ရွက်မွန်စာမျက်နှာ

Sunday, January 25, 2009

ရွေးကောက်ပွဲရှိတိုင်းလည်း

၁။
အချစ်ဟာ ရာဇဝတ်မှုအဖြစ် သတ်မှတ်ခံရသတဲ့။ နှစ်ဦးနှစ်ဖက် မေတ္တာရှိလို့ စုံမက်လို့ ချစ်ကြပေမဲ့ သဘောမတူသူ ရှိရင် အဲဒါ ဟာ ရာဇဝတ်မှု မြောက်သတဲ့။ ရာဇဝတ်မှု မြောက်တာမှ သေဒဏ်အထိ အပေးခံရတဲ့ ရာဇဝတ်မှု ဖြစ်ပါသတဲ့။ ဘယ်သင်းတွေ ဘယ်သူတွေက သဘောမတူလို့ အဲသလို ဖြစ်ကြတာတုံး ဆိုပြီးလည်း စဉ်းစားမိပါတယ်။

ပါကစ္စတန်နိုင်ငံဟာ ရွေးကောက်ပွဲရှိပါတယ်။ ရွေးကောက်ပွဲကနေ ရွေးချယ်ခံရတဲ့ အမတ်များနဲ့ ပါလီမန်ကို ဖွဲ့စည်းပါတယ်။ အစိုးရအဖွဲ့ကို ဖွဲ့ပါတယ်။ ဒီမိုကရေစီနည်းနဲ့ ရွေးချယ်တဲ့ အစိုးရက တိုင်းပြည်ကို အုပ်ချုပ်ပါတယ်။ ယေဘုယျအားဖြင့် ဒီမို ကရေစီ နိုင်ငံလို့ တပိုင်းမှာ ဆိုနိုင်ပေမဲ့ ဘာဖြစ်လို့ လူတဦးချင်းရဲ့ လွတ်လပ်မှုကို အကာအကွယ် မပေးနိုင်ရတာလဲ။ ဒါဟာ အရေးကြီးတဲ့ စဉ်းစားစရာ အချက်ဖြစ်ပါတယ်။

ပါဗက်ချချားနဲ့ သူရဲ့ဇနီး ဟူမာရာကမ်ဘိုတို့ဟာ လွန်ခဲ့တဲ့ လေးလလောက်က နှစ်ဦးသဘောတူ လက်ထပ်ထိမ်းမြား ခဲ့ကြ ပါတယ်။ သို့သော် သူတို့နှစ်ဦးဟာ မတူကွဲပြားတဲ့ မျိုးနွယ်စုက ပေါက်ဖွားလာသူများ ဖြစ်နေပါတယ်။ ပါကစ္စတန် နိုင်ငံ တော နယ်တွေမှာ မျိုးနွယ်အုပ်စုခြင်း မတူရင် လက်ထပ်ဖို့ အလွန်ခက်ပါတယ်။ အထူးသဖြင့် မိန်းကလေးဖက်က ပိုလို့ အကဲဆတ် ပါတယ်။ အုပ်စုတူခြင်းထဲက လူနဲ့ လက်ထပ်မယ် ဆိုရင်တောင် မိသားစုရဲ့ ခွင့်ပြုချက် လိုအပ်ပါတယ်။ အကယ်၍ ခွင့်ပြုချက် သဘောတူချက် မရှိဘဲ လက်ထပ်မယ်ဆိုရင် မိန်းကလေးဟာ မိသားစုနဲ့ မျိုးနွယ်စုကို သစ္စာ ဖေါက်တယ်၊ ဂုဏ်ဖျက်တယ်လို့ စွဲချက်အတင်ခံရပါတယ်။

အဲသည့်အတွက် မိန်းကလေးအနေနဲ့ ပြန်လည်ပေးဆပ်ရတာကတော့ သေခြင်းတရားပဲ ဖြစ်ပါတယ်။ မိန်းကလေးကို မိသားစု ဝင်တွေက သတ်ဖြတ်ခွင့် ရှိပါတယ်။ အဲသလို အသတ်ခံရလို့ သေဆုံးသွားမှ မိသားစုနဲ့ မျိုးနွယ်စုရဲ့ ဂုဏ်ကို ပြန်လည် ထိန်းသိမ်း နိုင်မယ်လို့ အယူရှိပါတယ်။

အဲသလို အကျိုးဆက်များကြောင့် ချချားနဲ့ သူရဲ့ဇနီးသည် ကမ်ဘိုတို့ဟာ သူတို့နယ်မှာ လက်ထပ်ပြီးတာနဲ့ ကရာချိ မြို့တော် ကို ထွက်ပြေးလာပြီး ရဲစခန်းတခုအတွင်းမှာ ခိုလှုံနေတာ လေးလကျော်သွားပါပြီ။ ကရာချိမြို့တော်မှာ ရောက်နေပြီ ဆိုပေမဲ့ ဟိုကမိသားစုက လိုက်ပြီးသူ့ဇနီးကို သတ်မှာစိုးလို့ အပြင်ကိုလည်း မသွားရဲ မလာရဲဘဲ ရဲစခန်း ထဲမှာပဲ နေနေကြရပါတယ်။ အဲသည့် ရဲစခန်းထဲမှာလည်း မိသားစုဝင်တွေ လက်စားချေမှာစိုးလို့ သူတို့လို တိမ်းရှောင် လာတဲ့ အခြားစုံတွဲ တတွဲလည်း ရှိနေပါသေးတယ်။

ပါကစ္စတန်နိုင်ငံရဲ့ တောနယ်တွေမှာ အထူးသဖြင့် အမျိုးသမီးတွေဟာ မိသားစုဝင်တွေက သဘောမတူသူနဲ့ လက်ထပ်မိလို့ ကိုယ့်ရဲ့မိသားစုဝင်တွေက ပြန်လည်သတ်ဖြတ်ခြင်းကို ခံကြရပါတယ်။ အဲသလို သတ်ဖြတ်ခြင်းကို ဂုဏ်ပြုသတ်ဖြတ်ခြင်း Honour killing လို့ ခေါ်တွင်ပါတယ်။

လူ့အခွင့်အရေး အဖွဲ့အစည်းများရဲ့ သုတေသနပြုမှုအရ ပါကစ္စတန်နိုင်ငံမှာ အဲသလို ဂုဏ်ပြုသတ်ဖြတ်ခြင်း ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ပျမ်းမျှအားဖြင့် တနှစ်မှာ အမျိုးသမီး ၅ဝဝ ပတ်ဝန်းကျင် အသတ်ခံနေရပါတယ်။ ရွေးကောက်ပွဲက တက်လာတဲ့ အစိုးရကလည်း အဲတာကို ထိထိရောက်ရောက် အကာအကွယ် မပေးနိုင်ပါဖူး။ ဒါ့အပြင် အိမ်ထောင်ရှင် အမျိုးသမီးတွေ ရင်ဆိုင်ရတာလည်း ရှိပါသေးတယ်။ အကယ်၍ အိမ်ထောင်ရှင် အမျိုးသမီး တဦးဟာ အခြားအမျိုးသား တဦးနဲ့ ဖောက်ပြား တယ်လို့ သံသယရှိခဲ့ရင်၊ စွပ်စွဲခံခဲ့ရရင် ခင်ပွန်းသည်က သူ့ရဲ့ဇနီးသည်ကို အပြစ်ပေးခွင့်ရှိနေပါတယ်။ ဘယ်လို အပြစ်ပေး တာတုန်းဆိုတော့ ဖောက်ပြားတယ်လို့ အစွပ်စွဲခံရတဲ့ ဇနီးသည်ရဲ့ နားရွက်တွေကို ဖြတ်ပါတယ်။ ပါးစပ်ကို အကွင်းလိုက် လှီးထုတ်ပါတယ်။ ပိုကံဆိုးတဲ့ အမျိုးသမီး တွေကတော့ မျက်လုံးပါ ဖောက်ထုတ်ခြင်း ခံရပါတယ်။ အဲသလို အပြစ်ပေးခံရတဲ့ အမျိုးသမီးအရေအတွက်ဟာ တနှစ်မှာ အယောက် ၅ဝ နဲ့ ၁ဝဝ အကြားမှာ ရှိနေကြောင်းလည်း သိရပါ တယ်။

ပါကစ္စတန်နိုင်ငံရဲ့ ဒီမိုကရေစီလည်း ဒီလိုအဖြစ်မျိုးတွေကို ထိထိရောက်ရောက် တားမြစ်နိုင်စွမ်း မရှိသေးပါဖူး။ ဒီနေရာမှာ တွေ့ရတာကတော့ ရွေးကောက်ပွဲရှိရုံ၊ ပါလီမန်ရှိရုံနဲ့တော့ လူတွေကို အကာကွယ် မပေးနိုင်သေးဖူး ဆိုတာပါဘဲ။

၂။ မက္ကဆီကိုနိုင်ငံဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု အလွန်ထွန်းကားတဲ့ နိုင်ငံဖြစ်ပါတယ်။ မူးယစ်ဆေးဝါး ဂိုဏ်းတွေကလည်း မှိုလိုပေါက်နေပါတယ်။ ဆင်းရဲသားတွေ အထဲမှာ အလုပ်လက်မဲ့နှုန်းက များလွန်းတဲ့အတွက် ဆင်းရဲသား လူငယ်တွေဟာ ငွေရလွယ်တဲ့ ဂိုဏ်းတွေထဲမှာ ဝင်ရောက်လုပ်ကိုင်ကြပါတယ်။ ဂိုဏ်းအချင်းချင်း ဈေးကွက်လုကြလို့ အပြန် အလှန် သတ်ဖြတ်မှုတွေကလည်း အောတိုက်လို့ နေပါတယ်။

ဆန်တီရေဂို မီဇာ ဆိုတဲ့ လူဟာ Drug cartel လို့ခေါ်တဲ့ မူးယစ်ဆေးဂိုဏ်း တခုအတွက် အလုပ်လုပ်ပေးသူ ဖြစ်ပါတယ်။ သူလုပ်ရတဲ့ အလုပ်ကတော့ သူတို့ဂိုဏ်းဝင်တွေက သတ်ဖြတ်ပြီးသား ပြိုင်ဖက်ဂိုဏ်းက အလောင်းတွေကို ဖျောက်ဖျက် ပေးရတဲ့ အလုပ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း သူဖျောက်ဖျက် ပေးခဲ့ရတဲ့ အလောင်းပေါင်း ၃ဝဝ ကျော် ရှိတယ်လို့ ဆိုပါတယ်။ သူရဲ့လခက တပတ်ကို ဒေါ်လာ ၆ဝဝ ဖြစ်ပါတယ်။ လုပ်တဲ့ နည်းကတော့ လူသေအလောင်းကို သံစည်ပိုင်း ထဲမှာထည့်ပြီး အက်စစ်လောင်းလိုက်ပါတယ်။ ကျန်တဲ့ အရိုးအရင်း တွေကိုတော့ မြေကြီးထဲမှာ မြုပ်လိုက်ပါတယ်။ ဆန်တီရေဂို မီဇာကို အခု ဇန်နဝါရီလ အတွင်းမှာ အစိုးရရဲ့ မူးယစ်ဆေးဝါး နိမ်နင်းရေး တပ်တွေက ဖမ်းမိခဲ့ပါတယ်။

မက္ကဆီကို နိုင်ငံအစိုးရဟာလည်း ရွေးကောက်ပွဲကနေ တက်လာတဲ့ အစိုးရဖြစ်ပါတယ်။ လူတွေက မဲပေးလို့ ဖြစ်လာရတဲ့ အစိုးရဆိုပေမဲ့ မူးယစ်ဆေးဝါး ပြဿနာကို လျော့ပါးအောင် မနှိမ်နင်းနိုင်တဲ့ အပြင် လူသတ်မှုတွေကိုလည်း တားဆီးနိုင်စွမ်း မရှိပါ။ လာဘ်ပေးလာဘ်ယူ အလွန်အမင်း ကြီးမားပြီး အစိုးရ အရာရှိများ ကိုယ်တိုင် အဆိုပါကိစ္စများမှာ ပါနေလို့ ဖြစ်ပါတယ်။ အဲတာကြောင့် သမတဖြစ်သူ ဖိလစ်ပီ ကာလ်ဒဲရွန် အနေနဲ့ ကြီးမားတဲ့ စိန်ခေါ်မှုများကို ရင်ဆိုင်နေရပါတယ်။

၂ဝဝ၈ ခုနှစ်အတွင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ် ပြိုင်ဆိုင်မှုကြောင့် သတ်ဖြတ်ခံရတဲ့ အရေအတွက်ဟာ (၅, ၇ဝဝ) ငါးထောင်နဲ့ခုနစ်ရာကျော် ရှိခဲ့ပါတယ်။ ၂ဝဝ၇ ခုနှစ်က သတ်ဖြတ်ခံရတဲ့ အရေအတွက်ထက် ထက်ဝက်ကျော် မြင့်တက် လာတယ်လို့ သိရပါတယ်။ အသတ်ခံခဲ့ရတဲ့ သူများဟာ မူးယစ်ဆေး ဂိုဏ်းသားတွေ ဆိုပေမဲ့ တကယ်တန်း မှာတော့ သူတို့တွေဟာ ဆင်းရဲသား လူတန်းစားတွေသာ ဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးမှုကြောင့် အလုပ်မရှိရာကနေ ရရာအလုပ်ကို ရှာဖွေရင်း မူးယစ်ဂိုဏ်းသားတွေ ဖြစ်လာကြတာပါ။

၃။ မြန်မာနိုင်ငံမှာလည်း ၂ဝ၁ဝ မှာ စစ်အစိုးရက ရွေးကောက်ပွဲလုပ်မယ်လို့ ဆိုထားပါတယ်။ ရွေးကောက်ပွဲ ဆိုတော့ ပြည်သူတွေ မဲထည့်ရဦးမှာပါ။ စစ်တပ်ကြီးစိုးရေးအတွက် ရေးထားတဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လုပ်မဲ့ ရွေးကောက်ဆိုတော့ ပေါ်ပေါက်လာမဲ့ ပါလီမန်နဲ့ အစိုးရဟာ ပြည်သူတွေကောင်းကျိုး အတွက် ဘာများထူးခြား၍ ကောင်းကောင်းမွန်မွန် လုပ်နိုင်မလဲ။ ရှေ့ကိုလှမ်းကြည့်တောလည်း အမှောင်ထုကလွဲ၍ ဘာမှမမြင်ရပါ။

ထို့အတွက် လူတွေကို လူ့အခွင့်အရေးအရ အကာအကွယ် ပေးဖို့လည်း စိတ်ကူးတောင် ရှိမည်မဟုတ်သည်မှာ သေချာ ပါတယ်။ စစ်တပ်ဗိုလ်ကျစိုးမိုးရေး ဆက်ရှိနေပါဦးမယ်။ ဆင်းရဲနွမ်းပါးမှု လျော့ကျသွားဖို့လည်း လမ်းမမြင်၊ လာဘ်လာဘ ခြစားမှုများ ပို၍ မြင့်မားလာပါလိမ့်မယ်။ ထောင်ထဲမှာလည်း အစိုးရကို ဝေဖန်သူများဖြင့် ပြည့်နှက် နေပါဦးမယ်။

ဇော်မင်း (လူ့ဘောင်သစ်)
၂၅ ရက် ဇန်နဝါရီလ ၂ဝဝ၉ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.