ရွက်မွန်စာမျက်နှာ

Thursday, January 29, 2009

လွတ်လပ်သူများ၏ နေ့စဉ်ဘ၀ ပတ်ဝန်းကျင်ကို ထူထောင်ကြ

လွတ်
လပ်သူများ၏ နေ့စဉ်ဘ၀ ပတ်ဝန်းကျင်ကို ထူထောင်ကြ

မောင်သစ်ဦး
ဧရာဝတီမဂ္ဂဇင်း အွန်လိုင်း (မြန်မာ) မှ စာအုပ်သုံးသပ်ချက်ကို ပြန်လည်ဖော်ပြပါသည်။

စာအုပ်အမည်။ ။ လူသားဆန်မှုနှင့် လွတ်လပ်ခြင်းနိဒါန်း

၂၀၀၉ ခု ဇန်န၀ါရီ လဆန်းပိုင်းက ထိုင်းမြန်မာ နယ်စပ် တနေရာတွင် ပညာရေး နှီးနှော ဖလှယ်ပွဲ တခုပြုလုပ်ခဲ့၏။ ကျောင်း ဆရာ တပိုင်းဖြစ်သည့် ကျနော်က စာတမ်းတခု တင်ခွင့်ရသည်။ ကျနော့် စာတမ်းမှာ အထက်တန်း ကျောင်းသုံး မြန်မာကဗျာ ပြဌာန်းချက်တွင် ခေတ်ပေါ် ကဗျာများကို ထည့်သွင်း ပြဌာန်း သင့်ကြောင်း အကြံပြုသည့် စာတမ်း ဖြစ်သည်။

ဇန်န၀ါရီ ၅ ရက်မှ စ၍ သုံးရက် သုံးလီ ကျင်းပသည့် ပညာရေး နှီးနှောဖလှယ်ပွဲ အတွေ့အကြုံမှာ မွှေးကြိုင်လွန်းသည်။ အယူ အဆ မတူသူများ၊ ချဉ်းကပ်မှု မတူကြသူများ လွတ်လပ် ပွင့်လင်း ချစ်ခင်စွာ တင်ပြ ဆွေးနွေး သွားကြ၏။ နှီးနှော ဖလှယ်ပွဲ ပြီးမြောက်ခါ နီးလေလေ အချင်းချင်း ပွင့်လင်း ရင်းနှီးချစ်ခင်မှု ပိုပြီးရှိလေလေ။ ကျနော် တို့သည် စစ်အာဏာရှင် စနစ်ဖြင့် တုပ်နှောင် ခံထားရသည့် မိမိတို့ လူ့သမဂ္ဂအတွက် သင့်လျော်သည့် အခြား လူ့သမဂ္ဂတခု ဘယ်လို ထူထောင် ကြမည်နည်းဟု မေးခွန်းထုတ်ခဲ့ကြ၏။

ကျနော်က မွန်းကြပ် ပိတ်လှောင်နေသော လူ့သမဂ္ဂ တခုအတွင်းမှ အနာအကျင် နည်းစွာ ရုန်းထွက် နိုင်သည့် နည်းလမ်း များကို စဉ်းစားရင်းက စာတမ်း တခုတင်ရန် အကြံရလာခြင်း ဖြစ်သည်။ ကျနော့် စာတမ်းထဲ၌ ယဉ်ကျေးမှု ဗဟုဝါဒကို အခြေခံသည့် "ခေတ်ပေါ်ကဗျာ"ကို လွတ်မြောက်ရေး နည်းနာတခုအဖြစ် သဘောထား တင်ပြခဲ့၏။

နှီးနှော ဖလှယ်ပွဲမှအပြန် ကားပေါ်တွင် ဖတ်လက်စ စာအုပ်တအုပ်ကို ဆက်ပြီး ဖတ်လာခဲ့သည်။ "လူသားဆန်မှုနှင့် လွတ်လပ် ခြင်း နိဒါန်း" စာအုပ်ဖြစ်၏။ (ကို) ဇော်မင်းနှင့် (ကို) အောင်သူငြိမ်းတို့နှစ်ဦး ရေးသား ထုတ်ဝေသည့် ဆောင်းပါး ပေါင်းချုပ် စာအုပ်ဖြစ်၏။ ဆောင်းပါး (၄၆) ပုဒ်ပါရှိ၏။

"လူသားဆန်မှုနှင့် လွတ်လပ်ခြင်း နိဒါန်း" စာအုပ်ကို ဖတ်ရှုနေစဉ် ကျနော့် အတွေးများမှာ ပညာရေး နှီးနှော ဖလှယ်ပွဲ ခန်းမ ဆီသို့ မကြာခဏ ပြန်ရောက်သွားရ၏။ စာအုပ်တွင် ပါရှိသည့် "အမှာစာ" ဟု ခေါင်းစဉ် တပ်မထားသည့် "အမှာစာ" ကိုလည်း အထပ်ထပ် ပြန်ဖတ်မိနေခဲ့၏။ စာရေးသူ နှစ်ဦးစလုံး၏ သဘောထားကို အမှာစာထဲ တွင်တွေ့နေရ၏။ "ကျနော်တို့ လူ့အဖွဲ့ အစည်း အကောင်းဘက်ကို ဦးတည် ပြောင်းလဲနိုင်ဖို့ အတွက် တတ်နိုင်တဲ့ ဖက်က တတ်စွမ်း သလောက် လုပ်အားထည့်ဝင်တဲ့ အနေနဲ့ အခုဆောင်းပါးများကို ရေးသားရခြင်း ဖြစ်ပါတယ်" ဟု သူတို့က ဆို၏။

ပညာရေး နှီးနှော ဖလှယ်ပွဲတွင် ကျနော်တို့သည် ကျနော်တို့ လူ့အဖွဲ့အစည်း အပြောင်းအလဲ အတွက် နည်းနာသစ်များကို ရှာဖွေခဲ့ကြ၏။ ဆွေးနွေး ငြင်းခုန်ခဲ့ကြ၏။ ပညာရေး နည်းလမ်းသစ်များကို တင်ပြခဲ့ကြ၏။ စာရေးသူ နှစ်ဦးစလုံးကလည်း "ကျနော်တို့လူ့အဖွဲ့အစည်းအတွက် အကောင်းဘက်ကို ပြောင်းလဲလာနိုင်ဖို့ အခုဆောင်း ပါးများကို ရေးသားရခြင်း ဖြစ်ပါတယ်" ဟု ဆိုခဲ့ပြီ မဟုတ်ပါလား။ အတောင်တူ ငှက်များ၏ တောင်ပံခတ်သံများကို ကျနော် ကြားနေခဲ့ရ၏။

ကျနော်က "လူသားဆန်မှုနှင့် လွတ်လပ်ခြင်း နိဒါန်း" စာအုပ်ကို ကားပေါ်တွင်ပင် ပြီးဆုံးအောင်ဖတ် နေခဲ့လေသည်။

(ခ)

"လူသားဆန်မှုနှင့် လွတ်လပ်ခြင်း နိဒါန်း" စာအုပ်၏ ဆောင်းပါး အများစုမှာ စစ်အစိုးရ၏ တာဝန်မဲ့မှုများနှင့် ယင်း တာဝန်မဲ့ မှုများကြောင့် ဖြစ်ပေါ်ရသည့် အကျိုးဆက်များကို ကိန်းဂဏန်းများ၊ သတင်း အချက်အလက်များကို အခြေခံပြီး ရေးသည့် ဆောင်းပါးများ ဖြစ်၏။

ကျနော့်အဖို့ ဤဆောင်းပါးများကို မှတ်သားခွင့် ရသည့်အတွက် စာရေးသူ နှစ်ဦးစလုံးကို ကျေးဇူးတင်သည်တော့ အမှန်ပင် ဖြစ်သည်။ သို့သော် ဤဆောင်းပါးများသည် ယခင် သူတို့ရေးခဲ့သော ဆောင်းပါးများနှင့် အခြား သူများရေးခဲ့ပြီးသော ဆောင်းပါးများထက် အချက်အလက်များ ပိုမိုအသေးစိပ်၊ တိကျသည်မှလွဲ၍ ကျနော့်အဖို့ ပိုပြီးမလေးနက်ခဲ့။ သူတို့ ရေးခဲ့ သည့် အမှာစာကို အပြည့်အ၀ ကိုယ်စားပြုသည့် ဆောင်းပါးများဟုမူ ကျနော် မယူဆမိ။

ကျနော့်ရင်နှင့် အပြည့်ရလိုက်သည့် ဆောင်းပါးတပုဒ်စ နှစ်ပုဒ်စတော့ ဖတ်ခွင့်ရလိုက်ပါသည်။

ဥပမာ (ကို) ဇော်မင်း၏ "တဂိုးနဲ့ ဂန္ဒီ" ဆောင်းပါး။ (ကို) အောင်သူငြိမ်း၏ "အခြား ရွေးချယ်စရာ လူ့အဖွဲ့အစည်း တခု" ဆောင်းပါး များမှာ ကျနော့်ကို အကြိမ်ကြိမ် ပြန်ဖတ်ရလောက်အောင် လေးနက်ခဲ့၏။

(ကို) ဇော်မင်း၏ ဆောင်းပါးများကို ဖတ်တော့ တချိန်တုန်းက ကျနော့်ကို လွှမ်းမိုးထားနိုင်ခဲ့သည့် အိုင်ဒီယာ ကြီးတခု၏ လက်ခွဲ အိုင်ဒီယာ တခုကို ပြန်ပြီး သတိရမိသည်။ နှိုင်းယှဉ် စဉ်းစားနေမိသည်။ ဟိုစဉ်က ကျနော်တို့သည် မျိုးချစ်စိတ်ကို လူတန်း စားစိတ် ဆိုသည်၏ လက်အောက်ခံအဖြစ် သဘောထားခဲ့ကြ၏။ ယခုမူ ကျနော့် အတွေးထဲ လူတန်းစား စိတ်ဓာတ် နေရာ၌ လူသားဆန်မှုစိတ်ဓာတ် ၀င်ရောက်လာခဲ့၏။ လူတန်းစား အခွင့်အရေးမှသည် လူတဦးချင်းစီ၏ အခွင့်အရေးသို့ ရွေ့လာခဲ့၏။ ကျနော်တို့၏ တွေးခေါ်မှု ၀န်ရိုးမှာ ပြောင်းသွားခဲ့ပြီဟု ယူဆရ၏။ (ကို) ဇော်မင်းက "တဂိုးနဲ့ ဂန္ဒီ" ဆောင်းပါးတွင် "တဂိုးဟာ မျိုးချစ်စိတ် ဆိုတာထက် လူသားဆန်မှု ဆိုတာကို ပိုမိုဦးစားပေးသူ ဖြစ်ပါတယ်" ဟု ရေး၏။ ပြီးတော့ "အိန္ဒိယ သို့မဟုတ် ဒီမိုကရေစီ အမြစ်တွယ်ခြင်းနှင့် အိမ်နီးချင်း မြန်မာပြည်" ဆောင်းပါးထဲက စိတ်ဝင်စားဖို့ ကောင်းလှသည့် "နေရူး" ၏ အတုယူဖွယ် သဘောထား။

(ကို) အောင်သူငြိမ်း၏ "အခြား ရွေးချယ်စရာ လူ့အဖွဲ့အစည်း တခု" ဆောင်းပါးကို ဖတ်တော့ လွန်ခဲ့သော (၁၀) နှစ်ကျော် က အကြောင်းအရာ တခုကို ပြန်တွေးမိပြန်သည်။ ထိုစဉ်က ဒေါင်းအိုးဝေ စာစောင်တွင် ဆောင်းပါးတပုဒ် ကျနော် ဖတ်ရ၏။ ဆရာဒဂုန်တာရာ၏ "ရန်သူကို မိတ်ဆွေ ဖြစ်အောင် လုပ်လို့ရသည်" ဟူသော ဆောင်းပါးကို ပြန်လည် ချေပကန့်ကွက် သည့် ဆောင်းပါးတပုဒ် ဖြစ်သည်။ ဆောင်းပါးရှင်က (ကို) အောင်သူငြိမ်း ဖြစ်၏။

နောင်ဆယ်နှစ်ကျော် ကြာသောအခါ (ကို) အောင်သူငြိမ်းသည် သူ၏ "အခြား ရွေးချယ်စရာ လူ့အဖွဲ့အစည်း တခု" ဆောင်းပါး ထဲ၌ "အရေးကြီးတဲ့ အချက်ကတော့ ပိုလန်ပြည်သူတွေ သွေးစည်း ညီညွတ်ရေး သမဂ္ဂရဲ့ အန္တိမ ရည်မှန်းချက် က အာဏာ သိမ်းရေး မဟုတ်ပါဘူး၊ စစ်အာဏာရှင် လက်အောက်က အာဏာတွေကို ဖယ်ရှားပြီး ပိုမိုကောင်းမွန်တဲ့ လူမှုဘ၀တွေကို ထူထောင်ဖို့ကိုသာ လိုလားတာ ဖြစ်ပါတယ်" ဟူသည့် ပိုလန် ဒီမိုကရေစီ ခေါင်းဆောင် "ကွန်စတန်တီ ဂီးလ်ဘတ်" ၏ စကားကို အထူးပြု ထည့်ရေးလာခဲ့၏။ ပြောင်းလဲရေး အတွက် နည်းလမ်းသစ် ရှာဖွေရင်းမှ ရရှိလာသည့် နည်းလမ်းသစ် တခုဖြစ်သည့် "ရန်သူကို မိတ်ဆွေ ဖြစ်အောင် လုပ်လို့ရသည်" ဟူသည့် ဒဂုန်တာရာ၏ စကားအပေါ် (ကို) အောင်သူငြိမ်းသည် မည်သို့ ဆက်လက် ခံယူထားလေသနည်း။ စိတ်ဝင်စားဖို့ ကောင်းလှ၏။

(ဂ)

ကျနော်တို့သည် စစ်အာဏာရှင် စနစ်အောက်တွင် နှစ်ပေါင်း (၅၀) နီးပါး နေခဲ့ကြရပါပြီ။ ကျနော်တို့ လွတ်လပ်ပြီး တရားမျှတ သည့် လူ့အဖွဲ့အစည်းဆီ ရောက်ဖို့သင့်ပါပြီ။ ကျနော်တို့ စဉ်းစားလို့ရသမျှ၊ ကျနော်တို့ လေ့လာလို့ ရသမျှ နည်းလမ်းများကို အသုံးပြုပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းအောင် ဆောင်ရွက်ခဲ့ကြပြီ။ သို့သော် လူထု တရပ်လုံး ပါဝင်လာနိုင်သည့် တော်လှန် ရေး နည်းနာ အသစ်များကိုလည်း ထပ်မံတီထွင် ကြံဆရပါလိမ့်ဦးမည်။

ကျနော်က ပညာရေး နှီးနှောဖလှယ်ပွဲတွင် တင်သွင်းခဲ့သည့် စာတမ်း၌ "ကျနော်တို့သည် လုပ်လို့ရသည့် အခြေအနေများ ကို ရှာဖွေကာ လုပ်လို့ရသည့် အလုပ်များကို စတင် အသုံးပြု လုပ်ကိုင်ကြရပါလိမ့်မည်" ဟု ရေးခဲ့၏။

"လူသားဆန်မှုနှင့် လွတ်လပ်ခြင်း၏ နိဒါန်း" စာအုပ်ထဲမှ ပိုလန် အလုပ်သမား အုံကြွမှုအပေါ် မူတည်သည့် စာပိုဒ်ထဲက "တတ်နိုင်သမျှ အစိုးရနှင့် ပါတီထိန်းချုပ်မှု ကင်းလွတ်သော နေရာတိုင်းတွင် မိမိ၏စုစည်းမှု အင်အားကို ချဲ့ထွင်ခြင်း ဖြစ်သည်" ဟူသည့် စာကြောင်းကို အကြိမ်ကြိမ် ဖတ်နေမိသည်။ မှန်သည်။ ကျနော်တို့သည် ဤနည်းအားဖြင့် "လွတ်လပ် သူများ၏ နေ့စဉ်ဘ၀ကို ထူထောင်လို့ ရနိုင်ကောင်းပါရဲ့"ဟု ပြင်းပြစွာ တောင့်တ နေမိလေသည်။ ။

မောင်သစ်ဦး (ဧရာဝတီမဂ္ဂဇင်း အွန်လိုင်း မြန်မာစာမျက်နှာမှ)

1 comment:

Anonymous said...

yeah, i read that article too, at that time
Da Gone Taryar's equation was
ENEMIES + FRIENDS= PEACE&DEVELOPMENT
Ko Aung Thu Nyein's equation was
THE TOTALLITY - ENEMIES= THE REAL ANSWER!

you know, we are the rebel who backbone on armed struggle! we must clearly seperate enemy and friend! we don't mix them up or mess them up!
At that time, a cease-fire viruses were so strong!
our students' lifeline was thinner and thinner! why?
simply, we never have a policy to deal with this junta in this kind of way! Yeah, man, 1994 was the beginning of runaway season 'cause our alliences are so unreliable!

WHAT THE F--K ELSE COULD WE DO? YOU BOTH DID DESTROY OUR BELOVED NATON!

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.