ရွက်မွန်စာမျက်နှာ

Friday, May 29, 2009

နားဗရုန်းအမြောက်ကြီးများ

ဘယ်
လိုဖြစ်နေသလဲတော့ မသိ။ ဒီနှစ်ရက် သုံးရက်အတွင်း တီဗွီဖွင့်ကြည့်လိုက်တိုင်း ရှေးဟောင်းရုပ်ရှင်ကား တခုကိုချည်း သုံးလေး ခါလောက် ပြန်ပြန်ပြနေတာ တွေ့နေရသည်။ ရုပ်ရှင်ကလည်း အနည်းဆုံး အနှစ်လေးဆယ် လောက်တော့ သက်တမ်းရှိပြီလို့ ပြောလို့ရသည်။ သို့သော် တက္ကနီကာလာ ပေါ်ကာစက ရုပ်ရှင်ကားဖြစ်သည်။ ရုပ်ရှင်ရဲ့ နာမည်က The Guns of Navarone ဆိုတဲ့ စစ်ကား။

မင်းသားတွေက ထိုခေတ်ထိုအခါက နာမည်ကြီးတွေ ဖြစ်သော ဂရေဂိုရီပက်တို့ အန်ထော်နီကွင်းတို့ အစရှိသူများ ပါဝင် သရုပ် ဆောင်ထားသော ကားဖြစ်သည်။

ဖက်ဆစ် နာဇီဂျာမန်တို့၏ အဝေးပစ် အစွမ်းထက် အမြောက်ကြီးနှစ်လက်ကို သွား၍ ဖောက်ခွဲဖျက်ဆီးသော ဇာတ်လမ်း ဖြစ်သည်။ ထိုအမြောက်ကြီးနှစ်လက်သည် ဂရိနိုင်ငံတနေရာရှိ နားဗရုန်းဆိုသော အရပ်၌တည်ရှိသည်။ ဒုတိယကမ္ဘာစစ် အတွင်းက ဂရိနိုင်ငံကို နာဇီဂျာမန်တို့ သိမ်းပိုက်ထားသော ကာလလည်း ဖြစ်သည်။

ထိုအမြောက်ကြီးနှစ်လက်သည် ပင်လယ်ရေလမ်းမှ တက်လာမည့် မဟာမိတ် ရေတပ်သင်္ဘောများ အတွက် ကြီးစွာသော အနှောင့်အယှက်အကြီးလည်း ဖြစ်နေသည်။ သို့အတွက် ထိုအမြောက်ကြီးနှစ်လက်ကို ဖျက်ဆီးဖို့ မင်းသားတွေ (အထူး လေ့ကျင့်ထားသည့် ကွန်မင်ဒိုများ) ကို လွှတ်ရခြင်းဖြစ်သည်။

ခက်ခဲကြမ်းတမ်းသော မြေအနေအထားများ အဆင့်ဆင့်ကို ဖြတ်ပြီး နောက်ဆုံးတော့ အမြောက်ကြီးများ ရှိသည့် နေရာသို့ မင်းသားနှစ်လက် ထိုးဖောက်ဝင်ရောက် သွားနိုင်ခဲ့သည်။ ငါးကြင်းဆီနှင့် ငါးကြင်းကျော်ဆိုသလိုပဲ ဂျာမန်တို့၏ အမြောက် ဆံများအကြား ဗုံးထောင်ထားခဲ့ခြင်းဖြင့် နောက်ဆုံးတွင် အမြောက်ကြီးနှစ်လက် ပင်လယ်ထဲ ပြုတ်ကျသွားကာ မဟာမိတ် စစ်သင်္ဘောများ လွတ်လွတ်ကျွတ်ကျွတ် ချီတက်လာနိုင်တော့သည်။

ဇတ်လမ်း မအီသွားစေရန် မြေအောက်တော်လှန်ရေး ဂရိအမျိုးသမီး ရဲဘော်နှစ်ယောက်ကိုလည်း ဇာတ်လမ်းထဲတွင် ရောမွှေ ထားသည်။ စစ်သားကောင်း စိတ်ဓာတ်ရှိသော လူကြီးလူကောင်း ပီသသော ဂျာမန်တပ်မတော် အရာရှိတဦးကို တွေ့ရသလို အနိုင်ရရင်ပြီးရော ဘာပဲဖြစ်ဖြစ်လုပ်မည် ဆိုသော နောက်ဂျာမန် အရာရှိတဦးလည်း ပါသေးသည်။

ဇာတ်လမ်းကို အကုန်လုံးပြောနေရင်တော့ သည်ဇတ်ကားကို ပြန်ကြည့်လိုသူများအတွက် အရသာပျက်မည်စိုး၍ အကုန် မပြော တော့ပါ။ ရှေးခေတ်က စွန်းစားခန်းကားများနှင့် သည်ခေတ်စွန့်စားခန်းကားများတွင် ကွာသည်က ကွန်ပြူတာ နည်း ပညာ ဖြစ်သည်။ ရှေးကားများတွင် ကွန်ပြူတာနည်းပညာမပါ။ သို့သော်ရှေးကားများလည်း ရှေးမူအရ အရသာတမျိုး ရှိနေသည်။ ထိုအရသာများက ဘာတွေလဲဆိုတော့။

ထိုသို့သော် ရှေးရုပ်ရှင်ကြီးများတွင် အထူးသဖြင့် စစ်ကားများတွင် တွေ့ရသည်မှာ ဇာတ်ကောင်များ၏ စွန့်စားခန်း သာမက ထိုဇာတ်ကောင်များ၏ တဖက်နှင့်တဖက် ရန်သူပင် ဖြစ်လင့်ကစား လူသားမျက်နှာ Human faces ကို မျက်ကွယ်မပြုသည့် အကျင့်စရိုက်များအား ထင်ဟပ်တွေ့ရှိနိုင်သည်။ ထိုခေတ်က ကားများတွင် ဇာတ်ကောင်များသည်Gentleman ဆိုသည့် လူကြီးလူကောင်း စရိုက်ကို အထိခိုက်မခံသည့် ရပ်တည်ချက် ရှိသူများဟု ဆိုလျှင်လည်း ဆိုနိုင်သည်။ ထိုလူကြီး လူကောင်း စရိုက်ကို အသားပေးသည်။

ဤဇာတ်ကားကို သုံးလေးခါ ပြန်ကြည့်မိပြီးနောက် တွေးမိသည်ကတော့ ဖက်ဆစ်ဂျာမန်တို့၏ အမြောက်ကြီးနှစ်လက် ပေါက်ကွဲ ၍ ပင်လယ်ထဲကျကုန် သကဲ့သို့ (နအဖ) ၏ လက်နက်တိုက်များလည်း တတိုက်ပြီးတတိုက် မီးလောင်ပေါက်ကွဲ၊ ရုရှမှ ဝယ်ထား သော မစ်၂၉ တိုက်လေယဉ်များလည်း တစီးပြီးတစီး ပေါက်ကွဲပျက်စီး ကုန်ကြလျှင် သာ၍ ကောင်းပေအံ့ဟု တွေးမိခြင်းပင် ဖြစ်သည်။

ကိုယ်မလုပ်နိုင်သော်လည်း လုပ်သူရှိက ထောက်ခံရမည်သာ ဖြစ်သည်။ ဤကိစ္စတွင်တော့ ထို့အတွက် သင်သည် လူကြီး လူကောင်း မဆန်ရကောင်းလောဟု အပြစ်တင်သူများ ရှိလျှင်လည်း တင်ကြပါစေတော့။

ဇော်မင်း (လူ့ဘောင်သစ်)
၂၉၊ မေလ၊ ၂ဝဝ၉ ခုနှစ်။

2 comments:

ခင်မင်းဇော် said...

ဟုတ်တယ်။ ကျမလဲ ကိုဇော်မင်းကို ထောက်ခံတယ်။ ကိုယ်မလုပ်နိုင်ဖြစ်နေလို့၊ လုပ်မယ့်လူကို အပြတ်ထောက်ခံမယ်။ အကြမ်းဖက်သမား ပြောလဲ ခံလိုက်တော့မယ်။

မေငြိမ်း said...

ဒီတလောတော့ တယ် သဘောထားတိုက်ဆိုင်သဗျာ...

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.