ရွက်မွန်စာမျက်နှာ

Tuesday, January 27, 2009

ဦးရွှေကြီးခေါက်ဆွဲဆိုင်


မာင်အုပ်တို့ ငယ်ငယ်တုံးက သူတို့မြို့ကလေးမှာ တရုတ်အစားအစာ ရောင်းတဲ့ဆိုင်ဆိုလို့ ရှားရှားပါးပါး ဦးရွှေကြီးရဲ့ ဆိုင်တဆိုင် တည်းပဲ ရှိတယ်။ ခေါက်ဆွဲဆိုင် ဆိုပေမဲ့ ဆိုင်းပုဒ်မရှိဘူး။ ဦးရွှေကြီး ဦးစီးတဲ့ ဆိုင်မို့လို့ လူတွေက ဦးရွှေကြီး ခေါက်ဆွဲဆိုင်ဆိုပြီး ခေါ်ကြတာပါဘဲ။

ဦးရွှေကြီးဆိုင်မှာ အစိမ်းကျော်၊ တောက်တောက်ကျော်၊ ကုန်းဘောင်ကြီးကျော်၊ ဝက်ချိုချဉ်ကျော်၊ ဝက်ခေါင်းသုတ်၊ ဝက်သား သုတ် အစရှိသဖြင့် အချိန်မရွေး မှာစားလို့ရပါတယ်။ သို့သော်လည်း ခေါက်ဆွဲကျော်က ကောင်းလွန်းတော့ မြို့ကလူတွေက တရုတ်ပျော်ပွဲစားရုံလို့ မခေါ်ဘဲ ခေါက်ဆွဲဆိုင်လို့ ကင်ပွန်းတပ်တာပေါ့။ သူ့ဆိုင်ဘေးက ဖြတ်သွားရင် တောင် ခေါက်ဆွဲကျော် နေတဲ့ အချိန်ဆိုရင် ခေါက်ဆွဲကျော်အနံ့က သွားရည်ကျ လောက်အောင် မွှေးကြိုင်နေတယ်။ ပြောစရာ တခုတော့ ရှိတာ ပေါ့လေ။ ဘာလဲဆိုတော့ သူ့ဆိုင်မှာ မြို့ကြီးတွေက တရုတ်ဆိုင်တွေလို ဟင်းအမယ် များများ မရှိဘူး။ ကဒ်ပြားပေါ်မှာ ဟင်း နာမည်တွေကို ရေးထားတဲ့ မီနူးဆိုတဲ့ဟာလဲ မရှိဘူး။ သို့သော်လည်း ဦးရွှေကြီးက ခေသူမဟုတ်ပါ။ မြို့ကြီးတွေပေါ် မှာရောင်း တဲ့ တရုတ်အစားအစာမျိုး စားချင်လို့ ကြိုပြီး အော်ဒါပေးရင်တော့ အကုန်ချက် ပေးနိုင်တဲ့ အဖိုးကြီး။ ဥပမာ ဝက်စတူးတို့၊ ငါးခေါင်းဟင်းချိုတို့၊ ကြက်မုန်ညှင်းချဉ် ကောင်လုံးပေါင်းတို့၊ ဝက်ကလေး ကောင်လုံးကင်တို့လို အချိန်ယူပြီး ချက်ရတဲ့ ဟာမျိုးတွေပေါ့။

မောင်အုပ်တို့ အရပ်ဖက်တွေမှာ တရုတ်ပျော်ပွဲစားရုံဆိုတာ ကြီးကြီးသေးသေး ဖောက်သည်တွေအတွက် အရက် တင်ရောင်း လေ့ ရှိတာတယ်။ သို့သော်လည်း ဦးရွှေကြီးက ဗုဒ္ဓဘာသာလည်း အလွန်ကိုင်းရှိုင်း ရှေးလူကြီးဖြစ်ပြန် ဆိုလေတော့ သေရည် သေရက်နဲ့ ပတ်သက်ရင် မရဘူး။ သူ့ဆိုင်မှာ အရက်တင် မရောင်းဘူး။ လာစားချင်စား မစားချင်နေ ဒါဘဲ။ ဦးရွှေကြီးရဲ့ အရက်နဲ့ပတ်သက်တဲ့ ပေါ်လစီက ဘယ်လောက်ပြတ်သားလဲဆိုရင်၊ "ဦးရွှေကြီး သောကြာနေ့ ညနေကျရင် မြို့ပိုင်ကြီးက အခုရောက်နေတဲ့ နယ်ပိုင်ကြီးနဲ့ အဖွဲ့ကို ခင်ဗျားဆိုင်မှာ ဧည့်ခံမလို့။ အဲတာ မြို့ပိုင်ကြီးက အရက်ယူလာရင် ဖြစ်မလား ဆိုပြီး တော့ မေးခိုင်းလို့" ဟု စာရေးကြီး ဦးဘိုကြီးက ဆိုလာပါတယ်။ ဦးရွှေကြီး အဖြေကတော့ "ဒီမှာ ကိုဘိုကြီး ကျုပ်ဆိုင်မှာ ကျုပ်လည်းအရက်မရောင်းဘူး၊ ယူလာပြီး သောက်တာလည်း ခွင့်မပြုဘူး။ နယ်ပိုင်လည်း မရဘူး၊ မြို့ပိုင်လည်း မရဘူး"။ သူ့ပေါ်လစီနဲ့ ပတ်သက်ရင် ဦးရွှေကြီးက ဘယ်သူ့ကိုမှ အားနာတတ်တဲ့သူ မဟုတ်ဘူး၊ ပြတ်ပြတ်သားသား ရှိလွန်းတယ်။

မြို့ပိုင်မင်းက သူ့ရုံးမှာသာ သူအာဏာရှိပေမဲ့ ဦးရွှေကြီးအပေါ်မှာတော့ အာဏာစက် မထက်လှတော့ ဟင်းတွေကိုသာ သူ့အိမ် ပို့ခိုင်းပြီး နယ်ပိုင်ကြီးနဲ့အဖွဲ့ကို အဲသည်ကြမှ အရက်နဲ့အတူ ဧည့်ခံရပါတယ်။ ဖောက်သည် တွေကလည်း ဆိုင်မှာထိုင်ပြီး အရက် မသောက်ရတာကို ဘယ်လိုမှ မအောက်မေ့ကြပါဘူး။ အရေးကြီးတာက ဖောက်သည်အများစု ဝယ်စားတဲ့ ခေါက်ဆွဲကျော် ကောင်းဖို့ကသာ လိုရင်းဖြစ်တာကိုး။

မောင်အုပ်က ညနေတိုင်းဆိုသလို ဦးရွှေကြီးဆိုင်မှာ ဝက်ခေါင်းသုတ်တမျိုး၊ ဝက်သားသုတ်တဖုံဆိုသလို သွားဝယ်လေ့ ရှိပါ တယ်။ သူ့အဖေ အရက်နဲ့မြည်းဖို့ အတွက်ပါ။ ဦးရွှေကြီးက အဲတာကို သိနေတော့ မောင်အုပ်လာဝယ်တိုင်း အခုလို မေးလေ့ ရှိပါတယ်။ "ဖိုးအုပ် ... မင့်အဖေ အရက်သောက်တုံးပဲလား။ တနေ့ ဒုက္ခရောက်မနော။ ငါမှာလိုက်တယ်ပြော အသက်လည်း ရနေပြီ အရက်ဖြတ်တော့လို့"။ ဦးရွှေကြီးက သူ့ကို အဲလိုပြောတိုင်း မောင်အုပ်မှာ ရှက်လိုက်တာဆိုတာ မျက်နှာဘယ်ထား ရမှန်းမသိ။

မောင်အုပ်အမေကတော့ တမျိုး။ ဦးရွှေကြီးခေါက်ဆွဲကျော်ကို မန္တလေးတရုတ်ဆိုင်တွေက ခေါက်ဆွဲကျော်နဲ့တောင် မလဲနိုင်ဘူး လို့ ပြောသေးတယ်။ "ငါ့သားရဲ့ .... ဦးရွှေကြီးတို့က ခေါက်ဆွဲကို ကိုယ်တိုင်လုပ်တာကွဲ့ အဲတာကြောင့် သလောက်ကောင်း နေတာ။ စက်လုပ်ခေါက်ဆွဲမဟုတ်ဘူး လက်လုပ်ခေါက်ဆွဲက ပိုကောင်းတယ်။" ဒါ့အပြင် မောင်အုပ် ခေါက်ဆွဲကျော် ဝယ်လာ တိုင်း သူ့အမေက ခေါက်ဆွဲကျော်ထုပ်ကို ချက်ခြင်း ဖြေမစားသေးဘူး။ မိနစ် နှစ်ဆယ်လောက် စားပွဲပေါ်မှာ တင်ထားလိုက် တယ်။ ပြီးတော့မှ ခေါက်ဆွဲထုပ်ကို ဖွင့်စားတယ်။ အဲသည့်ခေတ်တုံးက ခေါက်ဆွဲကျော်ကို အင်ဖက်နဲ့ထုတ်ပြီး သင်အူနဲ့ စည်းပေးလိုက်တာ။ အခုခေတ်လို ပလပ်စတစ် ကြွပ်ကြွပ်အိပ်တွေ မပေါ်သေးဘူး။ အင်ဖက်ရှားတဲ့ အချိန်ဆိုရင် ကြာဖက် ကြီး တွေနဲ့ ထုပ်ပေးလေ့ရှိတယ်။ ကြာဖက်မရတဲ့ ရာသီ ဆိုရင်လည်း ပြဿနာမရှိဘူး။ ငှက်ပျောရွက်နဲ့ ထုပ်ပေးတယ်။

"အမေ ဘာဖြစ်လို့ ခေါက်ဆွဲကျော်တွေကို ချက်ခြင်းမစားပဲ စားပွဲပေါ်မှ အကြာကြီး တင်ထားတာလဲ" အစားလောဘ တိုက်နေ တဲ့ မောင်အုပ်က သူ့အမေ ကိုမေးတယ်။ သူ့အမေက သည်လိုရှင်းပြပါတယ်။ "ငါ့သားရဲ့ ... ခေါက်ဆွဲကျော်က ပူနေတုံး ဖက်နဲ့ ထုပ်ထား လိုက်တာဆိုတော့ အထဲမှာ လုံသွားတယ်ကွဲ့။ အဲတော့ သူ့အပူရှိန်နဲ့သူ ပြန်ပေါင်းထား သလိုလဲဖြစ် ဖက်နဲ့ထုပ်ထား တော့ ဖက်နံ့ကလေး တသင်းသင်းနဲ့လည်း ရှိလေတော့ စားတဲ့အခါ ပိုပြီးအရသာ ရှိတာပေါ့ကွဲ့။" သူ့အမေပြောတော့လည်း ဟုတ်သလိုလိုတော့ အရှိသား။

မောင်အုပ် ဆယ်တန်းအောင်တော့ သူငယ်ချင်းများကို ဦးရွှေကြီးဆိုင်မှာ ခေါက်ဆွဲကျော်နဲ့ ဧည့်ခံခဲ့သေးတယ်။ ဦးရွှေကြီး ကတောင် သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ခေါက်ဆွဲကျော် နှစ်ပွဲဖိုး လျော့ယူခဲ့တာ အခုအထိ မှတ်မိနေတုံး။ သောက်စရာကတော့ ရေနွေးကြမ်းပဲပေါ့။

ဦးရွှေကြီး ဆုံးတဲ့နောက်ပိုင်း ခေါက်ဆွဲဆိုင်ကို သူ့သားနှစ်ယောက်က ဆက်ပြီးဦးစီးတယ်။ သူ့တို့အဖေ လက်ထက်တုံး ကလို ရောင်းကောင်းနေဆဲ။ သို့သော် ပြုပြင်ပြောင်းလဲမှု တချို့ရှိလာတာကို မောင်အုပ်တယောက် သတိ ထားမိလာတယ်။ ဘာလဲ ဆိုတော့ ဦးရွှေကြီးရဲ့ သားအကြီးဖြစ်တဲ့ ကိုကောက်က အရက်ကိုတော့ ဆိုင်မှာ တင်မရောင်ဘူး။ သူ့အဖေ ပေါ်လစီကို ဆက်ကိုင်စွဲထားတဲ့ သဘောပေါ့လေ။ (စကားစပ်လို့ ပြောရရင် ကိုကောက် နာမည်အရင်းက ကိုမြရွှေတဲ့။ သို့သော် ငယ်ငယ် တုံးက လက်ကျိုးထားလို့ လက်ကကောက်နေတာ။ အဲတာကို ကျုပ်တို့ဗမာတွေများ သူတပါးကို နာမည်ပြောင်ပေးရင် မကောင်း တဲ့ ဖက်ကနေပေးတာ)။ သို့သော်လည်း ဖေါက်သည်များ သူတို့ပုလင်းသူတို့ ယူလာပြီး သောက်ရင်တော့ ခွင့်ပြုလိုက်တယ်။ အဲတော့ ဆိုဒါတို့၊ ရေခဲတို့၊ စီးကရက်တို့ အစရှိတဲ့ အရင်ကမရောင်းတဲ့ နောက်ဆက်တွဲတွေလည်း ပိုရောင်းလာရတယ်။ အဲသည့်ကာလ ရောက်တော့ မြို့ပိုင်ကြီးတို့ နယ်ပိုင်ကြီးတို့ခေတ် မဟုတ်တော့ဘူး။ မြို့နယ်ဥက္ကဌဆိုတဲ့ သူက သူတို့မြို့မှာ အာဏာ အရှိဆုံးခေတ် ဖြစ်နေပြီ။ မြို့နယ်ဥက္ကဌကြီးက ညနေတိုင်လာရင် အခြားအရာရှိများ (သို့မဟုတ်) စီးပွားရေး သမား များနဲ့ ဦးရွှေကြီးဆိုင်မှာ အလုပ်စကားပြောရင်း အပန်းဖြေရင်း ဆိုသလို ထိုင်ကြတယ်။ သူတို့ပုလင်းတော့ သူတို့ယူလာ ရတာပေါ့။ ဘာဘဲပြောပြော အသောက်သမားတွေ ဦးရွှေကြီး မရှိတော့မှ သူ့ဆိုင်မှာ ပိုလို့ စုရုန်းလာကြတယ်။ သို့သော်လည်း ဆိုင်အမည်က ရှေးတုံးကအတိုင်းပါဘဲ။ ဦးရွှေကြီး ခေါက်ဆွဲဆိုင်လို့ လူတွေက ခေါ်နေတုံး။ ဆိုင်းပုဒ်လည်း မရှိသေးပါဘူး။

အဲသလိုနဲ့ မောင်အုပ် တယောက်လည်း မြို့လေးကနေခွာလို့ ရေကြည်ရာ မျက်နုရာမှာ အလုပ်သွားလုပ် နေခဲ့ပါတယ်။ နှစ်အတော်လေး ကြာတော့မှ သူ့အမေကို ကန်တော့ဖို့ မြို့ပြန်ရောက်ပါတယ်။ သူ့အဖေကတော့ အရက်သောက်လွန်းလို့ အသဲချောက် အသဲမာတဲ့ ရောဂါနဲ့ ဆုံးသွားပါပြီ။ မြို့ပြန်ရောက်တော့ ငယ်ငယ်တုံးကလိုပဲ အောက်မေ့လို့ "ဗျို့ အမေ... ဦးရွှေကြီး ဆိုင်က ခေါက်ဆွဲကျော်လေးများ မစားချင်ဘူးလား။ ကျုပ်သွားဝယ် လိုက်မယ်လေ။” သူ့အမေက သူ့ကို ခေတ်နောက်ကျ ရန်ကော ဆိုတဲ့ မျက်နှာပေးနဲ့ လှမ်းကြည့်ရင်းက "ငါ့သားရဲ့ ... ဦးရွှေကြီးဆိုင်က ခေါက်ဆွဲကျော်က ဟိုတုံးကလို မကောင်း တော့ဘူးကွဲ့။ ပြီးတော့ ဖက်နဲ့ထုပ်ပေးတာမျိုးလည်း မဟုတ်တော့ဘူး။ ကြွပ်ကြွပ်အိပ်နဲ့ ထည့် ပေးတာဟေ့။ ဆိုင်လည်း နာမည်ပြောင်းသွားပြီ" ဟုဆို၍ ဇတ်ကြောင်း လှန်တော့သည်။

ဦးရွှေကြီး၏ သားအကြီး ကိုကောက်က နောက်ပိုင်းတွင် ဆိုင်ခွဲထောင်ပါတယ်။ ဟုတ်တာပေါ့လေ မြို့မှာ လူဦးရေလည်း များလာ မြို့ကွက်ကလည်း ကျယ်လာတော့ အဲသလို ဖြစ်ရမှာပေါ့။ ဘယ်ကလူတွေ ရောက်လာလို့ မြို့ကွက်က နှစ်ဆသုံးဆလောက် တောင် ကျယ်လာရတာလဲဟု သူ့အမေကို စပ်စုတော့ "ကွယ် ... ငါ့သားရဲ့ အားလုံး စီးပွားပျက် တဲ့ ခေတ်ကြီးလည်းဖြစ်တော့ ရွာနီးချုပ်စပ်က လူတွေလည်းတက်လာ၊ တချို့ရွာတွေကတော့ စစ်တပ်ကနေ လယ်တွေယာတွေ သိမ်းပြီး ကုမ္ပဏီတွေကို လွှဲလိုက် လို့ ဘာမှလုပ်စားစရာ မရှိတော့လို့ တက်လာကြ ဒါနဲ့ ဒို့မြို့လည်း ကြီးလာတာဟေ့။ "

ကိုကောက် ဆိုင်ခွဲပြီးထောင်တဲ့ နောက်ပိုင်းမှာ ကိုကောက်ရဲ့ညီ ကိုလှရွှေက သူ့အဖေလက်ငုတ် ဆိုင်ကို အမွေ ဆက်ခံ လိုက် သတဲ့။ မကြာလိုက်ပါဖူး ဆိုင်နဖူးမှာ ဆိုင်းပုဒ်ကြီး ချိတ်လိုက်တယ်။ ဆိုင်နာမည်က "ရေသူမ" တဲ့။ ဒါပေမဲ့ ဗမာလို ရေးထားတာ မဟုတ်ဖူးတဲ့။ အင်္ဂလိပ်လို ရေထားတာတဲ့ဗျာ။ ဆိုင်ကိုလည်း ခေတ်မှီအောင် ဟိုပြင်သည်ပြင်လုပ် နံရံတွေလည်း ဆေးအသစ် ပြန်သုတ်ပေါ့လေ။

အမေက ဆက်ရှင်းပြတယ်။ ကိုလှရွှေ လက်ထက်မှာတော့ သူ့အဖေပေါ်လစီ၊ သူ့အကို ပေါ်လစီတွေအားလုံးကို ပြောင်းပြန်လှန် ပစ်လိုက်တယ်။ အရက်မျိုးစုံ တင်ရောင်းတယ်။ စားပွဲထိုး မိန်းကလေးတွေလည်း ငှားပြီးခိုင်းတယ်။ ကာရာအိုကေ ဆိုချင်လည်း ရသတဲ့။ ခေတ်မှီပါ့ ကိုလှရွှေရယ်။ "ခပ်ပျံပျံ ကောင်မလေးတွေပေါ့ ငါ့သားရယ်။ မိန်းမနဲ့ အရက်နဲ့ မြှားပြီး ဖေါက်သယ်တွေကို မြှူတာပေါ့လေ။ အရက်နဲ့ အမြည်းကို အဓိကထား ရောင်းတော့ အဲသည်ကတည်းက ခေါက်ဆွဲကျော်ဟာ အရင်လောက်ကို မကောင်းတော့ဘူး ငါ့သားရဲ့။ ညနေတိုင်ရင်လည်း ကာလသားတွေ အရက်သမားတွေ တရုန်းရုန်းနဲ။" ဒါက အမေရဲ့ မှတ်ချက်။

အမှန်ကတော့ မြို့မှာလူဦးရေ တိုးလာတာနဲ့အမျှ စားသောက်ဆိုင်တွေ၊ အရက်ဆိုင်တွေက မှိုလိုပေါက်လာတော့ အပြိုင်အဆိုင် တွေလည်း များလာတာ မဆန်းပါဘူး။ အလုပ်မရှိတဲ့ လူငယ်တွေလည်း စားသောက်ဆိုင်တွေကို မှီပြီး အလုပ်ရှာရတာပေါ့။ ကိုလှရွှေလည်း ဒီရေစီးကို မကျော်နိုင်ရင် ခံရတော့မယ် ဆိုတာသိလို့ သူ့အဖေနဲ့သူ့အကို ပေါ်လစီကို ဖျက်ချပြီး လုပ်တာလည်း ဖြစ်နိုင်ပါတယ်။ သို့မဟုတ်ရင်လည်း ကြီးပွားလိုတဲ့ လောဘနဲ့ လုပ်တာလည်း ဖြစ်ခြင်ဖြစ်မှာပေါ့။ ကာယကံရှင်က ပိုသိမှာပါ။

"ဒီလိုဆိုရင် အမေရယ်... ကိုကောက်ဆိုင် ကြတော့ရော ဘယ်နှယ့်နေသလဲ" ဟု မောင်အုပ်က စပ်စုလိုက်တယ်။ "ငါ့သားရဲ့ ... မောင်ကောက်ဆိုင်က ထမင်းစားဖြစ်ရုံလေးဘဲကွဲ့။ သူ့ဆိုင်က မြို့အစွန်မှာဆိုတော့ လာတဲ့ လူကလည်း နည်းတယ်။ ဖောက်သယ်က သူ့အရက်သူ ယူလာသောက်လို့ရပေမဲ့ သူကိုယ်တိုင်ကတော့ အခုအထိ အရက် မရောင်းရှာဘူး။" သြော် ဖြစ်ရ ပလေဟု မောင်အုပ်တယောက် စိတ်မကောင်းခြင်း ဖြစ်မိတယ်။

ဟိုတုံးက ဦးရွှေကြီးရဲ့ ခေါက်ဆွဲဆိုင်ဟာ မြို့ရဲ့ တခုတည်းသော ဂုဏ်ဆောင် တရုတ်စားသောက်ဆိုင်လည်းဖြစ် အပြိုင်အဆိုင် ကလည်းမရှိလေတော့ ဦးရွှေကြီးဟာ သူရဲ့ဆိုင်မှာ အရက်မရောင်းခြင်းနဲ့ အရက်မသောက်ရ ဆိုတဲ့ ပေါ်လစီကို သေတဲ့အထိ ကိုင်စွဲသွား နိုင်ခဲ့တယ်။ ကိုကောက် လက်ထက်ကြတော့ ဆိုင်မှာ အရက်မရောင်းပေမဲ့ ဖောက်သည်တွေ ယူလာတဲ့ အရက်ကို ပေးသောက်ခွင့် ပြုခဲ့တယ်။ ကိုလှရွှေ ခေတ်ကြတော့ အားလုံးကို ပြောင်းပြန် လှန်ပြစ်လိုက်တယ်။ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်လို့တော့ မောင်အုပ် မပြောလိုပါ။ သို့သော် ဦးရွှေကြီးသာ

အကယ်၍ မသေသေးရင် သူ့ရဲ့ဆိုင်မှာ အရက်မရောင်းရေး၊ အရက်မသောက်ရေး ပေါ်လစီကို ခိုင်ခိုင်မာမာ ဆက်လက် ကိုင်စွဲ နိုင်ပါ့မလားလို့ မောင်အုပ် စဉ်းစားနေမိပါတယ်။

ဒါတွေထားပါတော့။ သို့သော် ထားလို့မရတာကတော့ ခေါက်ဆွဲကျော်လည်း အရင်လို မကောင်းတော့ဘူးတဲ့။ ဖက်နံ့ တသင်း သင်းလည်း မရှိတော့ဘူးတဲ့။

ဇော်မင်း (လူ့ဘောင်သစ်)
၂၇ ရက် ဇန်နဝါရီလ ၂ဝဝ၉ ခုနှစ်

2 comments:

Kyaw Moe Nyan said...

I wish I had U Shwe Gyi's Noodle! I miss proper chinese-burmese fired noodle from Burma.

wai lin tun said...

အင်ဖက်နဲ့ထုပ်ပြီး သင်အူနဲ့စည်းထားတဲ့ခေါက်ဆွဲကျော်ထုတ်ကလေးကို လက်ညှိးလေးနဲ့ချိတ်ပြီး အိမ်ပြန်ခဲ့တဲ့နေ့တွေကို သတိပြေးရတယ်ဗျာ။ အင်း ခေတ်ကြီးကပဲ အလှုပ်အယမ်းများတာလား။ ကျနော်တို့ကပဲ အစွဲအလန်းသန်တာလား။ ဖတ်ပြီး ဆက်စဉ်းစားစေဖြစ်တယ်ဆိုရင် ရေးတဲ့သူ အောင်မြင်တယ်လို့ ပြောရမှာပါပဲ။

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.