော့ တေဇက သစ်လုပ်ငန်းမှာ ဦးစီးမဲ့ ကျွမ်းကျင်သူကို မေးပါတယ်တဲ့။ သစ်တတန်ဆိုတာ ဘယ်လိုမျိုး တိုင်းတာပါသလဲ တဲ့။ ကျွမ်းကျင်သူရဲ့ အဖြေက ဟိုတုံးကဆိုရင် သစ်တပင်ခုတ်ရင် သစ်တန်သုံးတန် ထွက်တယ်လို့ ယေဘုယျ ဖြေပါတယ်။ (သစ်တန်ကို အလေးချိန်နှင့်မတိုင်းပါ။ ပေနဲ့တိုင်းတဲ့အတွက် တန်ပေလို့ သုံးနှုံးပါတယ်)။

သို့သော်လည်း ဒီခေတ်မှာတော့ သစ်ပင်တွေဟာ အရင်လောက် မကြီးတော့တဲ့အတွက် သစ်တပင်ခုတ်မှ သစ်တန်ပေ တတန်ပဲ ထွက်ပါတယ်လို့ ပြန်ဖြေပါတယ်။ တေဇခုတ်ခွင့် ရတဲ့ သစ်တန်ပေက တစ်သိန်းလို့ ဆိုပါတယ်။ ဒီလိုဆိုရင် အကြမ်းဖျဉ်းအားဖြင့် သစ်ပင်တသိန်း ခုတ်ရမှာပေါ့လို့ တေဇက ပြန်မေးပါတယ်။

ကျွမ်းကျင်သူက ဒီလိုဖြေပါတယ်။ ခုတ်ရမဲ့သစ်ပင်ကတော့ အကြမ်းဖျဉ်းအားဖြင့် တစ်သိန်းမှန်ပါတယ်။ သို့သော် ကိုယ်လိုချင်တဲ့ သစ်ပင်အမျိုးအစားနားမှာ ပေါက်နေတဲ့ ကိုယ်မလိုအပ်တဲ့ သစ်ပင်ကြီးငယ်တွေကို ရှင်းပြီးမှ ခုတ်ရတဲ့ အတွက် မိမိလိုချင်တဲ့ သစ်တပင်ခုတ်တိုင်း အနည်းဆုံးအားဖြင့် အခြားသစ်ပင်ငါးပင်ကိုပါ ခုတ်ပစ်ရတယ်လို့ ပြန်ဖြေ ပါတယ်။ ဆိုလိုတာကတော့ ကိုယ်လိုချင်တဲ့ သစ်ပင်တသိန်းခုတ်ဖို့ အခြားသစ်ပင် ငါးသိန်းကိုပါ စတေးလိုက်ရတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ အဲဒီလို စီးပွား ရေးလုပ်ဖို့ ဗိုလ်ချုပ်တယောက်က တေဇအတွက် သစ်လုပ်ခွင့်ကို စာရွက်ပေါ်မှာ လုပ်စေခုတ်စေဆိုပြီး ဘောပင်နဲ့ လက်မှတ် ရေးထိုး ပေးလိုက်ပါတယ်။ လွယ်လိုက်တဲ့ စီးပွားရေးစနစ် လို့ ဆိုရတော့မှာပါ။ ဒီကြားထဲမှာ တရုတ်အပါအဝင် အိမ်နီးချင်း ကုမ္ပဏီတွေ ခုတ်နေလို့ သစ်တောတွေ ပါးလာတယ် ဆိုတာကလည်း ငြင်းလို့မရပါဘူး။

အဆိုးအကောင်း အကျိုးအကြောင်း ဘာကိုမှ ထည့်သွင်းတွက်ချက်ခြင်း မပြုဘဲ စာရွက်ပေါ်မှာ ဘောပင်တချောင်းနဲ့ လက်မှတ် ထိုးပေးတဲ့ ပေါ်လစီဖြစ်သောကြောင့် ဘောပင်ပေါ်လစီ စီးပွားရေးလို့ အမည်တပ်လိုက်ရတာ ဖြစ်ပါတယ်။ သဘာဝအရင်း အမြစ်ကို သုံးစွဲချင်ရင် ဘယ်လိုစီစဉ်ပြီးမှ ဆောင်ရွက်ရတယ် ဆိုတာကို နားလည်ဖို့လိုပါတယ်။ တေဇကတော့ ဘာကိုထည့် စဉ်းစားမှာလဲ သူနဲ့ အလွမ်းသင့်တဲ့ ဗိုလ်ချုပ်များ အာဏာရှိနေတုံး လုပ်စရာရှိတာကို သွက်သွက်လက်လက်နဲ့ များများရအောင် လုပ်မှာပါပဲ။ ဗိုလ်ချုပ်တွေကလည်း ငွေပေါ်မြန်တဲ့ သစ်လုပ်ငန်းလိုဟာမျိုး ကို ပိုပြီးနှစ်သက်ပါလိမ့်မယ်။ သစ်တောပြုန်းတီးခြင်း Deforestation ဆိုတာကို နှစ်ဖက်စလုံးက ထည့်သွင်းစဉ်း စားခြင်း မပြုကြပါ။ ထိုဒေသအတွင်း သစ်တောကို မှီတင်းနေထိုင်တဲ့ လူများတိုင်းရင်းသားများ ရေရှည်မှာ တောပြုန်းတဲ့ ဆိုးကျိုး ဒဏ် အရင်ဆုံးခံရမှာ ဖြစ်ပါတယ်။

စစ်အစိုးရကတော့ ပြောမှာပါ။ ခုတ်လိုက်တဲ့ သစ်ပင်တွေနေရာမှာ အစားထိုး ပြန်စိုက်မှာပါလို့ ဆိုကောင်းဆိုပါလိမ့်မယ်။ သို့ သော်လည်း အစုလိုက်အပြုံလိုက် အချိန်အနည်းငယ်အတွင်း ခုတ်လိုက်တဲ့ နေရာမှာ ချက်ခြင်းအစားပြန်ထိုး စိုက်ဖို့ ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ပါ။

အင်္ဂလိပ်ခေတ်တုံးကတော့ သစ်တောဥပေဒဆိုတာ ရှိပါတယ်။ ဥပဒေအတိုင်း လိုက်နာရပါတယ်။ သတ်မှတ်ထားတဲ့ သစ်ကွက် တခုကို ခုတ်ပြီးရင် ချက်ခြင်းပြန်စိုက်ပါတယ်။ ရှိရင်ရှိသလောက် ခုတ်ယူသွားတာမျိုး လုပ်လို့မရပါ။ ချန်ထား ရမဲ့ အကွက်ကို သွားထိလို့မရပါ။ ခုတ်သွားတဲ့ သစ်ကွက်မှာ နောက်အနှစ်နှစ်ဆယ်သုံးဆယ် ဆိုရင် နောက်တခေါက် ပြန်လာပြီး သစ်ထုတ်လို့ ရအောင် အလှည့်ကျစနစ် Rotating system နဲ့စီစဉ်ထားတာ ဖြစ်ပါတယ်။ ဥပမာ ကျွန်းပင်တိုင်းမှာ အပင်ရဲ့ ကိုယ်ပိုင်နံပါတ် ရှိပါတယ်။ သစ်ပင်သက်ရင့်တဲ့ သတ်မှတ်ထားတဲ့ နံပါတ်ကိုသာ ခုတ်ခွင့် ပေးပါတယ်။ အဲဒီလို စနစ်နဲ့ ဆောင်ရွက်တာဟာ သစ်ထုတ်လုပ်ငန်းကို စဉ်ဆက်မပြတ် sustainable လုပ်ကိုင် နိုင်အောင်ဖြစ်ပြီး သစ်တော ပြုန်းတီးခြင်း ကိုလည်း ကာကွယ် ရာရောက်တဲ့ အတွက်ဖြစ်ပါတယ်။ ရွှေဥမှန်မှန်ဥပေးတဲ့ ငန်းကိုသတ်ပြီး ဗိုက်ခွဲ ရွှေဥ ရှာတာမျိုး မဖြစ်အောင် ထိန်းသိမ်းတဲ့ စနစ်ပါ။

အခုမြန်မာပြည်မှာ မြင်တွေ့နေရတဲ့ စီးပွားရေးစနစ်ကတော့ ဘောပင်စီးပွားရေးစနစ်ဖြစ်လို့ ရှေ့လျှောက် ဆိုးကျိုးတွေ သာ တွေ့ရမဲ့ ကိန်းပါပဲ။

(စာဖတ်သူများခင်ဗျား အင်္ဂလိပ်လို ညှပ်ရေးထားတာတွေဟာ ဘိုဆန်အောင် ရေးချင်လို့ မဟုတ်ကြောင်း ရှင်းလင်း တင်ပြပါရ စေ။ မိတ်ဆွေစာဖတ်သူ အချို့က အကြံပေးပါတယ်။ တချို့စာလုံးတွေ အသုံးအနှုံးတွေကို ကြုံရင်ကြုံသလို အင်္ဂလိပ်လို ထည့်ရေး ပေးဖို့ အကြံပြုကြပါတယ်။ တချို့အသုံးအနှုံးများက သိပြီးသားသူတွေ အတွက်တော့ အဆန်း မဟုတ်ပေမဲ့ မသိရှိသေးသော သူများအတွက် ယေဘုယျအားဖြင့် တနိုင်တပိုင် ဗဟုသုတရစေနိုင်ဖို့ ရည်ရွယ်ခြင်း ဖြစ်ပါတယ်။)

ဇော်မင်း (လူ့ဘောင်သစ်)
၃ ရက် ဒီဇင်ဘာလ ၂ဝဝ၈ ခုနှစ်

1 comment:

Mr.Guiter said...

ရေးထားတာလေးကို သေချာလာဖတ်သွားပါတယ်ဗျာ။
ကောင်းတယ်။ အောက်က မှတ်ချက်လေး ကြည့်ပြီတော့ ပြုံးမိတယ်။ အမှန်တော့ ထည့်မရေးလည်း နားလည်ပေးနိုင်ပါတယ်။ လွန်လွန်ကဲကဲမှမဟုတ်တာ။ ဘာလို့ပြုံးမိတာလဲသိလား....????

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.