ရွက်မွန်စာမျက်နှာ

Tuesday, January 13, 2009

မြက်နှင့် ရေ (ပြန်လည်ဖော်ပြခြင်း)

ပြန်
လည်ဖော်ပြခြင်း။

ယခုဆောင်းပါးကို အထက်က ဖော်ပြထားသည့် ဆောင်းပါးနှင့်တွဲ၍ ဖတ်ရှုပါက သင့်မည်ထင်သောကြောင့် ပြန်လည်ဖတ်ရှု နိုင်ရန် ဖော်ပြပါသည်။
ရွက်မွန်အဖွဲ့

...........

စိမ်းလန်းသောမြက်ခင်းပြင်တို့သည် လူကိုစိတ်ကြည်နူးစေသည်။ ကြည်လင်စေသည်။ မြက်ခင်းကလေးစိမ်းလန်း လာစေဖို့ အတွက် သဘာဝတရားအရ အလိုအပ်ဆုံးအရာကား ရေဖြစ်သည်။ ရေမရှိပါက သည်မြက်ခင်းကလေး စိမ်းလန်းမလာနိုင်။ ရေဘယ်ကလာသနည်း။ သဘာဝအရမြက်ခင်းလေးအတွက် အကောင်းဆုံးရေကတော့ မိုးရေ ဖြစ်သည်။ မိုးကလေး တပြိုက် နှစ်ပြိုက်ကျလိုက်သည်နှင့် မြက်တို့စတင်ပြန်လည်ရှင်သန်စိမ်းလန်းစပြုတော့သည်။ ထို့နောက်ဆက်တိုက်ရွာသွန်းလာသော မိုးတို့သည် မြက်ခင်းကလေးအား ပိုမိုစိမ်းလန်းအားကောင်းလာစေ၍ လူသားတို့အတွက် အလှတရားကိုဖန်တီးပေးလာသည်။ အခြားသတ္တ၀ါအပေါင်းတို့အတွက်လည်း မှီခိုရာကိုဖြစ်စေသည်။

နွေကာလသည် ရှည်ကြာလွန်းလှသည်။ ထို့အတွက် မြက်ခင်းကလေးမှာဝါခြောက်ညှိုးနွမ်းလာသည်။ ထိုမှတဆင့် လုံးလုံး နွမ်းခြောက်သွားတော့သည်။ အဆော့သန်လွန်းသည့်ကလေးများပင် သည်မြက်ခြောက်ခင်းကလေးပေါ် တွင် အရင်ကလို မက်မက်စက်စက် မကစားလိုတော့။ သည်မြက်ခင်းကလေးနှင့် မလှမ်းမကမ်းတွင် မြေးအဖိုးနှစ် ယောက် နေထိုင်ကြသည်။ မြက်ခင်းကလေး ယခုလိုညှိုးခြောက်နေသည်ကို ကောင်လေးကစိတ်မကောင်းဖြစ်နေ မိသည်။ သည်မြက်ခင်းကလေး ပြန်လည်စိမ်းလန်းလာစေဖို့ တခုခုလုပ်ရင်ကောင်းမည်ဟုလည်း စိတ်ကူးမိသည်။

တခုသောနံနက်ခင်းတွင် မြေးအဖိုးနှစ်ယောက် မနက်စာစားနေရင်း ကောင်လေးက သူ့အဖိုးကို မြက်ခင်းကလေး ပြန်လည် စိမ်းလန်းလာစေဖို့ သူ့တွင်စိတ်ကူးတခုရှိကြောင်း ပြောလာသည်။ အဖိုးက စိတ်ဝင်စားစွာဖြင့် သူ့မြေး ကလေးအား ဘယ်လို စိတ်ကူးအကြံဥာဏ်မျိုးရှိသလဲဟု မေးလာသည်။ ကောင်လေးက ရေတွင်းထဲမှရေကို ရေ စုတ်စက်ဖြင့်တင်ကာ မြက်ခင်း ပြင်လေးအထိ ပိုက်သွယ်၍နေ့တိုင်းရေလောင်းပါက ဖြစ်နိုင်ခြေရှိကြောင်း အားပါး တရ ပြောပြသည်။ အဖိုးကား ခေါင်းတငြိမ့် ငြိမ့်ဖြင့် သူ့မြေးပြောသည်ကို စူးစိုက်နားထောင်နေသည်။ မြက်ခင်း ကလေးအား ပြန်လည်စိမ်းလန်းလာစေလိုသည့် ကောင် လေး၏ စိတ်စေတနာကိုလည်း စာနာနားလည်မိသည်။

သည့်နောက် အဖိုးက သူ့မြေးလေးအား သည်လိုရှင်းပြသည်။ နွေတွင် မိုးမရွာသည်မှာ သဘာဝဖြစ်သည်။ ထို့ အတွက် ရံဖန်ရံခါ ချောင်း၊ ကန်၊ ရေတွင်းများပင် ပူလောင်လွန်းလှသည့်ရာသီအောက်တွင် ခမ်းခြောက်သွား တတ်သည်။ နွေတွင် မိုးမရွာ သည့်အတွက် မြက်အရွက်များနေရောင်အောက်တွင် ညှိုးနွမ်းသေဆုံးသွားကြသည် မှာလည်း ဟုတ်သည်။ သို့သော် မြက်များ မှာ အသက်ပြင်းသော ဇီဝကမ္မသဘောရှိသည်။ ဘယ်လိုအသက်ပြင်း တာလဲဟု ကောင်လေးက မေးလာသည်။ အဖိုးက သည်လိုထပ်ရှင်းပြသည်။

မိုးမရွာသေးသည့်အချိန်တွင် အပူရှိန်ကြီးလွန်းသောကြောင့် မြက်ရွက်များခြောက်သွေ့ ကွယ်ပျောက်ကုန်သော် လည်း ၎င်းတို့၏ အမြစ်များသည် မြေကြီးအောက်ထဲသို့ ပိုမိုနက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်ကြသည်။ နွေရာသီ ၏ အပူက မြေကြီးအောက် အထဲသို့ နက်ရှိုင်းစွာထိုးဖောက်ဝင်ရောက်နေသော အမြစ်များကို သေဆုံးအောင် မတတ်နိုင်ကြ။ မစွမ်းဆောင်နိုင်ကြ။ မြက်တို့ ၏ သဘာဝကလည်း ရေမရသည့်ကာလ၊ အပူကြီးလွန်းသည့်အချိန် တွင် သူတို့၏အမြစ်များအား အပေါ်ယံမြေလွှာ ပေါ်သို့ ပေး မတက်ခိုင်း။ အမြစ်တို့ကိုယ်တိုင် အပူကြောင့်သေဆုံး သွားနိုင်သောကြောင့် ဖြစ်သည်။

ရုတ်တရက်ကြည့်ပါက နွေကာလတွင် မြက်များသေဆုံးကုန်၍ နောက်ပြန်ပေါက်မှ ပေါက်ပါ့ဦးမလားဟုပင် ထင် နိုင်သည်။ သို့သော်လည်း ၀ဿန်မိုးကာလရောက်သောအခါတွင် မြက်များမြေကြီးအောက်မှတိုးထွက်ခါ ပြန်လည် စိမ်းလန်းရှင်သန် လာတော့သည်။ ထို့အပြင် မြက်တို့၏အမြစ်များသည် မြေကြီးထဲသို့ နက်ရှိုင်းစွာထိုးဖောက်ဝင် ရောက်ထားသောကြောင့် ရေကြီးသည့်ဘေးကို ရင်ဆိုင်ရသည့်အခါတွင်လည်း သူနေထိုင်နေသည့်မြေကြီးကို ရေဘေးကြောင့် တိုက်စားပြိုဆင်းသွားခြင်း မရှိစေရန်အတွက်လည်း အကာအကွယ်ပေးနိုင်သေးသည်။

ဒီလိုဆိုရင် မိုးတွင်းအရောက်ကို မစောင့်တော့ဘဲ အခုကတည်းကရေလောင်းပေးရင် စောစီးစွာမြက်တို့ပြန်လည် ရှင်သန်လာ လျှင် မကောင်းသလောဟု မြေးကလေးက မေးပြန်သည်။ အဖိုးက စိတ်ရှည်စွာသည်လိုထပ်ရှင်းပြ သည်။ ရေလောင်းပေး ခြင်း သည် သည်လိုမြက်မျိုးတို့အတွက် သဘာဝမဟုတ်ဟု အဖိုးကဆိုသည်။ ကောင်လေး ကား ဘ၀င်သိပ်မကျ။ နွေတွင်ရေလောင်း ပေးခြင်းသည် မြက်တို့၏အမြစ်များအတွက် မြေကြီးအောက်သို့နက်ရှိုင်း စွာ ထိုးဖောက်ခြင်းကို အဟန့်အတားဖြစ်စေသည်။ အမြစ်တို့သည် ရေရှိသော ရေလောင်းထားသော၊ အပေါ်ယံ မြေလွှာဆီသို့သာ စုပြုံတိုးတက်ကြတော့သည်။

ထို့အတွက် မြက်တို့၏အမြစ်များမှာ ခိုင်မာမှု မရှိတော့။ တချိန်တည်းတွင် ဆက်လက်၍ရေမှန်မှန် မလောင်းနိုင် တော့ပါက အရွက်များသာမက၊ အမြစ်များပါနေရောင်၏ အပူရှိန်ကြောင့် သေဆုံးကုန်တော့သည်။ ရေမလောင်း သည့် မြက်များမှာမူကား သည်နှစ်မိုးခေါင်ရုံမျှမက၊ နောက်နှစ်မိုးခေါင်လည်း သူတို့၏အမြစ်များကား မြေကြီး အောက်ထဲတွင် ဆက်လက်ရှင်သန် နေနိုင် ကြသည်။ အမြစ်တို့ကား မသေသေး။ အသက်ပြင်းပါဘိ။ တချိန်မိုးကျ လာသည့်အခါတွင် အားကောင်းမောင်းသန်စွာဖြင့် ပြန်လည်စိမ်းလန်းလာမြဲသာ ဖြစ်သည်။

မြေးလေးက ထပ်မံမေးခွန်းထုတ်လာပြန်သည်။ ရွာထိပ်က သူဌေးကြီးဦးဘောဂ၏ခြံကြီးထဲတွင် မြက်များကိုအလှ မွေးထား ကြောင်း၊ နေ့တိုင်းရေလောင်းပေးနေသည့်အတွက် ယခုနွေမှာပင် သူတို့မြက်များကား စိမ်းလန်းနေသည် ဟု ဆိုလာသည်။ အဖိုးက ကောင်းလေး၏မေးခွန်းကို နားလည်မှုအပြည့်ဖြင့် ဆက်ရှင်းပြသည်။ သူဌေးဦးဘောဂ ၏ မြက်များစိမ်းနေသည်ကား ဟုတ်သည်။ ထိုမြက်များသည် ဦးဘောဂ အပန်းဖြေရန်အတွက်သာ မွေးထားသော မြက်များ ဖြစ်သည်။ မွေးမြက်များဖြစ်သော ကြောင့် လှသော်လည်း အမြစ်များကတော့ အပေါ်ယံရှပ်ရှပ်မှာသာရှိ သည်။ ရေလောင်းပေးထားသော အပေါ်ယံမြေလွှာ မှာသာ ထိုအမြစ်တို့ ပျော်မွေ့ကြသည်။ အခြားသူများနှင့် သက်ရှိသတ္တ၀ါများအားလည်း ထိုမြက်ခင်းပေါ်သို့ အတက်ပင်မခံ။ ရေမှန်မှန်မလောင်းနိုင်သည့်တနေ့တွင် ထိုမြက် များလုံးလုံး သေဆုံးကုန်ကြမည်လည်း ဖြစ်သည်။ ကောင်လေးကား အဖိုး၏ အဖြေကို သိပ်တော့သဘောမတူနိုင် သေး။ သဘောမတူသေးကြောင်းလည်း သူ့မျက်နှာတွင် ပေါ်လွင်နေသည်။

ထိုနှစ်တနှစ်လုံး သူတို့ရွာတွင် မိုးခေါင်ရေရှားခြင်းကို ရင်ဆိုင်ကြရသည်။ ရွာတွင်းမှာသာမက ရွာနီးချုပ်စပ်တွင်ရှိ သော ကန်များ၊ ရေထွက်ပေါက်များနှင့် ရေတွင်းများပါ ခမ်းခြောက်ကုန်သည်။ လူသုံးရန်နှင့် သောက်ရေရဖို့ရန် အတွက်ပင် အနိုင်နိုင်ဖြစ်လာသည်။ အဖိုးနှင့် ကောင်လေးတို့ အိမ်နားမှမြက်ခင်းသည်ကား ပြောစရာမလိုတော့။ ယခင်က ဤနေရာတွင် မြက်ခင်းစိမ်းစိမ်းလေးရှိနေခဲ့သည်ဟု ပြောပါက မည်သူမှ ယုံမည်မဟုတ်။ ကုန်းခြောက် ခြောက် မြေသက်သက်သာ။ ဦးဘောဂ၏ အလှမွေးမြက်ခင်းကလေးသည်လည်း မိုးခေါင်ရေရှားခြင်းနှင့်အတူ ကွယ်ပျောက်သွားခဲ့ရသည်မှာ သဲလွန်စပင် မကျန်ခဲ့။ သူ့အဖိုးလည်း မြက်ခင်းစိမ်းလန်းစေရေးအကြောင်း ဆက် မဆွေးနွေးဖြစ်ခဲ့။

အချိန်ကျတော့လည်း မိုးကမနေပါ။ မိုးချိန်းထစ်ချုံးသံများနှင့်အတူ ၀င်ရောက်လာသည်။ အားလုံးပျော်ကြရသည်။ ယာသမားများက သူတို့အလုပ်အတွက် စိတ်သက်သာရာ ရကြသလို၊ ကောင်လေးကလည်း သူ့မြက်ခင်းလေး အတွက် ပျော်ခဲ့ရသည်။ အဖိုးပြောသလိုပင် မိုးနှင့်အတူ သူ့မြက်ခင်းကလေးပြန်လည်ရှင်သန် စိမ်းလန်းလာသည် ကို တွေ့ရသည်။ ၀မ်းသာလို့မဆုံး။ ပိန်လှီနေသော နွားများအတွက်တော့ သည်မြက်ခင်းကလေးသည် နိဗ္ဗာန်ဟု ပင် ဆိုနိုင်သေးသည်။ ဦးဘောဂအလှမွေးထားသော မြက်များမှာကား မိုးနှင့်အတူ ပြန်လည်မရှင်သန်နိုင်တော့။ မိုးခေါင်သည့်ကာလအတွင်း၌ လုံးလုံးသေဆုံးကုန်ကြသည်။ သူတို့၏အမြစ်များမှာ အပေါ်ယံမြေလွှာမှာသာနေ ထိုင်ကြသည်မို့ သည်လိုမိုးခေါင်သည့်ဒဏ်ကို မခံနိုင်။ မြက်ခင်းစိမ်းထပ်မံမွေးလိုပါက ထိုမြက်မျိုးအား မြို့တက်၍ ၀ယ်ရန်လိုသည်ဟု ဦးဘောဂ၏သားများ ပြောနေသည်ကို ကြားရသည်။

ထိုအဖြစ်များကား ကြာခဲ့ပြီ။ အခုဆိုရင် ကောင်လေးမှာလည်း သူ့အိမ်ထောင်နှင့် သားသမီးများနှင့်။ အဖိုးတို့၊ ဦးဘောဂတို့ သည်လည်း ကွယ်လွန်ကုန်ကြပြီ။ ဦးဘောဂ၏ အလှမွေးမြက်ခင်းနေရာအား သံပုရာပင်များက အစားထိုးနေရာယူလိုက်ပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဦးဘောဂ၏သားများက မြက်အလှမွေးဖို့ထက် ၀င်ငွေရသည့်အပင်များစိုက်ဖို့ အားသန်ကြသောကြောင့်ပင်။ သူတို့၏မြေးအဖိုးအိမ်နားက မြက်ခင်းကလေးကား သူ့ရာသီနှင့်သူ ရှေးယခင်ကလို စိမ်းလန်းမြဲ။

သည်ဇာတ်လမ်းနှင့်အတူ ကနေ့ ကျနော်တို့ဒီမိုကရေစီလှုပ်ရှားမှုကြီးအတွင်းမှ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအား ဆက်စပ်၍ စဉ်းစားမိသည်။ ဒီမိုကရေစီတော်လှန်ရေးကြီးအောင်မြင်စွာ ဆင်နွှဲနိုင်ရန်အတွက် ဘဏ္ဍာငွေကြေးလို သည်။ အခြားပံ့ပိုးမှု များလည်းလိုသည်ဟု ဆိုကြသည်။ ဟုတ်ပေသည်။ အဖွဲ့အစည်းများသည် ထို့အတွက်ငွေရှာ ကြသည်။ ပရောဂျက်များ၊ စီမံကိန်းများရေးဆွဲ၍ နိုင်ငံရပ်ခြားမှ ငွေရှာကြသည်။ ငွေများဝင်ကြသည်မှာလည်း မနည်းဟု ကြားသိနေရသည်။ ကောင်းပါ သည်။ စနစ်တကျလုပ်နိုင်ပါက တိုင်းပြည်အတွင်း ဒီမိုကရေစီအသွင် ပြောင်းလဲရေးအတွက် အကျိုးရှိမှာ မုချပင်ဖြစ်သည်။

သို့သော်ကျနော်တို့သည် မိမိကိုယ်တိုင် သဘာဝမြက်လို ကျင့်ကြံသလား၊ အလှမွေးမြက်လို ကျင့်ကြံသလားဆို သည်ကိုတော့ ပြန်လည်လေ့လာဆန်းစစ်ဖို့ လိုသည်။ မြက်တို့စိမ်းလန်းရန်အတွက် ရေလိုသည်။ ရေမရှိပါက မြက်တို့ မစိမ်းလန်းနိုင်။ အလွန် သဘာဝကျသော၊ ငြင်းမရသော အချက်ဖြစ်သည်။ သို့သော်လည်း ကျနော်တို့ သည် ကျနော်တို့၏အမြစ်များကို နက်ရှိုင်းစွာ မြေကြီးထဲသို့ ထိုးဖောက်ဝင်ရောက်ရန်အတွက် ခွင့်ပြုပါသလား။ သို့မဟုတ် မြေအပေါ်ယံလွှာတ၀ိုက်မှာပဲ တ၀ဲလည်လည်နှင့် ရှိနေသလားဆိုသည်ကိုလည်း ပြန်လည်သုံးသပ်ရန် လိုနေသည်။

မြေကြီးထဲသို့ နက်ရှိုင်းစွာမထိုးဖောက်သော အမြစ်များအတွက်ကား တချိန်လုံးရေလောင်းပေးနေရန် လိုသည်။ သူတို့သည် သဘာဝ၏ တိုက်ခိုက်မှုကို ကြံ့ကြံ့ခံရင်ဆိုင်ရန် မလို။ အချိန်တိုင်ပါက ရေလောင်းပေးမည့်သူရှိနေ သောကြောင့် ဖြစ်သည်။ ရေလောင်းပေးနေသော ကာလတလျှောက်လုံးတွင် စိမ်းလန်းလှပနေသော်လည်း တချိန် ချိန်တွင် ရေမရတော့ပါက နွမ်းခြောက်သေဆုံးပျောက်ကွယ်သွားနိုင်ရန် အလားအလာရှိနေသည်။ ထို့အတးရေရ နေသော်လည်း လိုအပ် သလောက် ရေအလုံအလောက်မရပါက ထိုမြက်များသည် သေမသွားသော်လည်း လှပ စိမ်းလန်းသောမြက်အဖြစ်မှ ရှိသည်ဆိုရုံမျှလောက် မွဲခြောက်ခြောက်မြက်ဘ၀သို့ ရောက်သွားမည်။ စိမ်းသည့် နေရာက စိမ်း၊ နွမ်းသည့်နေရာက နွမ်း၊ ခြောက်သည့်နေရာက ခြောက်နှင့် မြက်ခင်းသည်တညီတညာတည်း အရင်ကလို မစိမ်းလန်းနိုင်တော့။ ထို့အတွက် ကြည့်လိုက်လျှင်လည်း ကြည့်သူအတွက် မျက်စေ့ပသာဒဖြစ်စေ သည့် အရသာကို မပေးစွမ်းနိုင်တော့။ သည်မြက်ခင်း သည်စိတ်ကြည်နူးမှုနှင့် ကြည့်လင်မှုတို့ကိုလည်း မပေးစွမ်း နိုင်တော့။ အဘယ်ကြောင့်ဆိုသော် သူတို့ကား သူများမွေးထားသော အလှမွေး မြက်များဖြစ်နေသောကြောင့်ပင်။

မြက်တို့ စိမ်းလန်းရန် ရေလိုသည်။
သို့သော် အလှမွေးမြက်များဘ၀မှ ရုန်းထွက်ရန်လည်း လိုနေသည်။
သဘာဝမြက်တို့သာ သက်ရှင်စိမ်းလန်းကြလေသည်။

ဇော်မင်း (လူ့ဘောင်သစ်)
၈၊ ၁၁၊ ၂၀၀၆။

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.